မြန်မာနိုင်ငံ ဒီလိုဖြစ်နေတာ တရုတ်ကြောင့်၊ မြန်မာနိုင်ငံ ဟိုလို ဖြစ်နေတာ တရုတ်ကြောင့်ဆိုပြီး ကျွန်တော်တို့တစ်တွေ အားရပါးရ လက်ညှိုးထိုးကြပါတယ်။ ကျွန်တော့်အမြင် ကတော့ လက်ညှိုးထိုးတာ အပြင် တရုတ်ကိစ္စကို နောက်တစ်နည်းနဲ့ ချဉ်းကပ်ကြည့်လို့လည်း ရနိုင်ပါတယ်။ တိုတိုပြောရရင်တော့ တရုတ်ကို “ဘာရောင်းမလဲ၊ တရုတ်ဆီက ဘာရမလဲ”ပေါ့။
နိုင်ငံတကာ ဆက်ဆံရေးမှာ ချစ်ခြင်း၊ မုန်းခြင်းတွေကို အသာ ဘေးဖယ်ထားပြီး နိုင်ငံအကျိုးစီးပွား အတွက် စဉ်းစားကြတာချည်းပါပဲ။ နိုင်ငံကြီး နိုင်ငံငယ်မှန်သမျှ ကိုယ့်အတွက် ကိုယ်အရင်ကြည့်ပြီး နောက်မှ သူများအတွက် ကြည့်ကြတာပါ။ အဲလိုကိုယ့်အတွက် ဦးစားပေးမဟုတ်ဘူး လို့ ပြောကြတာရှိရင် အလကားပြောတာပါ။ အဲလိုမျိုး ကိုယ့်နိုင်ငံအတွက် မကြည့်တဲ့ အစိုးရလည်း ကျဆုံးရမှာပါပဲ။ အဲဒီသဘောတရားအတိုင်း တရုတ်နိုင်ငံ၊ တရုတ်စီးပွားရေး လုပ်ငန်းတွေက မြန်မာနိုင်ငံကို မုန်းလို့ ချစ်လို့ မဟုတ်ဘဲ သူ့နိုင်ငံ၊ သူ့လုပ်ငန်း အကျိုးစီးပွားဖြစ်ထွန်းအောင
ထင်ရှားပြီး အားလုံးမြင်သာနေတဲ့ ဥပမာပြောရရင် သူ့ကို ယှဉ်လာနိုင်ခြေ အရှိဆုံးနိုင်ငံလို့ တရုတ်နိုင်ငံကို အမေရိကန်ပြည်ထောင်စုက သတ်မှတ်ထားပြီး အရံအတားတွေ၊ အစီအမံတွေ လုပ်ကိုင်နေပေမယ့် တစ်ချိန်တည်းမှာ တရုတ်နိုင်ငံက အမေရိကန် နိုင်ငံရဲ့ ထိပ်တန်းလုပ်ဖော်ကိုင်ဖက်၊ စီးပွားဖက်လည်း ဖြစ်နေပါတယ်။ ဂျပန်၊ ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတွေအားလုံး တရုတ်နဲ့ ပတ်သက်ရင် ဒီလိုပါပဲ။ တရုတ်ရဲ့ နိုင်ငံရေးစနစ်ကို ကြိုက်တာ မကြိုက်တာ၊ တရုတ်ရဲ့ လူ့အခွင့်အရေး မှတ်တမ်းကို နှစ်လိုတာ မနှစ်လိုတာကို တစ်ကဏ္ဍထားပြီး တရုတ်ဆီက “ဘာရနိုင်မလဲ” ကိုကြည့်ပြီး အားလုံးက အလုပ်လုပ်နေကြတာ တကယ့်လက်တွေ့ပါပဲ။
