Pages

ကျွန်တော်နှင့် နွားဘဝ


ကျွန်တော် မျက်လုံးနှစ်လုံး ဖွင့်ဖွင့်ချင်း မြင်လိုက်ရတာက ကျွန်တော့်ကို စိတ်ဝင်စားစွာ ငုံ့ကြည့်သော ဇနီးနှင့် သားလေး… ကျွန်တော် ၀မ်းသာအားရ အော်ခေါ်လိုက်ချင်ပေမယ့် ပါးစပ်ထဲက ဘာသံမှ ထွက်မလာခဲ့..။ ချစ်နှင့် သားလေးကိုကြည့်ရတာ ကျွန်တော့်ကိုကြည့်ပြီး အတော့်ကို ပျော်ရွှင်နေပုံရသည်…။

"အမေရေ…၊ အထီးလေးဗျ..၊ အထီလေး…ဒီအကောင်ကို သားယူမယ်.."

"အင်း..ဟုတ်တယ်နော်.. စပ်ကြားလေးနဲ့.. ချစ်စရာလေး.."

အလို…၊ ကျွန်တော် ဘယ်ကို ရောက်နေတာလဲ..၊ ကျွန်တော် ဘာဖြစ်နေတာလဲ..? ကျွန်တော် နောက်ဆုံးသိလိုက်တာက ကျွန်တော် ချစ်တို့နဲ့အတူ နေ့လည်စာ ထမင်းစားပြီး အထမှာ မူးကနဲ ဖြစ်ပြီး မေ့လဲသွားခြင်း..၊ အခု.. ကျွန်တော်..ဘယ်ရောက်နေတာလဲ..၊ ကျွန်တော် သေဆုံးသွားခဲ့တာလား….

"ဒီကောင်လေးကို ဘယ်လိုနာမည်ပေးရင်ကောင်းမလဲ…အမေ…"
"ညိုမောင်း လို့ နာမည်ပေးလိုက်မယ်လေ…သားကြိုက်လား"
"ကောင်းတယ်အမေ.. အဖေသာရှိရင် ဒီကောင့်ကို သိပ်သဘောကျမှာဗျ…"

ကျွန်တော် သိလိုက်ပါပြီ..၊ ကျွန်တော် သေဆုံးသွားခဲ့ပါပြီ..၊ ကျွန်တော်ဟာ ကျွန်တော် ချစ်တဲ့ ချစ်ဇနီးနဲ့ သားလေးတို့နဲ့ စည်းတစ်ခု ခြားထားတဲ့ ဘုံဘ၀ တစ်ခုမှာ နွားဘ၀နဲ့ လာဖြစ်နေရပြီလေ…၊ ဒီအချိန်မှာပဲ ကျွန်တော့်ကို မွေးဖွားပေးတဲ့ နွားမကြီးကို ကျွန်တော့်ကို ညှင်သာစွာ လျှာနဲ့လျှက်ပြီး ကိုယ်ပေါ်က အညစ်အကြေးတွေကို ဖယ်ရှားပေးလိုက်သည်။ လူ့ဘ၀က အရက်သောက်..၊ ဖဲရိုက်ပြီး မိသားစုပေါ် တာဝန်မကျေခဲ့တဲ့ကျွန်တော် ဒီဘ၀မှာတော့ နွားဘ၀ နဲ့ ရှေးဘ၀က ၀ဠ်ကြွေးတွေ ဆပ်ရတော့မယ် ထင်ပါရဲ့ဗျာ…။

ကျွန်တော်နွားဘ၀ရောက်နေရပေမယ့် ကံကောင်းတာလေး တစ်ခုတော့ရှိသည်။ သားလေးက ကျွန်တော့်ကို တော်တော်ချစ်သည်..။ အရင်ဘ၀က သားအဖ တော်စပ်ခဲ့တာကြောင့်လည်း ဖြစ်နိုင်သည်။ သားလေးရဲ့ ကျောင်းသွား ကျောင်းပြန်ချိန် စီးတော်ယာဉ်မှာ ကျွန်တော်ဖြစ်ခဲ့သည်။ သားလေးရဲ့ ကစားဖော် ကျွန်တော်သာ ဖြစ်ခဲ့သည်။ ကျောင်းပိတ်ရက်တွေဆို သားလေးက ကျွန်တော့်ကို တောစပ်တွေဆီ ခေါ်သွားတတ်သည်။ သစ်ပင်ရိပ်အောက်မှာ သားလေးနဲ့ အတူတူ အိပ်ခဲ့ရတဲ့ အချိန် အခိုက်အတန့်တွေဟာ ကျွန်တော် လက်ရှိ ဘယ်ဘ၀ရောက်နေလဲဆိုတာကိုတောင် မေ့ပျောက်နိုင်စွမ်းခဲ့သည်။

