Pages
အရိုးစွဲနေသောအမှား အသိများကို ဖော်ထုတ်တင်ပြခြင်း
ကျွန်တော်သည်ငယ်စဉ်ကတည်းကပင် စာဖတ်ခြင်းကိုဝါသနာထုံခဲ့သည်။စာဖတ်၍မရှင်းလင်းခဲ့သည်များကို ဆရာ၊မိဘများနှင့် လူကြီးသူမများကိုမေးမြန်းလေ့ရှိ၏။
    မေးမြန်း၍သိရသော ထိုအသိများကို လည်း အရိုးစွဲအောင်မှတ်ထားလေ့ရှိ၏။
    ယခုအခါ ထေရ၀ါဒစာပေများကို ဖတ်ရှုလေ့လာရာ ၌ ယခင်က အရိုးစွဲအောင်သိထားသော အကြောင်းအရာအချို့သည် မှားယွင်းနေကြောင်းတွေ့ရှိရ၏။ကျွန်တော်ကဲ့သို့ အမှားသိနေသူများ အမှန်အတိုင်းသိစေရန် အောက်ပါ အကြောင်းအရာများကို ရှာဖွေ ရေးသားတင်ပြလိုက်ပါသည်။
ဒုက္ကရစရိယာ အကျင့်နှင့် စောင်းဥပမာ
 မြတ်စွာဘုရား ဒုက္ကရစရိယာအကျင့်ကို ကျင့်တော်မူစဉ်က အကျင့်လွန်ကဲသဖြင့်(၀ါ)တစ်ဖက်စွန်းသို့ရောက်သွားခဲ့သဖြင့် သေမတတ်ကြုံခဲ့ရသည်။သို့သော် မိစ္ဆိမဘ၀ိက ပုဂ္ဂိုလ်ဖြစ်၍သာ မသေရခြင်းဖြစ်သည်။
    ထိုသို့ လွန်လွန်ကဲကဲပြင်းပြင်းထန်ထန်ပြုကျင့်နေသည်ကို မယုတ်မလွန်ကျင့်သင့်ပါကြောင်း သိကြားမင်းက ပဉ္စသိင်္ခနတ်သားအားစေလွှတ်၍ စောင်းတီးပြစေသည်။
    လျော့၍တစ်မျိုး၊တင်း၍တစ်ခါ တီးပြပြီး ဥပမာပြကာ ညွှန်ကြားပေးသည့်အတွက် အလယ်အလတ်ဖြစ်သော မဇ္ဈိမပဋိပဒါ အကျင့်ဖြင့် ဘုရားအဖြစ်ကို ရတော်မူ၏ ဆိုသော စကားကို နားရည်ဝခဲ့ပါသည်။
ပို၍ခိုင်မာသည့်အရာကား ဘုရားတန်ဆောင်းများတွင် မြတ်စွာဘုရားဒုက္ကရစရိယကျင့်နေသည်ကို နတ်သားကစောင်းတီးပြနေသည့် ပန်းချီကားများ မြန်မာပြည်အနှံ့ တော်တော်များများ ရှိနေခြင်းပင်ဖြစ်၏။
တစ်ကယ်ဟုလည်းမှတ်ယူမိ၏။ပျင်းရိသောသူနှင့်အပြင်းအထန်ကြိုးစားလွန်းသောသူများကို တွေ့ပါကလည်း အထက်ပါသိခဲ့သော အမှားအတိုင်း မလျော့မတင်းစောင်းကြိုးညင်းကဲ့သို့ ကျင့်ပါရန် လူတတ်လုပ်ပြီး ပြောဆိုခဲ့သည်မှာလည်း အကြိမ်ပေါင်းမရေတွက်နိုင်တော့ပါ။
ယခု အလိမ္မာ စာမှာရှိခဲ့ပါပြီ။အသိတွေလည်းတိုးခဲ့ပါပြီ။ဓမ္မရံသီမဂ္ဂဇင်းအမှတ်စဉ်(၄၉)တွင် ဆရာဦးတင့်ဆွေရေးသော"သိမှတ်ဖွယ်ရာ သာရဏိယကထာ" ဆောင်းပါးမှတစ်ဆင့် အမှန်သိရပါပြီအမှားသိများကိုလည်း ပြင်ရပါတော့မည်။
