Pages

ထေရဝါဒ ဗုဒ္ဓဘာသာနှင့် အသားစားမစား

Photo: ထေရဝါဒ ဗုဒ္ဓဘာသာနှင့် အသားစားမစား 

ဒီကိစ္စက အချို့  အမေးထူသူတွေကြားမှာ ပြောစရာ ရှိပါတယ်။ “ဘုရားဟောတော့ သူ့အသက် မသက်ရတဲ့၊ ဘာလို့ သူ့အသားတော့ စားကြတာလဲ” အဲဒီလိုမေးခွန်းမျိုးကို ကိုယ်တိုင်လည်း မေးခဲ့ဖူးသလို၊ အမေးလည်း ခံဖူးမယ် ထင်ပါတယ်။ ဒီတော့ ဆေးပညာရှုထောင့် ကနေပဲ အရင် သုံးသပ်ကြည့်ရတဲ့အခါ -

ကမ္ဘာတစ်ဝန်းမှာ ဗုဒ္ဓဘာသာတင်မကပဲ အခြားသော ဘာသာရေး အဖွဲ့အစည်းပေါင်း များစွာမှာလည်း သက်သက်လွတ်စားသုံးခြင်း ဓလေ့ကို ပြုစုပျိုးထောင်သူများ ရှိပါတယ်။ ယနေ့အထိလည်း တည်ထောင် ထွန်းကားနေဆဲ ဖြစ်ပါတယ်။ ရည်ရွယ်ချက်ကတော့ အမျိုးမျိုးပါပဲ။ 

၁။ ကျန်းမာရေး 
၂။ ဘာသာရေး 

ယင်းရှုထောင့် နှစ်မျိုးကနေ ကြည့်ပြီးတော့ သက်သက်လွတ် စားသုံးခြင်း ဖြစ်ပါတယ်။ သက်သက်လွတ် မှာတောင် ဥစားလို့ရတဲ့ သက်သက်လွတ်နဲ့ ဥတင်မက နို့ရည်တောင် သောက်လို့ မရတဲ့ သက်သက်လွတ်အထိ အမျိုးအစား ၁၀ ခုမကကို ထပ်ကွဲနေပါသေးတယ်။ ခေါင်းစဉ်အရ ထေရဝါဒ ဗုဒ္ဓဘာသာ က သက်သက်လွတ်နဲ့ ပက်သက်တဲ့ ယုံကြည်ချက် နဲ့ ဘုရားဟောများကို သာ ပြန်လည်မျှဝေပါ့မယ်။ 

စာရေးသူတို့ ယုံကြည်ကိုးကွယ် ဆည်းကပ်တဲ့ ဗုဒ္ဓမြတ်စွာ ဘုရားရှင်တောင် သက်သက်လွတ်မဟုတ်ခဲ့ပါဘူး။ ပျံလွန်တော်မူ တာတောင် အသားဟင်းတစ်ခွက်နဲ့ ပယောဂမကင်း ပျံလွန်တော် မူခဲ့ခြင်း ဖြစ်ပါတယ်။ ဒီမှာ တော်တော် များများ က အထင်အမြင်လွဲကြ ပါတယ်။ အထူးသဖြင့် ဘာသာခြားတို့လာလာ ထောက်တဲ့ အချက် တစ်ခု ဖြစ်လာပြီး ဗုဒ္ဓ ဘာသာအချင်းချင်းတောင် နားလည်အောင် ရှင်းပြဖို့ ခဲယဉ်းခဲ့ပါတယ်။ 

ဘုရားဟောတရားမှာ ရှိပါတယ်။ အသားပဲစားစား၊ ဘာပဲ စားစား ရည်ရွယ်ချက်က တစ်ခုပဲ ရှိဖို့လိုအပ်ပါတယ်။ ဝိပဿနာ တရားအားထုတ်ရန် နှင့် ခန္ဓာကိုယ်၏ တည်စေခြင်း မြဲစေခြင်း အတွက် သာမန်လူတို့ စားသုံးအပ်သော အသား၊အစာ၊ အာဟာရ များကို စားသုံးခြင်း ဖြစ်ပါတယ်။ ဒီမှာ တဏှာလုံးဝ မပါပါဘူး။ ပါလို့လည်း မရပါဘူး။ တဏှာကပ်ညှိပြီး စားသုံးတဲ့ အစာအာဟာရ မှန်သမျှဟာ အသားဟင်းမဟုတ်ပဲ သက်သက်လွတ်မှာတောင် အကုသိုလ် သင့်စေပါတယ်။ 