ချစ်ကတော့ ကျွန်တော်လူ့ဘ၀တုန်းက ကျွန်တော့်ကိုအတော် ချစ်ခဲ့သည်။ ကျွန်တော် ဆိုးသမျှ သည်းခံခဲ့သည်။ ယခုလည်း သူ့ရုပ် သူ့အရွယ်နဲ့ နောက်အိမ် ထောင်ပြုနိုင်သော်လည်း သူစိတ်မ၀င်စားခဲ့..၊ သားလေးနဲ့ ချစ်ရဲ့ ၀မ်းရေးအတွက် လယ်များကို သူရင်းငှားချထားပြီး ဖြေရှင်းခဲ့သည်။ ချစ်ကို ကျွန်တော် မချီးကျူးပဲ မနေနိုင်…..။ တစ်ခါ တစ်ခါ ချစ်သည် အဝေးကို အကြာကြီး ငေးမောနေတတ်သည်။ ကျွန်တော့်ကို လွမ်းနေသည်ဟု အတတ် မပြောနိုင်သော် လည်း ကျွန်တော့်စိတ်က ကျွန်တော့်ကိုသာ လွမ်းစေချင်နေမိသည်။ ထိုအခါမျိုးတွင် ချစ်ကိုကျွန်တော် ပြေးပြီး ထွေးပွေ့ထားချင်မိသော် လည်း ဘ၀ချင်းစည်းခြား နေပြီဖြစ်သည့်အတွက် ကျွန်တော့်မှာ ချစ်ကိုကြည့်ပြီးသာ ၀မ်းနည်းနေရသည်။

ဒီလိုနဲ့ အချိန်တွေ တရွှေ့ရွှေ့ ကုန်ဆုံးမှန်းမသိ ကုန်ဆုံးခဲ့သည်။ နွေ၊ မိုး၊ ဆောင်းတို့ အလီလီပြောင်းခဲ့သည်။ ထို့အတူ ချစ်၊ သားလေးနှင့် ညိုမောင်း ဆိုသော နွားပြာကြီး တစ်ဖြစ်လဲ ကျွန်တော်တို့၏ သံဃောဇဉ်သည်လည်း အတိုင်းအဆမရှိ ရစ်ပတ်ချည်နှောင်မိခဲ့ကြသည်။ သားလေးသည်လည်း အလယ်တန်း ကျောင်းသား ဖြစ်လာသလို ကျွန်တော်သည်လည်း အရွယ်ရောက်သည့် နွားပျိုတစ်ကောင် ဖြစ်လာသည်ပဲလေ…။

ဒီနှစ်…. ချစ်ရဲ့ လယ်တွေ သီးနှံထွက် မကောင်း၊ လယ်များ ပိုးကျသောကြောင့်၊ ရှိသမျှ လယ်တွေ ထုတ်ရောင်းခဲ့ရသည့် အပြင် ကျွန်တော့်ကို မွေးဖွားခဲ့သည့် နွားမကြီး တစ်ရှဉ်းကိုပါ ထုတ်ရောင်းခဲ့ရသည်။ တစ်ခုတော့ရှိသည်။ ချစ်တို့ စီးပွားရေး ဘယ်လောက်ပဲ ကျကျ၊ သူတို့ ကျွန်တော့်ကို ဘယ်တော့မှ ထုတ်ရောင်းလိမ့်မည် မဟုတ်မှန်း ကျွန်တော် ရဲရဲကြီး အာမခံရဲသည်။

တစ်နေ့…...........


