Pages
▼
အရဟံဂုဏ်တော်အား ကြည်ညိုကြည့်ခြင်း…
မြတ်စွာဘုရား၏ ဂုဏ်တော်ကိုးပါးတို့တွင် အရဟံ ဂုဏ်တော်ကို ပထမဆုံးဂုဏ်တော်အဖြစ် ပိဋကတ်စာပေများ၌ တွေ့ရမည်ဖြစ်၏။ ဘုရားရှင်၏ဂုဏ်တော်များ အကြောင်းပြောကြလျှင်လည်း အရဟံစသော ဂုဏ်တော်ကိုးပါးဟူ၍ ပြောလေ့ရှိကြ၏။ ထို့အပြင် အရဟံဂုဏ်တော်နှင့် ပတ်သက်၍လည်း အဋ္ဌကထာများတွင် အမျိုးမျိုးဖွင့်ဆို ချီးကျူးတော်မူကြ၏။ ထင်ရှားသည့် ဖွင့်ဆိုချက်များမှာ
မြတ်စွာဘုရားသည်…
၁။ အလုံးစုံသော ကိလေသာအပေါင်းမှ ကင်းစင်တော်မူခြင်း
၂။ သံသရာစက်လည်ပတ်မှု အကန့်တို့ကို ဖျက်ဆီးတော်မူပြီးဖြစ်ခြင်း
၃။ လူ၊ နတ်၊ ဗြာဟ္မာ သတ္တ၀ါအားလုံးတို့၏ ပူဇော်အထူးကို ခံယူတော်မူထိုက်ခြင်း
၎။ အလုံးစုံသော ကိလေသာမှန်သမျှကို အကြွင်းအကျန်မရှိ ပယ်သတ်တော်မူပြီးဖြစ်ခြင်း
၅။ ဆိတ်ကွယ်ရာ အရပ်၌ပင် မကောင်းမှုအကုသိုလ်ကို ပြုတော်မမူတတ်ခြင်း စသော အကြောင်းတို့ကြောင့် အရဟံဟူသော ဂုဏ်တော်နှင့် ပြည့်စုံတော်မူ၏ ဟူသည့် ဖွင့်ဆိုချက်များ ဖြစ်၏။
ထိုဂုဏ်တော်အဖွင့်များတွင် စာရေးသူနှင့် စာဖတ်သူတို့ အထူးသဖြင့် ကြည်ညိုကြည့်သင့်သည့် အချက်မှာ နံပါတ် (၅) အဖွင့်ဖြစ်သည့် ဆိတ်ကွယ်ရာ အရပ်၌ပင် မကောင်းမှုအကုသိုလ်ကို ပြုတော်မမူခြင်း ဟူသော အချက်ပင်ဖြစ်၏။ ထိုဖွင့်ဆိုချက်ကို မိမိတို့၏ ကိုယ်တွေ့အခြေအနေနှင့် ချိန်ထိုးကြည့်လျှင် ပိုပြီးကြည်ညိုတတ်ပေမည်။ မိမိတို့ တစ်ယောက်တည်း တိတ်ဆိတ်ပြီး မမြင်ကွယ်ရာမှာ ရှိနေသည့်အခိုက် ဖြစ်တတ်သည့် စိတ်အစဉ် အခြေအနေများနှင့် ယှဉ်ကြည့်လျှင် ပိုပြီးထင်ရှား၏။ မှန်ပါသည်။ မည်သူမဆို ပုထုဇင်မှန်သမျှ စိတ်အစဉ် မတည်ငြိမ်ကြသဖြင့် မကောင်းသည့် အကုသိုလ်များနှင့် မပြတ်ယှဉ်တွဲ နေတတ်ကြ၏။
မျက်စိ၊ နား၊ နှာ၊ လျှာ၊ ကိုယ်၊ စိတ်တို့ကို အမှီပြု၍ မကောင်းသည့် ကာယကံမှုများ၊ ၀စီကံမှုများ၊ မနောကံမှုများ ဖြစ်ပေါ်တတ်ကြ၏။ အထူးသဖြင့် မမြင်ကွယ်ရာတွင် ရှိသည့်အခိုက်၌ ပိုပြီးဖြစ်တတ်ကြ၏။ တစ်ခါတစ်ရံ အခန်းထဲတွင် တစ်ယောက်တည်း ရှိသည့်အခါ အာရုံတစ်ခုခုကို အမှီပြု၍ မကောင်းသည့် အကုသိုလ်များ ဖြစ်ပေါ်တတ်သည်ကို သတိပြုမိကြမည်ဖြစ်၏။ တစ်ယောက်တည်း ရှိနေသည့်အခိုက်တွင် စိတ်ကိုသတိဖြင့် မကပ်ဘဲ နေမိပါက တစ်စုံတစ်ယောက်ကို အကြောင်းပြု၍ဖြစ်စေ၊ တစ်စုံတစ်ခုကို အကြောင်းပြု၍ဖြစ်စေ မကောင်းသည့် စိတ်အတွေးများ ဖြစ်ပေါ်တတ်ကြ၏။ ယင်းမကောင်းသည့် စိတ်အတွေးတွင် မရပ်မိကြဘဲ လက်တွေ့ကာယကံမြောက် ပြုသည်အထိ အာရုံနောက်ကို စိတ်လိုက်ကာ ကျူးလွန်မိတတ်ကြ၏။