ကမ္ဘာဦးတည်စက ဗြဟ္မာက ဆင်းသက်တဲ့ လူများဟာ ဘာမှ စားသုံးဖို့မလိုအပ်ပါဘူး။ လူ့သက်တမ်း သိန်းချီ၊ သောင်းချီ၊ ထောင်ချီ မက နေရပြီး စား၊ဝတ်၊နေ၊ရေးနဲ့ ပက်သက်လို့ ပူစရာမရှိခဲ့ဘူးလို့ ဘုရားဟော ကမ္ဘာဖြစ်၊ ကမ္ဘာဖျက် ကပ်တရားမှာ ပါဝင်ပါတယ်။ သို့သော် ကြားရသည့် အာရုံအပေါ် တပ်မက်တဲ့ လောဘ/တဏှာ၊ စားရသည့် အရသာအပေါ် စွဲလမ်းသည့် စွဲလမ်းမှု၊ မြင်ရသည့် အာရုံအပေါ် ပသာဒရုပ်အပေါ် ခင်တွယ်ရသည့် လောဘ/စွဲလမ်းမှု၊ အစရှိသဖြင့် အာရုံငါးပါးတို့ကို မစောင့်စည်းနိုင်ခြင်းကြောင့် မိမိတို့မှာ ရုပ်၊နာမ် နှစ်ပါး ပြောင်းလဲမှုများ ဖြစ်လာပါတယ်။ ကျား၊မ ရုပ်တရား ကွဲပြားလာပြီး ကျား၊မ ဖြစ်လာခြင်းနှင့် အစားအသောက်၊ နေ ထိုင်ရေးတို့ကလည်း အကုသိုလ်အကျိုးပေးအလိုက် နိမ့်သထက် နိမ့်လာပါတယ်။ မြေကြီးစားရုံနဲ့တင် အာဟာရ ဖြစ်လို့၊ မြေကွက် လု၊ မြေက စားရလို့ အပင်စိုက်စားတော့ အပင်လု၊ အပင်လုတော့၊ အပင်လုပြီး အသားလု၊ ငါးလုနဲ့ ယနေ့ လူသားဟူသည် အသားစားသော သက်ရှိများ ဖြစ်လာရသည်ဟု ဘုရားဟော ကမ္ဘာတည်၊ ကမ္ဘာပျက်၊ လူတည်၊လူပျက်၊ သက်ရှိ၊သက်မဲ့ ဖြစ်၊ ချုပ်တရားပြ ကပ်ဘေးတရားများမှာ ပါဝင်ပါတယ်။ 

ထို့ကြောင့် ယနေ့သိပ္ပံပညာ၊ ဆေးပညာရှင် တို့ လေ့လာတွေ့ရှိ သည့်အတိုင်း အသားဓာတ် မစားသုံးရင် ဖြစ်လာနိုင် တဲ့ ရောဂါများ လည်းရှိလာပါတယ်။ အသားစားက ဖြစ်လာနိုင်တဲ့ ရောဂါက ပို၍ ထူပါတယ်။ အသားစားလျှင် အသားနှင့် ဆက်စပ်ရောဂါ ဖြစ်ရ သကဲ့သို့၊ အသားမစားလျှင် အသားမစားသကဲ့သို့ ပက်သက်ရာ ရောဂါ များ ဖြစ်လာရပါတယ်။ ဥပမာ ဗီတာမင် ဘီ ၁၂ ချို့ ယွင်းမှုကြောင့် အရိုးအကြော မသန်မာခြင်း၊ အားအင်မပြည့်ဖြိုးကြီး အစရှိသဖြင့် တို့လဲ ဖြစ်လာပါတယ်။ အခြားသော အချက်များလည်း ရှိပါသေးတယ်။

သို့သော် ဆေးပညာတွေ့ရှိချက်များက လွန်ဆွဲနေဆဲ ဖြစ်ပါတယ်။ အသားမဟုတ်သော်လည်း အသားဓာတ် ပြည့်စေသော အစား အသောက်ဖြင့် အသက်ရှည်နိုင်တယ် လို့ထောက်ခံသူက တစ်ဖွဲ့၊ အသားမစားရင် ဗီတာမင့် ချို့ ယွင်းလို့ ရောဂါထူမယ်လို့ ထောက်ပြတဲ့ တစ်ဖွဲ့၊ အသားစား အသက်တို၊မတို၊ သက်သက်လွတ်စား အသက်တိုမတိုကိုလည်း ယနေ့တိုင် အငြင်းပွားနေဆဲ ဖြစ်ပါတယ်။ 