"အမေ…၊ ညိုမောင်းကြီးကို မခိုင်းပါနဲ့လားဗျာ…၊ "
"မခိုင်းလို့ မရဘူးသားရဲ့..၊ အမေတို့မှာလည်း ဒီနွားတစ်ကောင်ပဲ ကျန်တော့တာ..၊ သူ့မှ မခိုင်းရင် အမေတို့ ဘာနဲ့စားကြမလဲ.. "
"သား..ထမင်းမစားတော့ဘူးဗျာ…၊ ညိုမောင်းကြီးကိုတော့ သူရင်းငှားတွေ လက်ထဲ မထည့်လိုက်နဲ့.."
"သြော်.သားရယ်.. ညနေဆိုလည်း ကိုယ့်အိမ်ပြန်လာအပ်မယ့်ဟာပဲ..၊ ဘယ်သူမှလည်း မတရားမခိုင်း ပါဘူးကွယ်..၊ နော်..၊ သားက လိမ္မာပါတယ်.."
"………………………….."

ကျွန်တော် ကျေနပ်ပါတယ်..။ သူတို့ပြောနေတာကို ကျွန်တော် နားထောင်ပြီး ပျော်ရွင်နေပါတယ်..။ ကျွန်တော် မနက်ဖြန်ကစပြီး လယ်ထဲမှာ စရုန်းရမှာ ဖြစ်ပေမယ့် သားလေးရဲ့ ကျွန်တော့်အပေါ် ထားရှိတဲ့ မေတ္တာတရားကို ကျွန်တော် တွေ့လိုက်ရသည်လေ..။ ကျွန်တော် ပျော်ပါတယ်ဗျာ..။ အလို….. ကျွန်တော့် ပါးပြင်ပေါ် မျက်ရည်တွေ စီးကျနေပါလား…၊ ကျွန်တော် ငိုနေတာမဟုတ်ပါဘူး..။ ပျော်နေတာပါဗျာ…။

နောက်နေ့ ကျွန်တော့်ကို သူရင်းငှားတွေ လာခေါ်တော့ သားလေးက အိမ်ပေါ်ကို ဆောင့်အောင့်ပြီး တက်သွားခဲ့သည်။ ချစ်ကတော့ ကျွန်တော့်ကို အစာကျွေးဖို့နဲ့ ရေမှန်မှန်တိုက်ပေးဖို့ မှာနေရှာသည်။ ချစ်လည်း ကျွန်တော့်အပေါ် သံဃောဇဉ်ကြီးကြောင်း ကျွန်တော် သိသည်။ ချစ်က ကျွန်တော့် နဖားကြိုးကို ဆွဲပြီး သူရင်းငှား လက်ထဲထည့်ပေးလိုက်သည်။ ကျွန်တော့်ကို ချစ်ဘယ်ထည့်ချင်ပါ့မလဲဗျာ..၊ ကျွန်တော့် မိန်းမအကြောင်း ကျွန်တော်သိတာပေါ့..။

တစ်ကယ်တော့ လယ်ထွန်ရတာ အတော့်ကို မလွယ်တဲ့ အလုပ်ဖြစ်သည်။ အရင်က သားလေးနဲ့ ပျော်ရွှင်စွာ ကြီးပျင်းလာပြီး မိမိကိုယ့်ကို ဘ၀မေ့နေသော ကျွန်တော့်အဖို့ ဒီနေ့သည် ကျွန်တော်သည် နွားတစ်ကောင်ဖြစ်ကြောင်း သင်ခန်းစာပေးလိုက်သည့်နေ့ ဖြစ်တော့သည်။ သူရင်းငှားကလည်း ချစ်မှာသည့် အစာကျွေးဖို့နေနေသာသာ ကြိမ်လုံးနှင့်သာ တဖြောင်းဖြောင်း တွယ်တော့သည်။ ကျောပေါ် တရစပ် ကျနေသော ကြိမ်ချက်များ၊ သူရင်းငှားပါးစပ်မှ အော်မြစ်တောက်တီး ဆဲဆိုသံများ မိမိရဲ့ ပုခုံးပေါ်တွင်တင်ထားသော လေးလံတဲ့ အရာများ..၊ လျှောက်ရန်ပင်ခက်ခဲသော လယ်ထဲမှာ အားသွန် ခွန်စိုက် ရုံးကန်နေရသော မိမိတစ်ကိုယ်လုံး ……..သြော်…. ခံပေအုံးတော့…၊ အရင်ဘ၀က ၀ဠ်ကြွေး တွေ ၀ဠ်ရှိ သမျှတော့ ခံလိုက်ပေအုံးတော့လို့…ကိုယ့်ကိုယ်ကို ဖြေသိမ့်ရင်းနဲ့သာ……။

