Pages

ကာမဂုဏ်တို့၏သာယာဖွယ် နှင့် အပြစ်


ကာမဂုဏ်တို့၏သာယာဖွယ်
( မဟာဒုက္ခက္ခန္ဓ သုတ် )

“ ကောစ ဘိက္ခဝေ ကာမာနံ အဿဒေါ။ ပဉ္စိမေ ဘိက္ခဝေကာမဂုဏာ၊ ကတမေပဉ္စ။ လ။ယံခေါဘိက္ခဝေ က္ကုမေပဉ္စ ကာမဂုဏေ ပဋိစ္စဥပ္ပဇ္ဇတိ သုခံ သောမနဿံ အယံ ကာမာနံအဿဒေါ ”

“ ရဟန်းတို့…ကာမဂုဏ်တို့၏ သာယာဖွယ်သည် အဘယ်နည်း ၊ ရဟန်းတို့ - ကာမဂုဏ်တို့သည် ငါးပါးတို့တည်း၊ အဘယ်ငါးပါးတို့တည်းဟူမူ - လိုချင်ဖွယ်၊ နှစ်သက်ဖွယ်၊ မြတ်နိုးဖွယ်၊ ချစ်ခင်ဖွယ်သဘောရှိ၍ ကာမရာဂနှင့် ဆက်သွယ်လျက် တပ်မက်ဖွယ်ဖြစ်သော မြင်သိဖြင့်သိရသော အဆင်း၊ ကြားသိဖြင့်သိရသော အသံ၊ နံသိဖြင့်သိရသော အနံ့၊ လျက်သိဖြင့်သိရသော အရသာ၊ ကိုယ်သိဖြင့်သိရသော အတွေ့အထိတို့ပင်တည်း။ ထိုငါးပါးတို့တွင် တစ်ပါးပါကို အစွဲပြု၍ ဖြစ်ပေါ်လာသော ချမ်းသာခြင်း၊ ၀မ်းသာခြင်းတို့သည် ကာမဂုဏ်တရားတို့၏ သာယာဖွယ်တည်း။ ”

အာရုံငါးပါး ကာမဂုဏ်တရား ဆိုသည်မှာ မြင်တတ်သော မျက်စိသည်မြင်အပ်သောအဆင်းကိုမြင်၏၊ ထိုမြင်ဆဲတွင် အဆင်းကိုအစွဲပြု၍ လိုချင်ဖွယ်၊ နှစ်သက်မြတ်နိုးဖွယ်၊ ချစ်ခင်ဖွယ်ဟုယူမှတ်လျက် ထိုအဆင်းပေါ်၌ ကပ်ငြိသော ( ရာဂ ) စိတ် ဖြစ်လာသည်။ ထိုစိတ်သည် ထိုအာရုံဟူသော အဆင်းအား တပ်မက်သောအားဖြင့် အဖန်ဖန် အောက်မေ့ခြင်း၊ မကြာခဏကြည့်လိုမြင်လိုသဖြင့်ကြည့်၍မြင်၍ တိုးပွားလာသော ချမ်းသာခြင်း၊ ၀မ်းသာခြင်းသည်ထိုအခိုက်ထိုခဏ၌ ဖြစ်ပေါ်သော မျက်စိအာရုံ ကာမဂုဏ်၏ သာယာဖွယ်တည်း။ ( ကျန်သော ၄ ပါးလည်း ထိုနည်းတူပင် ) ဖြစ်သည်။

             သာယာဖွယ်ဆိုသည်မှာ - မျက်စိနှင့်အဆင်း တိုက်တွေ့ဆဲကာလခဏ၊ နားနှင့်အသံတိုက်တွေ့ဆဲကာလခဏ၊ နှာခေါင်းနှင့်အနံ့ တိုက်တွေ့ဆဲကာလခဏ၊ လျှာနှင့်အရသာ တိုက်တွေ့ဆဲကာလခဏ၊ ကိုယ်နဲ့ အတွေ့တိုက်တွေ့ဆဲ ကာလခဏ တို့၌ သဘောကျ ကျေနပ်သော အခိုက်သာဖြစ်၍ အလွန် တိုတောင်းလှသည်။ သို့ရာတွင် တိုက်တွေ့မိသော ပုထုဇဉ်တို့ကား အမြဲပင် ဆက်၍ဆက်၍ တိုက်တွေ့ပြီး ထိုသာယာဖွယ်ကိုပင် ကြီးထွားအောင် ပြုလုပ်နေကြသည်။
ထို့ကြောင့် မြတ်စွာဘုရားသည်…..
“ အပ္ပဿဒါကာမာ ဗဟုဒုက္ခာဗဟုပါယာသာ အာဒီနဝေါ ဧတ္ထဘိယျော ” ဟုဟောတော်မူသည်။ ကာမာ - ကာမဂုဏ်တို့သည်၊ အပ္ပဿဒါ - သာယာဖွယ်နည်းကုန်၏၊ ဗဟုဒုက္ခာ - ဆင်းရဲများကုန်၏၊ ဗဟုပါယာသာ - ပူလောင်မှုများကုန်၏၊ ဧတ္ထ - ဤကာမဂုဏ်ဟူသောတရား၌၊ အာဒီနဝေါ - အပြစ်သည်၊ ဘိယျော - လွန်ကဲကုန်၏။

