Pages

ကဲ့ရဲ့ခြင်းဟူသည် ..




ဇေတ၀န်ကျောင်းတော်၌ ဘုရားရှင် သီတင်းသုံးတော်မူစဉ် အကဲ့ရဲ့ထူပြောလှသော အတုလဒါယကာကို အကြောင်းပြု၍ ဤဒေသနာတော်ကို ဟောကြားတော်မူလေသည်။

သာဝတ္ထိမြို့တော်မှ အတုလဒါယကာသည် အခြံအရံငါးရာနှင့်တကွ တရားနာရန် ဇေတ၀န်ကျောင်းတော်သို့ လာလေရာ အရှင်ရေ၀တထံသို့ ရောက်ရှိ၏။အရှင်ရေ၀တသည်ကား ခြင်္သေ့ကဲ့သို့ တစ်ပါးတည်း ကိန်းအောင်းခြင်း၌မွေ့လျော်သူဖြစ်၍ အတုလဒါယကာကို တစ်စုံတစ်ရာ မဟောကြားလိုက်ချေ။

အတုလဒါယကာသည် တစ်စုံတစ်ရာ မဟောကြားသော အရှင်ရေ၀တကို မကျေမနပ်ဖြစ်ကာ အရှင်သာရိပုတ္တရာထံ ၀င်ရောက်ပြန်၏။
အရှင်သာရိပုတ္တရာသည်ကား အဘိဓမ္မာတရားတော်ကို ရှည်လျားစွာ ဟောကြား၏။

ရှည်လျားစွာ အဘိဓမ္မာတရား ဟောကြားသည်ကိုလည်း အတုလဒါယကာက မကျေနပ်ပြန်သဖြင့် အရှင်အာနန္ဒာထံ ၀င်ရောက်ပြန်၏။အရှင်အာနန္ဒာသည်ကား သိလွယ်မြင်လွယ်သောနည်းများကို အသုံးပြု၍ တရားအနည်းငယ်ကိုသာ ချင့်ချိန်၍ဟောကြားလိုက်၏။

ဤသို့ဟောကြားသည်ကိုလည်း မကျေနပ်ပြန်သဖြင့် အတုလဒါယကာသည် နောက်ဆုံးတွင် ဘုရားရှင်ရှေ့တော်သို့ ၀င်ရောက်ကာ သူတွေ့ခဲ့ကြုံခဲ့ရပုံများကို လျှောက်ထား၏။

ဤတွင်ဘုရားရှင်သည် ထိုစကားများနှင့် ဆက်စပ်၍ အတုလဒါယကာအား တရားစကား ဟောကြားတော်မူလိုသဖြင့် အောက်ပါဒေသနာတော်ကို
ဟောကြားတော်မူလေသတည်း။

အို .. အတုလ။
ကဲ့ရဲ့ခြင်းသည် ရှေးရိုးစဉ်လာပေတည်း။
ဤကဲ့ရဲ့ခြင်းသည် ယခုမှ ဖြစ်ပေါ်လာသည် မဟုတ်ချေ။
ဆိတ်ဆိတ်နေသူကိုလည်း ကဲ့ရဲ့ကြကုန်၏။
များစွာဟောပြောသူကိုလည်း ကဲ့ရဲ့ကြကုန်၏။
ချင့်ချိန်၍ပြောဆိုသူကိုလည်း ကဲ့ရဲ့ကြကုန်၏။
လောက၌ အကဲ့ရဲ့မခံရသူဟူ၍ မရှိချေ။

လုံးလုံးလျားလျား အကဲ့ရဲ့ခံရသူသည် လည်းကောင်း၊
လုံးလုံးလျားလျား အချီးမွမ်းခံရသူသည် လည်းကောင်း၊
ရှေးယခင်က မရှိခဲ့ဘူးချေ။
နောင်မှာလည်း ရှိလာမည် မဟုတ်ချေ။
ယခုလည်း မရှိပါချေ။

မကျိုးမပြတ်သော အကျင့်ရှိသော၊ ဖောက်ခွဲနိုင်သော ပညာရှိသော၊
ပညာ သီလ သမာဓိနှင့် ပြည့်စုံသော အကြင်သူကို . .
ပညာရှိတို့သည် ဟုတ်တိုင်းမှန်စွာသိ၍
နေ့တိုင်းနေ့တိုင်း ချီးမွမ်းကြကုန်ငြားအံ့။
ဇမ္ဗုနဒရွှေစင်နှင့် တူမျှသော ထိုသူကို အဘယ်သူသည် ကဲ့ရဲ့နိုင်ပါအံ့နည်း။ ထိုသူကို နတ်တို့သည်လည်း ချီးမွမ်းကြကုန်၏။
ဗြဟ္မာတို့သည်လည်း ချီးမွမ်းကြကုန်၏။

ဒေသနာတော်အဆုံး၌ အတုလဒါယကာနှင့်တကွ အခြံအရံဒါယကာငါးရာတို့
သောတာပန်ဖြစ်ကြလေ၏။

( ဓမ္မပဒ။ ကောဓ၀ဂ် )

3 Treasures: Buddha, Dhamma & Sangha

No comments:

Post a Comment