Pages

မော်လမြိုင်ကျွန်းမြို့ ၏ ထူးခြားသော ဓလေ့တစ်ခု


Sunday ,April 07, 2013

(တစ်)
စားလို့ရတာ အကုန်စားဟု စကားရှိသော်လည်း စားလို့ရတာ မှန်သမျှကို မစားဘဲ ကိုယ့်ခံယူချက်နှင့်ကိုယ်၊ ကိုယ့်ခံစားမှုနှင့်ကိုယ် စည်းကမ်းနယ်နိမိတ်သတ်မှတ်ကာ ကိုယ့်ပါးစပ်ကို ထိန်းသိမ်းကြပ်မတ်ပြီး အသက်ရှင်နေထိုင်သွားကြသည့် လူပုဂ္ဂိုလ်အမျိုးမျိုးကို ကျွန်တော်တွေ့ဖူးပါသည်။

မြန်မာ့လူနေမှုပုံစံ၌ သားသတ်လွတ်သမားများစွာကို တွေ့နိုင်ပါ၏။ သားသတ်လွတ်ဟုဆိုကတည်းက သူတစ်ပါးအသားကို စားပြီး အသက်မရှင်လိုဘူးဆိုသည့် အနက်က ထင်ရှားပြီးသား ဖြစ်ပါသည်။ မည်သည့်အသားကိုမှ မစားဟုဆိုသည့်အတွက် ငံပြာရည်ကိုပင်လျှင် ငါးမှရသော အရည်ဖြစ်သည်ဟုဆိုကာ ရှောင်ရှားသဖြင့် စားသောက်ဖွယ်ရာများကို ဆားနှင့်စီစဉ်ပေးရသည့် မိတ်ဆွေတစ်ဦးကို တွေ့ခဲ့ဖူးပါသည်။ အင်္ဂလိပ်ဘာသာစကား၌ Vegetarian ဟုဆိုသော ပုဂ္ဂိုလ်မျိုးပင် ဖြစ်ပါသည်။

တချို့တလေကမူ ကုန်းသတ္တ၀ါမစားဟူ၍ ရှိပါသည်။ ရေနေသတ္တ၀ါ ငါး၊ ပုစွန်မှန်သမျှ စားသုံးသော်လည်း ကုန်းပေါ်က သတ္တ၀ါမှန်သမျှ ဘာမှမစား။ ယုတ်စွအဆုံး ဘဲဥ၊ ကြက်ဥကိုပင် မစား။ ဘဲကလေး၊ ကြက်လေးဖြစ်လာနိုင်သော အရာမို့ဆိုလား...။

တချို့တလေတို့ကမူကား သားကြီး၊ ငါးကြီးမစားသူများ ဖြစ်ပါသည်။ သားကြီး၊ ငါးကြီးဆိုသည်မှာ သက်ရှိသတ္တ၀ါအမျိုးမျိုး၌ အ ဆင့်မြင့်သတ္တ၀ါ အတန်းအစားထဲ စာရင်းဝင်သည့် နို့တိုက်သတ္တ၀ါ (Mammal) ကို ဆိုလိုခြင်းဖြစ်ပါ သည်။ ဥပမာ ဆိတ်သား၊ ၀က်သား၊ သိုးသား၊ အမဲသား စသည်..။

ထူးဆန်းအံ့သြဖွယ်ရာ မီးလွတ်စားသူ ပုဂ္ဂိုလ်ထူး တချို့တွေ့ဖူးပါ၏။ တကယ့်ကို မီးလွတ်။ မီးဖြင့် ချက်ပြုတ်ကြော်လှော်ဖုတ် ကင်ထားသမျှ ဘာကိုမျှ မစား။ သစ်သီး၊ သစ်ဥ၊ သစ်ရွက်၊ သစ်ခက်များသာ သူ့အစားအစာ။ သင်္ဘော၊ သရက်၊ လိမ္မော်၊ ငှက်ပျော၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ရှောက်ရွက်၊ မန်ကျည်းရွက် စသည် စသည် ...။