စိတ်ဟူသည်ကလည်း အခက်သားပင်။ အပြောင်းအလဲ အဖြစ်အပျက် မြန်ဆန်လှသည့်အတွက် တဒင်္ဂအခိုက်မှာပင် အကုသိုလ်မျိုးစုံကို ကျူးလွန်မိတတ်၏။ အပြုခံအာရုံနှင့် ပြုတတ်သည့်သဘော တို့ကြောင့် ဖြစ်ပေါ်လာတတ်သည့် စိတ်အမျိုးမျိုးသည် အကြောင်းအကျိုး ဆက်စပ်နေ၏။ ဥပမာအားဖြင့် ရူပါရုံနှင့် စက္ခုပသာဒတို့ ပေါင်းစုံမိသည့်အခါ စက္ခုဝိညာဏ်ဟူသော မြင်သိစိတ်ဖြစ်သကဲ့ ဖြစ်၏။ တစ်ယောက်တည်း ရှိနေသော်လည်း အာရုံတစ်ခုခုကို အမှီပြု၍ မကောင်းသည့် အကုသိုလ်များ ဖြစ်ပေါ်တတ်၏။ တစ်ယောက်တည်း မမြင်ကွယ်ရာ အရပ်မှာဖြစ်နေခြင်းကပင် မကောင်းသည့် အကုသိုလ်များ ဖြစ်ပေါ်လာအောင် လှုံ့ဆော်ပေးသကဲ့သို့ ဖြစ်နေတတ်၏။
``ငါတစ်ယောက်တည်း ရှိတာပဲ… ဘယ်သူ့မှ မသိလောက်ပါဘူးလေ… `` စသည့် စိတ်အကြံဖြင့် မကောင်းမှုကို ကျူးလွန်မိတတ်၏။ ထိုသို့ တစ်ယောက်တည်း ရှိနေသည့်အခိုက်တွင် တရားနာခြင်း၊ တရားအားထုတ်ခြင်းစသည့် ကောင်းသည့်စိတ်၊ ကောင်းသည့်လုပ်ရပ်များထက် ``ဘယ်သူမှ မရှိတုန်း ... ဘာလေးတော့ လုပ်လိုက်ဦးမှ… ဘာလေးတော့ ကြည့်လိုက်ဦးမှ…`` စသည့် မကောင်းသည့် စိတ်အကြံ၊ လုပ်ရပ်များက ပို၍အဖြစ်များတတ်၏။ အဘယ့်ကြောင့်ဆိုသော် စိတ်၏ သဘောကပင် ` မကောင်းမှုမှာ မွေ့လျော်တတ်ခြင်း (ပါပသ္မိံ ရမတိ မနော)` သဘော ရှိသည်၏ အဖြစ်ကြောင့်ဖြစ်၏။
အမှန်စင်စစ် တစ်ယောက်တည်း ဆိတ်ကွယ်ရာ အရပ်၌ ရှိနေသဖြင့် မည်သူမျှ မသိလောက်ပါဘူးဟူသော အတွေးဖြင့် မည်သည့်အလုပ်ကို မည်မျှပြုလုပ်သည်ဖြစ်စေ အခြားသူများ မသိနိုင်သော်လည်း မိမိကိုယ်ကို မိမိကား သိနိုင်၏။ မိမိကိုယ်ကို မိမိလိမ်လည် လှည့်စား၍မရနိုင်ပေ။ တိတ်ဆိတ်ကွယ်ရာမှာ မည်မျှပင် ရှောင်တိမ်းပြီး နေပါစေ မိမိစိတ်ကိုကား ရှောင်တိမ်း၍ မရနိုင်ပေ။ တိတ်ဆိတ်ကွယ်ရာတွင် ကောင်းသည့်အလုပ်များဖြင့် နေနိုင်ပါက အတိုင်းထက်အလွန် ကောင်းသော်လည်း မကောင်းသည့် အတွေးအကြံများဖြင့် မကောင်းမှုများကို ပြုလုပ်မည်ဆိုပါက မည်မျှပင် မမြင်ကွယ်ရာ၌ပင် ဖြစ်ပါစေ ဖုံးကွယ်၍ မရနိုင်ပေ။
