Pages

အခြေခံ ၀ိပဿနာတရား အားထုတ်နည်း

 http://www.awholenuworld.com/wp-content/uploads/2011/02/morning-meditation.jpeg
 အခုရေးသားဖော်ပြပေးမယ့် တရားအားထုတ်နည်းဟာ ၀ိပဿနာတရားကို အတော်အသင့် အားထုတ်းဖူးသူများ၊ အတိုင်းအတာ တစ်ခုအထိ အတွေ့အကြုံရှိထားသူများ၊ ၀ိပဿနာ ဉာဏ်အဆင့်အတန်း အထိုက်အလျှောက် မြင့်ထားသူများအတွက် ရည်ရွယ်ရေးသားခြင်း မဟုတ်ဘဲ ၀ိပဿနာအလုပ်ကို တစ်ခါမှ မလုပ်ဖူးသူများ၊ စမ်းပြီးတရား အားထုတ်ချင်ပေမယ့် ဘယ်လိုအားထုတ်ရမယ်ဆိုတဲ့ အခြေခံ အားထုတ်နည်းကိုပင် မသိသူများ စသူတို့အတွက် ရည်ရွယ်ပြီး ရေးသားတင်ပြခြင်း ဖြစ်ပါတယ်။ စိတ်ဝင်စားသူများ အနေဖြင့် သေသေချာချာ အချိန်ယူပြီး နားလည်သဘောပေါက်အောင် အကြိမ်ကြိမ် ဖတ်ရှုကာ လက်တွေ့အားထုတ်ကြည့်စေချင်ပါတယ်။ ဒီနေရာမှာ ၀ိပဿနာ တရားအားထုတ်နည်းကို မပြောခင် ၀ိပဿနာဆိုတဲ့ စကားလုံးရဲ့ အဓိပ္ပါယ်ကို အရင်ပြောလိုပါတယ်။

ဝိပဿနာဆိုတာ ၀ိဝိဓေန ပဿနာ ၀ိပဿနာလို့ စာပေမှာဆိုတဲ့အတိုင်း ၀ိဝိဓေန- အထူးထူးအပြားပြားအားဖြင့် ပဿနာ- မြင်ခြင်း၊ ကြည့်ခြင်း၊ ပိပဿနာ- အထူးထူးအပြားပြား မြင်ခြင်းကြည့်ခြင်းလို့ စာလိုနားလည်ထား နိုင်ပါတယ်။ အထူးထူး အပြားပြား မြင်တယ်ဆိုတာ ဘာပဲဖြစ်ဖြစ် မြင်ခြင်းသိခြင်းလို့ အဓိပ္ပါယ်ရပါတယ်။ ဆိုလိုတာက စိတ်မှာပဲဖြစ်ဖြစ် ရုပ်မှာပဲဖြစ်ဖြစ် ဖြစ်သမျှအရာကို သိနေခြင်း၊ ဉာဏ်မျက်စိဖြင့် မြင်သလို မြင်နေခြင်းလို့ ဆိုလိုပါတယ်။ ပိုပြီးရှင်းအောင် ပြောရရင် ဖြစ်သမျှအရာတွေ အပေါ်မှာ သတိကပ်နေခြင်းပါပဲ။ အဲဒါကို သတိပဋ္ဌာန- သတိ၏ မြဲစွာတည်ခြင်း၊ သတိရှိနေခြင်းလို့ ဆိုပါတယ်။

ဒါကြောင့် အချို့က တရားအားထုတ်တာကို ၀ိပဿနာ သတိပဋ္ဌာန်ပွားများတယ်လို့ ဆိုခြင်းဖြစ်ပါတယ်။ သတိပဋ္ဌာနသုတ်လာ သတိပဋ္ဌာန်နည်းအတိုင်း အားထုတ်ခြင်းကိုပဲ ၀ိပဿနာ တရားအားထုတ်တယ်လို့ ဆိုခြင်းဖြစ်ပါတယ်။ ဒါကြောင့် သတိပဋ္ဌာန်လို့ပဲဆိုဆို၊ ၀ိပဿနာလို့ပဲဆိုဆို၊ သတိပဋ္ဌာန် ၀ိပဿနာလို့ပဲ ပြောပြော အဓိပ္ပါယ်ကတော့ စိတ်နဲ့ရုပ်မှာ ဖြစ်ပေါ်တတ်တဲ့ အာရုံတွေကို မလွတ်တမ်း သတိကပ်နေခြင်း၊ ဘာပဲဖြစ်ဖြစ် သတိရှိနေခြင်းပါပဲ။ ဒါကြောင့် ဒီနေရာမှာ တင်ပြပေးမယ့် အခြေခံဝိပဿနာ တရားအားထုတ်နည်းဟာလည်း မဟာသတိပဋ္ဌာန သုတ်လာ ဘုရားရှင်ဟောကြားတော်မူတဲ့ နည်းကိုပဲ အခြေခံပြီး နားလည်လွယ်အောင် တစ်ဆင့်ပြန်လည် တင်ပြပေးမှာ ဖြစ်ပါတယ်။


မဟာသတိပဋ္ဌာနသုတ်ကို ကြည့်ရင် ၀ိပဿနာတရား ဘာကြောင့် အားထုတ်ဖို့လိုကြောင်း အကြောင်းပြချက်မှစပြီး အားထုတ်တဲ့အခါ နေရာရွေးချယ်ထိုင်ပုံနည်းကအစ ဖော်ပြပေးထားတာကို တွေ့ရပါတယ်။ လောကသားတို့၏ စိုးရိမ်သောက ပူဆွေးမှုများမှစ၍ ကိလေသာကုန်ခမ်းပြီး ငြိမ်းချမ်းရာ နိဗ္ဗာန်ကို သွားရန်မှာ တစ်ခြားနည်းမရှိဘဲ ဒီသတိပဋ္ဌာန်နည်းပဲ ရှိတယ်ဆိုတာကို မဟာသတိပဋ္ဌာန သုတ်မှာအတိအလင်း ဖော်ပြထားပါတယ်။

မြတ်ဗုဒ္ဓက “ရဟန်းတို့ ဤခရီးလမ်းသည် သတ္တ၀ါတို့၏ စိတ်စင်ကြယ်စေရန်၊ စိုးရိမ်ပူပန်ခြင်း ငိုကြွေးခြင်းတို့ကို လွန်မြောက်ရန်၊ ကိုယ်ဆင်းရဲခြင်း စိတ်ဆင်းရဲခြင်းတို့ကို ချုပ်ငြိမ်းရန်၊ အရိယာမဂ်ကို မျက်မှောက်ပြုရန် တစ်ကြောင်းတည်းသော ခရီးလမ်းဖြစ်ပေ၏။ ယင်းသည့်ခရီးလမ်းကား ရုပ်၊ ဝေဒနာ၊ စိတ်၊ သဘောတရားတို့၌ ရုပ်၊ ဝေဒနာ၊ စိတ်၊ သဘောတရားဟူ၍ သတိသမ္ပဇဉ်ဖြင့် မလွတ်အောင် အကြိမ်ကြိမ် ရှုမှတ်၍နေခြင်း ဟူသော ဤသတိပဋ္ဌာန်လေးပါး အကျင့်တရားတို့ပင်တည်း…”လို့ ဟောကြားတော်မူပါတယ်။ ဆိုလိုတာက စိုးရိမ်သောက ပူဆွေးမှုအားလုံး ချုပ်ငြိမ်းပြီး နိဗ္ဗာန်ကို မျက်မှောက်ပြုဖို့ အတွက် စိတ်၊ ဝေဒနာ၊ ရုပ်နှင့် ဓမ္မခေါ် သဘောတရားတွေမှာ ဉာဏ်ပညာဖြင့် မလွတ်တမ်း သတိရှိရှိ မှတ်သိနေဖို့လိုကြောင်း ဆိုလိုရင်းဖြစ်ပါတယ်။ ဒါကြောင့် စိုးရိမ်သောက ပူဆွေးမှုများ ကုန်ဆုံးကာ ကိလေသာငြိမ်းရာ နိဗ္ဗာန်ကို သွားဖို့အတွက် တစ်ခုတည်းသော လမ်းဖြစ်သည့် ဒီသတိပဋ္ဌာန် ၀ိပဿနာ အလုပ်ကို အားထုတ်ဖို့လိုကြောင်း ဆိုခြင်းဖြစ်ပါတယ်။

ပြီးတော့ ၀ိပဿနာတရား စတင်အားထုတ်တဲ့ ယောဂီဟာ “တောသို့သွားရောက်၍ဖြစ်စေ၊ သစ်ပင်ရင်းသို့ သွားရောက်၍ ဖြစ်စေ၊ ဆိတ်ငြိမ်ရာသို့ သွားရောက်၍ ဖြစ်စေ တင်ပလ္လင်ခွေပြီးလျှင် ကိုယ်ကိုဖြောင့်မတ်စွာထား၍ သတိကို ရှေးရှုဖြစ်စေလျှက် ထိုင်ရမည်ဖြစ်ကြောင်း” ဒီသုတ်တော်မှာ ပြထားပါတယ်။ ဒါကြောင့် စတင်အားထုတ်မယ့် ပုဂ္ဂိုလ်ဟာ တောတောင်သစ်ပင် စသည်များ ရှိတဲ့နေရာကို မသွားနိုင်တာတောင်မှ တိတ်ဆိတ်ငြိမ်သက်တဲ့ နေရာတစ်ခုခုမှာနေပြီး အမျိုးသားဆိုရင် သက်သောင့်သက်သာ တင်ပလ္လင်ခွေထိုင်၊ အမျိုးသမီးဆိုရင်လည်း သင့်လျှော်သလို သက်သောင့်သက်သာ ထိုင်၊ ခါးနဲ့ခေါင်းကို ဖြောင့်မတ်စွာထားပြီး မျက်လွှာချကာ လက်အနေအထားကတော့ ဘယ်ဘက်လက်ပေါ် ညာဘက်လက် ထပ်ပြီးထားလိုကထား၊ ဒူးနှစ်ဘက်ပေါ်မှာ တစ်ဘက်စီထားလိုကထားပြီး ခန္ဓာကိုယ် အနေအထားကို ပြင်ဆင်ရပါမယ်။ အဲဒီလို ပြင်ဆင်ပြီး ကာယာနုပဿနာလို့ခေါ်တဲ့ အာနာပါန ထွက်လေ၊ ၀င်လေကစပြီး သတိကပ်ကာ ရှုမှတ်ရပါမယ်။

ဗုဒ္ဓက “ရဟန်းသည် (ယောဂီသည်) သတိရှိလျက်သာလျင် ထွက်သက်လေကို ရှိုက်၏၊ သတိရှိလျက်သာလျှင် ၀င်သက်လေကို ရှူ၏၊ ရှည်ရှည်ရှိုက်ရှူလျှင်လည်း ရှည်ရှည်ရှိုက်ရှူသည်ဟု သိ၏၊ တိုတိုရှိုက်ရှူလျှင်လည်း တိုတိုရှိုက်ရှူသည်ဟု သိ၏၊ ထွက်လေ၀င်လေ၏ အစ အလယ် အဆုံး အလုံးစုံသော ရုပ်အပေါင်းကို ထင်ရှားသိလျက် ရှိုက်ရှူမည်ဟု သိလျှက်ကျင့်၏…” စသဖြင့် အခြေခံ အာနာပါန မှတ်နည်းကို ပြတော်မူပါတယ်။ ဒါကြောင့် ၀ိပဿနာ တရားအားထုတ်မယ့် ယောဂီဟာ နေရာထိုင်ခင်းနှင့် ခန္ဓာကိုယ်ကို အဆင်ပြေသလို ပြင်ဆင်ပြီး စိတ်မှာတစ်ခြား ဘာအာရုံမှ မရှိစေဘဲ (အားလုံးကို မေ့နိုင်အောင် ကြိုးစား) ကိုယ့်ရဲ့စိတ်ကို အခြေခံ အမှတ်အာရုံဖြစ်တဲ့ နှာသိးဖျားကို အာရုံပြုထားရပါမယ်။ အဲဒီလိုစိတ်နဲ့ နှားသီးဖျားကို အာရုံပြု မြင်အောင်ကြည့်ပြီး ထွက်လေ၀င်လေကစ မှတ်ရပါမယ်။ နှာခေါင်းအပေါက်လေးကနေ တိုးပြီး အပေါ်နှုတ်ခမ်းစပ်လေးကို ထိထွက်လာတဲ့ ထွက်လေ၊ ထွက်လေဆုံးပြီး ပြန်ပြီးတိုးဝင်လာတဲ့  ၀င်လေကို အလိုက်သင့်လိုက်ပြီး မှတ်သိပေးနေရပါမယ်။

ဒီလို မှတ်တဲ့အခါမှာ အရှိအတိုင်းလေးပဲ မှတ်သိပေးနေရပါမယ်။ အသက်ကို လုပ်မရူရပါဘူး။ သူ့ပုံမှန် ရှူရှိုက်နေကျ အတိုင်းပဲ လိုက်သိနေရုံပါပဲ။ အဲဒီလို လိုက်သိမှတ်တဲ့အခါမှာ အမှတ်အာရုံကို ထွက်သွားတဲ့လေ၊ ၀င်လာတဲ့လေလေး ဆုံးသွားအောင် နှာသီးဖျားနဲ့ အထက်နှုတ်ခမ်းကြားကနေပြီး အလိုက်သင့်စောင့်ကြည့် သိမှတ်ပေးရပါမယ်။ တစ်နေရာတည်းကပဲ စောင့်ကြည့်မှတ်ပေးရမယ်လို့ ဆိုလိုပါတယ်။ ထွက်လာ၊ ၀င်လာတဲ့လေရဲ့နောက်ကို လိုက်ပြီး ရင်ခေါင်းမှတစ်ဆင့် ၀မ်းဗိုက်အထိ လိုက်နေစရာ မလိုပါဘူး။ နှာသီးဖျားလေးကပဲ စောင့်ပြီး ထွက်လေ၀င်လေ ဆုံးအောင်တိုးထိလာတဲ့ လေလေးကို အလိုက်သင့်လိုက်မှတ် ပေးရပါမယ်။ ထွက်လေ၀င်လေကို အစအဆုံး အလိုက်သင့် လိုက်သိနေရမယ်ဆိုတာ အဲဒီနှာသီးဖျားနဲ့ အထက်နှုတ်ခမ်းဖျား နေရာလေးကပဲ စောင့်ကြည့်ပြီး တိုးထွက်လာတဲ့ ထွက်လေဆုံးသွားတဲ့အထိ၊ ထွက်လေဆုံးတာနဲ့ တစ်ပြိုင်နက် ၀င်လာတဲ့လေကိုလည်း အဲဒီနေရာကနေ တိုးဝင်လာတဲ့ လေလေးဆုံးသွားတဲ့အထိ စိတ်ကနေ သိမှတ်ပေးနေရပါတယ်။

အဲဒီလို ထွက်လေအစအဆုံး၊ ၀င်လေအစအဆုံးကို တစ်နေရာတည်းကနေ စောင့်ကြည့်သိရှိပေးနေတာကိုပဲ အစအလယ်အဆုံး ရှုမှတ်တယ်လို့ ဆိုပါတယ်။ အစကနေ ဆုံးသွားတဲ့အထိ မလွတ်တမ်းမှတ်နေရင် အလယ်မှာလည်း မလွတ်တော့ပါဘူး။ ဒါကိုပဲ မလွတ်တမ်း မှတ်တယ်လို့ ဆိုပါတယ်။ ဒီနည်းအတိုင်း မလွတ်အောင် ကြိုးစားပြီး အကြိမ်ကြိမ် မှတ်သိပေးရပါတယ်။ ရှုမှတ်တယ်ဆိုတာ တိုးထွက်တိုးဝင်လာတဲ့ လေကို မလွတ်အောင် သတိကပ်ပြီး လိုက်သိပေးနေတာကို ဆိုလိုတာဖြစ်တဲ့အတွက် အကြိမ်ကြိမ် မှတ်သိပေးနေရပါတယ်။