ဆရာ က.."ဤ မလျော့မတင်း ဟူသောစကားသည်လည်း လောကနှင့်လျော်ညီလှပါသော်လည်း ဘုရားအလောင်းတော်ကြီးကို သိကြားမင်းက သတိပေးရသည် ဟူသောစကားသည် ပါရမီရှင်ကြီးကို ထိပါးပုတ်ခတ်သောစကားသာဖြစ်၍ မသုံးစွဲသင့်ပေ။
    အမှန်က ရာဇဂြိုလ်ပြည် ၌ အလွန်သိမ်မွေ့နှုးညံ့သောကြောင့် ခြေဖ၀ါး၊လက်ဖ၀ါး တို့မှပင်အမွေးပေါက်နေသော သူဋ္ဌေးသား"သောဏ"ရဟန်းပြုပြီးနောက် လုံ့လ လွန်ကဲပြီး ဥဒ္ဓစ္စ ဖြစ်ကာ ရဟန်းကိစ္စမပြီးနိုင်သဖြင့် စိတ်လျော့နေစဉ် ဘုရားရှင်ကြွလာပြီး စောင်းကြိုးတင်းလျှင်လည်းမကောင်း၊လျော့လွန်းလျှင်လည်းမသာယာဖြစ်တတ်၍ မယုတ်မလွန် ကျင့် သင့်ကြောင်း ဥပမာ ပြ၍ ဆုံးမဖူးသည့် အကြောင်းအရာသာ ရှိပါသည် " တင်ပြထားသည်ကို ဖတ်ရှုရပါသည်။
ဝသုန္ဓရေ နှင့် မာရ်နတ်မင်း
နောက် အရိုးစွဲ၍ သိနေသော အကြောင်းအရာတစ်ခုမှာလည်း
"ဘုရားအလောင်းသည် ဗောဓိပင်အောက်ရှိ အပရာဇိတပလ္လင်ပေါ် ၌ "စတုရင်္ဂ၀ီရိယ" ဖြင့်သီတင်းသုံးနေသောအခါ မာရ်နတ်ခေါင်းဆောင်သော နတ်စစ်သည်တို့လာရောက်ပြီး ပလ္လင်လုသောကြောင့် ဘုရားလောင်းကမိမိပြုကျင့်ခဲ့ပြီးဖြစ်သည့် "ပါရမီ"များရှိကြောင်းမြေကြီးကိုသက်သေထားပြီး လက်ညှိုးညွှန်ကာ"ပြ" လိုက်သောကြောင့် ၀သုန္ဓရေ နတ်သမီး က မြေကြီးမှထွက်လာပြီး ဆံရေညှစ်ကာ သက်သေခံလိုက်သောကြောင့် ရေများလွှမ်းမိုးကာ မာရ်နတ်မင်းနှင့် နတ်စစ်သည်အပေါင်းတို့ ဦးတည်ရာပြေးကြရသည်"
ဟူ၍လည်း ငယ်ငယ်ကတည်းက လူကြီးသူမများ၏စကားကိုကြားနာမှတ်သားခဲ့ရဖူး၏။ပိုမိုခိုင်မာစေရန်အတွက် ဘုရားတန်ဆောင်းတို့တွင် ပန်းချီကားများကိုလည်း ထပ်မံတွေ့ရပြန်၏။
ဤ အမှားကိုလည်း စာပေဖတ်ရှုလေ့လာမှုအသိဖြင့် အမှန်သိရပြန်၏။
ဓမ္မ ရံသီမဂ္ဂဇင်း၊အမှတ်စဉ်(၄၉)တွင် ဆရာဦးတင့်ဆွေ၏"သိမှတ်ဖွယ်ရာ သာရဏိယကထာ" ဆောင်းပါးတွင် ဤသို့ဆိုထားပြန်၏။
"ဘုရားအလောင်းတော်သည် မိမိအား မာရ်နတ်မင်းနှင့် စစ်သည်အပေါင်းတို့ ပလ္လင်လုရန်လာသောအခါ မိမိပြုကျင့်ခဲ့ဖူးသော"ပါရမီ"များရှိကြောင်း မြေကြီးကိုသက်သေအရာထားပြီး လက်ညှိုးညွှန်ပြသက်သေပြုလိုက်သောကြောင့် မြေကြီးသည် မြည်ဟီးသံ အရာ၊အထောင်၊အသိန်း တို့ဖြင့် နတ်စစ်သည်များအပေါ် လွှမ်းမိုးလိုက်သည်။ထိုအခါ နတ်စစ်သည်များ ဗရုတ်သုက္ခဖြင့် ဦးတည်ရာ ထွက်ပြေးရကြောင်းကိုသာ အဋ္ဌကထာ တို့ ၌ ခိုင်ခိုင်မာမာ ပါရှိခဲ့ပါသည်။