ထိုထိုအဆင်း၊ အသံ၊ အနံ့၊ အရသာ၊ အတွေ့တို့ကို “၀တ္ထု ကာမ” ဟုခေါ်သည်။ ထိုဝတ္ထုကာမ ဖြစ်သော အာရုံတစ်ခုခုကို သက်ဆိုင်ရာ မျက်စိ စသည်ဖြင့် တိုက်တွေ့သောအခါ နှစ်သက် တပ်မက်သော စွဲငြိမှုကို “ကိလေသာကာမ” ဟုခေါ်လေသည်။ ယင်းကိလေသာ စိတ်ဖြစ်သော အခိုက်တွင် ကာမဂုဏ်၏ သာယာဖွယ်ဖြစ်၍ ထိုစိတ်တို့ မပြတ်မပြတ် ဖြစ်အောင် တိုက်ပေးမှု၊ နှလုံးသွင်းမှုတို့ကြောင့် အခိုက်အတန့် သာယာဖွယ်သည် အကောင်အထည် အလုံးအခဲကြီးအဖြစ် ထင်ရလောက်အောင် ကြီးကျယ် ပွားများလာလေသည်။ ၎င်းသည် ခိုင်မာသော အနှောင်အဖွဲ့  (သံယောဇဉ်) ဖြစ်လာသည်။ ထိုကာမဂုဏ် ချည်တိုင်မှ မလွတ်နိုင်တော့ပေ။ စင်စစ်မှာ စိတ္တက္ခဏ တစ်ချက် စာမျှသာ ရှိလေသည်။

ကာမဂုဏ်တို့၏အပြစ်

“ကောစ ဘိက္ခဝေ ကာမာနံ အာဒီနဝေါ။ လ ။ ကာမ ဟေတု ကာမနိဒါနံ ကာမာဓိကရဏံ ကာမာန မေ၀ ဟေတု”

“ ရဟန်းတို့ - ကာမဂုဏ်တို့၏ အပြစ်သည်အဘယ်နည်း။ ရဟန်းတို့ - လောက၌ အမျိုးသားသည် လက်ဆစ်ချိုး ရေတွက်ခြင်းအတတ်ဖြင့်ဖြစ်စေ၊ ဂဏန်းသင်္ချာအတတ်ဖြင့်ဖြစ်စေ၊ လယ်လုပ်ခြင်း, ကုန်သွယ်ခြင်းဖြင့်ဖြစ်စေ၊ နွားကျောင်းခြင်းဖြင့်ဖြစ်စေ၊ မင်းမှုထမ်းခြင်းဖြင့်ဖြစ်စေ၊ အခြားတပါးသော အတတ်ဖြင့်ဖြစ်စေ၊ အတတ်ပညာအမျိုးမျိုးဖြင့် အသက်မွေးဝမ်းကျောင်းရှာရာ၌ အအေးကိုရင်ဆိုင်ရလျက်၊ အပူကိုရင်ဆိုင်ရလျက်၊ မှက်, ခြင်, ယင်, လေပူ, နေပူ, မြွေ, ကင်း တို့၏ အတွေ့အထိကို ခံရလျက်၊ ငတ်မွတ်ခြင်း နှိပ်စက်၍ အသက်ကို အသေခံရလျက် အသက်မွေးရ၏။ ဤသည်ကား ကာမဂုဏ်အရင်းခံ ကာမဂုဏ်လျှင် တည်ရာရှိသော ကာမဂုဏ်တို့ကြောင့်သာလျှင် ဖြစ်သော မျက်မှောက် လက်ငင်း ဆင်းရဲ ရသည့် ကာမဂုဏ်အပြစ်ပေတည်း ”