ခုမှ စမှတ်တဲ့ ယောဂီတွေအတွက် မှတ်ခါစမှာ အခက်အခဲ ဖြစ်တတ်ပါတယ်။ သမာဓိ မရှိသေးတဲ့အတွက် စိတ်မှာ အတွေးပေါင်းစုံ၊ စိတ်ကူးပေါင်းစုံ ၀င်တတ်ပါတယ်။ ဒီထွက်လေ၀င်လေကိုပဲ ကောင်းကောင်းမှတ် မရတာတွေလည်း ရှိတတ်ပါတယ်။ ထွက်လေ၀င်လေ မထင်ရှားတာကို ပြောတာပါ။ တစ်ခါတစ်လေ နှာခေါင်းပေါက် တစ်ခုမှာ ထင်ရှားသလို ဖြစ်နေပြီး တစ်ခါတစ်လေ နှစ်ဘက်လုံး မထင်ရှားပဲ ဖြစ်နေတာလည်း ရှိတတ်ပါတယ်။ အဲဒီလို အခါမျိုးမှာ ကိုယ်အသက်ရှုနေတယ်ဆိုတဲ့ အသိလေးတော့ ရှိတတ်ပါတယ်။ အဲဒီအသိအတိုင်း သိမှတ်နေရင်လည်း ဖြစ်ပါတယ်။ တစ်ခါတစ်လေ မှတ်နေရင်းနဲ့ စိတ်ကအပြင်ရောက်ပြီး အတွေးစိတ်ကူးတွေနောက် ပါသွားတတ်ပါတယ်။ အဲဒီလို အခါမျိုးမှာ သတိရတိုင်း ပြန်ပြီးနှာသီးဖျား အမှတ်အာရုံကို ပြန်ယူပြန်မှတ်ပေးရပါတယ်။ ဒီလို စိတ်ထွက်လိုက် သတိရတဲ့အခါ ပြန်မှတ်လိုက် စသဖြင့် ထပ်ခါထပ်ခါ အကြိမ်ကြိမ်လုပ်ပေးရင် တဖြည်းဖြည်း သမာဓိ ရလာပါလိမ့်မယ်။ စမှတ်ကာစ သမာဓိ အားနည်းနေသေးတဲ့ အချိန်မှာ စိတ်ဓာတ်မကျ ဇွဲမလျှော့ဘဲ ကြိုးစားမှု ၀ီရီယကို ပိုပြီးအားဆိုက် ပေးရပါတယ်။ ဒါမှ သမာဓိ အားကောင်းလာမှာပါ။

ခုလို အာနာပါနကို အခြေခံပြီး အားထုတ်နေတာဟာ ကာယာနုပဿနာရှုနေတာ ဆိုပေမယ့် တကယ့်ဝိပဿနာပိုင်းကို သွားဖို့အတွက် သမာဓိ တည်ထောင်နေတာလို့ ပြောနိုင်ပါတယ်။ အာနာပါနကို ပင်တိုင်အမှတ်အာရုံ အဖြစ်ထားပြီး ၀ိပဿနာပိုင်းကို ကူးရင်ပိုပြီး အကျိုးသက်ရောက်မှု ရှိစေနိုင်ပါတယ်။ ဒါကြောင့် စမှတ်တဲ့ ယောဂီအနေဖြင့် ဒီထွက်လေ၀င်လေကို မလွတ်တမ်း အစအဆုံး မှတ်တဲ့အလုပ် တစ်ခုတည်းကိုပဲ အချိန်ပေးပြီး မှတ်စေချင်ပါတယ်။ ဒီအချိန်မှာ ခန္ဓာကိုယ်မှာ ပေါ်လာတတ်တဲ့ တခြားအာရုံတွေနောက်ကို လိုက်မမှတ်သေးပဲ အာနာပါန တစ်ခုတည်းကိုပဲ မှတ်နိုင်အောင် ကြိုးစားကြည့်ဖို့ လိုပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ သမာဓိ မတည်သေးခင် ၀ိပဿနာပိုင်းကို ကူးတဲ့အခါမှာ မှတ်ရတာ ခက်တတ်လို့ပါ။ အာနပါနကိုပဲ တစ်နာရီမှာ တစ်နာရီနီးပါးလောက် မလွတ်တမ်း မှတ်နိုင်ပြီဆိုမှ ခန္ဓာကိုယ်မှ ပေါ်လာတတ်တဲ့ ထုံတာ၊ ကျင်တာ၊ နာတာ၊ ကိုက်တာ၊ ယားတာ စတဲ့ ဝေဒနာတွေကို ပြောင်းပြီး ပေါ်ရာပေါ်ရာကို ပေါ်ခိုက်ဖြစ်ခိုက်မှာ လိုက်လိုက်ပြီး မှတ်သိပေးရပါတယ်။ အဲဒီလို မှတ်တဲ့အခါမှာ ဝေဒနာရဲ့ သဘောကို စိတ်ကလေးနဲ့ မြင်အောင်ကြည့်ပြီး မှတ်သိပေးရပါတယ်။ ဝေဒနာရဲ့ သဘောဆိုတာက ကျင်ရင်ကျင်နေတဲ့ ခံစားမှု၊ ယားရင်ယားနေတဲ့ ခံစားမှု၊ ပူရင်ပူးနေတဲ့ ခံစားမှု စတာကို ပြောတာပါ။

တစ်ခါတစ်ရံ ဝေဒနာက နှစ်ခုသုံးခု ပေါ်နေတတ်တာတွေ ရှိတတ်ပါတယ်။ အဲဒီလို အခါမျိုးမှာ အထင်ရှားဆုံး၊ မှတ်လို့အကောင်းဆုံးဖြစ်တဲ့ ခံစားမှု ဝေဒနာတစ်ခုကိုပဲ ရွေးချယ်မှတ်ပေးရပါတယ်။ ဝေဒနာကို မှတ်တဲ့အခါမှာ ဝေဒနာက ပိုပြီးပြင်းထန်လာတာလည်း ရှိတတ်သလို လျှော့သွားတာလည်း ရှိတတ်ပါတယ်။ ပိုးယားလာတာ၊ ပိုပူလာတာ၊ ပိုကျင်လာတာ စတာတွေပေါ့။ များသောအားဖြင့် ပိုပြင်းလာတတ်ပါတယ်။ ဖြစ်နိုင်ရင် ပေါ်သမျှဝေဒနာကို သီးခံပြီး ဒီဝေဒနာကို ကျော်သွားအောင် မှတ်ကြည့်စေချင်ပါတယ်။ ဆိုလိုတာက ဝေဒနာကပဲ ပိုပိုပြင်းနိုင်မလား ကိုယ်ကပဲ အမှတ်မလွတ်အောင် သီးခံပြီး မှတ်နိုင်မလားဆိုတဲ့ သဘောပါ။

တတ်နိုင်သမျှ သီးခံပြီးမှတ်လို့မှ ဝေဒနာက မလျှော့ဘဲ ပိုပြီး တိုးတိုးလာနေတယ် ဘယ်လိုမှ မခံနိုင်တော့ဘူးဆိုရင်တော့ ဒီဝေဒနာကို လစ်လျူရှုပြီး အာနာပါနကို ပြန်မှတ်ကြည့်ပါ။ ဒါလည်းမရ ပိုပြီးပြင်းလာတယ်၊ မှတ်ရင်းနဲ့ မခံမရပ်နိုင်ဖြစ်လာပြီး မပျောက်ရကောင်းလားဆိုတဲ့ ဒေါသအတွေးတွေပါ ဖြစ်လာတယ်ဆိုရင်တော့ ထိုင်ထားတဲ့ ဣရိယပုတ်လေးကို သတိလေးနဲ့ ပြင်ပြီးထိုင်မှတ်ကြည့်ပါ။ ပြင်ပြီးထိုင်တဲ့အခါ ပြင်နေတဲ့ အမူအရာ လှုပ်ရှားမှုကို သိမှတ်ပြီး ပြင်ဖို့တော့ လိုပါတယ်။ ပြင်လိုက်တဲ့အတွက် ဣရိယာပုတ် ပြောင်းသွားရင် ဝေဒနာလည်း ပြောင်းသွားတတ်ပါတယ်။ ဒါက နောက်ဆုံး ဝေဒနာကို ဘယ်လိုမှ သီးခံလို့ မရတော့မှ ပြောင်းကြည့်ဖို့ပါ။ ဒီနည်းအတိုင်း ပေါ်ရာပေါ်ရာကို လိုက်လိုက်မှတ်ပေးတာကိုပဲ ၀ိပဿနာ ရှုတယ်လို့ ခေါ်ပါတယ်။

နောက်သမာဓိ အားကောင်းလာတဲ့ အခါမှာ ကိုယ့်ရဲ့စိတ်အစဉ်ကိုပါ သိလာတတ်ပါတယ်။ စိတ်မှာအတွေးတွေ ၀င်တော့မယ် ၀င်နေတယ် ဆိုတာကို သိတာနဲ့ တစ်ပြိုင်နက် အဲဒီစိတ်ကို သတိနဲ့ သိအောင်မှတ်ပေးရပါတယ်။ စိတ်ဆိုတဲ့ သဘောက တစ်ခါတည်း ချုပ်ကိုင်ထားလို့ မရတဲ့အတွက် ရှေ့စိတ်ကို နောက်စိတ်က သိလိုက်တာနဲ့ ရှေ့စိတ်ပျောက်ပြီး နောက်သိစိတ်က ပေါ်လာတာပါပဲ။ အဲဒီလို တစ်စိတ်ပြီး တစ်စိတ်မှတ်မှတ် သိပေးရင်ကိုပဲ စိတ္တာနုပဿနာ ဖြစ်နေတာပါ။ ဆိုကြပါစို့..။ စိတ်မှာ အလိုမကျဖြစ်တဲ့အခါ အဲဒီအလိုမကျတာကို သိလိုက်တာနဲ့ ဒီအလိုမကျတဲ့ စိတ်မဖြစ်တော့ဘဲ သိစိတ်က ဖြစ်ပေါ်လာပါတယ်။ ဒီသိစိတ်ဟာလည်း နောက်နောက်စိတ်တွေက ထပ်ထပ်ပြီး ပေါ်ပေါ်လာတဲ့အခါ အသစ်အသစ် ဖြစ်နေတတ်ပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် ပေါ်လာသမျှ စိတ်အစဉ်ကို ပေါ်ခိုက်ဖြစ်ခိုက်မှာ လိုက်သိပေးနေနိုင်ရင် ဒီစိတ်ဟာ ရှေ့ဆက်မဖြစ်တော့ ပါဘူး။ အဲဒီလို ပေါ်သမျှကို လိုက်သိပေးနေတာကိုပဲ ၀ိပဿနာ ရှုတယ်လို့ ခေါ်ပါတယ်။

အထက်မှာ ပြောခဲ့တဲ့နည်းအတိုင်း အာနာပါနမှ စပြီး ရှုမှတ်ကာ သမာဓိထူထောင်လို့ ၀ိပဿနာပိုင်းကူးပြီး စိတ်နဲ့ရုပ်မှာ ပေါ်လာတဲ့ အရာမှန်သမျှကို လိုက်ပြီးသိမှတ်ပေးနေရုံနဲ့ပဲ ဗုဒ္ဓပြောတဲ့ သတိပဋ္ဌာန်နည်းအတိုင်း အားထုတ်နေပြီးသား ဖြစ်နေပါတယ်။ တစ်ထိုင်တည်းမှာပဲ ပေါ်ရာပေါ်ရာကို လိုက်လိုက်ပြီး မှတ်သိနေတဲ့အတွက် ကာယာနုပဿနာ၊ ဝေဒနာနုပဿနာ၊ စိတ္တာနုပဿနာ၊ သဘောတရားကို မှတ်သိတဲ့ ဓမ္မာနုပဿနာကို ရှုမှတ်ပြီးသား ဖြစ်နေပါတယ်။ ဒါက အမည်နာမအနေနဲ့သာ ပြောခြင်းဖြစ်ပါတယ်။ အဓိကကတော့ ဘာပဲဖြစ်ဖြစ် ပေါ်ရာပေါ်ရာကို လိုက်မှတ်နေရုံပါပဲ။

တကယ်တော့ အားတဲ့အခါတိုင်း ဒီအမှတ်လေးနဲ့ နေတတ်တဲ့ အကျင့်လေးလုပ်ပေးရင် ကောင်းပါတယ်။ တိတ်ဆိတ်ငြိမ်သက်ရာမှာ ထိုင်ပြီး မှတ်ရမယ်လို့ အထက်မှာ ဆိုထားပေမယ့် လျောင်း၊ ထိုင်၊ ရပ်၊ သွားဆိုတဲ့ ဣရိယာပုတ်လေးမျိုးလုံးကို ဘယ်လိုနေရာ ဘယ်လိုအချိန်၊ ဘယ်လိုအခြေ အနေမျိုးဖြစ်ဖြစ် မှတ်သိနိုင်ပါတယ်။ ဒါကြောင့် ရိပ်သာသွားပြီး တရားအားမထုတ်နိုင်ပေမယ့် ကိုယ့်နေရာလေးမှာ ကိုယ့်ရဲ့ခန္ဓာကိုယ်နဲ့ စိတ်မှာ သတိလေးကပ်ပြီး သိမှတ်ပေးနေရင်လည်း တရားမှတ်တာပါပဲ။ အိပ်ရာပေါ် လှဲနေတဲ့အချိန်မှာလည်း တစ်ခြားအရာတွေ လျှောက်တွေးနေတာထက်စာရင် နှာသီးဖျားမှာ စိတ်လေးကပ်ပြီး အာနာပါနမှတ်နေရင်လည်း ကုသိုလ်ဖြစ်ပြီး သမာဓိတည်နေကာ အမှတ်သတိနဲ့ နေနေတာဖြစ်ပါတယ်။

တစ်နေရာရာကို ကားစီး၊ ရထားစီး သွားရင်လည်း အာနာပါနလေးနဲ့၊ အမှတ်သတိလေးနဲ့ မှတ်သွားနိုင်ပါတယ်။ အလုပ်လုပ်တဲ့အခါမှာလည်း အလုပ်မှာ အာရုံဆိုက်ပြီး လှုပ်ရှားနေတဲ့ ကိုယ်အမူအရာတွေကို သတိကပ်ပြီး လိုက်သိပေးနေတာလည်း အလုပ်ခွင်မှာ တရားမှတ်တာလို့ ပြောနိုင်ပါတယ်။ ဘာပဲဖြစ်ဖြစ် သေချာတာကတော့ တရားမှတ်မှုကို လျောင်း၊ထိုင်၊ရပ်၊သွား ဣရိယာပုတ်လေးပါးလုံးမှာ အချိန်မရွေး၊ နေရာမရွေး လုပ်နိုင်မှတ်နိုင်တယ် ဆိုတာပါပဲ။

အာနာပါနကို အခြေခံထားတဲ့ အခြေခံ ၀ိပဿနာ ရှုနည်းကို တစ်နေ့တစ်နေ့ အချိန်လေး နဲနဲစီပေးပြီး ကြိုက်တဲ့အချိန်၊ ကြိုက်တဲ့ပုံစံမျိုးနဲ့ မှတ်ပြီးလေ့ကျင့်နိုင်ဖို့ ဒီအခြေခံ ၀ိပဿနာရှုနည်းကို တင်ပြပေးလိုက်ပါတယ်။ ဘုရားရှင်ရဲ့ ဒီမဟာသတိပဋ္ဌာနသုတ် တစ်ခုလုံးရဲ့ အချုပ်စကားက ”ယထာဘူတံ ပဇာနာတိ” ဆိုတဲ့ စကားပဲ ဖြစ်ပါတယ်။ အဓိပ္ပါယ်က ဟုတ်တိုင်းမှန်စွာ သိပါဆိုတဲ့ အဓိပ္ပါယ်ပါ။ ဟုတ်တိုင်းမှန်စွာ သိတယ်ဆိုတာက ခုနပြောခဲ့သလို ပေါ်သမျှ ဖြစ်သမျှ အာရုံတွေကို ပေါ်ခိုက်ဖြစ်ခိုက်မှာ သိအောင်လုပ်ပါလို့ ဆိုလိုတာဖြစ်ပါတယ်။

ဒါကြောင့် စိတ်မှာပဲဖြစ်ဖြစ် ရုပ်မှာပဲဖြစ်ဖြစ် ပေါ်သမျှကို ပေါ်ခိုက်ဖြစ်ခိုက်မှာ လိုက်လိုက်ပြီး သိမှတ်ပေးနေတာဟာ ၀ိပဿနာ အားထုတ်ထာ ဖြစ်တဲ့အတွက် ကိုယ့်ရဲ့ လျောင်း၊ ထိုင်၊ ရပ်၊ သွား ဣရိယာပုတ်များမှာ ဘယ်လိုပုံစံမျိုးပဲ ဖြစ်ဖြစ် သတိကပ်ကာ လိုက်သိ၊ လိုက်မှတ်ကြည့်ပါလို့ တိုက်တွန်းလိုက်ပါတယ်။

အခြေခံဝိပဿနာ တရားအားထုတ်နည်း (၂)