    ဟုရေးသားထားသည်ကိုဖတ်ရ၏။အရိုးစွဲအောင်သိထားသော အမှားများကို စာပေလေ့လာ ဖတ်ရှုခြင်းမှတစ်ဆင့် အသိမှန်ရခဲ့ပြန်ပါသည်။
ထေရ၀ါဒတွင် မရှိသော ရှင်ဥပဂုတ်
မြန်မာနိုင်ငံတွင် ဥပဂုတ္တ ခေါ် ရှင်ဥပဂုတ်နှင့် စပ်လျဉ်းပြီး ၉၅%ယုံကြည်ကြ၏။ရှင်ဥပဂုတ်ရဟန္တာကြီး တကယ်ရှိသည်ဟု လက်ခံကြ၏။ထိုအထဲတွင် ကျွန်တော်လည်း တစ်ယောက်အပါအ၀င်ဖြစ်၏။
ထိုသို့ အရိုးစွဲအောင်သိထားသော ရှင်ဥပဂုတ်အကြောင်းအရာကို ဓမ္မရံသီမဂ္ဂဇင်း၊အမှတ်စဉ်(၃၉)တွင် ဆရာကြီးသာကီဆွေ၏ "ရှင်ဥပဂုတ် အဟုတ် ရှိသလား"ဆောင်းပါး ကိုဖတ်ရတော့မှ အမှားပျောက်၍ အမှန်ရောက်ခဲ့ရပါသည်။
ဆရာကြီး သာကီဆွေ က..
"ဇိနတ္တပကာသနီကျမ်း၊မှန်နန်းရာဇ၀င်ကျမ်း၊ဦးကုလားရာဇ၀င်၊လောကပညတ္တိကျမ်း၊၀ဇီရဗုဒ္ဓိဋီကာ
၊မဟာယနကျမ်း၊အာသောကာဝဒါနဒိဗ္ဗာဝဒါနကျမ်း များတွင်သာပါရှိသည်ဟုဆိုထား၏။
  ထို ကျမ်းများတွင်ပါရှိသည် ကို လူများထက် ရဟန်းတော်များကပါ ရေးသားဟောပြောခြင်းပြုလုပ်နေကြပါသဖြင့် ထို ရှင်ဥပဂုတ်ကို အရိုးစွဲ သိကြသည်မှာ မဆန်းပေ။
    သက္ကတ စာပေတို့ကို လေ့လာပြီးနောက် ထေရ၀ါဒ စာပေများကိုပါ လေ့လာခဲ့သော ဂျာမန်လူမျိုး မစ္စတာ"၀င်တာနစ်"ဆိုသူ သမိုင်းဆရာကြီးကမူ အထက်ပါပုဂ္ဂိလ်တို့လို တစ်ဖက်မြင် မဟုတ်ပါ။အမှန်အတိုင်းပင်ဖော်ထုတ်၍ပြခဲ့ဖူးလေပြီ။
    ရှင်ဥပဂုတ်မထေရ် နှင့် မာရ်နတ်တို့၏ ဒဏ္ဍာရီ(ပုံပြင်)များသည် မဟာယနဂိုဏ်းထွက် ဒိဗ္ဗာဝဒါန(ဒိဗျာဝဒါန)ကျမ်း လာ ပုံပြင်သာဖြစ်သည်။သို့သော် ၎င်း ဆရာသည် မိမိသဘောဖြင့်ရေးခဲ့သည်မဟုတ်။ကုမာရလာဘ ၏ "ကလ္ပနာဟဏ္ဍီတိကာ"ကျမ်းမှ လုံးစေ့ပါဌ်စေ့လောက်နီးနီးကူးယူထားခြင်းမျှသာဖြစ်သည် ဟု ဂျာမန်လူမျိုး မစ္စတာ ၀င်တာနစ်၏ဝေဖန်ချက်ကိုပင် ထုတ်ဖော်ရေးသားတင်ပြပြန်၏။
    လက်ခံယုံကြည်လောက်သည့် နောက်အကြောင်းအရာတစ်ခုမှာ-