ညနေ လယ်သိမ်း အိမ်ပြန်တော့ ကျွန်တော့်ခြေလှမ်းတွေ တက်ကြွနေသည်။ ကျောင်းမှ လွှတ်သော ကလေးတစ်ယောက်လို အိမ်ကို အပြေးပြန်ရန် တာစူနေမိသည်။ သူရင်းငှားကတော့ ကျွန်တော့် အမူအရာကို ရိပ်မိသည်ထင့်..။
"သြော်..ညိုမောင်း..၊ အိမ်ပြန်ရတော့မယ်ဆိုတော့ ကြွနေတာပဲ..၊ အလုပ်ထဲမှာကျတော့ လေးတိလေးကန်နဲ့…ငါလုပ်လိုက်ရ…သေတော့မယ်.."
သူရင်းငှားရဲ့ ကြိမ်းမောင်းသံကို ကျွန်တော် ဂရုမပြုအား..၊ ကျွန်တော့်အား စောင့်ကြိုနေမည့် သားလေးရဲ့ မျက်နှာနဲ့ ချစ်ရဲ့ မျက်နှာကို မြင်ယောင်နေမိ သည်။ ကျွန်တော် အိမ်အမြန် ရောက်ချင်လှပြီ..။

ကျွန်တော့်ကို တွေ့တော့ သားလေးက ခြံဝန်းထိပ်က စောင့်နေရာကနေ ပြေးလာသည်။ ပြီးတော့ သူရင်းငှားလက်ထဲက ကြိုးကို လူယူပြီး ကျွန်တော့်ကို ခြံဝန်းထဲဆွဲခေါ်ခဲ့သည်။ ချစ်ကတော့ ကျွန်တော့်ကို ကြည့်ပြီး စိတ်မကောင်းဖြစ်နေပုံရသည်။ သားလေးက ကျွန်တော့်ကို ဆွဲခေါ်သွားပြီး အစာကျွေး၊ ရေတိုက်သည်။
"ရှင်..၊ ညိုမောင်းကို ရိုက်တာလား.."
"အမရယ်..၊ နွားပဲ..၊ ပေကပ်ကြီးလုပ်နေရင် နည်းနည်းပါးပါး မောင်းပေးရမှာပေါ့.."

ချစ်ဘာမှ ပြန်မပြော….၊ အစာစားနေသော ကျွန်တော့်ကျောကို လက်နဲ့ လာသပ်ပေးသည်။ သေချာပါတယ်.. ချစ်ဝမ်းနည်းနေပါလိမ့်မယ်..၊ ဒါပေမယ့် မျက်ရည်တော့ ကျမှာ မဟုတ်ပါဘူး..၊ ချစ်က မျက်ရည်အလွယ်တကူ ကျတတ်တဲ့ မိန်းမမျိုးမှ မဟုတ်တာပဲလေ…၊ ကျေးဇူးတင်ပါတယ် ချစ်နဲ့ သားလေးရယ်..၊ မင်းတို့ နှစ်ယောက်အတွက်နဲ့ဆိုရင် ကိုယ်ဘယ်လောက် ပင်ပန်းပါစေ..။ အရင်ဘ၀က မကျေခဲ့တဲ့ တာဝန်တွေကို ဒီဘ၀မှာ တတ်နိုင်သမျှ ကျေခဲ့ချင်ပါတယ်... မင်းတို့ရဲ့ ခိုင်းနွား တစ်ကောင် အဖြစ်နဲ့ပေါ့လေ…။

ဒီနေ့ ကျွန်တော် အလုပ်လုပ်ရတာ.. လုံးဝ စိတ်မပါ…။ ကျွန်တော့် စိတ်ထဲ တစ်ခုခုဖြစ်နေသည်။  စိတ်ထင့်နေသည်ဆို ပိုမှန်လိမ့်မည်။ တစ်ခုခုဖြစ်တော့မည်ကို ကြိုသိနေသည်။ သူရင်းငှား ကတော့ ပုံမှန်မဟုတ်သော ကျွန်တော့်ကို ကြိမ်ဖြင့် နာနာနှက်ရင်း ဆဲဆိုကြိမ်းမောင်းနေလေတော့သည်။ ဒီနေ့ အဖို့ အရင်နေ့တွေက် အချိန်ကုန်တာ အရမ်းနှေးလှတယ်လို့ ကျွန်တော် ထင်နေမိသည်။