အခြေခံဝိပဿနာတရား အားထုတ်နည်းအကြောင်း ရေးသားတင်ပြပြီးနောက်မှာ သူတော်ကောင်းများရဲ့ အသံတွေကို ပြန်လည်ကြားလာရပါတယ်။ တစ်ချို့က ကျေးဇူးတင်တဲ့အကြောင်း၊ တစ်ချို့က သဘောကျတဲ့အတွက် တစ်ခြားသူများကိုလည်း တစ်ဆင့်ပြန်လည် မျှဝေဖြစ်ကြောင်း၊ တစ်ချို့က သူတို့လို အတွေ့အကြုံမရှိတဲ့ သူတွေအတွက် အလွယ်တကူ နားလည်လွယ်၊ လိုက်နာကျင့်သုံးဖို့ လွယ်ကြောင်း စသဖြင့် ပြန်လည်တုံ့ပြန်မှုများကို ရခဲ့ပါတယ်။ တစ်ချို့ကတော့ နောက်ဆက်တွဲအနေနဲ့ ဆက်လက်ဖော်ပြပေးဖို့နဲ့ တစ်ချို့ကြပြန်တော့ အားထုတ်နည်းကို သဘောကျပေမယ့် ဘ၀ရပ်တည်ရေး ရုန်းကန်လှုပ်ရှားနေရတဲ့ အတွက် ဘယ်လိုမှကို တရားအားထုတ်ဖို့ အချိန်မရဖြစ်နေကြောင်း၊ ဒါကြောင့် ဒီလို အချိန်မရတဲ့ သူတွေအတွက် ရနိုင်သမျှ လေ့ကျင့်နိုင်မယ့်နည်းလေးများကို ဆက်လက်ရေးသား ဖော်ပြပေးဖို့ လျှောက်ထားပါကြောင်း တောင်းဆိုလာကြပါတယ်။ ဒီလိုဒီလို ပြန်လည်တုံ့ပြန်မှုများကြောင့် ၀ိပဿနာ တရားအားထုတ်နည်း နောက်ဆက်တွဲကို ဆက်လက်ရေးသား တင်ပြပေးဖြစ်ခဲ့ပါတယ်။

ဘ၀ရဲ့ စားဝတ်နေရေး လှုပ်ရှားမှုတွေကြောင့် ဘယ်လိုမှ မအားလပ်တဲ့ သူတွေအများကြီး ရှိနေတယ်ဆိုတာ နားလည်ပေမယ့် ဒီလိုမအားလပ်မှုတွေကြောင့် တရားအားထုတ်ချင်ပေမယ့် အားမထုတ်နိုင် ဖြစ်ရတယ် ဆိုတာကိုတော့ ပြောပြပေးဖို့လိုပါတယ်။ တကယ်တော့ ၀ိပဿနာ အလုပ်ဆိုတာ ရိပ်သာသွားပြီး အချိန်ပြည့် ထိုင်ပြီးမှ အားထုတ်ရတဲ့ တရားအားထုတ်မှု မဟုတ်ပါဘူး။ အသက်ရှင်နေရင်၊ စိတ်နဲ့ခန္ဓာကိုယ်ရှိနေရင်၊ ခန္ဓာငါးပါး ရှိနေရင် ဘယ်လိုနေရာ၊ ဘယ်လိုအနေအထား၊ ဘယ်လိုအချိန်မှာမဆို အားထုတ်လို့ ရပါတယ်။။ နေ့စဉ် လှုပ်ရှားမှုများထဲမှာကိုပဲ လှုပ်ရှားနေတုန်း တရားအားထုတ်နိုင်တဲ့ နည်းတွေရှိပါတယ်။

အမှန်တော့ သတိအမှတ်သာ ရှိနေမယ်ဆိုရင် အဲဒီလှုပ်ရှားမှုတွေကပဲ တရားမှတ်စရာ အမှတ်အာရုံတွေ ဖြစ်နေတာပါ။ တရားရှာ ကိုယ်မှာတွေ့ဆိုသလို ဘုရားရှင်ကလည်း ခန္ဓာကိုယ်ရဲ့ ဖြစ်သမျှ အနေအထားတွေ အပေါ်မှာ တရားရှာနိုင်ကြောင်း ဟောတော်မူပါတယ်။ ခန္ဓာကိုယ်က ထိုင်နေတဲ့အခါမှာလည်း ထိုင်နေတဲ့အနေအထား၊ လဲလျောင်းနေတဲ့အခါမှာလည်း လဲလျောင်းနေတဲ့ အနေအထား၊ ရပ်နေရင်လည်း ရပ်နေတဲ့အနေအထား၊ သွားနေရင်လည်း သွားနေတဲ့ အနေအထား စတဲ့ ဘယ်လိုပုံစံမျိုးမှာမဆို တရားရှာနိုင်ပါတယ်တဲ့။ ဒါကို မဟာသတိပဋ္ဌာနသုတ်မှာ ဣရိယာပုတ်ကို ဆင်ခြင်နည်းအဖြစ် ဖွင့်ပြထားပါတယ်။

ဒီသုတ်တော်မှာ ဗုဒ္ဓမြတ်စွာက “ရဟန်းတို့… ရဟန်း (တရားအားထုတ်တဲ့ ယောဂီ)သည် သွားလျှင်လည်း သွားသည်ဟု သိ၏။ ထိုင်လျှင်လည်း ထိုင်သည်ဟု သိ၏။ ရပ်လျှင်လည်း ရပ်သည်ဟု သိ၏။ လျောင်းလျှင်လည်း လျောင်းသည်ဟု သိ၏။ ထိုရဟန်း (ယောဂီ)၏ ရုပ်အပေါင်းသည် အကြင်အကြင် အမူအရာအားဖြင့် တည်နေ၏။ ထိုရုပ်အပေါင်းကို ထိုထိုအမူအရာအားဖြင့် သိ၏” လို့ ဟောတော်မူထားပါတယ်။ ဒီဟောကြားချက်ကို ကြည့်ရင် တရားမှတ်တာ ဘယ်လိုပုံစံမျိုးမှာမဆို မှတ်နိုင်တယ်ဆိုတာ သိနိုင်ပါတယ်။ ပြီးတော့ မြတ်စွာဘုရားရှင်က “ရဟန်းတို့ တစ်ဖန် ထို့ပြင် ရဟန်းသည် ရှေ့သို့တိုးရာ၊ နောက်သို့ဆုတ်ရာ၌ သိလျက်ပြုလေ့ရှိ၏။ တူရူကြည့်ရာ တစောင်းကြည့်ရာ၌ သိလျက် ပြုလေ့ရှိ၏။ ကွေးရာဆန့်ရာ၌ သိလျက် ပြုလေ့ရှိ၏။ ဒုကုဋ် သပိတ် သင်္ကန်းကို ဆောင်ရာ၌ သိလျှက် ပြုလေ့ရှိ၏။ စားရာ သောက်ရာ ခဲရာ လျက်ရာ၌ သိလျက် ပြုလေ့ရှိ၏။ ကျင်ကြီးကျင်ငယ်စွန့်ရာ၌ သိလျက် ပြုလေ့ရှိ၏။ သွားရာရပ်ရာ ထိုင်ရာအိပ်ရာ နိုးရာ တိတ်ဆိတ်နေရာ၌ သိလျက် ပြုလေ့ရှိ၏။”ဟု အသေးစိပ် ထပ်မိန့်ပါတယ်။

ဒီဟောကြားချက်ကိုကြည့်ရင် မြတ်ဗုဒ္ဓက နေ့စဉ်လှုပ်ရှားမှုများမှာပဲ မှတ်တတ်အောင်၊ မှတ်နိုင်အောင် မိန့်တော်မူထားတာကို တွေ့ရပါတယ်။ နောက်ဆုံး အပေါ့အလေး အညစ်အကြေး စွန့်တာကအစ အမှတ်သတိနဲ့ ပြုမူမယ်ဆိုရင် အမှတ်အာရုံ ဖြစ်ကြောင်း အတိအလင်း ရှင်းတော်မူထားပါတယ်။ ဒါကြောင့် အလုပ်တွေများပြီး မအားလို့ တရားအားမထုတ်နိုင်ဘူး ဆိုသူတွေအတွက် မြတ်ဗုဒ္ဓရဲ့ ဖော်ပြပါ ဟောကြားချက်များက ဒီလိုနေ့စဉ် လှုပ်ရှားနေမှုများ၊ မအားလပ်မှုများကပင် မှတ်စရာ အမှတ်အာရုံတွေ ဖြစ်နေတယ်ဆိုတာ သတိပြုခိုင်းနေပါတယ်။

မှန်ပါတယ်။ တကယ့်ကို သတိအမှတ်နဲ့သာ မှတ်သိနေမယ်ဆိုရင် လူတိုင်းလူတိုင်းရဲ့ နေ့စဉ်လှုပ်ရှား ရုန်းကန်မှုတွေဟာ မှတ်စရာတွေပါပဲ။ နေ့စဉ်ဖြစ်ပျက် လှုပ်ရှားနေတဲ့အတွက် သတိမမူမိ ဖြစ်နေကြလို့သာ တရားအားထုတ်ဖို့ အချိန်မရ ဖြစ်နေကြတာပါ။ သတိကပ်ပြီး ဘာပဲဖြစ်ဖြစ် သိနေလိုက်ရင် နေ့စဉ်လှုပ်ရှားမှုတွေဟာ တရားအမှတ်တွေပါပဲ။ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေချိန်က လွဲလို့ မနက်အိပ်ရာကထ ညအိပ်ရာဝင် အိပ်မပျော်ခင် အချိန်အထိ ဖြစ်ပျက်နေတာတွေဟာ မှတ်စရာ အာရုံတွေပါပဲ။ ဒီအဖြစ်အပျက်တွေကိုသာ လိုက်သိနေမယ်ဆိုရင် ရိပ်သာသွားပြီး အထွေအထူး တရားအားထုတ်ဖို့တောင် လိုမယ်မထင်ပါဘူး။

မနက်အိပ်ရာက နိုးတာနဲ့ တစ်ပြိုက်နက် စိတ်မှာ အသိဝင်လာပါပြီ။ အဲဒီအချိန်ကစပြီး ကိုယ့်ရဲ့အမူအရာကို စိတ်နဲ့မြင်အောင် ကြည့်ကြည့်ပါ၊ မှတ်ကြည့်ပါ။ အိပ်ရာက နိုးနိုးချင်း ချက်ချင်းမထချင်သေးလို့ လှဲနေတဲ့အချိန်မှာ စိတ်ကိုနှာသီးဖျားမှာ အာရုံပြုလို့ ထွက်သက်ဝင်သက်လေး မှတ်ကြည့်ပေါ့။ ထလာပြီး စောင်ခေါင်းအုံး ခေါက်သိမ်းတဲ့ အခါလည်း အဲဒီလှုပ်ရှားမှုကို သတိထားပြီး လုပ်ကြည့်လိုက်ပါ။ စောင်ကိုမတာ၊ လက်နှစ်ဖက်နဲ့ ခေါက်နေတာ၊ ပြီးတော့ သိမ်းတာစသဖြင့် ဘာပဲလုပ်လုပ် အဲဒီလုပ်နေတဲ့ လှုပ်ရှားမှုမှာ အသိလေးတွေနဲ့ လိုက်လုပ်ကြည့်လိုက်ပါ။ အဲဒီလို သိပြီးလုပ်နေတဲ့ အချိန်မှာ ကိုယ့်စိတ်မှာ တစ်ခြားလောဘဖြစ်စရာ၊ ဒေါသဖြစ်စရာ စတာတွေ ကင်းနေတတ်ပါတယ်။ လုပ်သမျှ လှုပ်ရှားမှုတွေအပေါ် သိပြီးနေနေတာ၊ သိပြီးလုပ်နေတာတွေဟာ တရားအားထုတ်နေတာပါပဲ။

ပြီးတော့ ရေချိုးခန်း အိမ်သာဝင်ဖို့ သွားတဲ့အခါမှာလည်း လှမ်းတဲ့ခြေလှမ်းတိုင်းကို သိပြီးလှမ်းကြည့်လိုက်ပါ။ ဘယ်ခြေလှမ်းရင် ဘယ်လှမ်းတယ်၊ ညာခြေလှမ်းရင် ညာလှမ်းတယ်လို့ သိပြီး လှမ်းသွားကြည့်လိုက်ပါ။ ဒါဟာ ခြေလှမ်းတိုင်းအတွက် သိမှတ်နေတာဖြစ်ပြီး ဒီလိုသိပြီး လှမ်းနေတဲ့အချိန်မှာ ကိုယ့်သန္တာန်မှာ တစ်ခြားကိလေသာတွေ မဖြစ်ပါဘူး။ လှမ်းတိုင်းလှမ်းတိုင်း သိပြီးလှမ်းနေမယ်ဆိုရင် ဒီခေတ်ပြောနေတဲ့ ခြေတစ်လှမ်း ကုဋေတစ်သန်းဆိုတာထက် ပိုပြီးအကျိုးကြီးနေပါတယ်။ ဆရာတော်တစ်ပါးက သူ့ယောဂီစစ်သားတစ်ယောက်ကို တရားပြတုန်းက “ဘယ်လှမ်းရင်လည်း ဘယ်လှမ်းတယ် ညာလှမ်းရင်လည်း ညာလှမ်းတယ်လို့ သိပြီးလှမ်းပါ”လို့ သင်ပြတဲ့အခါ အဲဒီစစ်သားက “ဒါလား…တရားအားထုတ်တာ စစ်တပ်မှာဆို နေ့တိုင်းဘယ်ညာ အော်နေရတာ“လို့ ပြောပါတယ်တဲ့။ ဒီတော့ ဆရာတော်က စစ်သားလေးကို “အဲဒီလို အော်ပြီးဘယ်ညာ လှမ်းတုန်းက လှမ်းနေတဲ့အမူအရာ ဘယ်ညာခြေလှမ်းတွေကို သိပြီးလှမ်းဖူးလား”လို့ မေးလိုက်တော့မှ စစ်သားလေးက “ဒီလိုပဲ နေ့စဉ်လှမ်းနေကျဆိုတော့ လှမ်းလိုက်တာပဲ”လို့ ဖြေပါတယ်။ ဒီတော့ ဆရာတော်က “အခုမှတ်ခိုင်းတာက အဲဒီလို မသိဘဲ လှမ်းနေတာတွေကို သိပြီးလှမ်းခိုင်းတာပဲ”လို့ မိန့်တော့မှ စစ်သားလေး သဘောပေါက်သွားတယ်လို့ ပြောဖူးပါတယ်။

ဟုတ်ပါတယ်။ ဒီအတိုင်းပါပဲ။ ဘယ်သူမဆို ခြေလှမ်းတွေတော့ လှမ်းနေကြတာပါပဲ။ ဒါပေမယ့် လှမ်းတဲ့ခြေလှမ်းတိုင်းကို အသိမကပ်ဘဲ လှမ်းနေကြခြင်းပါ။ ပုံမှန်သွားလာနေတဲ့အတွက် ဒီသွားလာနေတဲ့ အပေါ် သတိမပြုမိခြင်း ဖြစ်ပါတယ်။ သွားလာနေတဲ့ ခြေလှမ်းတွေဟာ သိပြီးလှမ်းနေရင် လှမ်းတိုင်းလှမ်းတိုင်း မှတ်စရာ အမှတ်အာရုံတွေ ဖြစ်နေတာကို သတိမပြုမိကြခြင်း ဖြစ်ပါတယ်။ အသိဒကာမလေး တစ်ယောက်ကို ဒီသွားနေတဲ့ ခြေလှမ်းတိုင်းကို သိပြီးလှမ်းကြည့်ပါ စိတ်တည်ငြိမ်ပါတယ်လို့ ပြောပြဖူးပါတယ်။  တစ်နေ့ အဲဒီဒကာမလေးဟာ စာကြည့်တိုက်က အပြန်မှာ ဒီစကားလေးကို သတိရပြီး သူလှမ်းနေတဲ့ ခြေလှမ်းတိုင်းမှာ သိပြီးလှမ်းကြည့်တဲ့အကြောင်း၊ ဒီလို သိပြီးလှမ်းလာခဲ့တဲ့အတွက် စိတ်မှာတစ်ခြား အတွေးတွေ မ၀င်ဘဲ လှမ်းနေတဲ့ ခြေလှမ်းတိုင်းဟာ ပေါ့ပါးသွက်လပ်နေကြောင်း၊ နောက်ဆိုရင် ဘယ်သွားသွား လှမ်းတဲ့ခြေလှမ်းတွေကို တတ်နိုင်သမျှ သိပြီးလှမ်းသွားနိုင်အောင် ကြိုးစားလေ့ကျင့် ကြည့်ပါမည့်အကြောင်း လျှောက်ထားဖူးပါတယ်။ ဒါကြောင့် နေ့စဉ်သွားလာနေရတဲ့ ကိုယ့်ရဲ့သွားနေတဲ့ ခြေလှမ်းတိုင်းကို တစ်ခါတစ်လေ သိပြီးလှမ်းကြည့်ကြဖို့ တိုက်တွန်းရခြင်း ဖြစ်ပါတယ်။

