ပန်းကမ္ဘာ
စဉ်းစားဆင်ခြင်တတ်သော လူသား၏ အသိဥာဏ်သည် ဦးနှောက်မှ စ၍ဖြစ်ပေါ်လာ၏ ဟု ခေတ်သစ် သိပ္ပံပညာ က ဖော်ပြထားသော်လည်း ဗုဒ္ဓမြတ်စွာကမူ အသိဥာဏ်သည် ဟဒယ၀တ္တု ( ခေါ်) နှလုံးသား ဖြစ်တည်ရာ ဟဒယ၀တ္ထုရုပ်မှ ဖြစ်ပေါ်လာ၏ ဟု အတိအလင်း ဖော်ပြထားရာ ကျွနုပ်ငယ်စဉ်က ဘယ်လိုမှ မဆုံးဖြတ်နိုင်ပဲ သံသယတန်းလန်းနှင့် နေခဲ့ရဖူး၏။ ဗုဒ္ဓ၀ါဒက အသေအချာ မှန်မည် ဟု စိတ်က လက်ခံချင် သော်လည်း ဘယ်ပုံ ဘယ်နည်း မှန်ကန်သည် စသည်ကိုတော့ လက်လှမ်းမမှီနိုင်ခဲ့ပေ ။သိပ္ပံပညာကလဲ အားကျမခံ အထောက်အထားနှင့် တကွ စောဒကတက်ထားသေး၏၊
ပညာရှင်တို့၏ အဆိုအရ လူတို့၏ ဦးနှောက်ခွံကို ခွဲခြမ်းစိတ်ဖြာ၍ အကြောတို့ကို ရှာဖွေသောအခါ ဝေဒနာကြော၊ သညာကြော၊ ဆန္ဒကြော၊ သမာဓိကြော၊ ရောင်ပြန်ကြော၊ သောတကြော၊ ဂန္ဓကြော၊ ရသာကြော၊ ပြန်လည်တွေးတောတတ် သောအကြော၊ စုံစမ်းသောအကြော၊ ဆုံးဖြတ်သောအကြော၊ စသည်တို့ကို တွေ့ရပြန်သတဲ့။
သိပ္ပံပညာရှင်တို့၏ နောက်ဆုံးပေါ် စမ်းသပ်စစ်ဆေးမှုတို့အရ သေဆုံးသူ လူတို့၏ ဦနှောက်ထဲ၌ မော်တော်ကား၊ မီးရထား၊ တိုက်တာ အဆောက်အဦး စသော အမျိုးမျိုးသော ရုပ်ဒြပ်တို့၏ ပုံသဏ္ဍာန်တို့သည် ဓာတ်ပုံရိုက်ထားသကဲ့သို့ ထင်ရှား ပေါ်လွင်နေ၏ ဟု ဆိုပြန်သည်၊ ထို့ကြောင့်ပင် ထိုသူတို့က ဦးနှောက်သည် အသိဥာဏ် ဆိုင်ရာ အချက်အလက်အားလုံးကို ထုတ်ပေးရာ၊ တနည်းအားဖြင့် သိုလှောင်ထားရာ အခန်းတစ်ခုဖြစ်သည် ဟု အတိအလင်း ကြေငြာနေကြ၏။
ကျွနုပ်နားလည်ထားသော သီအိုရီအရမူ ဦးနှောက်သည် မြင်ထား၊ ကြားထား ၊ နံထား၊ အရသာခံထား ၊ တွေးတောထားသော ရုပ်ဝတ္ထု တို့ကို ပြန်လည် ခံစားကာ သိမြင် နားလည်နိုင်သော သတ္တိ ဧကန်ရှိမည်ကား မှန်ပါ၏၊ သို့ပါသော်လည်း ဥပမာအားဖြင့် နှိုင်းယှဉ်ရလျင် အသံ၊ ရုပ်၊ ရုပ်သံဇာတ်လမ်းစသည်ကို သိုလှောင်ထားသော တိတ်ခွေ ၊ စီဒီခွေ တို့နှင့် ဦးနှောက်သည် တူညီ၏၊ အဘယ့်ကြောင့် ဆိုသော် တိတ်ခွေ၊ စီဒီခွေ တို့ အတွင်း၌ ဘာသီချင်းတွေ သိုလှောင်ထားသလဲ ဟု မေးလျင် ထိုအရာတို့သည် ရုပ်ဝတ္ထုမျှသာ ဖြစ်ပြီး နားလည် ခံစားနိုင်သော ဓာတ်သတ္တိ မရှိကြသောကြောင့် ဘာသီချင်းတွေ သိုလှောင်ထားသည် ဟု ဖြေနိုင်မည် မဟုတ်ပေ၊ အရုပ် ၊ အသံတို့ကို ကြားစေ ဖော်ပြစေနိုင်သော VCD, DVD , EVD, Mp3 Player စက်ပစ္စည်း တစ်ခုခု အကူအညီ ရှိမှသာ ဘာသီချင်းတွေ သိုလှောင်ထားမှန်း ရှိမှန်း သိနိုင်ပေလိမ့်မည်။
အထက်ပါ ဥပမာအတိုင်း ဆိုလျင် လူသားအပါအ၀င် သုံးဆယ့်တစ်ဘုံသား သတ္တ၀ါအားလုံးတို့တွင် ရှိနေသော ဦးနှောက်၊ မျက်စိ နား နှားခေါင်း၊ လျှာ ၊ ကိုယ်ခန္ဓာ တို့သည် အာရုံကို ခံစား သိမြင် နားလည်နိုင်စွမ်း သတ္ထိများ မရှိကြသော ရုပ်တရားများသာ ဖြစ်ကြ၏၊ ရုပ်တရားတို့သည် သူချည်းသက်သက် ဖြစ်တည်မနေနိုင်ပေ၊ ၀ိဥာဉ်ဟူသော နာမ်ရှိမှသာ သူတို့လဲ ရပ်တည်နိုင်ကြ၏၊ ၀ိညာဏဓာတ် ခေါ်သော နာမ်တရား ရှိမှသာ သိမြင် နားလည်နိုင်၏ ဟု အဖမြတ်စွာက ထိုထို ဆိုင်ရာ ဆိုင်ရာ သုတ္တန်တို့တွင် ဟောကြားထားခဲ့ဖူး၏။
ဆိုပါစို့၊လူတစ်ယောက်သည် ထိတ်လန့် တုန်လှုပ်သွားသောအခါ ဦးနှောက်က အရင် တုန်လှုပ်သလား၊ နှလုံးသားတည်ရာ ဟဒယ၀တ္ထုရုပ်က တုန်လှုပ်သလား သေချာစဉ်းစားရန် လိုပေသည်၊ ကျွနုပ် အမြင်အရ ဆိုလျင် နှလုံးသားက တုန်လှုပ်ပြီးမှ ဦးနှောက်ဆီသို့ ပို့သည်ဟု မှန်းဆမိ၏။ ထို့အတူ တက်ကြွ ၀မ်းမြောက်ခြင်း၊ အမျက်ဒေါသ ထွက်ခြင်း စသည်တို့သည်လည်း ဦးနှောက်မှ စဖြစ်ဟန် မတူပေ၊ နှုလုံးသားဟူသော ဟဒယ၀တ္ထု မှ ဖြစ်ပြီးမှသာ ဦးနှောက်က သိမြင် ခံစားရ ဆုံးဖြတ်ပေးရဟန် ရှိ၏။
အကယ်၍သာ အသိဥာဏ်သည် ဦးနှောက်မှ စတင်ဖြစ်ပေါ်လာသည် မှန်ပါက ကျွနုပ်တို့သည် လူတစ်ဦး တစ်ယောက်အား ချစ်ခင်ကြင်နာမိလျင်ဖြစ်စေ ၊ နာကြည်း မုန်းတီးမိလျင်ဖြစ်စေ “ ငါ မင်းကို ဦးနှောက် ထဲက ချစ်တယ် ၊ ငါ မင်းကို ဦးနှောက်ထဲက မုန်းတီးတယ် ” ဟု ပြောကြရပေလိမ့် မည်။