ဘုရားရှင်သည် ဝေနေယျဇ္ဈာသယ ကြောင့် ဖြစ်ပေါ်လာသည့်ကိစ္စမှတစ်ပါး သာသနာတော် ၌တန်ခိုးပြ၍အသက်မွေးမှုကို အလွန်စပ်ဆုပ်တော်မူသည်။သာဓက ပြရလျှင် အလွန်ငတ်မွတ်ခေါင်းပါးစွာစားသောက်နေရသော "ဝေရဉ္ဇာပြည်" ၀ါကပ်ချိန် ၌တန်ခိုးဖြင့် စားသောက်ဖွယ်ရှာဖွေပေးလိုကြောင်း လျှောက်ထားလာသည့် ရှင်မောဂ္ဂလာန် ၏စကားကို ပယ်ပစ်လိုက်ခြင်းကားသက်သေပါပေ။
    ရဟန္တာတို့မည်သည်ဘုရားရှင်၏ပညတ်ချက်ကိုအသက်သာအသေခံမည်။
လွန်ကျူးကျော်နင်းရိုးမရှိခဲ့ပါ။ယုတ်စွအဆုံးပြောရလျှင် ထိုခေတ်ထိုအခါမျိုးကပုထုဇဉ်ရဟန်းသည်ပင် လွန်ကျူး၍ ကျင့်ရိုးမရှီခဲ့သောကြောင့် ယခုပြဿနာပေါ်နေခဲ့သည့် ရှင်ဥပဂုတ် ရဟန္တာ ကြီးက ၀ိကုဗ္ဗနိဒ္ဓိ(မိမိကိုယ်ကိုဖျောက်၍ အထူးထူးသော ပုံသဏ္ဍာန် တို့ကို ပြုလုပ်ဖန်ဆင်း)တန်ခိုးပြဆိုသည်မှာ သိက္ခာပုဒ်ကို ကျူးလွန်ရာရောက်နေခဲ့ပါပြီ။" ဟု ရေးသားထားသည် ကိုကျေနပ်လက်ခံ၏။အမှားများပျောက်ကုန်၏။
    ဤသို့ အမှန်သိရခြင်းမှာ"ထေရ၀ါဒ"အစစ်အမှန်စာပေများကို လေ့လာဖတ်ရှုရသော အကျိုးပင်ဖြစ်၏။
အသောကမင်းနှင့် သမ္မာမဂ္ဂင်္ဂ ကျမ်း အလို
    နောက် အရိုးစွဲ၍ သိနေသော အကြောင်းအရာတစ်ခုမှာ "စေတီပေါင်းရှစ်သောင်းလေထောင်၊ရေကန်ပေါင်းရှစ်သောင်းလေးထောင်၊ကျောင်း၊ဇရပ် ရှစ်သောင်းလေးထောင် ပေးလှူခဲ့သော။သားတော်"မဟိန္ဒ"နှင့် သမီးတော်"သင်္ဃမိတ္တာ"တို့၏ဖခင်ကြီးဖြစ်သော အသောကရာဇာမင်းကြီး သည် ဆီးဖြူသီးတစ်ခြမ်းကို မြေခွက်ဖြင့်ထည့်ပေးရမလားဟူ၍ ဒေါသဖြင့်သေသွား၍ စပါးကြီးမြွေ ဖြစ်ရသေးသည်" ဟု ငယ်စဉ်ကာလတုံးက အရိုးစွဲအောင်သိခဲ့ရ၏။
သို့သော် ယခုအခါ ထေရ၀ါဒစာပေများကိုဖတ်ရှုရသောကြောင့် အျကိုးကျေးဇူးများစွာရရှိလေသည်။
ရန်ကုန်မြို့၊သရက်တောကျောင်းတိုက်၊ဖျာပုံတိုက်သစ်ဆရာတော် အရှင်သြဘာသဘိဝံသ၏"သုတေသန သမ္မာမဂ္ဂင်္ဂ ပဉှာကျမ်း" တွင် အသောကရာဇာမင်းကြီး၏အကြောင်းကိုအောက်ပါအတိုင်းဖတ်ရှုခဲ့ရ၏။
ဆရာတော် က -
"အသောကမင်းကြီး သာသနာပြုပုံနည်းတွေကတော့ ကြက်သီးထခမန်း ကြည်ညိုဖွယ်ရာ အခန်းတွေဟာများစွာရှိပါသည်။အဲဒီများစွာထဲကမှ အနည်းငယ် ပြောပြပါမည်။