ပြီးတော့ ရေချိုးခန်းရောက်၊ မျက်နှာသစ်တဲ့အခါမှာလည်း ရေခွက်ကိုင်တာ၊ ရေထည့်တာ၊ ရေကိုလက်နဲ့ခံတာ၊ လက်နဲ့မျက်နှာကို ပွတ်တာတွေ၊ သွားတိုက်ဖို့ သွားတိုက်တံကို ကိုင်တာ၊ သွားတိုက်ဆေးထည့်တာ၊ မှန်ကြည့်ပြီး သွားတိုက်နေတာတွေက အစ ရေချိုးခန်း၊ အိမ်သာတွင်းမှာ လှုပ်ရှားနေတဲ့ အမူအရာ မှန်သမျှကို လှုပ်ရှားမှုနဲ့ သိမှုတစ်ခါတည်း ကပ်နေ၊သိနေတယ်ဆိုရင် ဒါဟာ တရားအားထုတ်နေတာပါပဲ။ နေ့စဉ်အလုပ်တွေထဲမှာ တရားရှာနေတာ၊ တရားအားထုတ်နေတာပါ။ ဘုရားရှင်က ဘယ်လောက်အထိတောင် ပြောလည်းဆိုရင် အိမ်သာဝင်ပြီး အိမ်သာတက်တာကအစ သိပြီးလှုပ်ရှားနေဖို့ ပြောပါတယ်။ ဆိုလိုတာက ခန္ဓာကိုယ် လှုပ်ရှားမှုမှန်သမျှကို စိတ်က သိနေဖို့ပါပဲ။

နေ့စဉ်လှုပ်ရှားမှုတွေထဲက တစ်ခြား အ၀တ်အစားလဲတာ၊ အလှပြင်တာ၊ မနက်စာပြင်စားတာ၊ အိမ်ကထွက်ပြီး လုငန်းခွင်းသွားတဲ့အခါ၊ ကားရထားစီးဖို့ စောင့်နေတဲ့အခါ၊ ကားပေါ်ရထားပေါ်မှာ ထိုင်နေတဲ့အခါ စတဲ့ ကိုယ့်ရဲ့လှုပ်ရှားမှု ဣရိယာပုတ်တွေမှာလည်း သိသိပြီး နေမယ်ဆိုရင် ဒါဟာ တရားအားထုတ်တာပါပဲ။ တစ်ခြားအချိန်တွေမှာ မသိနိုင်တာတောင်မှ ကားပေါ်ရထားပေါ်မှာ ထိုင်ပြီး နေတဲ့အချိန်မှာတော့ ကိုယ့်ရဲ့နှာသီးဖျားလေးမှာ စိတ်ကို ကပ်ထားပြီး မျက်လွှာလေးကို မသိမသာချလို့ ထွက်လေ၊ ၀င်လေလေးတွေကို နှာသီးဖျားက တိုးထွက်တိုးဝင်လာတဲ့ အတိုင်း အစအဆုံး သိနေမှတ်နေဖြစ်ရင်ကိုပဲ နေ့စဉ်လှုပ်ရှားမှုတွေထဲက တရားအားထုတ်မှုလေးတွေ ဖြစ်နေတာပါ။

လုပ်ငန်းခွင်မှာလည်း အလုပ်ရှိလို့ အလုပ်လုပ်နေတဲ့ အချိန် လှုပ်ရှားနေတဲ့ အလုပ်အပေါ်မှာ အသေးစိပ်သိပြီး လိုက်လုပ်နေရင်လည်း စိတ်က အလုပ်မှာပဲ အာရုံရောက်ကာ တည်ငြိမ်နေပါတယ်။ ဒီလို အချိန်မှာ ကိုယ့်စိတ်မှာ လောဘဖြစ်စရာ။ ဒေါသဖြစ်စရာ စတာတွေ မရှိဘဲ ဖြစ်နေတတ်လို့ အလုပ်လုပ်ရင်း တရားမှတ်နေဖြစ်ပါတယ်။ အလုပ်မရှိလို့ ထိုင်နေတဲ့အခါလည်း အားတာနဲ့ အာနာပါနလေး လုပ်ကြည့်မယ်ဆိုရင် ဒါဟာ တရားမှတ်ဖြစ်သွားတာပါပဲ။ နောက်ဆုံး အိမ်ပြန်ရောက်လို့ စားသောက်ပြီး လုပ်စရာရှိတာတွေကို တတ်နိုင်သမျှ လုပ်ကိုင်ဆောင်ရွက်ပြီးလို့ အိပ်ရာဝင်တဲ့အချိန် ခန္ဓာကိုယ်ကို သက်သောင့်သက်သာ အိပ်ရာပေါ်လှဲချ၊ မျက်လွှာလေးချ၊ စိတ်ကိုနှာသီးဖျားမှာ အာရုံပြု၊ ထွက်လေ၀င်လေ အစအဆုံး လိုက်သိပြီး အိပ်ပျော်သွားတဲ့အထိ မှတ်သိနိုင်လိုက်ပြီဆိုရင်တော့ အဲဒီနေ့တစ်နေ့လုံး ကိုယ့်အတွက် တရားအားထုတ်မှုနဲ့ အဆုံးသတ်သွားခဲ့ပါပြီ။

ဒီလိုနည်းနဲ့ မနက်အိပ်ရာထမှ ညအိပ်ရာဝင်တဲ့အထိ လှုပ်ရှားမှုများအပေါ် သတိကပ်ကာ တရားမှတ်နိုင်ပါတယ်။ တကယ်မှတ်ချင်ရင် အခုပြောခဲ့သလို တစ်နေ့တာ လှုပ်ရှားမှုများမှာ ကြိုက်သလို မှတ်နိုင်ပါတယ်။ သတိသာ ထားလိုက်မယ်ဆိုရင် မှတ်စရာတွေချည်းပါပဲ။

ဒါကြောင့် ရိပ်သာသွားပြီး တရားအားမထုတ်နိုင်ပေမယ့် တကယ်တရား အားထုတ်ချင်တယ်ဆိုရင် အထပ်ဖော်ပြပါအတိုင်း နေ့စဉ်လှုပ်ရှားမှုများကိုပဲ တတ်နိုင်သမျှ သိအောင်ကြိုးစား နေနိုင်ပါက စားဖို့သောက်ဖို့ ရှားရင်း တရားအလုပ်ပါ တစ်ခါတည်း လုပ်ပြီးသား ဖြစ်နေတာပါလို့ ဆိုခြင်းဖြစ်ပါတယ်။ အချုပ်ကတော့ ဘုရားရှင် မိန့်တော်မူသလို လျောင်း၊ထိုင်၊ရပ်၊သွား လေးပါးဣရိယာများနဲ့ ခန္ဓာကိုယ်ရဲ့ ဘယ်လိုအနေအထားမျိုး တွေမှာမဆို သိပြီးလှုပ်ရှားနေပါက နေ့စဉ်အလုပ်တွေမှာ ဉာဏ်စဉ်တွေ ထုတ်ဖြစ်နေတာဖြစ်လို့ ဘာပဲဖြစ်ဖြစ်၊ ဘာပဲလုပ်လုပ် ဖြစ်ခိုက်လုပ်ခိုက်ကို သိအောင်လုပ်ပါလို့ ဆိုတာပါပဲ။

အခြေခံဝိပဿနာတရား အားထုတ်နည်း (၃)


အခြေခံ ၀ိပဿနာ အလုပ်ကို အားထုတ်လိုသူများအတွက် နေ့စဉ်လှုပ်ရှားနေရင်း လှုပ်ရှားမှုများမှ တရားရအောင် အားထုတ်နည်းလေးကို တင်ပြပေးခဲ့ပါတယ်။ တစ်ချို့ကတော့ အချိန်ယူပြီး တစ်နေ့တစ်ကြိမ်လောက် ဖြစ်ဖြစ် ကိုယ့်နေရာလေးမှာကိုယ် ထိုင်ပြီး တရားအားထုတ်လေ့ ရှိကြပါတယ်။ အဲလို ထိုင်ပြီး အားထုတ်တာကိုပဲ ပိုပြီးအားရသူတွေလည်း ရှိပါတယ်။ သူတို့အနေနဲ့ နာရီဝက် တစ်နာရီစသဖြင့် အချိန်ယူကာ ကြိုးစားမှတ်လေ့ရှိပါတယ်။ တရားအားထုတ်တဲ့အခါ သမာဓိကို တစ်ဆက်တည်းကျအောင် အားထုတ်နိုင်မှ ကောင်းပေမယ့် အချိန်မရတဲ့အတွက် ရတဲ့အချိန်ကိုယူပြီး ကြိုးစားအားထုတ်တဲ့ အပေါ် ၀မ်းမြောက်ဝမ်းသာ ဖြစ်မိပါတယ်။ ဒီလိုသူတွေအတွက် နည်းမှန်လမ်းမှန် ဖြစ်စေဖို့၊ အားထုတ်ချိန်မှာ ဖြစ်တတ်တာလေးတွေကို သိထားဖို့ နောက်ဆက်တွဲ အနေနဲ့ ထပ်ပြီး တင်ပြပေးဖြစ်ပါတယ်။

ထိုင်ပြီး တရားမှတ်တဲ့ ယောဂီများအတွက် အဖြစ်များတာတွေက စိတ်မတည်ငြိမ်ဘဲ ဟိုရောက်ဒီရောက်ဖြစ်တာ၊ အတွေးပေါင်းစုံ၊ စိတ်ကူးပေါင်းစုံဖြစ်တာ၊ အိပ်ငိုက်တတ်တာ၊ ဟိုနာဒီနာ ဟိုယားဒီယားဖြစ်တာ စတာတွေပါ။ အာနာပါနကို အခြေခံပြီး စမှတ်ပေမယ့် သမာဓိ မရှိဘဲဖြစ်နေတော့ စမှတ်ကာစမှာပဲ စိတ်က လွတ်လွတ်နေတတ်ပါတယ်။ တစ်ခါတစ်လေ ထွက်လေ၀င်လေလေးကို တစ်ချက်နှစ်ချက်လောက်ပဲ မှတ်ရသေးတယ် စိတ်ကအပြင်ရောက်နေပါတယ်။ အပြင်အတွေးတွေ၊ စိတ်ကူးတွေနောက်ကို ပါပါသွားတတ်ပါတယ်။ ပိုဆိုးတာက ရှေ့မှာလုပ်ရမယ့်၊ လုပ်ဖို့ရည်ရွယ်ထားတဲ့ အလုပ်တွေ၊ အစီအစဉ်တွေရှိနေရင် တရားထိုင်ပြီဆိုတာနဲ့ အဲဒါတွေက အရင်ပေါ်လာတော့တာပါ။ တရားထိုင်ရင်း အဲဒီအစီအစဉ်တွေ၊ အလုပ်တွေကို စိတ်ကူးပြီး လိုက်လုပ်နေဖြစ်တာပါ။ ဒါဟာ တရားထိုင်တဲ့အထိ ဒီလုပ်စရာတွေ၊ အစီအစဉ်တွေကို ယူလာလို့ပဲ ဖြစ်ပါတယ်။

ဒါကြောင့် တရားစထိုင်တော့မယ်ဆိုရင် မထိုင်ခင် အတိတ်ကဟာတွေရော နောင်လာမယ့် အစီအစဉ်တွေပါ အားလုံးကို တရားထိုင်တဲ့အခိုက်မှာ မေ့နိုင်အောင် ကြိုးစားခိုင်းတာ ဖြစ်ပါတယ်။ တစ်ချို့ ရိပ်သာကြီးတွေမှာဆို တရားစခန်းဝင်နေတဲ့ ယောဂီတွေကို အဲဒီကာလမှာ စာအုပ်တောင် ဖတ်မခိုင်းပါဘူး။ ဘာဖြစ်လို့လည်းဆိုရင် စာအုပ်ဖတ်ထားတဲ့အခါ တရားထိုင်ပြီဆို အဲဒီ စာအုပ်ထဲက အကြောင်းအရာတွေပဲ ခေါင်းထဲမှာရောက်လာပြီး စိတ်ကူးတွေ၊ အတွေးတွေ ဖြစ်ဖြစ်နေတတ်လို့ပါ။ အကောင်းဆုံးက တရားစထိုင်ပြီဆိုကတည်းက ကိုယ့်စိတ်ကို အဓိဋ္ဌာန်လေးနဲ့ ဒီထိုင်တဲ့ အခိုက်လေးမှာတော့ အတတ်နိုင်ဆုံး မလွတ်အောင်မှတ်မယ်ဆိုတဲ့ ယုံကြည်ချက်နဲ့ ပြီးခဲ့တာတွေနဲ့ မရောက်လာသေးတာတွေကို အားလုံးလစ်လျူရှုပြီး လက်ရှိအခိုက်အတန့်ကိုပဲ သတိကပ်နိုင်အောင် ကြိုးစားတာ အကောင်းဆုံးပါပဲ။

ဝိပဿနာဆိုတာ ပေါ်ရာပေါ်ရာကို လိုက်ပြီး ရှုမှတ်တာလို့ ဆိုပေမယ့် စပြီးတရားအားထုတ်တဲ့ ယောဂီများအတွက်တော့ ပေါ်တိုင်းပေါ်တိုင်း လိုက်ပြီး ရှုမှတ်နိုင်ဖို့ မလွယ်လှပါဘူး။ သတိမနိုင်သေးလို့ သမာဓိ မခိုင်သေးတဲ့အခါ ပေါ်သမျှ၊ ဖြစ်သမျှ အာရုံတွေကို တိုက်ရိုက်လိုက်ပြီး သိနိုင်မှတ်နိုင်ဖို့ ခက်ခဲလှပါတယ်။ ဒီလို အချိန်မှာ ယောဂီများအနေနဲ့ သမာဓိနဲ့ ၀ီရိယကို ညီမျှအောင် သတိနဲ့ ကြိုးစားထိန်းပေးရပါတယ်။ သမာဓိ အားနည်းလို့ စိတ်မတည်ငြိမ်သေးရင် ၀ီရိယကို အားစိုက်ပေးရပါတယ်။ စိတ်လွတ်တာနဲ့ ပြန်ဖမ်းပြန်မှတ်၊ အတွေးတွေ၊ စိတ်ကူးတွေ ၀င်နေတယ်ဆိုတာကို သိတာနဲ့ အမှတ်အာရုံကို ပြန်ယူပြန်မှတ်တဲ့ လုံ့လပြုမှု အကျင့်ကို ထပ်ခါထပ်ခါ အကြိမ်ကြိမ် ပြုလုပ်ပေးရပါတယ်။ သမာဓိအားနည်းချိန်မှာ ၀ီရိယ အားကောင်းနေဖို့ လိုပါတယ်။

တစ်ခါတစ်လေကျတော့ တရားရလိုတဲ့ စိတ်ကအားကြီးပြီး မရရအောင် ကြိုးကြိုးစားစား အချိန်ပြည့် လုံ့လပြုပေမယ့် တည်ငြိမ်မှု မရှိတဲ့အတွက် တရားမှတ်ဖို့ ခက်နေတတ်ပြန်ပါတယ်။ သမာဓိမရှိဘဲ ၀ိရိယ အားကောင်းနေပြန်ရင်လည်း စိတ်အစဉ်ဟာ ပြန့်ကျဲနေတတ်ပါတယ်။ တည်ငြိမ်မှု မရှိတဲ့ ၀ီရိယဟာ စိတ်အစဉ်ကို ကစဉ်ကလျား၊ ယောက်ယက်ခပ်စေပါတယ်။ ဒါကြောင့် တရားအားထုတ်တဲ့အခါ သမာဓိမရှိသေးတဲ့အချိန် ၀ီရိယကိုအားပြုကာ သမာဓိရဖို့် ကြိုးစားရင်း သမာဓိနဲ့ဝီရိယကို ညီမျှအောင် သတိနဲ့ထိန်းပြီး အားထုတ်ကြည့်ကြဖို့ လိုပါတယ်။

တကယ်တော့ မဟာသတိပဋ္ဌာနသုတ်မှာ သတိပဋ္ဌာန် အားထုတ်နည်းလေးမျိုး ပြထားပေမယ့် စိတ်မှာပဲ ဖြစ်ဖြစ် ရုပ်မှာပဲ ဖြစ်ဖြစ် ပေါ်သမျှအရာတွေကိုသာ သတိနဲ့ကပ်ပြီး လိုက်သိလိုက်မှတ်ပေးနိုင်ရင် ဒီနည်းတွေနဲ့ အမည်တပ်စရာတောင် လိုမယ်မထင်ပါဘူး။ စိတ်အစဉ်မှာ သတိကပ်ပြီး ထွက်သက်ဝင်သက်ကို ပင်တိုင်ထားလို့ ထင်ရှားရာကို ပြောင်းမှတ်ပေးနေရုံပါပဲ။ စာပေအတိုင်း အမည်တွေ လိုက်တပ်နေစရာ မလိုပါဘူး။ နည်းမှန်လမ်းမှန်သာ မှတ်နေမယ်ဆိုရင် မှတ်နေရင်းနဲ့ သူ့အလိုလို သတိပဋ္ဌာန် ကျင့်စဉ်တွေဖြစ်နေပါတယ်။