လောက၌ သတ္တ၀ါတစ်ခု ဖြစ်လာလျှင် အာရုံငါးပါး ကာမဂုဏ်တရားအတွက် အနည်းနည်းအဖုံဖုံ ရှာရဖွေရ အသက်မွေးဝမ်းကျောင်းမှုပြုရ၏။ ဂဏန်းသင်္ချာအတတ်ကိုသင်၍ ၄င်းအတတ်နှင့် အသက်မွေးရန် အလုပ်လုပ်ရ၏။ လယ်လုပ်ခြင်း ကုန်ကူးသန်းရောင်းဝယ်ခြင်း၊ နွားအငှားကျောင်းရခြင်း၊ လခစားလုပ်ရခြင်း၊ လက်နက်ကိုင်အမှုထမ်းရခြင်း စသောအားဖြင့် ရေလမ်း၊ ကုန်းလမ်း၊ လေလမ်း ရှောင်နေ၍မရ၊ ချမ်းသည် ပူသည် ငြင်းနေ၍မဖြစ်၊ မြွေ, ကင်း စသည်ကြောက်နေ၍မပြီး၊ လေပူ - နေပူမခံနိုင်ဆို၍ မနေရ။ ထမင်းဆာသည်၊ ရေငတ်သည်ဟု ရပ်နေ၍လည်းမဖြစ်။ အသက်ကိုပင်အသေခံ၍ နေ့စဉ် လှုပ်ရှားသွားလာ ပြုလုပ်နေသမျှသည် ထိုခေတ္တ သာယာဖွယ်ဖြစ်သည့် အာရုံဝတ္ထု တိုက်ဆိုင်မှုအတွက် မျက်မှောက်ဘ၀ ဆင်းရဲရသည့် ကာမဂုဏ်တို့၏ အပြစ်ဟူ၍ မြတ်စွာဘုရားဟောကြားတော်မူသည်။

“ ကိစ္ဆော မနုဿ ပဋိလာဘော၊ ကိစ္ဆံမစ္စာနဇီန၀ိတံ ” မနုဿပဋိလာဘော - လူအဖြစ်ကို ရခြင်းသည်၊ ကိစ္ဆော - ငြိုငြင်ပင်ပန်းဆင်းရဲ၏။ မစ္စနံ - သတ္တ၀ါတို့၏၊ ဇီဝိတံ - အသက်တာရှည်နေနိုင်အောင် ပြုစုလုပ်ကျွေးရခြင်းသည်၊ ကိစ္ဆံ - ငြိုငြင်ပင်ပန်းဆင်းရဲရ၏ ဟုဟောသည်။
ငယ်စဉ်ကတည်းက အတတ်ပညာသင်ရ၏။ အလုပ်လုပ်ရန်ဖြစ်၏။ အဘယ်ကြောင့်အလုပ်လုပ်ကြသနည်း ? အာရုံငါးပါးကာမဂုဏ် ခံစားချင်၍ လုပ်ခြင်းဖြစ်၏။ ကာမဂုဏ်အတွက်သာဖြစ်သည်။ မတရား စီးပွားရှာခြင်းသည် အကုသိုလ်ဖြင့် ရင်းနှီး၍ ပြုလုပ်သောကြောင့် ပိုဆိုးပေသည်။

          ကာမဘုံသား သတ္တ၀ါများသည် တဏှာ၏ ခိုင်းစေချက်ဖြင့် အာရုံငါးပါးကာမဂုဏ်တို့ ကို တိုတောင်းလှသော အချိန်တစ်ခဏတာ ခံစားဖို့ အတွက် အသိ သတိ တရားကင်းမဲ့စွာ ဖြင့် ဘ၀ပေါင်းများစွာ သံသရာလည်နေသမျှအချိန်တိုင်းမှာ တဏှာ့ကျေးကျွန်ဖြစ်နေခဲ့ရသည်။ ဤသို့သော အကြောင်းတရားတို့ကို ဆင်ခြင်ပြီး ဓမ္မမိတ်ဆွေအပေါင်း သတိမူ ၍ ကာမကျေးကျွန်၊ တဏှာကျေးကျွန်ဘ၀မှ လွတ်မြောက်လိုသော စိတ်ဆန္ဒအမှန်ဖြင့် ဒီပို့စ်လေးကို ကျွန်တော်တင်ပြလိုက်ရပါတယ်ခင်ဗျာ။

သတ္တ၀ါအားလုံး ကိလေသာကင်းစင် ငြိမ်းချမ်းခြင်းရှိကြပါစေ
http://buddhismworld.ning.com/profiles/blog/show?id=6371237%3ABlogPost%3A312496&

No comments:

Post a Comment