ထိုသို့ မိမိ၏ အသက်ရှင်သန် တည်မြဲဖို့ရာ၌ အသက်လွတ်၊ မလွတ်၊ မီးလွတ်၊ မလွတ်၊ သားကြီး ငါးကြီး ဟုတ်၊ မဟုတ် စသည်ဖြင့် စိစိစစ်စစ် စူးစူးစမ်းစမ်းလုပ်ကာ စားသောက်နေထိုင်ကြသူများရှိရာ ဤကမ္ဘာပေါ်၌ ရက်စက်သော စိတ်ကူးများဖြင့် စားမှုသောက်မှုကို တန်ဆာဆင်ကြသူများလည်း ရှိပါသည်။ ငါးကို ကိုယ်တိုင်မျှားပြီးမှ စားဖို့စီစဉ်ပေးထားသော စားသောက်ဆိုင်ကြီးတွေ၊ အလိုရှိရာ အကောင်ကို လက်ညှိုးထိုးပြပြီး အရှင်လတ်လတ် ဦးနှောက်ဖောက် စားနိုင်သည့် မျောက်ကလေးများနှင့် စားသောက်ဆိုင်ကြီးတွေ၊ အလိုရှိရာ မြွေကို လက်ညှိုးထိုးပြ ချက်ချင်းဆွဲထုတ်၊ ချက်ချင်းခုတ်ထစ်ကာ မြေသွေးသောက်နိုင်ရန် စီစဉ်ထားသည့် စားသောက်ဆိုင်ကြီးတွေ၊ ဘယ်အကောင်ကြိုက်သလဲဟုဆိုကာ စိတ်ကြိုက်ရွေးနိုင်ဖို့ ခြံထဲမှာ ထည့်လှောင်ပြထားသည့်ဆိတ်တွေ၊ သိုးတွေ၊ မြည်းတွေ..။

ကိုယ့်မူနှင့်ကိုယ်၊ ကိုယ့်အယူနှင့်ကိုယ် ဘာကိုစားမယ်၊ ဘာကိုမစားဘူးဟု ရှည်လျားထွေပြားလှစွာသော လူ့ဘုံခန်းဝါကြီးထဲ၌ နံပါတ်တစ် ဘာကိုစပြီးရှောင်မလဲဟု မေးလာလျှင်ကား အမဲသား (သို့မဟုတ်) နွားသားဖြစ်လိမ့်မည် ထင်ပါသည်။

လူသားများအဖို့ အထူးသဖြင့် နွားနှင့်တွဲယှဉ်ကာ အလုပ်လုပ်ကြရသောသူများအဖို့ အမဲသားကို စားဖို့ တွန့်ဆုတ်သွားကြ ဟန်တူပါသည်။ တချို့ဆိုင်များ၌ အမဲသားမရောင်းပါဟုပင် စာတန်းရေးကပ် ချိတ်ဆွဲထားကြသည် မဟုတ်ပါလား။

(နှစ်)
ဧရာဝတီတိုင်းထဲက မော်လမြိုင်ကျွန်းမြို့ကလေးကတော့ အမဲသားကိစ္စမှာ တော်တော်ကလေး ထူးပါသည်။

လူတို့က နှုတ်မှု၌ လွယ်ကူစေရန် အလို့ငှာ မော်ကျွန်းဟု ခေါင်းနှင့်အမြီးကို ဆွတ်၍ခေါ်ထားသော မော်လမြိုင်ကျွန်းသို့ ကျွန်တော်ရောက်ရောက်သွားတတ်ပါသည်။ ဟိုးတုန်းက ညအိပ်သင်္ဘောကြီးများနှင့်။ နောက်တော့ ရှပ်ပြေးခေါ် အမြန်မော်တော်ယာဉ်များနှင့်။ ယခု ကြမ်းတမ်းသော လမ်းများပေါ်ကနေ ကားနှင့်။