ဒါကြောင့် ဒီနေရာမှာ ပြောချင်တာက မှတ်နေဖို့ပါပဲ။ တရားအားထုတ်တဲ့ ယောဂီတွေမှာ ထွက်သက်ဝင်သက်လို့ခေါ်တဲ့ အာနာပါနကို အခြေခံထား မှတ်နေတဲ့အခါ ကာယာနုပဿနာ၊ နောက်ပေါ်ရာပေါ်ရာကို ပြောင်းပြောင်းမှတ်တဲ့အခါ ဝေဒနာပေါ်လို့ ခံစားမှုကိုမှတ်ရင် ဝေဒနာနုပဿနာ၊ စိတ်ကူးအကြံအစီ စတာတွေကို လိုက်မှတ်ရင် စိတ္တာနုပဿနာတွေ ဖြစ်နေပါတယ်။ နောက်ပိုင်း သမာဓိအားကောင်းလာချိန်၊ ဉာဏ်အစဉ် မြင့်လာချိန်မှာတော့ သဘောတရားကိုမှတ်တဲ့ ဓမ္မာနုပဿနာ ဖြစ်လာပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် သတိတရား လက်ကိုင်ထားပြီး ပေါ်သမျှကိုသာ မလွတ်အောင် လိုက်သိလိုက်မှတ်နေရင် ပြီးတာပါပဲ။

ဒီနေရာမှာ အဓိကပင်တိုင်ထား မှတ်ပေးရမှာကတော့ အာနာပါနပဲ ဖြစ်ပါတယ်။ စိတ်နဲ့ ခန္ဓာကိုယ်မှာ တစ်ခြားအာရုံတွေ မပေါ်သေးရင် ထွက်သက်ဝင်သက်ကိုပဲ အလေးထား မှတ်နေရုံပါပဲ။ ဒီလိုမှတ်နေရင်း ခန္ဓာကိုယ် တစ်နေရာရာမှာ ယားယံတာ၊ ပူတာအေးတာ၊ နာတာကျင်တာ၊ ကိုက်တာခဲတာ စတာတွေ ပေါ်လာရင် အာနပါန မှတ်နေတဲ့ အမှတ်အာရုံကို အဲဒီဝေဒနာမှာ ပြောင်းပြီး မှတ်ပေးဖို့လိုပါတယ်။ ဝေဒနာလို့ ဆိုတဲ့အတွက် ခံစားမှုမှန်သမျှကို လိုက်ပြီး မှတ်ရပါမယ်။ တရားမှတ်နေတုန်း ကောင်းတဲ့ခံစားမှု ဝေဒနာပေါ်ရင်လည်း အဲဒီဝေဒနာကို မှတ်ပေးသိပေးနေရမှာ ဖြစ်သလို မကောင်းတဲ့ခံစားမှု ဝေဒနာပေါ်ရင်လည်း အလိုက်သင့် လိုက်သိလိုက်မှတ်ပေးနေရပါတယ်။

ဒါကို မဟာသတိပဋ္ဌာန သုတ်မှာ မြတ်ဗုဒ္ဓက “ရဟန်းတို့… ရဟန်း(ယောဂီ)သည် သုခဝေဒနာ (ချမ်းသာသောခံစားမှု)ကို ခံစားလျင်လည်း သုခဝေဒနာကို ခံစားသည်ဟု သိ၏။ ဒုက္ခဝေဒနာ (ဆင်းရဲသော ခံစားမှု)ကို ခံစားလျင်လည်း ဒုက္ခဝေဒနာကို ခံစားသည်ဟု သိ၏။ အဒုက္ခမသုခဝေဒနာ (ချမ်းသာမဟုတ် ဆင်းရဲမဟုတ်သော ခံစားမှု)ကို ခံစားလျင်လည်း အဒုက္ခမသုခ ဝေဒနာကို ခံစားသည်ဟု သိ၏။ ကာမဂုဏ်နှင့်စပ်သော ချမ်းသာသော ဝေဒနာကို ခံစားလျင်လည်း ကာမဂုဏ်နှင့်စပ်သော ချမ်းသာသော ဝေဒနာကို ခံစားသည်ဟုသိ၏။ ကာမဂုဏ်နှင့်စပ်သော ဆင်းရဲသော ဝေဒနာကို ခံစားလျင်လည်း ယင်းကို ခံစားသည်ဟု သိ၏။ ကာမဂုဏ်နှင့်မစပ်သော ချမ်းသာသော ဝေဒနာကို ခံစားလျင်လည်း ယင်းကို ခံစားသည်ဟုသိ၏။ ကာမဂုဏ်နှင့်မစပ်သော ဆင်းရဲသော ဝေဒနာကို ခံစားလျင်လည်း ယင်းကို ခံစားသည်ဟု သိ၏။ ကာမဂုဏ်နှင့်စပ်သော ဆင်းရဲမဟုတ် ချမ်းသာမဟုတ်သော ဝေဒနာကို ခံစားလျင်လည်း ယင်းကို ခံစားသည်ဟုသိ၏။ ကာမဂုဏ်နှင့်မစပ်သော ဆင်းရဲမဟုတ် ချမ်းသာမဟုတ်သော ဝေဒနာကို ခံစားလျင်လည်း “ကာမဂုဏ်နှင့်မစပ်သော ဆင်းရဲမဟုတ် ချမ်းသာမဟုတ်သော ဝေဒနာကို“ ခံစားသည်ဟု သိ၏။”လို့ ဝေဒနာနုပဿနာ ရှုပွားပုံကို မိန့်တော်မူပါတယ်။

အထက်ပါ ဒေသနာအဖွင့်အတိုင်း ယောဂီပုဂ္ဂိုလ်များဟာ အလွယ်တကူ နားလည်ပြီး မှတ်နိုင်ပါတယ်။ တရားအားထုတ်ချိန်မှာ ကိုယ့်ရဲ့ခန္ဓာကိုယ်မှာ ပေါ်လာတတ်တဲ့ ဘယ်လိုဝေဒနာမျိုးကိုမဆို သတိကပ်ပြီး ရှုမှတ်ပေးရပါမယ်။ ဝေဒနာဆိုတာ ခံစားခြင်းဖြစ်တဲ့အတွက် ဘယ်လိုခံစားမှုမျိုးပဲ ဖြစ်ဖြစ် မှတ်သိပေးရပါမယ်။ ထွက်သက်ဝင်သက်ကို မှတ်နေရင်း ခန္ဓာကိုယ်တစ်နေရာရာမှာ ယားယံလာတဲ့အခါ အဲဒီယားယံတဲ့ ဝေဒနာကို စိတ်နဲ့အာရုံပြုပြီး ဖြစ်ပေါ်နေတဲ့ ခံစားချက်ကို အလိုက်သင့် လိုက်သိနေနိုင်အောင် ကြိုးစားမှတ်ပေးရပါတယ်။ ယားနေတဲ့ ခံစားမှုဟာ ပိုပြီးယားလာရင်လည်း ယားလာနိုင်သလို၊ လျော့သွားရင်လည်း လျော့သွားတတ်ပါတယ်။ တိုးတိုးလျော့လျော့ သူဖြစ်နေတဲ့အတိုင်းပဲ လိုက်သိနေနိုင်အောင် ကြိုးစားရပါမယ်။ သီးခံနိုင်သလောက် သီးခံပြီး မှတ်ပစ်ပေးရပါမယ်။ ဝေဒနာကို မှတ်တဲ့အခါမှာ အလွယ်တကူတော့ လက်မလျော့ဖို့ လိုပါတယ်။

အထူးသဖြင့် မကောင်းတဲ့ ဝေဒနာမျိုးဟာ ပိုပိုပြီး ပြင်းထန်လာတယ်လို့ ထင်တတ်ပါတယ်။ အဲဒါကို အတတ်နိုင်ဆုံး သီးခံပြီး မှတ်ပစ်ပေးရပါမယ်။ အဲလိုမှတ်တဲ့အခါ ပျောက်သွားပြီး တစ်ခြားခံစားမှု ဝေဒနာ မှတ်စရာမရှိသေးရင် ထွက်သက်ဝင်သက်ကို ပြန်မှတ်ပေးပါ။ ဝေဒနာက မပျောက်ဘဲ ပိုပိုပြင်းထန်လာတယ်၊ ဘယ်လိုမှ သီးမခံနိုင်တော့ဘူး ဆိုရင်တော့ ဒေါသအဖြစ်ခံပြီး မမှတ်တော့ဘဲ သူ့ကိုလစ်လျူရှုကာ ထွက်သက်ဝင်သက်ကို ပြန်မှတ်ကြည့်ပါ။ အဲလိုမှ မရဘူးဆိုရင်တော့ အမှတ်သတိနဲ့ ခန္ဓာကိုယ် အနေအထား ပြုပြင်ပြီး ထွက်သက်ဝင်သက်ကို ပြန်မှတ်နိုင်ပါတယ်။ ထွက်သက်ဝင်သက် မှတ်မှုကတော့ ပင်တိုင်အမှတ်တစ်ခု ဖြစ်တဲ့အတွက် တစ်ခြားမှတ်စရာ အာရုံမရှိရင် သူ့ကိုပဲ ပြန်ပြန် မှတ်ပေးရပါတယ်။ ခန္ဓာကိုယ်မှာ ပေါ်သမျှ ဝေဒနာကို မှတ်မှုဟာ ဝေဒနာနုပဿနာ ဖြစ်တဲ့အတွက် သမာဓိအားကောင်းလို့ ထင်လာတဲ့ ချမ်းသာတဲ့ ခံစားမှု၊ ပေါ့ပါးတဲ့ ခံစားမှု၊ ငြိမ်းချမ်းတဲ့ ခံစားမှုတွေကိုလည်း ခံစားတဲ့အတိုင်း လိုက်မှတ်ပေးရပါမယ်။ ခံစားလို့ ကောင်းတယ်ဆိုပြီး အဲဒီခံစားမှုမှာပဲ သာယာနေမယ်ဆိုရင် တရားဟာ ရှေ့ဆက်မတက်နိုင်၊ ဉာဏ်စဉ်အဆင့် မတက်နိုင် ဖြစ်တတ်ပါတယ်။

ဒါကြောင့် ကောင်းကောင်းဆိုးဆိုး ဘယ်လိုခံစားမှုမျိုးမဆို သတိကပ်ကာ လိုက်မှတ်ကြည့်ပါလို့ ဆိုခြင်းဖြစ်ပါတယ်။ ဒါက အာနာပါနကို ရှုမှတ်လို့ အချိန်အတော်ကြာရင် ပေါ်လာတတ်တဲ့ ခံစားမှု ဝေဒနာနဲ့ ပတ်သက်လို့ ရှုမှတ်ရမယ့် ရှုမှတ်ပုံကို ပြောပြတာ ဖြစ်ပါတယ်။

နောက် တရားအားထုတ်စ ယောဂီများမှာ ဖြစ်တတ်တဲ့ အထိန်းရအခက်ဆုံး တစ်ခုက စိတ်အမျိုးမျိုး ဖြစ်ပျက်နေမှုပဲ ဖြစ်ပါတယ်။ သမာဓိ ကောင်းကောင်းမတည်သေးတဲ့ အချိန်မှာ စိတ်မှာ အာရုံအမျိုးမျိုး ဖြစ်ပေါ်တတ်ပါတယ်။ ကောင်းတဲ့အတွေး စိတ်ကူးတွေ ပေါ်တတ်သလို မကောင်းတဲ့ အတွေးစိတ်ကူးတွေလည်း ဖြစ်တတ်ပါတယ်။ ကာမရာစိတ်တွေ ဖြစ်တတ်သလို ဒေါသစိတ်တွေလည်း ဖြစ်တတ်ပါတယ်။ ရာဂစိတ်ဖြစ်တဲ့အခါ အဲဒီစိတ်ကို မသိဘဲ အာရုံနောက်ကို လိုက်သွားမိရင် တရားအားထုတ်နေရင်းနဲ့ပဲ ကိလေသာတွေ ဖြစ်နေတတ်ပါတယ်။ သတိမပါရင် ရာဂစိတ်အတွေးတွေ ဖြစ်နေတတ်ပါတယ်။

အဲဒီလို တရားအားထုတ်ရင်း ကာမရာဂစိတ်ဖြစ်တာကို မသိဘဲ အာရုံအစွဲနောက် လိုက်မိသွားလို့ နောက်ဆုံး သုတ်လွတ်တဲ့အထိ ဖြစ်ဖူးတဲ့အကြောင်း အသိယောဂီလေး တစ်ယောက်က လျှောက်ဖူးပါတယ်။ ဒါဟာ စိတ်မှာ ဖြစ်တဲ့ ရာဂစိတ်အတွေး စိတ်ကူးကို သတိမကပ်ဖြစ်ကာ မသိလိုက်တဲ့အတွက် ဖြစ်ပေါ်လာတဲ့ သဘောပါ။ ဒါကြောင့် ဘာစိတ်ဖြစ်ဖြစ် သိအောင်ကြိုးစားဖို့ ဆိုခြင်းဖြစ်ပါတယ်။

မြတ်ဗုဒ္ဓက စိတ္တာနုပဿနာနဲ့ ပတ်သက်လို့ “ရဟန်းတို့… ရဟန်းသည် ရာဂနှင့်တကွသော စိတ်ကိုလည်း ရာဂနှင့်တကွဖြစ်သော စိတ်ဟု သိ၏။ ရာဂကင်းသော စိတ်ကိုလည်း ရာဂကင်းသော စိတ်ဟု သိ၏။ ဒေါသနှင့်တကွသော စိတ်ကိုလည်း ဒေါသနှင့် တကွဖြစ်သော စိတ်ဟု သိ၏။ ဒေါသကင်းသောစိတ်ကိုလည်း ဒေါသကင်းသောစိတ်ဟု သိ၏။ ထို့အတူ မောဟနှင့်တကွသော စိတ်၊ မောဟကင်းသောစိတ်၊ ကျုံ့သော(သံခိတ္တ)စိတ်၊ ပျံ့သော(၀ိက္ခိတ္တ)စိတ်၊ မဟဂ္ဂုတ် (ရူပအရူပ)စိတ်၊ အမဟဂ္ဂုတ် (ကာမာဝစရ)စိတ်၊ သဥတ္တရစိတ်၊ အနုတ္တရစိတ်၊ သမာဟိတ (တည်ကြည်သော)စိတ်၊ အသမာဟိတ (မတည်ကြည်သော)စိတ်၊ ၀ိမုတ္တ (လွတ်မြောက်သော)စိတ်၊ အ၀ိမုတ္တ (မလွတ်မြောက်သော)စိတ် တို့ကိုလည်း ယင်း၏ ဖြစ်ပေါ်နေသည့် သဘောအတိုင်း သိ၏။”လို့ စိတ်နဲ့ပတ်သက်တဲ့ မှတ်ရမယ့်နည်းကို ဟောပြပေးတော်မူပါတယ်။

ဒီဟောကြားချက်အရ တရားအားထုတ်နေချိန် စိတ်မှာ ဘယ်လိုအတွေးစိတ်မျိုး၊ စိတ်ကူးစိတ်မျိုးပဲ ပေါ်လာပါစေ သိအောင်ကြိုးစား မှတ်ပေးရပါတယ်။ အဲဒီစိတ်အစဉ်ကို ဖြစ်တာနဲ့ သိလိုက်ရင် ရှေ့ဆက်မဖြစ်တော့ပါဘူး။ မသိလို့ အဲဒီစိတ်ရဲ့ စွဲရာနောက်ကို ပါသွားရခြင်းဖြစ်ပါတယ်။ ဆိုကြပါစို့ တရားအားထုတ်ရင်း သတိလွတ်ပြီး ရာဂစိတ်ဖြစ်တဲ့အခါ အဲဒီရာဂစိတ်ဖြစ်တာကို သိလိုက်တဲ့အခါ ဒီရာဂစိတ်က ပျောက်ပြီး သိစိတ်က အစားထိုးသွားပါတယ်။ အဲဒီသိစိတ်ကိုလည်း နောက်စိတ်တစ်ခုခုက သိလိုက်ရင် ရှေ့စိတ်က ပျောက်သွားပါတယ်။ စိတ်ဆိုတာဟာ တစ်သမှတ်တည်း ထိန်းထားလို့ ရတဲ့အရာ မဟုတ်တဲ့အတွက် ရှေ့စိတ်ကို နောက်စိတ်က လိုက်သိပေးနေတာကိုပဲ သတိရှိနေတာ၊ စိတ်ကိုသိနေတာလို့ ဆိုခြင်းဖြစ်ပါတယ်။