ပတ်ဝန်းကျင်ကို ဖုံးကွယ်၍ ရနိုင်သော်လည်း မိမိကိုယ်ကို ဖုံးကွယ်လိမ်ညာ၍ မရပေ။ အဘယ့်ကြောင့်ဆိုသော် မိမိ၏လုပ်ရပ်ကို မိမိသာလျှင် အသိဆုံးဖြစ်သောကြောင့်ပင် ဖြစ်၏။ ထို့ကြောင့်လည်း မကောင်းမှုသည် ဆိတ်ကွယ်ရာမရှိဟု ဆိုကြခြင်းဖြစ်၏။ ဆိတ်ကွယ်ရာ မရှိသကဲ့သို့ စိတ်ကွယ်ရာလည်း မရှိပေ။ မည်သူမျှ မသိလောက်သည့် ဆိတ်ကွယ်ရာ အရပ်ပင် ဖြစ်သော်လည်း မိမိ၏ စိတ်ကွယ်ရာအရပ်ကား မရှိနိုင်ဟူသော သဘောကို ဆိုလို၏။ မြတ်စွာဘုရားသည် ထိုသဘောကို လွန်မြောက်ပြီးသည့် အတုမရှိ အနှိုင်းမဲ့ဖြစ်၏။
မှန်ပါသည်။ မြတ်စွာဘုရားရှင်သည်ကား အလုံးစုံသော ကိလေသာမှန်သမျှကို အကြွင်းအကျန်မရှိ ပယ်သတ်တော်မူပြီးသည်၏ အဖြစ်ကြောင့် မည်မျှပင် ဆိတ်ကွယ်ရာ အရပ်ဖြစ်သော်လည်း မကောင်းမှု အကုသိုလ်ကို မပြုတော့ပေ။ မိမိတို့ ပုထုဇင်များသည် ``ပုထုကိလေသေ ဇနေတီတိ ပုထုဇ္ဇနော- ကိလေသာတို့ မပြတ်ဖြစ်နေတတ်သောကြောင့် ပုထုဇင် မည်၏`` ဟူသည့် အဖွင့်အတိုင်းပင် ကိလေသာများဖြင့် အမြဲမပြတ် ဆက်ဆံနေတတ်ကြ၏။ အာရုံအမျိုးမျိုးကို အမှီပြု၍ မကေင်းမှုများ မပြတ်ဖြစ်ပေါ် နေတတ်၏။ အများနှင့်နေသည့် အခါဖြစ်စေ၊ တစ်ယောက်တည်း နေသည့်အခါဖြစ်စေ မကောင်းသည့် အကုသိုလ်များ ဖြစ်နေတတ်ကြ၏။ တစ်ခါတစ်ရံ ``မမြင်အပ်ရာ ကိလေသာ သူဟာသူငြိမ်း၏`` ဟူသော မဟာစည်ဆရာတော်ကြီး၏ ဆုံးမမှုအတိုင်း အပြင်မထွက်၊ ပြင်ပရှိ အာရုံများနှင့် မတွေ့သည့်အတွက် အကုသိုလ် ကိလေသာများ မဖြစ်နိုင်သော်လည်း မည်မျှပင် တစ်ယောက်တည်း ဆိတ်ကွယ်ရာ အရပ်တွင် ရှိနေပါစေ မိမိ၏စိတ်ကိုမိမိ ကောင်းသည့်အာရုံများနှင့် ရှိနေအောင် အားမထုတ်ပါက မကောင်းမှုများ ပို၍ဖြစ်ပေါ်လာတတ်၏။ စင်စစ် အများနှင့်နေသည်ဖြစ်စေ တစ်ယောက်တည်း ရှိနေသည်ဖြစ်စေ မိမိ၏စိတ်မှာ မကောင်းသည့် ကိလေသာများ မဖြစ်ရန် အရေးကြီး၏။