 (၁) မြတ်စွာဘုရား၏သာသနာတွင်းသို့ ရဟန်းတု၊ရဟန်းယောင်သင်္ကန်းစည်းကာ ၀င်ရောက်နှောင့်ယှက်လျက် လူအပေါင်းတို့ကြည်ညိုသဒ္ဒါပျက်အောင် ၀ိနည်းတော်မြတ်ကို မကျင့်ဆောင် မလိုက်နာဘဲပြုလုပ်နေကြသောကြောင့် ခြောက်သောင်းသော မဟာသံဃာ့အစည်းအဝေးကြီးက သာသနာတော် သန့်ရှင်းတည်တံ့ပြန့်ပွားရေး သင်္ဂါယနာ တင်ပေးရန်ဆုံးဖြတ်ချက်ချကာ တောင်းဆိုလာသောကြောင့် သာသနာတော်သက္ကရာဇ် (၂၅၃)ချုနှစ်မှာ ဓမ္မာသောကမင်းကြီး၏ကူညီထောက်ပံ့ချက်အရ ပါဋလိပုတ်ပြည် အသောကာရုံကျောင်းတော်ကြီး ၌ ရှင်မောဂ္ဂလိပုတ္တတိဿ မထေရ် နာယကပြု၍ ရဟန္တာတစ်ထောင်ကိုရွေးချယ်စိစစ်ပြီးလျှင် ထိုနှစ် နယုန်လမှစ၍ တပို့တွဲလ အထိ (၉)လတိုင်တိုင် အရံသံဃာတော်ခြောက်သောင်းတို့ဖြင့် နှုတ်တက်ရွတ်ဆို ကာ သင်္ဂါယနာတင်သော ကြည်ညိုဖွယ်မင်းကြီးဖြစ်သည်။
(၂)မင်းကြီးသည် အဇာတသတ်မင်းမြတ် အဓိဋ္ဌာန်၍ကိုးစားသိမ်းဆည်းထားခဲ့သော လက်နက်ကိုင်စက်ရုပ်တို့ ပြေးလွှားလှည့်ပတ် စောင့်ကြပ်လျက် ဖောက်ဖွင့်ခြင်းငှာ ခဲယဉ်းလှစွာသောဓာတ်တော်တိုက်ကိုစက်ခလုပ်တို့ရပ်စေကာ ဓာတ်တော်တို့ကို ခမ်းနားကြီးကျယ်စွာပင့်ဆောင်ပူဇော်လျက် ဓမ္မခန္ဓာပေါင်းရှစ်သောင်းလေးထောင်ကိုရည်စူးကာ ကျောင်းပေါင်းရှစ်သောင်းလေးထောင်
၊စေတီပေါင်းရှစ်သောင်းလေးထောင်၊ရေတွင်း၊ရေကန်ပေါင်းရှစ်သောင်းလေးထောင်တို့ကို ဆောက်လုပ်စေပြီး တိုင်းပြည်နိုင်ငံအရပ်ရပ်သို့ သာသနာပျံ့နှံ့စေရန် ရှင်မောဂ္ဂလိပုတ္တတိဿ မထေရ်မြတ် ကြီးမှူးလျက် ရဟန်းတော်(၁၃)ပါးကို ကိုးတိုင်းကိုးဋ္ဌာနသို့ သာသနာပြုစေလွှတ်တော်မူသော သာသနာပြုမင်း ဖြစ်သည်။
(အကျယ်-သုတေသန သမ္မာ မဂ္ဂင်္ဂပဉှာကျမ်း)
(၃)မင်းကြီးသည် သားတော် မဟိန္ဒမင်းသားနှင့် သမီးတော် သင်္ဃမိတ္တာမင်းသမီး အမှူးပြု၍ အခြားအခြားသော မင်းညီမင်းသားများဒစွာတို့ကိုလည်းသာသနာ့ဘောင်အတွင်းသို့ သွတ်သွင်းချီးမြှင့်ပေးကာ သာသနာပြုတော်မူ၏။
(၄)လူအများနှင့်တိရိစ္ဆာန်သတ္တ၀ါတို့အတွက် အစာရေစာလယ်ယာသစ်ပင်၊ဥယျာဉ်ဆည်မြောင်း စသည်များစွာတို့ကို ဓမ္မာသောကမင်းကြီးကိုယ်တိုင် ကြပ်မတ်ကွပ်ကဲကာ စိုက်ပျိုးတူးဖော် သတ်မှတ်ပေးခဲ့သောမင်းဖြစ်၏။