စိတ်တစ်ခုနဲ့တစ်ခုဟာ ဖြစ်ပျက်မှု မြန်လွန်းလှတဲ့အတွက် ဒီဖြစ်ပျက်နေမှုကိုပဲ သိနေနိုင်အောင် ကြိုးစားပေးရပါတယ်။ သမာဓိ အားကောင်းလာရင် တရားအားထုတ်ရင်း စိတ်မှာ ဖြစ်ပေါ်လာမယ့်  အတွေးစိတ်ကူးတွေကို ကြိုတင်သိလာတတ်ပါတယ်။ အပြင်ထွက်တော့မယ်ဆိုတာ သိလိုက်တာနဲ့ အဲဒီစိတ်ကို ထိန်းလိုက်နိုင်ပါပြီ။ ရှေ့ဆက်ပြီး မတိုးဖြစ်တော့ပါဘူး။ ဒါဟာ စိတ်အစဉ်ရဲ့ ဖြစ်ခိုက်ပေါ်ခိုက်ကို သိလိုက်တဲ့အတွက်ကြောင့်ပဲ ဖြစ်ပါတယ်။ ဒါကြောင့် စိတ်မှာ ဘယ်လိုအတွေး စိတ်ကူးမျိုးပဲဖြစ်ဖြစ်၊ ဘယ်လိုစိတ်မျိုးပဲ ဖြစ်ဖြစ် ဖြစ်တာနက်တစ်ပြိုက်နက် သိအောင် ရှုမှတ်ပေးရကြောင်း ဆိုခြင်းဖြစ်ပါတယ်။ ဒီလို စိတ်မှာဖြစ်သမျှ ကောင်းတဲ့စိတ်ရော မကောင်းတဲ့စိတ်တွေကိုပါ ဖြစ်ခိုက်ပေါ်ခိုက်မှာ အလိုက်သင့် လိုက်သိပေးနေတာကိုပဲ စိတ္တာနုပဿနာလို့ ဆိုခြင်းဖြစ်ပါတယ်။

သေချာတာကတော့ ကာယာနုပဿနာ၊ ဝေဒနာနုပဿနာစသဖြင့် အသီးအသီး သတ်မှတ်ထားတဲ့ အားထုတ်မှုတွေဟာ အာနာပါနကို အခြေခံထား မှတ်နေရင်း စိတ်နဲ့ခန္ဓာကိုယ်မှာ ပေါ်သမျှအာရုံတွေကို လိုက်သိလိုက်မှတ်ပေးရုံနဲ့တင် အလိုလို ဘုရားအလိုကျ အားထုတ်ပြီးသား ဖြစ်နေတယ်ဆိုတဲ့ အချက်ပါပဲ။ အာနာပါနကို အလိုက်သင့် လိုက်မှတ်ပေးနေတဲ့ အချိန်မှာ ကာယာနုပဿနာ ဖြစ်နေပြီး၊ ခန္ဓာကိုယ်မှာ ပေါ်လာတဲ့ ကောင်းဆိုးနှစ်ပါး ဝေဒနာများကို အရှိအတိုင်း ခံစားခိုက်မှာ အလိုက်သင့် လိုက်သိမှတ်ပေးနေချိန်မှာ ဝေဒနာနုပဿနာ ဖြစ်နေကာ စိတ်မှာဖြစ်ပေါ်တတ်တဲ့ အတွေးစိတ်ကူး အကြံအစီစတာတွေကို ရှေ့စိတ်နောက်စိတ် မလွတ်အောင် မှတ်သိပေးနေချိန်မှာ စိတ္တာနုပဿနာဖြစ်နေတာ ဖြစ်ပါတယ်။ ဒါဟာ ဖြစ်ခိုက်ပေါ်ခိုက် ဖြစ်စဲပေါ်စဲမှာ သိအောင်လုပ်လိုက်တဲ့ အချက်တစ်ခုတည်းရဲ့ အားထုတ်မှုပဲ ဖြစ်ပါတယ်။

ဒါကြောင့် တရားအားထုတ်တဲ့ ယောဂီများဟာ ဘာနည်းဘယ်နည်း စတဲ့အမည် နာမတွေနောက် လိုက်မနေကြဘဲ သမာဓိ၊ ၀ိရီယကို မျှတညီညွတ်အောင် သတိတရား လက်ကိုင်ထားကာ ထွက်သက်ဝင်သက်ကို အခြေခံ အမှတ်အဖြစ် ပိုင်နိုင်အောင် မှတ်ယူရင်း ခန္ဓာကိုယ်နဲ့ စိတ်မှာ ပေါ်လာသမျှ အာရုံများကို ပေါ်စဲပေါ်ခိုက်၊ ဖြစ်စဲဖြစ်ခိုက်မှာ သိအောင်သာ ကြိုးစားမှတ်နေကြဖို့ပဲ လိုပါကြောင်း အသိပေး တင်ပြလိုက်ရပါတယ်။

အခြေခံဝိပဿနာ တရားအားထုတ်နည်း (၄)



အခြေခံ ၀ိပဿနာတရား အားထုတ်နည်းများကိုဖတ်ပြီး တတ်နိုင်သမျှ အချိန်ယူကာ တရားအားထုတ်ကြည့်ကြတဲ့ ယောဂီအချို့ထံက သူတို့သူတို့ရဲ့ အတွေ့အကြုံလေးတွေကို မေးလျှောက်လာတာတွေ ရှိပါတယ်။ အများအားဖြင့်တော့ စိတ်မတည်မငြိမ် ဖြစ်တဲ့အကြောင်း၊ မှတ်ကာစမှာပဲ စိတ်ကအတွေးတွေ ၀င်လာတဲ့အကြောင်း၊ အပြင်ကိုထွက်သွားတတ်တဲ့ အကြောင်း စတာတွေပါပဲ။ တစ်ချို့ကတော့ ကောင်းကောင်းမမှတ်နိုင်တဲ့အပြင် ခဏခဏ အိပ်ငိုက်နေတတ်ကြောင်း၊ တရားထိုင်ဖို့ မျက်စိကို မှိတ်လိုက်တာနဲ့ အိပ်ချင်စိတ်က ၀င်လာကြောင်း ပြောလာပါတယ်။ တစ်ချို့ကလည်း သမာဓိ မတည်တဲ့အပြင် ခန္ဓာကိုယ်မှာ ဟိုယားဒီယား ဟိုနာဒီနာဖြစ်ဖြစ်နေပြီး ဘယ်လိုရှုမှတ်ရမှန်းမသိ အမှတ်အာရုံ ပျောက်နေကြောင်း စသဖြင့် ဆိုလာပါတယ်။

သူတို့သူတို့ရဲ့ အသံတွေ နားထောင်ကြည့်တော့ ၀ိပဿနာတရားကို စတင်အားထုတ်တဲ့ ယောဂီများ ဖြစ်လေ့ဖြစ်ထရှိတဲ့ အကြောင်းအရာ အတွေ့အကြုံတွေပါပဲ။ အရင်တုန်းက စိတ်ကိုအလိုလိုက် သွားချင်ရာသွား ရောက်ချင်ရာရောက်၊ စိတ်ကူးယဉ်ရာယဉ် လွတ်ထားရာက အခုလို ထိန်းချုပ်လိုက်တော့ အထိန်းရ ခက်နေတာပေါ့။ ပင်ကိုယ်ကတည်းက ထိန်းရခက်တဲ့ စိတ်ကို ခုမှ ကောက်ခါငင်ကာ တရားမှတ်ပြီး ထိန်းကြည့်တော့ သမာဓိမရှိ၊ အလေ့အကျင့် မရှိဖြစ်ကာ ထိန်းရခက်နေခြင်း ဖြစ်ပါတယ်။ မှတ်ကာစမှာ စိတ်ကိုကောင်းကောင်း ထိန်းပြီး မှတ်ဖို့အသာထား အမှတ်အာရုံကို သိအောင်၊ ထင်ရှားအောင် မှတ်ဖို့တောင် မလွယ်လှပါဘူး။ တစ်ခါတစ်လေ ၀င်လေထွက်လေ မှတ်နေရင်း ထွက်လေပဲ ထင်ရှားပြီး၊ ၀င်လေက မထင်ရှားတာ ရှိတတ်သလို၊ တစ်ခါတစ်လေတော့လည်း ၀င်လေကထင်ရှားပြီး ထွက်လေက မထင်ရှားတာ ရှိပြန်ပါတယ်။ တစ်ခါတစ်လေ ထွက်လေ၀င်လေ နှစ်ခုလုံး မထင်ရှားတာ ရှိတတ်သလို တစ်ခါတစ်လေ နှာခေါင်းပေါက် တစ်ခုတည်းကပဲ အ၀င်အထွက်ဖြစ်နေသလို ရှိနေတာလည်း ဖြစ်တတ်ပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် ဒါဟာ အမှတ်အာရုံမှာ မကျွမ်းကျင်၊ မပိုင်နိုင်သေးလို့ပဲ ဖြစ်ပါတယ်။ များများလေ့ကျင့်ပေးရင် နောက်တော့ တဖြည်းဖြည်း ထင်ရှားလာ သိလာပါလိမ့်မယ်။

အဓိကကတော့ ဖြစ်နေတဲ့အပေါ်မှာ သူ့သဘောအတိုင်း အလိုက်သင့် ကိုယ်သိသလို၊ ကိုယ်ခံစားရသလို လိုက်ပြီး သိမှတ်ပေးနေဖို့ပါပဲ။ ထွက်လေထင်ရှားပြီး ၀င်လေမထင်ရှားတဲ့ အခါမှာလည်း ထင်ရှားတဲ့ ထွက်လေကို ထင်ရှားတဲ့အတိုင်း သိမှတ်ပေးပြီး မထင်ရှားတဲ့ ၀င်လေကိုလည်း ၀င်လေမထင်ရှားပေမယ့် ၀င်လေရှူနေတာကိုတော့ သိနေတတ်တာဖြစ်လို့ အဲဒီလို သိနေတာလေးကိုပဲ မှတ်နေရင် ဖြစ်ပါတယ်။ မထင်ရှားပေမယ့် လေရှုသွင်းတယ်၊ လေ၀င်လာတယ်ဆိုတဲ့ သဘောကို စိတ်ကတော့ သိနေတတ်ပါတယ်။ အဲဒီအတိုင်း သိနေရင် ရပါတယ်။ ဒီလိုပဲ ၀င်လေထင်ရှားပြီး ထွက်လေမထင်ရှားတဲ့ အခါမျိုး၊ ၀င်လေရော ထွက်လေပါ မထင်ရှားတဲ့ အခါမျိုး၊ နှာခေါင်းပေါက်တစ်ခုတည်းပဲ ထင်ရှားနေတဲ့အခါမျိုး စသဖြင့် ဘယ်လိုအခြေအနေမျိုးပဲ ဖြစ်ဖြစ် မထင်ရှားပေမယ့် အသိရှိနေ၊ အသက်ရှူနေတဲ့ သဘောအသိကိုပဲ လိုက်ပြီးသိနေပေးရင် အဆင်ပြေပါတယ်။ နောက်တော့ လေ့ကျင့်ရင်းလေ့ကျင့်ရင်း တဖြည်းဖြည်း အမှတ်အာရုံထင်ရှား လာပါလိမ့်မယ်။ ထင်ရှားလာရုံတင် မဟုတ်ဘဲ သမာဓိကြောင့် ဖြစ်ပေါ်လာတဲ့ အာနာပါနရဲ့ နိမိတ်တွေလည်း တွေ့လာပါလိမ့်မယ်။ ၀င်လေထွက်လေဟာ နူးညံ့လာတာ၊ အေးပူလာတာ၊ အသက်ရှုတဲ့လေဟာ ထင်ရှားပြီး ထုတ်ချောင်းတစ်ခုသဖွယ် အရာဝတ္ထု တစ်ခုသဖွယ် အတန်းလိုက်ဝင်လာ ထွက်လာတာ စသဖြင့် ယောဂီတစ်ဦးချင်းရဲ့ သမာဓိအပေါ်လိုက်ပြီး နိမိတ်အမျိုးမျိုး ဖြစ်လာပါလိမ့်မယ်။ ဒါက အာနာပါန အမှတ်ကို ကောင်းကောင်းနိုင်ပြီး အထိုက်အလျောက် သမာဓိနိမိတ် တည်လာတဲ့အခါ ဖြစ်တတ်တဲ့ သဘောပါ။

စမှတ်ကာစ ယောဂီတွေမှာ သူတို့မေးသလိုပဲ စိတ်ကတော့ တည်မှာမဟုတ်သေးပါဘူး။ တစ်ခါတစ်လေ မှတ်မယ်မှ မကြံရသေးဘူး အတွေးတွေက ၀င်လာပါတော့တယ်။ ပုံမှန်နေရင် တစ်ခါမှ မတွေးဖြစ်တဲ့ နှစ်ပေါင်းတော်တော်ကြာခဲ့ပြီး ဖြစ်တဲ့ အဖြစ်အပျက်တွေက အစ ပေါ်လာတတ်၊ သတိရလာတတ်ပါတယ်။ မရောက်သေးတဲ့ အနာဂတ်အတွက်လည်း စိတ်ကူးတွေ ယဉ်နေတတ်ပါတယ်။ ပိုဆိုးတာက တစ်ခုခုများ လုပ်ဖို့ရည်ရွယ်ထားရင် အဲဒီအလုပ်အပေါ်မှာ အမျိုးမျိုး စိတ်ကူးတွေ လိုက်ယဉ်နေတတ်တာပါ။ သမာဓိမရှိသေးတဲ့ စိတ်အစဉ်ကို သတိမကပ်မိဘဲ ဖြစ်ခိုက်ကို မသိဖြစ်ကာ စိတ်ရဲ့ဆွဲရာနောက်ကို လိုက်သွားတတ်ခြင်း ဖြစ်ပါတယ်။

တစ်ခါတစ်လေ အချိန်တော်တော် ကြာကြာလေးအထိ မသိလိုက်ဘဲ စိတ်ကူးအတွေးများနောက်ကို လိုက်နေမိတတ်ပါတယ်။ ဒီလို အခြေအနေမျိုးမှာလည်း မှတ်မရကောင်းလာလို့ အားမပျက်ပါနဲ။ အတွေးစိတ်ကူးတွေကို မသိလိုက်ပေမယ့် သတိပြန်ဝင်လို့ သိလိုက်တဲ့အခါမှာတော့ ချက်ချင်း အမှတ်အာရုံဖြစ်တဲ့  ၀င်လေထွက်လေကို ပြန်မှတ်ဖြစ်အောင် အစကပဲဖြစ်ဖြစ် ပြန်ကြိုးစားရပါမယ်။ ရသလောက်ပေါ့။ လွတ်သွားလိုက် ပြန်မှတ်လိုက်၊ လွတ်သွားလိုက် ပြန်မှတ်လိုက် စသဖြင့် လေ့ကျင့်ပေးရင် မှတ်လို့ ရလာပါလိမ့်မယ်။ မှတ်မရပါဘူးဆိုပြီး လွတ်ထားတာထက် စာရင် ရသလောက် ကြိုးစားမှတ်ပေးရင် အမှတ်ကောင်းလာပါလိမ့်မယ်။ သမာဓိ မတည်သေးချိန်မှာတော့ လွတ်လိုက်မှတ်လိုက် လုပ်ပေးတဲ့ ကြိုးစားအားထုတ်မှု ၀ီရိယကို ပိုထုတ်ပေးရပါတယ်။ တမင်လုပ်ပြီး တွေးနေတာ မဖြစ်စေဘဲ မသိလို့ တွေးနေမိတဲ့အပေါ်မှာ သိတဲ့အချိန် ပြန်လေ့ကျင့်နိုင်အောင် ကြိုးစားပေးရပါတယ်။ ဒီလိုဆိုရင် သမာဓိတွေ ပိုပိုကောင်းလာပါလိမ့်မယ်။ အဓိကကတော့ လွတ်လွတ်သွားတဲ့ စိတ်ကို သတိရတိုင်း ပြန်ပြန်ထိမ်းပြီး လေ့ကျင့်ပေးနိုင်ဖို့ပါပဲ။

တစ်ချို့ကတော့ တရားစမှတ်ပြီး မကြာခင်မှာပဲ အိပ်ငိုက်တတ်တယ်လို့ ဆိုပါတယ်။ ဒါဟာ ဘ၀င်စိတ်ကြောင့် ဖြစ်ပါတယ်။ ဘ၀င်စိတ်က အမှတ်တစ်မှတ်နဲ့ တစ်မှတ်ကြား လွတ်လွတ်သွားစေအောင်လည်း ဖြစ်စေတတ်ပါတယ်။ လောဘဒေါသစတဲ့ စိတ်များမဖြစ်ဘဲ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားတဲ့ သူတစ်ယောက် ဖြစ်သလို စိတ်မျိုးကို ဘ၀င်စိတ်လို့ ဆိုပါတယ်။ ဒီလို ခဏခဏ အိပ်ငိုက်မှုဟာ ဘ၀င်စိတ်များလို့ ဖြစ်ပါတယ်။ ဒါကလည်း သတိအားမကောင်းလို့ ဖြစ်တဲ့သဘောပါပဲ။ တစ်ခါတစ်လေမှာ ခန္ဓာကိုယ် အရမ်းပင်ပန်းလို့၊ အိပ်ချင်စိတ်၊ ငိုက်မြည်းစိတ်တွေ ဖြစ်တတ်ပေမယ့် ဘ၀စိတ်များတဲ့အခါ ခန္ဓာကိုယ် မပင်ပန်းလည်း အိပ်ငိုက်တာတွေ ဖြစ်တတ်ပါတယ်။ ဒီလိုအခါမျိုးမှာလည်း သတိကို အတတ်နိုင်ဆုံး ထိမ်းပြီး မငိုက်အောင်၊ မလွတ်အောင် မှယ်မယ်ဆိုတဲ့ အဓိဋ္ဌာန်လေးနဲ့ မှတ်ကြည့်ရင် ငိုက်တဲ့သဘောတွေ လျော့လျော့လာတတ်ပါတယ်။ သတိထားပြီး ကြိုးစားမှတ်ကြည့်ရင် အိပ်ငိုက်တာတွေ ပျောက်လာပြီး အမှတ်အာရုံမှာ ပျော်လာတတ်ပါတယ်။ အမှတ်အာရုံ အားကောင်းလာရင် ငိုက်ချင်စိတ်ဟာ အလိုလို ပါးလာတတ်ပါတယ်။ ဒါကြောင့် မသိလို့ အိပ်ငိုက်တဲ့အခါမှာ သတိဝင်လာတိုင်း ပြန်ပြန်မှတ်ပေးရင်း လေ့ကျင့်ဖို့ ဆိုခြင်းဖြစ်ပါတယ်။