ညနေ လယ်သိမ်းအိမ်ပြန်ချိန်ရောက်တဲ့အထိ ကျွန်တော် စိတ်မကြည်နိုင်သေး..၊ ကျွန်တော် သိသည်။ ကျွန်တော့် သားလေး တစ်ခုခု ဖြစ်နေပြီ..။ သားသမီး တစ်ခုခုဖြစ်ရင် စိတ်ထဲက သိနေတတ်သော မိဘတို့ရဲ့ စိတ်ကလေး ကျွန်တော့်စီမှာ ရှိသည် ထင်သည်။ ကျွန်တော့် သားလေး ဘာမှ မဖြစ်ပါစေနဲ့ ဘုရား..။ ပြုခဲ့သမျှ ကောင်းမှုကြောင့် သားလေး ဘာမှ မဖြစ်ပါစေနဲ့ဘုရား..။ လူ့ဘ၀မှာ ဘုရား တရားမေ့နေတတ် သော ကျွန်တော်သည် နွားဘ၀ရောက်မှ သားလေးအတွက် ဘုရား တ တတ်လေပြီ…။

ထင်သည့်အတိုင်းပင် အိမ်ပြန်ရောက်တော့ သားလေးနဲ့ ချစ်ကို မတွေ့..၊ သူရင်းငှားကတော့ ဘေးအိမ်က လူတွေကို လှမ်းအော်မေးနေသည်။
"နွားအပ်မလို့ဗျို့..၊ ဒီကအမ ဘယ်သွားခဲ့လဲ မသိဘူး.."
"နေ့လည်က ကျောင်းမှာ သူ့သားလေး..၊ ပိုးထိလို့တဲ့..၊ ဆေးပေးခန်း သွားတယ်…"

ကျွန်တော့်ခေါင်းတစ်ခုလုံး ချာချာလည် သွားသည်ထင်သည်။ ကျွန်တော့်မျက်စိထဲ ဘာမှ မမြင်ရတော့..၊ ဘာမှ မလုပ်ရပဲနဲ့ အသက်ရှုမြန်လာပြီး ကျွန်တော့်ရင်ဘတ် အစုံတို့သည် နိမ့်ချည်မြင့်ချည် ဖြစ်လာခဲ့သည်။ သားလေး ပိုးထိတယ်တဲ့..။ ဒီရွာမှာ ပိုးထိပြီဆိုလျှင် ရှင်တဲ့သူက ရှားသည်။ ကလေးဆိုရင် ပိုဆိုးသည်။ ကျွန်တော် ဆက်မတွေးရဲတော့… သူရင်းငှား က ကျွန်တော့်ကို ခြံထဲက တိုင်တစ်တိုင်မှာ ကြိုးချည်ထားခဲ့သည်။ ကျွန်တော် လုပ်စရာ တစ်ခုပဲ ရှိတော့သည်။ သားလေး ဘာမှ မဖြစ်ပါစေနဲ့ဘုရားးး…။

ခဏကြာတော့ ချစ် တစ်ယောက်တည်း အိမ်ပြန်လာသည်။ ချစ်ပုံစံကြည့်ရတာ မျက်နှာမကောင်း၊ ကျွန်တော့် စိုးရိမ်စိတ်တို့ ငယ်ထိပ်သို့ရောက်လာသည်။ သားလေး နေကောင်းရဲ့လား..၊ သားလေး ကျန်းမာရဲ့လား..၊ ဂဏှာမငြိမ် ဖြစ်နေသော ကျွန်တော့်ကို ချစ်တွေ့သော်လည်း ဂရုမစိုက်အားမှန်း ကျွန်တော် သိသည်။ ဘေးအိမ်မှ ဒေါ်ကြီးနဲ့ ချစ်တို့ရဲ့ အပြန်အလှန် ပြောနေတာကို ကျွန်တော် နားစွင့်နေလိုက်သည်။