ဒီတော့ အနှစ်ချုပ်လိုက်ရင် အဓိက တရားခံ၊ အရင်းအမြစ်က မိမိကိုယ်တိုင်ပဲ ဖြစ်ပါတယ်။ အဝိဇ္ဇာ၊ တဏှာ နှစ်ဖြာ ဖုံးသော လောကမှာ သတ္တဝါအဖြစ် ကျင်လည်ပါများသောကြောင့် အသားစားခြင်းက မထူးဆန်းသလို ဖြစ်သွားပါတယ်။ ဗုဒ္ဓမြတ်စွာ ဘုရားရှင်ကိုယ်တိုင်တောင် ဒကာတို့ ဘုန်းပေးတဲ့ အသားဟင်းလျာကို မငြင်းဆန်နိုင်ပါဘူး။ ယနေ့ ထေရဝါဒ သာသနာတော်တွင်းမှ ဘုရား သားတော်၊ ဦးဇင်း၊ ရဟန်း များတွင်လည်း အသားဟင်း ရှောင် သူ၊ မရှောင်သူ အဖုံဖုံ ရှိသော်လည်း အကြည်ညို၊ အကိုးကွယ် မပြတ်စေ။ ဘုရားဟော တရားတွင် သူ့အသက်မသက်ရ ပါသော်လည်း၊ သူ့အသား စာသုံးခြင်းက ပါဝင်နေမှုက ထောက်စရာ တစ်ခု ရှိပါသေးတယ်။ 

အထက်က ပြောခဲ့သလိုပါပဲ။ အသားမစားလို့ ဖြစ်လာမယ့် ကျန်းမာရေး ဆိုးကျိုးက တစ်ချက်၊ သတ္တဝါပညတ်တို့ရဲ့  တားမရသော အသက်သတ်ခြင်း အမှုကိစ္စကလည်း တစ်ချက် ရှိနေပါတယ်။ ဥပမာ - တံငှာသည် ငါးဖမ်းပါတယ်။ ဘုရားလှူပါဆိုလျှင် သူ့မှာ လှူစရာ ငါးပဲရှိပါတယ်။ ဘုန်းပေးစရာ ဆွမ်းဆိုလို့ ငါးပဲ ရှိတော့ ရဟန်း၊ ဘုန်းကြီးတို့ မငြင်းဆန်ဝံ့ပါဘူး။ တိရစ္ဆာန်သတ်ဖြတ် အသက်မွေး ဝမ်းကျောင်းပြုသော မုဆိုးကို လှူပါဆိုလျှင်၊ ကုသိုလ်ပြုပါဆိုလျှင် အသားမှ အခြားမရှိနိုင်ပါ။ ဒါကြောင့် အသားကိုလည်း မငြင်းဆန်ပဲ ဘုန်းပေးရ ပါတယ်။ ဘုရားသက်ရှိထင်ရှားကာလက အသားကို အခြေပြုအသက်မွေးသူများ ရှိသလို၊ ယနေ့လည်း ရှိပါတယ်။ မသတ်ပါ နဲ့ အခြားစီးပွားရေး လုပ်ပါ၊ အရင်းအနှီးပေးပါမည်ဟုလည်း မည်သည့် ဖန်ဆင်းရှင် တန်ခိုးရှင် ပေါ်လာမပေးနိုင်ပါ။ မိမိ ကံကြမ္မာမိမိဖန် တီးနေရသော သူတို့က အသက်သက်နေရ သော်လည်း ကံကံ၏ အကျိုးကို ယုံကြည်ကြောင်း၊ ဘုရားဟော တရားများကို ကျင့်သုံးလိုက် နာရန် ကြိုးပမ်း နေကြောင်း နှင့် အခြားသော ကုသိုလ်ထူးပြုလိုခြင်းငှာ အသားကို ဆွမ်းကပ်ပါတယ်။