နောက် တရားအားထုတ်တဲ့အခါ ပေါ်လာတတ်တဲ့ ဝေဒနာတွေနဲ့ ပတ်သက်ပြီး ဝေဒနာကို မှတ်ပုံလေးလည်း သိထားဖို့ လိုပါတယ်။ တစ်ချို့ ယောဂီတွေဟာ စမှတ်ပြီး ဆယ်မိနစ် ဆယ့်ငါးမိနစ်လောက်မှာပဲ ခန္ဓာကိုယ်မှာ ဝေဒနာတွေ ပေါ်လာတတ်ပါတယ်။ ခန္ဓာကိုယ်တစ်နေရာရာမှာ ယားလာတာတို့၊ ဟိုနေရာက ရွစိရွစိ၊ ဒီနေရာက ရွစိရွစိ ဖြစ်တာတို့၊ ခြေထောက်ကျင်လာတာတို့၊ တင်ပါးပူလာတာတို့ စသဖြင့် ဖြစ်တတ်ပါတယ်။ အမှန်တော့ ဒါဟာ ရုပ်တရားရဲ့ ဖောက်ပြန်တတ်တဲ့ သဘောပါ။ တရားအားမထုတ်ဘဲ နေတဲ့အချိန်မှာ ခန္ဓာကိုယ်ရဲ့ ဖောက်ပြန်မှုကို တစ်ခြားအာရုံတွေက ဖုံးလွှမ်းထားတော့ ကောင်းကောင်း မသိဘဲ ဖြစ်နေပေမယ့် တရားမှတ်တဲ့အခါ စိတ်က ခန္ဓာကိုယ်ရဲ့ ဖောက်ပြန်မှုကို အလွယ်တကူ သိလာတဲ့ သဘောပါပဲ။

ယောဂီဟာ အာနပါနကို မှတ်နေရင်း ကိုယ်မှာ ဝေဒနာ တစ်ခုခု ပေါ်လာတဲ့အခါ ပေါ်လာတဲ့ ဝေဒနာကို ပြောင်းပြီး မှတ်ကြည့်နိုင်ပါတယ်။ ယားတဲ့နေရာ၊ ရွစိရွစိ ဖြစ်တဲ့နေရာ၊ ပူအေးတဲ့နေရာ စသဖြင့် ဘယ်လိုနေရာမျိုးမှာ ဘယ်လို ခံစားမှုမျိုးပဲ ဖြစ်ဖြစ် ဖြစ်တဲ့နေရာကို စိတ်နဲ့မြင်အောင် ကြည့်ပြီး သူဖြစ်နေတဲ့ သဘောအတိုင်း သတိနဲ့ လိုက်သိပေးရပါတယ်။ ဝေဒနာက ပေါ်တော့ပေါ်တယ် သိပ်မထင်ရှားလို့ မှတ်ဖို့ခက်နေတယ်ဆိုရင်လည်း ဝေဒနာကို မမှတ်သေးဘဲ ၀င်လေထွက်လေမှာပဲ မှတ်နေနိုင်ပါတယ်။ တစ်ခါတစ်လေတော့လည်း ဝေဒနာက ခန္ဓာကိုယ်မှာ ဟိုမှာပေါ်လိုက် ဒီမှာပေါ်လိုက် ဖြစ်တတ်ပါတယ်။ အဲဒီလို အခါမျိုးမှာ အထင်ရှားဆုံး ဝေဒနာတစ်ခုကိုပဲ သူ့သဘောအတိုင်း လိုက်သိမှတ်ပေးနိုင်ပါတယ်။ ဝေဒနာဟာ ပိုပိုပြင်းလာတဲ့အခါလည်း ရှိတတ်သလို လျော့ပြီးပျောက်သွားတဲ့ အခါလည်း ရှိတတ်ပါတယ်။ ဘယ်လိုသဘောမျိုးပဲ ရှိရှိ အရှိအတိုင်း သူဖြစ်နေတဲ့ အတိုင်းလိုက်မှတ်ပေး နေရုံပါပဲ။

တစ်ချို့လည်း ဝေဒနာကို မှတ်ရတာ အားရတာရှိသလို တစ်ချို့ကျတော့ ဝေဒနာကို ကျော်အောင်မမှတ် နိုင်တာတွေလည်း ရှိပါတယ်။ ဖြစ်နိုင်ရင်တော့ ဝေဒနာကို အတတ်နိုင်ဆုံး သီးခံပြီး မှတ်နိုင်ရင် ကောင်းပါတယ်။ ဝေဒနာရဲ့ ပြင်းထန်တဲ့ ခံစားမှုကို အလွယ်တကူ လက်မလျော့ဘဲ အပြိုင်မှတ်နိုင်လိုက်ရင်တော့ နောက်ပိုင်းမှာ ဘာဝေဒနာပဲလာလာ သီးခံနိုင်၊ မှတ်နိုင်လာပါလိမ့်မယ်။ နောက်ဆို ဝေဒနာကို မှတ်ရတာ ပိုပြီး အမှတ်ကောင်းသလို ဖြစ်လာတဲ့အထိ သဘောကျသွားတတ်ပါတယ်။ တရားမှတ်ရင်း ပေါ်လာတတ်တဲ့ ဝေဒနာကို အလွယ်တကူ လက်လျော့ပြီး ခန္ဓာကိုယ် အနေအထား ပြောင်းတာပြင်တာတွေ လုပ်လိုက်ရင် သမာဓိ တည်ဖို့ခဲရင်းတတ်ပြီး တည်ပြီးသား သမာဓိလည်း ပျက်တတ်တဲ့အတွက် ဝေဒနာကို အတတ်နိုင်ဆုံး သီးခံပြီး မှတ်စေချင်ပါတယ်။ ဝေဒနာကို ခွာနိုင်တဲ့အထိ မှတ်နိုင်ရင်တော့ အကောင်းဆုံးပေါ့။

တစ်ချို့ယောဂီတွေက မေးဖူးပါတယ်။ ဝေဒနာခွာတယ်ဆိုတာ ဘယ်လိုလဲလို့။ ဝေဒနာခွါတဲ့အထိ မှတ်တယ်ဆိုတာ ခုနပြောသလို ဝေဒနာကို အရှုံးမပေးဘဲ ပေါ်သမျှဝေဒနာကို ပေါ်လာတဲ့အတိုင်း ခံနိုင်ရည်ရှိအောင်၊ နောက်ဆုံး ဝေဒနာရဲ့ နာကျင်ကိုက်ခဲမှုတွေကို နာမှုကျင်မှုကိုက်မှု သဘောသက်သက်လောက် အဖြစ် သိရှိကာ အလိုက်သင့် လိုက်မှတ်နေနိုင်အောင် အသိသတိ ရှိနေမှုကို ဆိုနိုင်ပါတယ်။ ဒါကလည်း အလေ့အကျင့်များပြီး သီးခံမှု ၀ီရိယ အားကောင်းလာရင် မှတ်နိုင်မှု သတိအားနည်းနေပေမယ့် ဝေဒနာအပေါ်မှာ ခဏခဏ ပြောင်းတာပြင်တာတွေ လျော့သွားတတ်ပါတယ်။ ဒါကြောင့် အတတ်နိုင်ဆုံး ခန္ဓာကိုယ် ဣရိယာပုတ်ကို မပြင်ဘဲ မှတ်နိုင်အောင် ဝေဒနာကို သီးခံကြဖို့ ဆိုခြင်းဖြစ်ပါတယ်။

ဒီနေရာမှာ အဓိက ပြောချင်တာက ၀ိပဿနာ အလုပ်ကို စတင်လေ့ကျင့်ပြီး အားထုတ်ကြည့်ကြတဲ့ ယောဂီများအနေနဲ့ သမာဓိ အားနည်းချိန်၊ အမှတ်သတိ မခိုင်သေးချိန်မှာတော့ ယောဂီတို့ အခုတွေ့ကြုံကြသလို စိတ်ပျံ့လွင့်တာ၊ အတွေးစိတ်ကူးတွေများတာ၊ အိပ်ငိုက်တာ၊ ဝေဒနာကို သီးမခံနိုင်တာ၊ အမှတ်အာရုံ မထင်ရှားတာ စတာစတာတွေ ဖြစ်တတ်ပေမယ့် စိတ်မပျက်၊ အားမလျော့ဘဲ ရသလောက်၊ မှတ်နိုင်သလောက်၊ တစ်မှတ်ပဲ ရရ သတိရတိုင်းပြန်မှတ်၊ သတိရတိုင်း ပြန်မှတ်တဲ့ အကျင့်လေးများနဲ့ သမာဓိ တည်အောင် ၀ိရီယနဲ့ သီးခံမှု ခန္တီတရား လက်ကိုင်ထားပြီး ကြိုးစားအားထုတ်ကြဖို့ အထူးတိုက်တွန်းလိုပါတယ်။

ကျေနပ်စရာကောင်းတာက သမာဓိတည်တာ မတည်တာ၊ မှတ်လို့ရတာ၊ မရတာ အသာထား မှတ်ကြည့်နေတယ် ဆိုတာကိုက ကျေနပ်စရာဖြစ်နေ၊ ကုသိုလ်ဖြစ်နေတာပါပဲ။ ဒီလိုနည်းနဲ့ပဲ မရတာကနေ ရအောင်၊ မတည်တာကနေ တည်အောင် ကြိုးစားအားထုတ်ရမှာ ဖြစ်ပါတယ်။ အချိန်မရပေမယ့် ရသမျှလေးနဲ့ နဲနဲနဲနဲ စစပေးရင် နောက်ပိုင်း အားကောင်းလာပြီး မှတ်ကောင်းလာမှာ ဖြစ်ပါတယ်။ ဒါကြောင့် ကိုယ့်သန္တာန်မှာရှိတဲ့ မတရားတဲ့အားတွေကို တရားအားထုတ်ခြင်းဖြင့် ပါးပါးလာအောင် ရနိုင်သမျှ ကြိုးစားမှတ်ကြည့်ကြပါလို့ တိုက်တွန်းရခြင်း ဖြစ်ပါတယ်။

အခြေခံဝိပဿနာ တရားအားထုတ်နည်း (၅)

 တစ်ခါက တရားအားထုတ်နေတဲ့ ဒကာလေးတွေနဲ့တွေ့တုန်း တရားအားထုတ်တာနဲ့ ပတ်သက်ပြီး သူတို့မေးတဲ့ မေးခွန်းလေးတွေကို ဖြေပေးခဲ့ရပါသေးတယ်။ သူတို့ထဲက ဒကာလေးတစ်ယောက်က “ဘုန်းဘုန်းဘုရား… တရားအားထုတ်တဲ့အခါ ဝေဒနာကို ရှုမှတ်နေရင်း စိတ်ကိုပါ လိုက်ပြီး ရှုမှတ်လို့ ရပါသလားဘုရား…၊ အဲဒီလို စိတ်ကိုမှတ်လိုက်၊ ဝေဒနာကို မှတ်လိုက်၊ ထွက်သက်ဝင်သက်ကို မှတ်လိုက် လုပ်လို့ကော ရပါသလား ဘုရား..” လို့ မေးလျှောက်ဖူးပါတယ်။ ဘုန်းဘုန်းက သူတို့အမေးတွေကို မဖြေသေးခင် သူတို့ကို ပြန်ပြီး မေးခွန်းထုတ်ဖြစ်ပါတယ်။ “ဒကာလေးတို့က ဘာကိုဘယ်လို ရှုမှတ်တာလဲ…”လို့။ ပြီးတော့ သူတို့အမေးနဲ့ ဆက်စပ်ရာကို ရှင်းပြဖြစ်ပါတယ်။

ဟုတ်ပါတယ်။ တရားအားထုတ်တဲ့အခါ ဘာကိုဘယ်လို ရှုမှတ်တယ်ဆိုတဲ့ ဒီအချက်က အရေးကြီးပါတယ်။ မြတ်ဗုဒ္ဓဟောတော်မူထားတဲ့ မဟာသတိပဋ္ဌာန သုတ်မှာ တရားအားထုတ်နည်း လေးမျိုးပြထားပြီးသားပါ။ ရုပ်တရားတွေကို ရှုမှတ်နည်း၊ ဝေဒနာကို ရှုမှတ်နည်း၊ စိတ်ကိုရှုမှတ်နည်းနဲ့ သဘောတရားကို ရှုမှတ်နည်းဆိုတဲ့ ဒီနည်းလေးမျိုးလုံးဟာ တရားအားထုတ်တဲ့ ယောဂီတိုင်း တွေ့ရှိမှတ်သားနိုင်မှာ ဖြစ်သလို တစ်နည်းနဲ့ တစ်နည်းကလည်း ဆက်စပ်ကာ တစ်ခုပြီးတစ်ခု ဖြစ်ပျက်နေတာ ဖြစ်ပါတယ်။

ဒါကြောင့် အရေးကြီးတာက အားထုတ်နေတဲ့ အခိုက်မှာ ကိုယ်က ဘာကိုသိပြီး ဘာကိုရှုမှတ်လိုက်တယ်ဆိုတဲ့ အချက်က အရေးကြီးဆုံးပဲ ဖြစ်ပါတယ်။ ဘုန်းဘုန်းတို့ တရားထိုင်တုန်းကလည်း ကမ္မဋ္ဌာနာ စရိယ ဆရာတော်ထံမှာ တရားလျှောက်တော့ မယ်ဆိုရင် “တပည့်တော် ဘယ်လိုပုံစံနဲ့ ဘာကိုမှတ်တုန်းက ဘယ်လိုဖြစ်ပါတယ်ဘုရား…” လို့ အရင်ဆုံး ကိုယ်အားထုတ်တဲ့ အခိုက်မှာ မှတ်လိုက်တဲ့အရာနဲ့ မှတ်လိုက်တဲ့ ပုံစံလေးတွေကို လျှောက်ပြရပါတယ်။ ဒီတော့မှ ဆရာသမားက “ဒါဆိုရင် ဒီလိုလေးမှတ်လိုက်၊ ဒီလိုပြင်လိုက်၊ ဒီအတိုင်း ဆက်မှတ်လိုက်” စသဖြင့် လမ်းညွှန်ပြသ ပေးတာဖြစ်ပါတယ်။

တစ်ချို့က ရှုမှတ်ရမယ်ဆိုတာ ဘယ်လိုရှုမှတ် ရမယ်ဆိုတာကို သဘောမပေါက်သေးတာ ရှိတတ်ပါတယ်။ ရှုမှတ်တယ်ဆိုတာ စိတ်နဲ့ရုပ်မှာ ပေါ်ပေါ်လာတဲ့ အာရုံလေးတွေကို သူပေါ်တဲ့အတိုင်း သူဖြစ်တဲ့အတိုင်း လိုက်သိပေးနေတာကို ပြောတာပါ။ သူ့အရှိအတိုင်း လိုက်သိနေဖို့ပါပဲ။ စိတ်မှာတစ်ခုခု တွေးထင်ကြံစည်တာမျိုး၊ ရုပ်မှာ နာကျင်ထုံထိုင်း စတဲ့ ခံစားချက် တစ်ခုခု ဖြစ်ပေါ်တာမျိုး စတဲ့ ဘယ်လိုအရာမျိုးပဲ ဖြစ်ဖြစ် သူ့ပေါ်လာတဲ့ အတိုင်းပဲ လိုက်သိမှတ်ပေးဖို့ပါ။ အရှိအတိုင်းလို့ ဆိုတဲ့အတွက် ကိုယ်ကအာရုံကိုလိုက်ပြီး စိတ်ကူးနေတာမျိုး၊ အာရုံတွေကို ဟိုမှတ်ဒီမှတ် ဟိုပြောင်းဒီပြောင်း လိုက်ပြီး ကစားနေတာမျိုး မဖြစ်ရပါဘူး။ တရားမှတ်နေရင်း ပေါ်လာတဲ့ အာရုံကို ကိုယ်သိနေတဲ့အတိုင်း ထင်ရှားတဲ့ အာရုံတစ်ခုခုကို လိုက်သိပေးနေဖို့ပဲ ဖြစ်ပါတယ်။ အဲဒါကိုပဲ ရှုမှတ်တယ်လို့ ပြောတာပါ။