မော်ကျွန်း... မော်ကျွန်း။ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ မတ်တတ်ကြေးရုပ်ကြီး တစ်ရုပ်တည်းနှင့်ပင် မြို့၏ဂုဏ်ကို ကုံလုံခဲ့စေပြီးဖြစ်သည့် မော်ကျွန်း။ ရာဇူဒိုင်မြစ်က ရစ်ခွေ၍ ထွေးပိုက်ထားသည့် မော်ကျွန်း။

မော်ကျွန်းရှိရာဆီ အသွားအလာလေးတွေ များလာတော့ မော်ကျွန်းအထာကို ကျွန်တော်ရိပ်စားမိလာပါသည်။ မော်ကျွန်းဈေးထဲမှာ အမဲသားသည်ကို ကျွန်တော်မတွေ့မိ။ ကျွန်တော်တို့အတွက် ထမင်းဝိုင်းမှာ အမဲသားမပါ။ ထမင်းဆိုင်တွေထဲမှာ အမဲသားဟင်း မရောင်း။ အို... ဘယ့်နှယ် မော်ကျွန်းပါလိမ့်။

“မော်ကျွန်းမှာ အမဲသားမရတာ ငါးနှစ်ကျော်လို့ ခြောက်နှစ်စွန်းတော့မယ်ထင်ပါရဲ့” ဟု ဒေသခံမိတ်ဆွေက မော်ကျွန်း၏ အမဲသား သမိုင်းကို စကားတစ်ခွန်းတည်းနှင့် သံခိပ်လုပ်ပစ်လိုက်ပါသည်။

(သုံး)
နွားကိုသနားတတ်သူ မော်ကျွန်းသား တစ်စုတို့က လွန်ခဲ့သော ငါးနှစ်ဝန်းကျင်လောက်မှစကာ အမဲလိုင်စင်ကို လေလံဆွဲလိုက်ကြပါသည်။ သည်တုန်းက မော်ကျွန်းစည်ပင်သာယာ၏ အမဲလိုင်စင်ကြေးက ကျပ်ငွေဆယ့်နှစ်သိန်း။ နောက်တော့ တစ်စတစ်စနှင့် တက်၍တက်၍ လာလိုက်သည်မှာ ကျပ်ဆယ့်ငါးသိန်း၊ သိန်းနှစ်ဆယ်၊ သိန်းသုံးဆယ်၊ အခု နောက်ဆုံး သိန်းလေးဆယ်သို့ ရောက်လာသည်အထိ။

“တစ်မြို့လုံးက ၀ိုင်းထည့်ကြတာဆရာရဲ့။ ဥပမာဗျာ - ကျွန်တော်ဆိုရင် အခုတစ်သိန်းခွဲ ပုံမှန် ထည့်တယ်။ ကျွန်တော့်လိုလူတွေကလည်း အများကြီး။ ငါးထောင်၊ တစ်သောင်း တတ်နိုင်သမျှထည့်ကြသူတွေကလည်း များမှများ။ ငွေသိန်းလေးဆယ်က လွယ်လွယ်လေးဆရာရဲ့”

သြော်.. မော်ကျွန်းသား၊ မော်ကျွန်းသူတို့ လုပ်ကြပုံ။ အမဲသားမစားဖို့ တရားမဟော။ အမဲ သားစားသူတို့ကို အပြစ်မဆို။ အမဲ သားစားနေတာကို မကန့်ကွက်။ နွားသတ်ခွင့်အတွက် စည်ပင်သာ ယာကို ပေးရသည့် လိုင်စင်ကြေး ကို စုဆောင်းကာ ပေးသွင်းလိုက်ကြပြီး ထိုအခွင့်အရေးကို စွန့်လွှတ်ကာ နွားမသတ်ဘဲနေကြခြင်းဖြင့် ကုသိုလ်ပြုလိုက်ကြခြင်းပင် ဖြစ်ပါသည်။