"မိမော်ရေ..၊ ညည်းသားလေး အခြေအနေ..ဘယ်လိုလဲ..? "
"ခုဆေးပေးခန်းမှာ၊ ဒေါ်ကြီး..၊ သားလေးကို မြို့ဆေးရုံပို့ရမယ်တဲ့..၊ အဲ့ဒါမှ အသက်မှီမှာတဲ့.."
"ဒါဆို..ဆေးရုံပို့ဖို့လုပ်လေ…"
"………"
"ဟဲ့…ငါပြောနေတာ မကြာဘူးလား..၊ ဆေးရုံပို့ဖို့ လုပ်ပါဆို…"
"………."
"ဟဲ့….မိမော်…."
"ဒေါ်ကြီးရယ်..၊ ဘယ်လိုပြောလိုက်တာလဲ…။ ပို့ချင်တာပေါ့တော်… ဒါပေမယ့် ကျွန်မမှာ ပိုက်ဆံက…..….."
"အေး..၊ ဒါတော့ ငါတို့လည်း ဆင်းရဲသားဆိုတော့ အများကြီး မကူနိုင်ဘူး..၊ တစ်ခုတော့ ရှိတယ်..၊ ငါတို့ရွာက အမဲဒိုင်မှာ ညိုမောင်းကြီး ခဏအပ်လိုက်ပါလား..၊ ညည်းပိုက်ဆံရမှ ပြန်ရွေးပေါ့.."
"အို… ညိုမောင်းကြီးတော့ မအပ်နိုင်ပါဘူးတော်..၊….."
"ဟဲ့..၊ အပ်တာဆိုတာ ရောင်းတာမှ မဟုတ်တာ..၊ ညည်းငွေပေါ်ရင် ပြန်ရွေးလို့ရတာပဲဟာကို..၊ ညည်းသားက သေရေးရှင်ရေးနော် မိမော်..သည်း သေချာစဉ်းစား"
"………………."
"အိုအေ…၊ နင်စဉ်းစားမနေနဲ့တော့..၊ လာငါ့နောက်သာလိုက်ခဲ့…"

ပြောပြောဆိုဆို ဒေါ်ကြီးက ကျွန်တော့်ကို ဆွဲခေါ်ပြီး ခြံဝန်းထဲကနေ ဦးဆောင်ထွက်သွားသည်။ ဟုတ်ပါတယ်…။ ဒါအသင့်တော်ဆုံး အကြံဥာဏ်ပါ..။ ဒေါ်ကြီးကို ကျွန်တော့်စိတ်ထဲကနေ လှိုက်လှိုက်လှဲလှဲကို ကျေးဇူးတင်မိပါတယ်..။ ဟုတ်တယ်လေ..။ ကျွန်တော့်ကြောင့် ရတဲ့ ပိုက်ဆံနဲ့ သားလေး အသက်ကို ကယ်နိုင်တော့မည်လေ…..။

"ဘယ်လောက်ယူမှာလဲ…"
"တစ်သိန်းပါ…"
"တစ်လအတွင်း ပြန်မရွေးရင် အဆုံးနော်…"
"………………"
"ဟဲ့..မိမော်..အော်..ညည်းကလဲ..မေးနေတယ်..ပြန်ပြောလိုက်လေ…"
"ဟုတ်…..ဟုတ်ကဲ့ပါ…"
"ကဲ..ရော့… တစ်သိန်း…၊ ဟိုကောင်တွေ လာစမ်းဟေ့…၊ ဒီကောင်ကြီးကို ဟိုးဘက်က ခြံထဲ ထည့်ထားလိုက်…"

ကျွန်တော့် သူ့တို့ ဆွဲခေါ်ရာနောက်ကို အသာတကြည်ပဲ လိုက်ခဲ့လိုက်သည်။ ကျွန်တော် ချစ်ကို တစ်ချက်ကြည့်လိုက်သည်။ ချစ်မျက်ဝန်းမှ မျက်ရည်တို့ စီးကျလာသည်။ ကျွန်တော် အံ့သြသွားသည်။ ချစ်က တော်ရုံ ငိုခဲသည့် မိန်းမမျိုးမဟုတ်..။ ကဲ…ကျွန်တော် မပြောဘူးလား… ချစ်က ကျွန်တော့်အပေါ် သံဃောဇဉ် ကြီးပါတယ်လို့..။