ထိုနည်းတူစွာ ယနေ့ အလှူပွဲများတွင်လည်း အသားဟင်း လျာ ကျွေးမွေးရခြင်းက နှစ်ကာလ အတော်ကြာ ပါလာသော အထုံဓလေ့ကြောင့်လည်း ဖြစ်ရပါတယ်။ အသားမပါသော သက်သက်လွတ် သီးသန့် အလှူပွဲ၊ ဆွမ်းကပ်ပွဲ တစ်ခုခု လုပ်ဖို့က လွယ်ပေမယ့် ဘုန်းပေရန် ဘုရားသားတော်များမှာ မတူညီ ကွဲပြားမှုများ ရှိလာပါတယ်။ ဒီတော့ သူ့အသားသတ်ခြင်းက ပါဏာတိ ပါတကံလို့ သတ်မှတ်ပေမယ့် သူ့အသားစားခြင်းကို ပါဏာတိပါတ ကံလို့ မသတ်မှတ်ပါဘူး။ 

သို့သော် - 

သူ့အသား စားသည့်အခါ မိမိ မစားချင်အောင် ရွံရှာလှသည့် အသားကို စားသုံးနေသည်ဟု အမြဲ ဆင်ခြင်လျက် စားသုံးရန်လိုအပ်သည် ဟု ဟောကြားထားပါတယ်။ ခန္ဓာကိုယ်၏ တည်စေခြင်း၊ မြဲစေခြင်း၊ ဒါန၊ သီလ၊ ဘာဝနာ (ဝိပဿနာ) တရားများ ပွားများ အားထုတ်နိုင် ပါစေခြင်းအတွက် မိမိခန္ဓာအသက် ခဏတာ ရှည်စေရန် အစာ အာဟာရ တစ်ခု၏ အထောက်အပံ့ကို ယူခြင်းလို့ သဘောထား စားရမှာ ဖြစ်ပါတယ်။ သတိပြတ်လို့ မရပါဘူး။ သတိ တစ်ချက်လွတ်လို့ ဒီအသား စားလို့ကောင်းလိုက်တာလို့ တစ်ချက် တဏှာဝင်လျှင် အာပတ်/ဥပဒ် သင့်ပါတယ်။ အထူးသဖြင့် ဘုရားသားတော် များတွင် ပိုသင့်၍ လောကီလူသားတို့လည်း လိုက်နာ နိုင်ရင် အကောင်းဆုံး ဖြစ်ပါတယ်။ 

အနှစ်ချုပ်

ဒီတော့ အနှစ်ချုပ်အနေနဲ့ စားချင်တာစားပါ။ စားလိုကစားပါ။ သက်သက်လွတ်စားချင်စားပါ၊ စားနိုင်စားပါ၊ မစားနိုင် မစား ပါနဲ့။ မြတ်စွာဘုရားက အလယ်အလတ်လမ်းစဉ်ကို ချပြပေးခဲ့ ပါတယ်။ ဘယ်အရာကိုမဆို ဇွတ်တရွတ်ဆန်ဆန် ကျင့်သုံးခြင်းက မိမိအတွက် လည်း တကယ် အကျိုးမပြုပါဘူး။ သတိတစ်ချက် အမြဲကပ်လို့ သူ့အသက်မသတ်သော်လည်း သူ့အသားစားခြင်းအပေါ် မခင်တွယ်ရန် အထူးလိုအပ်ပါတယ်။ ဒီအသားလေး စားလိုက်ရမှ ဟူသော တဏှာမျိုး မစွဲကပ်ရန် လိုအပ်ပါတယ်။ အသားကိုပဲ မဟုတ်။ စွဲလမ်းအပ်သော အစာ၊အာဟာ ရ မှန်သမျှက လောကုတ်တရာ လမ်းစဉ်လျှောက်လမ်း ရန် အတားအဆီးများ ဖြစ်စေတတ်ပါတယ်။ 

ထေရဝါဒ ဗုဒ္ဓဘာသာဝင်တို့ တဏှာခင်တွယ်မှု လျော့နိုင် သမျှ လျော့နည်းလို့ နိဗ္ဗာန်တို့ အရောက်လှမ်းနိုင်ပါစေ။
---
အောင်ခမ်း (Myanmar Young Buddhist)
--
http://www.innewsmyanmar.com/2013/04/blog-post_17.html

http://www.facebook.com/photo.php?fbid=458973680856436&set=a.150971318323342.4

No comments:

Post a Comment