“စားချင်လွန်းလို့ တခြားမြို့မှာစားတာ၊ တခြားမြို့က၀ယ်လာတာ၊ ဘာသာရေးအရ အမဲသား ပေါ်တာမျိုးကတော့ ရှားတောင့် ရှားပါးရှိတာပေါ့။ ရှိမှာပေါ့။ ဒါပေမဲ့ မော်လမြိုင်ကျွန်းမှာက အမဲသားစားဖို့ တော်တော့ကို ခက်ခဲပါတယ်”

ကျွန်တော်က အမဲသားစားသည်ကို ကောင်း၏၊ မကောင်း၏ မပြောလိုပါ။ သို့သော် ကိုယ်ဖြစ်ချင်သည့် ကိစ္စကို မည်သူ့ဆီကမှ တောင်းဆိုမနေဘဲ ကိုယ့်အိတ်ထဲကပင် စိုက်ထုတ်ပေးချေကာ တန်ရာတန်ကြေးပေး၍ ရယူလိုက်သော လုပ်ရပ်ကို ကျေနပ်သွားမိခြင်းဖြစ်ပါသည်

လယ်တီဆရာတော်ဘုရားက နွားမေတ္တာစာတွင် ဤသို့ ရေး ဖွဲ့ခဲ့ဖူးပါသည်။


“တို့တစ်တွေပခုံးမှာ၊ မီးဟုန်းဟုန်းထမတတ်၊ 

တို့လုံ့လ တို့စွမ်းအင်၊ တို့အပန်းခံနိုင်လို့၊ 
ဆန်စပါး ပြောင်းနှမ်း၊ ဘူးခရမ်း ပဲအမျိုး၊ 
 မြေပြင်လုံးမောက်ဖြိုးအောင်၊ တိုးတက်သည့် ဘဏ္ဍာနှင့်၊ 
လိုရာတိုင်းပြည့်စုံ၊ ကုံလုံကြ အသီးသီး၊ 
 ကျောင်းကြီးဆောက် ဘုရားတည်၊ တစ်တိုင်းလုံးကြွယ်သည်မှာ၊ 
ဘယ်သူက အရင်းဟု၊ စဉ်းစားဖွယ်မရှိ၊ ထင်အလင်းသိပါလျက်၊ 

သတိပင် မပေါ်၊ ကျေးဇူးကို မမျှော်၊ 
စိတ်အချော်တိမ်းပါး၊ မိတ်မတော်စိမ်းကားလျက်၊ 
တို့အသားတို့အသည်း၊ တို့အဆီရွှဲရွှဲကို၊ 
ထမင်းပွဲအလယ်၊ အနင့်သားတည်ပြီးလျှင်၊ 
ရယ်ကာ ပြုံးကာ အရသာခံစား၍၊ 
လင်မယားတစ်တွေ၊ မြုံ့ကြသည့်အနေမှာ၊
 မြိန်နိုင်သည့်သူတို့ကိုယ်၊ မျိုရက်ပေ့ သူ့ခံတွင်း၊ 
တို့လုပ်သည့် ထမင်းကို၊ တို့ဟင်းလျာ အသားနှင့်၊ 
စားကြသည့်ဖြစ်နဲကို၊ တို့အသည်းနာလိုက်ကဲ့” စသည်...စသည်...။

သြော်.. မော်ကျွန်းသူ၊ မော်ကျွန်းသားတွေက လယ်တီဆရာတော်၏ မေတ္တာစာထဲက တရားကိုများ နှလုံးသွင်းသွားမိလေသလား မပြောတတ်။ ရယ်ချင်လည်း ရယ်ကြပေတော့။ နွားမှဖြစ်လျှင်ဖြင့် မော်လမြိုင်ကျွန်းမြို့ကလေးမှာသာ နွားဖြစ်လိုပါရဲ့....။ ။
 

ရေးသားသူ- မောင်သာချို
7DaysNewsJournal


ဒီနေရာမှကူးယူမျှဝေပါသည်။ 

No comments:

Post a Comment