တရုတ်တွေ မြန်မာကနေ ဘာတွေရနေလဲ၊ မြန်မာက တရုတ်ဆီက ဘာတွေရနေလဲ။ မြန်မာနိုင်ငံဈေးကွက်ရဲ့ ၈၀ ရာခိုင်နှုန်းကို တရုတ်က လူသုံးကုန်ပစ္စည်းတွေက ရနေချိန်မှာ မြန်မာနိုင်ငံက တရုတ်ကို ပို့တဲ့ ပို့ကုန်က တရုတ်ဘက်ကကြည့်ရင် မဖြစ်စလောက်ပါ။ တရုတ်နိုင်ငံက မြန်မာနိုင်ငံရဲ့ နံပါတ်တစ် ကုန်သွယ်ဖက် ဖြစ်နေချိန်မှာ မြန်မာ-တရုတ် ကုန်သွယ်ရေးက တစ်ကမ္ဘာလုံးနဲ့ တရုတ်ကုန်သွယ်ရေးရဲ့ အစိတ်အပိုင်း သေးသေးလေးပဲ ရှိပါတယ်။ လွယ်လွယ်ပြောရရင် မြန်မာနဲ့ ကုန်သွယ်ရေးက တရုတ်အတွက် အသေးအဖွဲပါ။ မြန်မာနဲ့ ကုန်မသွယ်ရလည်း အအိပ်အစားမပျက် တိုးတက်ပြီးရင်း တိုးတက်နေဦးမှာပဲ။ ဒါပေမဲ့ ဒီလိုအထက်စီးက နေနိုင်တဲ့ တရုတ်က မြန်မာနိုင်ငံနဲ့ ကုန်သွယ်ရေးမှာ ဝေစုပိုရလာ၊ ပစ္စည်းပိုရောင်းရပြီး မြန်မာ ဘက်က ကုန်သွယ်ရေး လိုငွေပြမှု ကြီးသထက်ကြီးလာ ပါတယ်။
ရင်းနှီး မြှုပ်နှံမှုတွေဆိုလည်း ကောင်းပေ့၊ ညွန့်ပေ့ ဆိုတာတွေရအောင် နည်းမျိုးစုံနဲ့ ကြိုးစားပါတယ်။ အောင်မြင်လည်း အောင်မြင်ပါတယ်။ ဟိုနည်း သည်နည်းသုံးတယ် ဘာညာဆိုတာ လူတင်ပါမှ နွားကျားကိုက်တာပါ။ တရုတ်ဘက်က ပစ္စည်းတွေကို မြန်မာနိုင်ငံဘက် သွင်းပြီး လာရောင်းတာ တရုတ်တွေချည်း မဟုတ်ပါဘူး၊ ခွင့်မပြုတဲ့ပစ္စည်းတွေ နယ်စပ်ကိုဖြတ်ပြီး ဝင်လာလို့ရတာ တရုတ်တွေကြောင့်ချည်း မဟုတ်ပါ။ ပြောချင်တာက မြန်မာနိုင်ငံဟာ တရုတ်စီးပွားရေး ထုထည်နဲ့ကြည့်ရင် တရုတ်အတွက် သိပ်ကြီးမက်စရာ မဟုတ်ပေမယ့် မြန်မာတွေဆီကရဖို့ ဘယ်လောက်ကြိုးစားတယ် ဆိုတာကိုပါ။ မြန်မာတွေဆီကတင် မဟုတ်ပါဘူး။ တခြားနိုင်ငံတွေဆီက လည်း ဒီလိုပါပဲ။ အမေရိကန်၊ ဂျပန်၊ အာဖရိကနိုင်ငံတွေ အားလုံးဆီကလည်း တရုတ်က ဒီလိုပဲရနိုင်အောင်၊ ရောင်းနိုင်အောင် ကြိုးစားတာပါပဲ။
ဒါပေမဲ့ စီးပွားရေးနိမ့်ပါးတဲ့ မြန်မာနိုင်ငံကတော့ တရုတ်ဈေးကွက်ကို ဘာရောင်းရမလဲဆိုတာ ခုထက်ထိ အဖြေရှာလို့မရပါဘူး။ သဘာဝ သယံဇာတ ကျောက်စိမ်းကစလို့ ဖွတ်တို့၊ လိပ်တို့ အထိပဲ ခပ်လွယ်လွယ် ရောင်းနေကြတယ်။ ဒါတွေကုန်ရင် ဘာဆက်လုပ်မလဲလည်း စဉ်းစားထားပုံ မပေါ်ပါဘူး။ တရုတ်ဈေးကွက်ကို ကုန်သည်တွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေ ကသာ ခရီးသွားဟန်လွှဲ လေ့လာတာမျိုးလောက်ပဲ ရှိပြီး ကျွန်တော် သိသလောက် စနစ်တကျ လေ့လာတာမျိုး အားနည်းပါတယ်။ အစိုးရက ဦးဆောင်ပြီး ကုန်သည်နှင့် စက်မှုလုပ်ငန်းရှင်ကြီးများ အသင်းလို ဟာမျိုးက တွဲလုပ်ပေးနိုင်ရင် သိပ်ကောင်းမှာပါ။ တရုတ်ဈေးကွက်က လိုချင်တဲ့ ထုတ်ကုန်မျိုး မြန်မာမှာရှိသလား၊ ဒါမှမဟုတ် မြန်မာက ထုတ်လုပ် ပေးနိုင်သလား၊ တရုတ်စားသုံးသူ တွေရဲ့ စရိုက်လက္ခဏာတွေ ပြောင်းလဲနေသလား။ သူတို့တွေ ဘာတွေဝယ်သုံးနေကြလဲ၊ ဘာပစ္စည်းတွေ ရောင်းရလဲ စသည်ဖြင့်ပေါ့။
တရုတ်တွေ iPhone သုံးတာ များလာသလား၊ BMW ကားတွေ ပိုစီးလာကြသလား စတဲ့ မြန်မာတွေ မထုတ်လုပ်နိုင်တဲ့ အရာမျိုးတွေ သိဖို့လိုချင်မှ လိုမှာဖြစ်ပေမယ့် မြန်မာက ရောင်းနိုင်တဲ့ဟာမျိုး တရုတ်ဘက်က လိုချင်လာလား၊ ဒါမှမဟုတ် သွားရောင်းရင် ကြိုက်နိုင်လား ဒါတွေ လောက်တော့ သိဖို့လိုပါတယ်။ ခုတော့ ချမ်းသာတဲ့ တရုတ်က မြန်မာဆီက ဘာရမလဲ ကျားကုတ်ကျားခဲ လုပ်နေချိန်မှာ မြန်မာဘက်က တရုတ်ဆီက ဘာရအောင်လုပ်မလဲ ကြိုးစားပမ်းစားလုပ်တာ မတွေ့ရပါဘူး။ ပိုင်ရှင်က ဆိုင်ထိုင်ရင် လာဝယ်သူကို ငါက သူဌေး၊ နင့်ကို အောက်မကျို့နိုင်ဘူး။ မာရေကျောရေနဲ့ ရောင်းတာမျိုးကို “သူဌေးဈေးရောင်း” ဆိုပြီး မြန်မာတွေ ခေါ်ကြတဲ့ အဖြစ်မျိုး မြန်မာတွေ ရောက်မှန်းမသိ ရောက်နေကြတာပါ။ ဒါပေမဲ့ မြန်မာတွေက တရုတ်ပြည်ကို ဈေးရောင်းရာမှာ မချမ်းသာဘဲနဲ့ မာရေကျောရေ ဖြစ်နေတာကြောင့် “သူဌေးမဟုတ်ဘဲ သူဌေးဈေးရောင်း” လို့များ ခေါ်ရမလားမသိပါဘူး။
ဗီယက်နမ်ကို ခပ်ကျစ်ကျစ်လျစ်လျစ် ဆွေးနွေးပွဲတစ်ခု တက်ဖို့ ရောက်တုန်းက ဗီယက်နမ် ကော်ဖီဘုရင်လို့ တင်စားခံရတဲ့ သူနဲ့ အနီးကပ် တွေ့ခွင့်ရခဲ့ပါတယ်။ အသက်လေးဆယ်လောက်ပဲ ရှိသေးပြီး ခြေမဲ့လက်မဲ့ ဘဝကနေ အခု ကော်ဖီလုပ်ငန်းကြီးရှင် အဖြစ်နဲ့ ထိပ်တန်းရောက် အောင်မြင် နေတဲ့သူပါ။ ကမ္ဘာမှာ နာမည်ကြီး ကော်ဖီထုတ်လုပ်တဲ့ ဘရာဇီးက သမ္မတကတောင် သူ့ရဲ့ကော်ဖီကို သတိထားရမယ်လို့ အပြောခံရတဲ့သူပါ။ မိတ်ဆက် ညစာစားကြတော့ သူနဲ့ မျက်နှာချင်းဆိုင်မှာ ထိုင်ဖြစ်သွားတာကြောင့် စကားကောင်းကောင်း ပြောခွင့်ရခဲ့တယ်။ သူက ဘာကို ဂုဏ်ယူဝံ့ကြွားသလဲ ဆိုတော့ တရုတ်ကို သူ့ကော်ဖီတွေ ရောင်းနေရပြီဆိုတဲ့အကြောင်း
မြန်မာနိုင်ငံကို အကွက်အကွင်း လာလေ့လာတဲ့ ထိပ်တန်းရောက် အရှေ့ အာရှနိုင်ငံတစ်နိုင်ငံ (တရုတ်မဟုတ်ပါ) က ကိုယ်စားလှယ်တော် ပုဂ္ဂိုလ်ကြီး နဲ့ဆုံမိတော့ တရုတ်မှာ အလုပ်သမားခတွေ ဈေးကြီးလာလို့ သူတို့ရဲ့ တရုတ်က စက်ရုံတွေကို လုပ်အားခဈေးသက်သာတဲ့ မြန်မာနိုင်ငံကို ရွှေ့လို့ရ မရ လာကြည့်တာပါတဲ့။ အဲဒီစက်ရုံတွေ အတွဲလိုက် အစုလိုက် အပြုံလိုက်သာ မြန်မာနိုင်ငံကို ရောက်လာရင် မြန်မာတွေ အလုပ်အကိုင် သိန်းနဲ့ချီ ရမှာပါ။ တရုတ်နဲ့ မြန်မာနဲ့ ကွာဟချက်၊ မြန်မာက တရုတ်ထက် ဘယ်နေရာတွေမှာ သာသလဲဆိုတာ နိုင်ငံခြားသားတွေက လေ့လာနေကြပါပြီ။ မြန်မာတွေ ကရော မလေ့လာသင့်ဖူးလား၊ လေ့လာထားရင်လာပြီး အကွက်အကွင်း ကြည့်တဲ့ နိုင်ငံခြားသားတွေကို “မင်း တရုတ်မှာ မလုပ်နဲ့ ငါတို့ဆီလာလုပ်၊ ငါတို့က တရုတ်ထက် ဒီနေရာမှာ သာတယ်၊ မင်းတို့ ပိုကိုက်မယ်” ဒါမျိုးတွေ ကိုယ်ကစပြီး ချက်ကျလက်ကျ သူတို့ကျသွားအောင် ပြောနိုင်လိမ့်မယ်။
ပြောချင်တာကတော့ တရုတ်ကို အပြစ်တင်တာ လွယ်ပါတယ်။ အားရပါးရ လုပ်ပြီးကြပြီ။ “တရုတ်ဆီက ဘာတွေရမလဲ၊ တရုတ်ကို ဘာတွေ ရောင်းမလဲ” ကို စဉ်းစားတာ။ တကယ်လက်တွေ့ ဖြစ်လာအောင် လုပ်ရတာက ခက်ပါတယ်။ သိပ်လည်း မလုပ်ရသေးပါဘူး။ ဒါပေမဲ့ အဲဒီခက်တဲ့အပိုင်း ကိုပဲ အခုချက်ချင်း ထလုပ်ဖို့ အလိုအပ်ဆုံးလို့ ကြေညာမောင်းခတ်လိုတာပါ။
(မောင်စီးပွား)
The Voice Weekly
https://www.facebook.com/photo.php?fbid=411960732235097&set=a.351047714993066.7
No comments:
Post a Comment