(၅)ဂိလာနသေလာ ခေါ် လူနာများတည်းခိုဆေးကုရာ ဆေးရုံ၊ဆေးခန်းများဆောက်လုပ်၍ ဆေးများပေးလှူခြင်း
၊ဆေးပင်များစွာတို့ကိုစိုက်ပျိုးစေခြင်း၊ျကျောက်သားကျောက်တိုင်များ ထိုးနှံစိုက်ထူကာ လူသားတို့ဘ၀သံသရာကောင်းစားရေးအတွက် ညွှန်ကြားထားခဲ့ခြင်းများမှာ ယနေ့အထိ အသောကမင်းကြီး၏ကျောက်စာတော်နှင့် အမှတ်တံဆိပ် ခတ်နှိပ်ထားသော ကျောက်တိုင်ကြီးတွေရှီနေခြင်းဖြင့် သိနိုင်ပါသည်။
(၆)ဓမ္မာသောကမင်းကြီးသည် မင်းကျင့်တရားဆယ်ပါးနှင့်အညီ သာသနာတော်မြတ်အျကိုး၊လောကလူသားများအကျိုးတို့ကို ဆောင်ရွက်ကျင့်ကြံအားထုတ်ကာ ကုဋေတစ်ရာမျှသောငွေအသပြာတို့ကို ပေးလှူတော်မူလေသည်။
(၇)ထိုမျှ လောက်သောသာသနာတော်အကျိုး၊လူသားများနှင့် သားငှက်တိရိစ္ဆာန်သတ္တ၀ါတို့၏အကျိုးစီးပွားကိုဆောင်ရွက်ပေးကမ်းလှူဒါန်း၍ မရောင့်ရဲ မတင်းတိမ်နိုင်သော မင်းတရားကြီးသည် မိမိကံတော်ကုန်၍နတ်ရွာစံသောအခါ မြတ်စွာဘုရားသခင်အား မိမိကိုယ်ကို ၀ါဂွမ်းအထပ်ထပ်ပတ်စည်းလျက် ဆီလောင်းစိမ်ကာ မီးရှို့ပူဇော်ပေးလှူခြင်းဖြင့်နောက်ဆုံးပူဇော်စေကြောင်းများကို သာသနာဝင်၊မဟာဝင်နှင့် ဒိဗ္ဗ၀ါဒါန၊အာသုဗောဓ စသော သက္ကတကျမ်းဂန်တို့က အသီးသီးထုတ်ဖော်ချီးကျူးကာ သမိုင်းတင်တော်မူခဲ့လေသည်။
   အဲသလောက် သဒ္ဒါတရားကြီးမားလွန်ကဲတဲ့ ကမ္ဘာကျော် သာသနာ့ဒါယကာ မောရိယအင်ပါယာကြီး၏အရှင်သခင် "သီရိ ဓမ္မာ သောကဒေ၀ါနံ ပိယဒဿီ" ဘွဲ့ထူးချီ ပုဂ္ဂိုလ်မြတ်ကြီး သေတော့ကာ စပါးကြီးမြွေဖြစ်သွားရတယ် ဆိုတာ အလွန်အမင်း ယုတ္တိကင်းပြီး မင်းကြီးအားစော်ကားသောစကားလို့သာမှတ်ပါ"
ဟူ၍ ရေးသားထားသည်ကိုကြည်ညိုလေးစားဖွယ် ဖတ်ရှုရလေသည်။
ဤ သို့ ထေရ၀ါဒအစစ်အမှန်တို့ဖြင့် ဓမ္မဓိဋ္ဌာန်ကျကျ ရေးသားထားသောစာပေများကျေးဇူးကြောင့် အသိမှား၊အမှတ်မှား၊မည့်ဘေးမှကင်းဝေးပြီး အသိမှန်၊အမြင်မှန် ၊အယူမှန်ကြစေရန် ရှာဖွေတင်ပြလိုက်ပါသည်။
(၁၉၉၆၊နိုဝင်ဘာလ၊ ဓမ္မရံသီမဂ္ဂဇင်း၊အမှတ်စဉ်(၈၃)၊ မှ မောင်လပြည့်၏ဆောင်းပါးကို မှီငြမ်း၍ ,ပြန်လည်,မျှဝေ,ဓမ္မဒါနပြုခြင်းဖြစ်ပါသည်)
ချမ်းသာပါစေ၊အေးငြိမ်းပါစေ၊
သံသရာဝဋ်ဆင်းရဲမှ..လွတ်မြောက်ကြပါစေ။
No comments:
Post a Comment