ဒီလိုနဲ့ ခြံထဲမှာ နေရင်း နေ့စဉ်ရက်ဆက် ကျွန်တော် သားလေးအတွက် ဆုတောင်းခဲ့သည်။ ယခုအချိန် သားလေး အသက်ရှင်ဖို့ဆိုရင် ကျွန်တော့် အသက်၊ ကျွန်တော့် ခန္ဓာကိုယ်ကို ပေးဖို့ ကျွန်တော် အသင့်ဖြစ်နေပြီ..၊ သားလေးသည်သာ ကျွန်တော့် ဘ၀..၊ သားလေးသည်သာ ကျွန်တော့် ကမ္ဘာ…..။ သားလေး ကျန်းမာဖို့ အရေးသည်သာလျှင် ဒီအချိန်မှာ အရေးအကြီးဆုံးအရာ..။ ဒါပေမယ့် သေချာပါတယ်..။ ကျွန်တော့် သားလေး ပြန်ကျန်းမာ လာမှာပါဗျာ။ ပြီးတော့ ချစ်နဲ့ သားလေး ကျွန်တော့်ကို ပြန်လာခေါ်ကြလိမ့်မယ်.. ပြီးတော့ အရင်လို ကျွန်တော် သူတို့တွေကို လုပ်ကျွေးမယ်..။ ကျွန်တော် နောက်ဆုံး ထွက်သက်ထိ ချစ်နဲ့ သားလေး ဘေးမှာ နေသွားမယ်…

ဒီနေ့……. ကျွန်တော့်ကို သူတို့ ခြံထဲက ဆွဲထုတ်နေကြသည်။ ချစ်တို့ ကျွန်တော့်ကို ပြန်လာရွေးတာဖြစ်လိမ့်မည်။ ကျွန်တော် မျှော်လင့် စောင့်စားခဲ့တဲ့ နေ့ရက် တို့ ရောက်လာပြီလေ…။ သားလေးနဲ့ တွေ့ရတော့မည်။ ချစ်နဲ့ တွေ့ရတော့မည်။ သို့ပေမယ့် ခြံပြင်ရောက်တော့..၊ ချစ်နဲ့ သားလေးကို ကျွန်တော်မတွေ့….၊

"ဒီကောင်ကြီးကို ကြိုးချည်လိုက်..၊ မြဲအောင်ချည်နော်…. အကောင်ကကြီးတော့ ရုန်းကန်ရင် လွတ်သွားနိုင်တယ်.."

လူလေးယောက်လောက် ကျွန်တော့်ကို တွန်းလှဲပြီး ကျွန်တော့်ရဲ့ ရှေ့ခြေထောက်နှစ်ချောင်းနဲ့ နောက်ခြေထောက် နှစ်ချောင်းကို ပူးတွဲပြီး ချည်လိုက် သည်။ တစ်ခုခုတော့မှားနေပြီ..၊ သူတို့ ဘာလုပ်ကြတာလဲ..၊ ကျွန်တော့်ကို ပြန်လာရွေးမှာလေ..၊ ကျွန်တော့်ကို သူတို့ ပြန်လာရွေးကြမှာ…။

"ဟိုကောင်၊ ခွက်တစ်လုံးယူခဲ့..၊ သွေးခံရအောင်၊ အမဲသွေးခဲတွေက ဈေးကောင်းတယ်…"

အို…ကျွန်တော့်ကို သတ်ကြတော့မှာပါလား..။ ကျွန်တော့်ကို သူတို့ လည်လှီးဖို့ လုပ်နေကြတာပါလား..။  ကျွန်တော် အခုမှ အသိတရားဝင်ပြီး ရှိသမျှ အားနှင့် ရုန်းကန်သည်။ သေရတော့မယ် ဆိုတဲ့ အသိ၊ ချစ်နဲ့ သားလေးတို့ကို ခွဲသွားကြရတော့မယ် ဆိုတဲ့အသိကြောင့် ကျွန်တော် ပိုရုန်းကန်မိသည်။ သို့ပေမယ့် ကျွန်တော့်ကို ဖမ်းချုပ်ထားတာ ဥာဏ်ရည်မြင့်တဲ့ လူတွေလေဗျာ…။ ကျွန်တော် ဘယ်ရုန်းနိုင်ပါ့မလဲ……

"ကဲ..စမယ်…ခြေ လက်တွေကို ချုပ်ထား..၊ တစ်ယောက်က ဂြိုလ်ကို လာကိုင်ထားစမ်း…"
ကျွန်တော် နောက်ဆုံးအချိန်ထိ ချစ်တို့ကို မျှော်နေမိသည်။ သူတို့လာမှာပါ..။ သူတို့ ကျွန်တော့်ကို လာခေါ်ကြမှာပါ..။ ချစ်နဲ့ သားလေးက ကျွန်တော့်ကို အရမ်းချစ်တာမှတ်လား..။ သူတို့ ကျွန်တော့်ကို ဒီလို ဘယ်အဖြစ်ခံပါ့မလဲ..၊ သူတို့လာခေါ်ကြမှာပါ…။
"ဟုတ်ပြီ..၊ သေချာကိုင်ထား..၊ ကဲ..ဓါးသွားယူခဲ့တော့.."
ကျွန်တော့်ကို ကြိုးချည်ထားသည့်အပြင် လူလေးယောက်လောက် ချုပ်ထားတာကြောင့် လုံးဝ လှုပ်လို့မရတော့..၊ ကျွန်တော်လဲလျက်ကပင် ခြံပေါက်ဝ လူဝင်လမ်းကို ချစ်နဲ့သားလေးတို့ လာမလားလို့ မျှော်ကြည့်မိနေသည်။