အထူးသဖြင့် ဆိတ်ကွယ်ရာ အရပ်တွင် တစ်ယောက်တည်း ရှိနေသည့်အခါ မကောင်းသည့် အတွေးအမြင် အကြံအစည်၊ အပြောအဆို၊ အလုပ်အကိုင်များ မဖြစ်ရန် လိုအပ်၏။ ထိုကြောင့် ထိုသို့ ဆိတ်ကွယ်ရာမှာ တစ်ယောက်တည်း ရှိနေသည့်အခါ မြတ်စွာဘုရားရှင်၏ အရဟံ ဂုဏ်တော်ကို အာရုံပြုလျှက် ``ဘုရားရှင်သည် ဆိတ်ကွယ်ရာ အရပ်မှာပင် မကောင်းမှု အကုသိုလ်ကို ပြုတော်မမူပါတကား`` ဟု မြတ်ဗုဒ္ဓထံ စိတ်ညွှတ်၍ မကောင်းသည့် စိတ်မဖြစ်အောင် ကြိုးစားသင့်၏။ မမြင်ကွယ်ရာမှာ တစ်စုံတစ်ခု မကောင်းမှုအကုသိုလ် ဖြစ်ရန်အကြောင်း ပေါ်လာသည့်အခါ မြတ်စွာဘုရားရှင်၏ ဤအရဟံ ဂုဏ်တော်အဖွင့်ကို အာရုံပြု၍ မပြုဖြစ်အောင် အလေ့အကျင့် လုပ်ပေးသင့်၏။ စိတ်ဟူသည် တဖြည်းဖြည်း လေကျင့်ပေးရသည့် သဘောရှိသည့်အတွက် အသေးအဖွဲလေးဟူ၍ အထင်မသေးဘဲ တတ်နိုင်သမျှ လေ့ကျင့်ပေးရန် လိုအပ်၏။ အရဟံဂုဏ်တော်ကို စံပြု၍ မိမိတို့ သန္တာန်မှာ ဖြစ်ပေါ်လာမည့် မကောင်းစိတ်များကို တဖြည်းဖြည်း ဖယ်ရှားနိုင်အောင် ကြိုးစားသင့်၏။
သို့ဖြစ်၍ ဘုရားရှင်ကို ကြည်ညိုသည့်ပုဂ္ဂိုလ်များ သိထားရမည့်အချက်မှာ နှလုံးသားဝယ် ဘုရားတည်နိုင်အောင် ကြိုးစားသင့်သည့် အချက်ပင်ဖြစ်၏။ နှလုံးသားဝယ် ဘုရားတည်သည်ဆိုရာတွင် ဘုရားရှင်၏ အဆုံးအမအတိုင်း နေထိုင်ခြင်းကို ဆိုလို၏။ ဘုရားရှင်သည် ကိုးကွယ်သူများအတွက် နည်းပြလမ်းညွှန်ပေးသည့် အနှိုင်းမယ့် အရှင်ဖြစ်၏။ ဘုရားရှင်ကို အမှန်တကယ် ကြည်ညိုသည်ဆိုပါက ဘုရားရှင်ထုံး နှလုံးမူသင့်၏။ ဘုရားရှင်သည် ဆိတ်ကွယ်ရာ အရပ်မှာပင် မကောင်းမှုအကုသိုလ်ကို မပြုတတ်သည်ကို အတုယူကာ မိမိတို့သည်လည်း ဆိတ်ကွယ်ရာ အရပ်တွင် မကောင်းမှု အကုသိုလ်ကို မပြုမိအောင် ကြိုးစားအားထုတ်သင့်၏။ ဤကဲ့သို့ နေပြခြင်းသည် ဘုရားရှင်ကို ပူဇော်ရာရောက်၏။
ဘုရားရှင်၏ အဆုံးအမကို နှလုံးသားဝယ် အမှန်တကယ် တည်ပြရာရောက်၏။ ထို့ကြောင့် စာရေးသူအပါအ၀င် အားလုံးသော ဗုဒ္ဓဘာသာဝင် သူတော်စင်များသည် နှလုံးသားဝယ် ဘုရားတည်ရာရောက်အောင် ``ဆိတ်ကွယ်ရာ အရပ်မှာပင် မကောင်းမှု အကုသိုလ်ကို ပြုတော်မမူ တတ်သည်ဖြစ်၍ အရဟံ`` ဟူသော ဂုဏ်တော်နှင့် ပြည့်စုံတော်မူသည့် ဘုရားရှင်၏ ဂုဏ်ကို အာရုံပြု ကြည်ညိုပြီး မိမိတို့လည်း ဆိတ်ကွယ်ရာအရပ်တွင် ရှိသည့်အခါ မကောင်းမှု အကုသိုလ်ကို မပြုဖြစ်အောင် ကြိုးစားကာဘုရားရှင်အား ပူဇော်ကြပါစို့ .
မြတ်ဗုဒ္ဓအလင်း
ဒီနေရာမှကူးယူမျှဝေပါသည်။
No comments:
Post a Comment