ဒီနေရာမှာ အရေးကြီးတာက မှတ်လိုက်တဲ့အာရုံနဲ့ မှတ်လိုက်ပုံလေးက အရေးကြီးတဲ့ အချက်ပဲ ဖြစ်ပါတယ်။ အာရုံဆိုတာ ပေါ်ရာပေါ်ရာကို ပေါ်စဲပေါ်ခိုက်မှာ လိုက်မှတ်တာ ဖြစ်တဲ့အတွက် တစ်ခုတည်း တစ်သမှတ်တည်း စွဲကိုင်ပြီး မှတ်လို့မရပါဘူး။ ၀ိပဿနာဆိုတဲ့ သဘောကိုက ပေါ်ရာပေါ်ရာကို ရှုမှတ်တဲ့ သဘောပဲ ဖြစ်ပါတယ်။ ပေါ်ရာပေါ်ရာလို့ ဆိုတဲ့အတွက် မပေါ်သေးတာကို တွေးကြံပြီး စိတ်ကူးနဲ့ စောင့်မှတ်တာမျိုး မဟုတ်သလို ပေါ်ပြီးပျောက်သွားတဲ့ အရာတွေကိုလည်း ပြန်စဉ်းစားပြီး မှတ်ရတဲ့ သဘောမဟုတ်ပါဘူး။ ပစ္စုပ္ပန်တည့်တည့် ဖြစ်တဲ့ အဲဒီဖြစ်စဲဖြစ်ခိုက် ပေါ်စဲပေါ်ခိုက်ကိုပဲ သတိနဲ့ လိုက်လိုက်သိမှတ် ပေးနေတာကို ပြောတာဖြစ်ပါတယ်။

ဒါကြောင့် ရှုမှတ်တဲ့အခိုက်မှာ ပေါ်လာတဲ့ အာရုံက ခံစားခြင်း ဝေဒနာဖြစ်တယ်ဆိုရင် အဲဒီဝေဒနာကို လိုက်မှတ်ရမှာ ဖြစ်သလို ရှုမှတ်နေတဲ့အခိုက်မှာ စိတ်မှာအတွေး အကြံစတာတွေနဲ့ ဟိုစိတ်ဒီစိတ် စတဲ့ ဘယ်လိုစိတ်မျိုးပဲ ဖြစ်ဖြစ် ဖြစ်ပေါ်တဲ့အခါ အဲဒီဖြစ်တဲ့ စိတ်အစဉ်ကို လိုက်ပြီး သိမှတ်နေရမှာ ဖြစ်ပါတယ်။ ဒါမှမဟုတ် ထွက်လေ၀င်လေ လေးကိုပဲ သတိနဲ့ မပြတ်မှတ်နေမိတာမျိုး၊ အာရုံတစ်ခုခုရဲ့ ဖြစ်တတ်တဲ့ သဘောတရား၊ ဖြစ်နေတဲ့ လက္ခဏာလေးတွေကို လိုက်လိုက်သိနေတာမျိုး စတာတွေဟာ ဆိုင်ရာအာရုံတွေရဲ့ အခိုက်အတန့်လေးတွေကို သတိနဲ့လိုက်ပြီး ရှုမှတ်နေတာ ဖြစ်ပါတယ်။ ဒီလိုရှုမှတ်နေတာဟာ မှန်ကန်တဲ့ ၀ိပဿနာ ရှုနည်းများ ဖြစ်နေပြီး အရှုခံအာရုံနဲ့ ရှုမှတ်ပုံကို တစ်ခုပြီးတစ်ခု သတိမလွတ်ဘဲ အားထုတ်နေတဲ့ သတိပဋ္ဌာန် ကျင့်စဉ်နည်းပဲ ဖြစ်ပါတယ်။

တစ်ချို့က ကိုယ်အားသန်ရာ တစ်ခုခုကို အထူးပြုပြီး စွဲမှတ်နေတာမျိုးတော့ ရှိတတ်ပါတယ်။ အဲလိုလည်း မှတ်နိုင်ပါတယ်။ ဒါကလည်း တစ်ခြားအာရုံတွေ မပေါ်လို့မဟုတ်ဘဲ ယောဂီပုဂ္ဂိုလ် ကိုယ်တိုင်က ကိုယ်အားသန်ရာ အမှတ်အာရုံ တစ်ခုတည်းကိုပဲ အဓိကထား အထူးမှတ်နေပြီး တစ်ခြားအာရုံတွေကို လျစ်လျူရှုထားလို့ပဲ ဖြစ်ပါတယ်။ ဆိုကြပါစို့။ တရားအားထုတ်တဲ့အခါ အာရုံတွေက တစ်မျိုးတည်း မဟုတ်ဘဲ ထွက်သက်ဝင်သက်ကို မှတ်နေရင်းနဲ့ ဟိုကျင်ဒီကျင် ဖြစ်တာ၊ ဟိုနေရာယား၊ ဒီနေရာယား ဖြစ်တာ၊ ဟိုအတွေး ဒီအတွေးတွေ ဖြစ်တာ စတာလေးတွေကိုလည်း သိနေတာလေးတွေ ရှိနေတတ်သလို စိတ်ကိုအထူးပြု မှတ်နေရင်းနဲ့လည်း ခန္ဓာကိုယ်ရဲ့ ဖောက်ပြန်မှုတွေ၊ ခံစားမှုတွေ စတာတွေကိုလည်း သိနေတတ်တာလေးတွေ ရှိတတ်ပါတယ်။ ဟိုဟိုဒီဒီ အခိုက်အတန့် ဖြစ်တတ်တဲ့ အာရုံလေးတွေ ရှိနေပေမယ့် အဲဒိအာရုံလေးတွေထက် ကိုယ်စွဲကိုင်ပြီး မှတ်နေတဲ့ အာရုံ၊ ကိုယ်ကိုယ်တိုင် သဘောကျနေတဲ့ အာရုံကို အထူးအလေးပေး မှတ်နေတဲ့အတွက် တစ်ခြားအာရုံတွေမှာ သတိမပြုမိ၊ မမှတ်မိလိုက်ခြင်း ဖြစ်ပါတယ်။

ဆိုလိုတာက ဒီအာရုံကို မှတ်နေရင်း ဟိုအာရုံကို မှတ်လို့ရသလား ဆိုတာထက် အာရုံတစ်ခုခုကို ထင်ထင်ရှားရှား သိမှတ်နေဖို့က အရေးကြီးတယ်လို့ ဆိုလိုတာ ဖြစ်ပါတယ်။ စိတ်နဲ့ရုပ်မှာ ပေါ်လာတဲ့ အာရုံတစ်ခုခုကို အမိအရ မှတ်နိုင်ဖို့ အဓိကကျပါတယ်။ အဲဒီလို တစ်ခုခုကို မှတ်နေတဲ့ အခိုက်ကိုပဲ ဘယ်အာရုံကို ဘယ်လိုမှတ်တယ်လို့ ဆိုလိုတာဖြစ်ပါတယ်။ ပြောချင်တာက တရားအားထုတ်တဲ့ အခါ ဒီလိုထင်ထင်ရှားရှား မှတ်သိနေတဲ့အခိုက်မှာ ကိုယ်မှတ်လိုက်တဲ့ အာရုံဟာ စိတ်မှာဖြစ်နေတဲ့ အာရုံတစ်ခုခုကို မှတ်လိုက်တယ်ဆိုရင် အဲဒါ စိတ္တာနုပဿနာ ဖြစ်နေပြီး ကိုယ်မှတ်တဲ့အခိုက်မှာ မှတ်လိုက်တဲ့အာရုံက ဝေဒနာတစ်ခုခုကို မှတ်လိုက်မိတယ်ဆိုရင် အဲဒါ ဝေဒနာနုပဿနာ ဖြစ်တာပါပဲ။

ဒီလိုပဲ ကိုယ်မှတ်လိုက်တဲ့ အခိုက်မှာ မှတ်လိုက်တဲ့အာရုံက ခန္ဓာကိုယ်ရဲ့ လှုပ်ရှားမှု ရုပ်တရား တစ်ခုခုကို မှတ်လိုက်တယ်ဆိုရင် ဒါဟာ ကာယာနုပဿနာ ဖြစ်နေပြီး မှတ်သိတဲ့အခိုက် မှတ်လိုက်တဲ့အာရုံဟာ သဘောတရား တစ်ခုခု ဖြစ်နေမယ်ဆိုရင် အဲဒါ ဓမ္မာနုပဿနာ ဖြစ်နေတာပဲ ဖြစ်ပါတယ်။ ဒါကြောင့် တရားမှတ်တဲ့အခိုက်မှာ အရေးကြီးတဲ့ အချက်ဟာ ဘယ်လိုဘယ်နည်း ဆိုတာထက် ဘယ်အာရုံကို ဘယ်လိုမှတ်လိုက်တယ်ဆိုတဲ့ အချက်က အရေးကြီးတယ်လို့ ဆိုခြင်းဖြစ်ပါတယ်။

မြတ်စွာဘုရားရှင်က မဟာသတိပဋ္ဌာန သုတ်မှာ “ယထာ ယထာ ၀ါ ပနဿ ကာယော ပဏိဟိတော ဟောတိ၊ တထာ တထာနံ ပဇာနာတိ- ရုပ်အပေါင်းသည် အကြင်အကြင် အမူအရာအားဖြင့် တည်နေ၏၊ ထိုရုပ်အပေါင်းကို ထိုထိုအမူအရာအားဖြင့် သိ၏။ ” လို့ မိန့်တော်မူထားချက် ရှိပါတယ်။ မြတ်ဗုဒ္ဓအလို ဒီမှာ ပြောလိုတာက ရုပ်တရားဟာ ဘယ်လိုပုံစံမျိုးနဲ့ ရှိနေပါစေ အဲဒီရှိနေတဲ့ အတိုင်းလေးပဲ လိုက်သိပေးနေပါလို့ ပြောလိုတာ ဖြစ်ပါတယ်။ ဒီနေရာမှာ ဘုရားရှင်က ရုပ်တရားလို့ ဆိုပေမယ့် တစ်ခြား စိတ်မှာပဲဖြစ်ဖြစ် ရုပ်မှာပဲဖြစ်ဖြစ် ဖြစ်သမျှ ပေါ်သမျှကို ဖြစ်စဲဖြစ်ခိုက်မှာပဲ အရှိအတိုင်း သိနေဖို့အထိ နားလည်သဘော ပေါက်ထားနိုင်ပါတယ်။

ဒါကြောင့် ဝေဒနာကိုပဲ ရှုရှု၊ စိတ်ကိုပဲရှုရှု၊ ရုပ်ကိုပဲရှုရှု၊ သဘောတရားကိုပဲ ရှုရှု တစ်ခုခုကို အရှိအတိုင်း သိမှတ်နေဖို့ပဲလို့ ဆိုတာဖြစ်ပါတယ်။ တစ်ခုတော့ ရှိပါတယ်။ ဟိုလိုလို ဒီလိုလို ဖြစ်မနေဖို့တော့ လိုပါတယ်။ တစ်ခါတစ်လေ သမာဓိ မတည်တဲ့အတွက် စိတ်က ဟိုရောက်ဒီရောက် ဖြစ်နေတတ်တာတွေ ရှိတတ်ပါတယ်။ စိတ်ကိုမှတ်လိုက်သလိုလို၊ ရုပ်ကို မှတ်လိုက်သလိုလို၊ ဝေဒနာကို မှတ်လိုက်သလိုလို စသဖြင့် ဖြစ်တတ်ပါတယ်။ အဲဒီလို ဖြစ်တတ်တဲ့သဘောမှာ သမာဓိ အားနည်းလို့ ဖြစ်တတ်တာလည်း ရှိတဲ့အတွက် ကိုယ်အားသန်တဲ့ ထင်ရှားတဲ့ အာရုံတစ်ခုခုကို အမိအရယူပြီး အဲဒီအာရုံမှာပဲ မလွတ်တမ်း မှတ်သိနိုင်အောင် ကြိုးစားဖို့တော့ လိုပါတယ်။

တစ်ချို့ စိတ်ကို အထူးပြုပြီး မှတ်မှမှတ်လို့ ရတဲ့ ယောဂီတွေ ရှိသလို တစ်ချို့ကျတော့ ဝေဒနာကို မှတ်နေမှ သမာဓိဖြစ်ကာ အမှတ်အာရုံ ကောင်းတဲ့ ယောဂီတွေလည်း ရှိတတ်ပါတယ်။ ဒါက သူတို့သူတို့ရဲ့ စိတ်အားသန်ရာကြောင့် ဖြစ်ပါတယ်။ သေချာတာကတော့ စိတ်ကိုအထူးပြုမှတ်မှ ၀ိပဿနာ မှတ်နည်းအစစ်ဖြစ်တယ်၊ ရုပ်ကိုအထူးပြုမှတ်မှ နည်းမှန်ဖြစ်တယ်၊ ဝေဒနာကို မှတ်နိုင်မှ တရားတက်မှာဖြစ်တယ် စတဲ့ အစွဲအလန်းတွေ၊ နားလည်မှုတွေဟာ မမှန်ဘူးဆိုတာ သေချာပါတယ်။ ဘယ်လိုပဲမှတ်မှတ် မှတ်တဲ့အခိုက်မှာ မှတ်တဲ့အာရုံကို အရှိအတိုင်း ထင်ထင်ရှားရှား သိမှတ်နိုင်ဖို့ပဲ အရေးကြီးပါတယ်။ အာရုံတစ်ခုခုကို မှတ်သိနေဖို့ပဲ လိုပါတယ်။ အဲဒီလို စိတ်နဲ့ရုပ်မှာ ပေါ်လာတဲ့ အာရုံ တစ်ခုခုကို အရှိအတိုင်း မှတ်သိနိုင်နေရင် ဒါဟာ ဗုဒ္ဓအလိုတော်ကျ ၀ိပဿနာ အားထုတ်နည်း အမှန် ဖြစ်နေတာပဲ ဖြစ်ပါတယ်။

ဒါကြောင့် တရားအားထုတ်တဲ့ ယောဂီတွေအနေနဲ့ အဓိက နားလည်သဘော ပေါက်ထားရမှာက ဘယ်နည်းကို အားထုတ်တယ် ဆိုတာထက် အားထုတ်တဲ့ အခိုက်မှာ ဘယ်အာရုံကို ဘယ်လိုမှတ်လိုက်တယ် ဆိုတာက အဓိကကျတာ ဖြစ်ပြီး ဟိုနည်းဒီနည်းဆိုတာ အားထုတ်စဲအခိုက်မှာ မှတ်လိုက်တဲ့ အမှတ်အာရုံနဲ့ မှတ်လိုက်ပုံကိုလိုက်ကာ ခွဲခြားသတ်မှတ်ပေးတာ ဖြစ်တဲ့အတွက် ယောဂီပုဂ္ဂိုလ်ရဲ့ အဓိကအလုပ်က စိတ်မှာပဲ ဖြစ်ဖြစ် ရုပ်မှာပဲ ဖြစ်ဖြစ် ပေါ်သမျှ အာရုံကို ပေါ်စဲပေါ်ခိုက်၊ ဖြစ်စဲဖြစ်ခိုက်ကို သူ့အရှိအတိုင်းပဲ လိုက်သိပေးနေတဲ့ အလုပ်ပဲဖြစ်တယ်လို့ ဆိုခြင်းဖြစ်ပါတယ်။ ဒီနည်းအတိုင်းသာ ဟိုဟိုဒီဒီ အတွေးမများပဲ ပေါ်သမျှ အာရုံကို အလေးထားပြီး မှတ်ကြည့်ကြဖို့ အသိပေးလိုပါတယ်။ ရှေ့မှာပြောခဲ့တဲ့ စကားအတိုင်း ပြန်ပြောရရင် ဘယ်နည်းကို အဓိကထားပြီး အဲဒီနည်းအတိုင်း မဖြစ်မနေ လိုက်ပြီးရှာဖွေ မှတ်ရှုနေဖို့ထက် ဘယ်အာရုံကို ဘယ်လိုမှတ်တယ်ဆိုတာက အဓိကကျတဲ့အတွက် ဖြစ်စဲဖြစ်ခိုက် အာရုံတစ်ခုခုကိုသာ အမိအရ မှတ်သိနိုင်အောင် ကြိုးစားကြဖို့လည်း တိုက်တွန်းသမှု ပြုလိုက်ရပါတယ်။

ဓမ္မသင်တန်း-မှ- ထုတ်နှုတ်တင်ပြသည်...
အရှင်ပဏ္ဍိတ(ဒေါင်းဖြူ)
http://soneseeyar.ning.com/profiles/blogs/6523429:BlogPost:133243

No comments:

Post a Comment