ဟော.. ပြောရင်း ဆိုရင်း.. လူတစ်ယောက်လာနေပြီ..ချစ်နဲ့ တူလိုက်တာ…. ဟုတ်ပါတယ်…ချစ်ပါ…. မလွဲပါဘူး..၊ အဲ့ဒါ ကျွန်တော့် မိန်းမ ချစ်ပါ..။ ချစ် ကျွန်တော့်ကို ပြန်လာရွေးတာလေ…ကျွန်တော် မသေတော့ ဘူးပေါ့.. ဒါနဲ့ နေပါအုံး… ချစ်က ဘာလို့ ကခုန် နေတာပါလိမ့်..…၊ ပါးမှာလည်း သနပ်ခါးအဖွေးသားနဲ့..၊ နှုတ်ခမ်းနီတွေလည်း ဆိုးလို့၊ ရင်ဘတ်မှာလည်း နို့ဆီဗူးတွေ တို့လို့ တွဲလောင်း……အို…ခေါင်းမှာ ပန်းတွေလည်း ပန်လို့ပါလား..….

သီချင်းတွေလည်း အော်ဆိုလို့…. ဘေးနားမှာလည်း ချစ်ကို လိုက်ဟောင် နေတဲ့ ခွေးတစ်အုပ်…. အို…ဘယ်လိုဖြစ်ရတာလဲ ချစ်ရယ်… ဘာဖြစ်လို့ ဒီလို ဖြစ်သွားရတာလဲ… နေပါအုံး.. ချစ်လက်ထဲမှာ ဘာလေး ကိုင်ထားတာပါလိမ့်…. အိုး… ကလေး အရုပ်လေး တစ်ရုပ်ပါလား…..။

ကျွန်တော် မျက်လုံး မှိတ်လိုက်သည်။ ဓါးသွားနဲ့ ကျွန်တော့် လည်ပင်း သွေးကြောအထိအတွေ့ကို ကျွန်တော်သိသည်။ ကျွန်တော့် လည်ပင်းက သွေးတွေ ပန်းထွက်နေတာ ကျွန်တော်သိသည်။ ကျွန်တော် မရုန်းချင်ပေမယ့် မသိစိတ်ရဲ့ ခိုင်းစေမှုကြောင့် ကျွန်တော့် ခန္ဓာကိုယ်တွေ ရုန်းကန်နေတာ ကျွန်တော် သိသည်။ ဒါပေမယ့် ဒီအချိန်မှာ ကျွန်တော့်အတွက် နာကျင်မှုဆိုတာ မရှိတော့ပါဘူးဗျာ….။

ကျွန်တော် နောက်ဆုံး အချိန်မှာ ဘ၀ကူးကောင်းဖို့ ဘုရားတရားကို အာရုံပြုနေချင်ပေမယ့် မြင်နေရတာက သားလေးနဲ့ ချစ်တို့ရဲ့ ၀ိုးတ၀ါး မျက်နှာ နှစ်ခု..….၊ ကျွန်တော် မငိုပါဘူး..။ ဒါပေမယ့် ကျွန်တော် မျက်ရည်တော့ ကျနေပါလိမ့်မယ်……..

ပြီးအောင် ဖတ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်..။ ကျွန်တော့်စာလေး ဖတ်ပြီး စာဖတ်ရင်ထဲ တစ်ခုခု ခံစားရမယ်ဆိုရင် ကျွန်တော် ရေးရကျိုး နပ်ပါတယ်..။

အောင်ထွန်းဦး (http://www.aunghtunoo.blogspot.com)
http://www.edinooyin.com/profiles/blog/show?id=4347155%3ABlogPost%3A6455436&xgs=

No comments:

Post a Comment