တစ်ဖက်ကကြည့်လျင် ခေတ်သစ် သိပ္ပံပညာသည် ရုပ်တရားတို့၏ ဖြစ်စဉ်ကိုသာ တဖက်ကမ်း ခတ် ဖော်ထုတ်နိုင်သော် လည်း အသိဥာဏ်ဆိုင်ရာ ၀ိညာဏဓာတ် နာမ်တရားတို့၏ သဘောကို အသေအချာ မဖော်ထုတ်နိုင်သေးပေ၊ သို့ဆိုလျင် အသိဥာဏ်ပညာသည် ဦးနှောက်မှ စတင်ဖြစ်ပေါ်သည် ဟူသော သိပ္ပံ၏ အဆိုကို မှန်းဆချက်လောက်ဖြင့် ပေါ်ထွက်နေသော အဆိုဟူ၍ပင် ဆိုရပေတော့မည်။
သိပ္ပံနည်းအရ ဓာတ်ဖိုနဲ့ ဓာတ်မ ၊ ဆွဲငင်အား(gravity) နဲ့ တွန်းကန်အား(propulsion) စသည် ရှိသလို ဗုဒ္ဓဒေသနာတော် နည်းအရလဲ အကြောင်းတရား ( cause )နဲ့ အကျိုးတရား( effect ) ၊ အထူးအားဖြင့် ရုပ်တရား နဲ့ နာမ်တရား တို့သာ ရှိကြ၏ ဟု ဟောတော်မူခဲ့၏၊ ထိုရုပ်တရား နှင့် နာမ်တရားတို့သည်လည်း အချင်းချင်း စပ်ဆက်နေပုံ၊ အမှီသဟဲ ပြုနေပုံ စသည်ဖြင့် ရုပ်တရားဖြစ်သော မျက်စိ ၊ နား ၊ နှာခေါင်း၊ လျှာ ၊ကိုယ်ခန္ဓာ တို့သည် ဆိုင်ရာ ဆိုင်ရာ အာရုံဟူသော တွေ့ထိ ရိုက်ခတ်အပ်သော အဆင်းရူပါရုံ၊ အသံ သဒ္ဒါရုံ၊ အနံ့ အရသာ ၊ ဖဿ ဟူသော အကြောင်းတရား တို့နှင့် ပေါင်းဆုံမိမှသာ အသိဥာဏ် ဟူသော နာမ်တရားတို့သည် နှလုံးအိမ်မှ စတင်ပေါ်ပေါက်လာ၏ ဟု ဗုဒ္ဓမြတ်စွာက အဘိဓမ္မာ၊ သဂြိုလ် စသည့်ကျမ်းများ၌ ဟောကြားထားပြန်သည်။
ဆိုလိုသည်မှာ သတ္တ၀ါအားလုံး ပေါင်းလိုက်လျင် ရုပ် ( matter ) နှင့် နာမ်( mind )နှစ်မျိုးက လွဲလျင် ဘာဆိုဘာမျှ မရှိ ၊ နောက်တစ်မျိုးက အကြောင်းကြောင့် အကျိုးတရား ဖြစ်ပေါ်လာ၏ ဟူသော ပဋိစ္စသမုပ္ပါဒ် ဒေသနာတော်အရ ထိုအသိဥာဏ်သည်လည်း အာရုံဟူသော အကြောင်းမရှိဘဲ အသိဥာဏ်ဟူသော အကျိုးတရား မဖြစ်ပေါ်နိုင် ဟု မှတ်သင့်ပေသည်။
ထို့ကြောင့်လဲ ၀ိပဿနာ အားထုတ်ရန် အခြေခံအားဖြင့် “ နာမရူပ၀၀တ္ထာနေန သက္ကာယဒိဋ္ဌိယာ ပဟာနံ ဟောတိ ”နာမ် ရုပ်ကို ခွဲခြားသိနိုင်သော နာမရူပ ပရိစ္ဆေဒဥာဏ် ဖြင့် သက္ကာယ ဒိဋ္ဌိ ( illusion of self ) ကို ပယ်ခွာနိုင်သည် ဟူ၍၄င်း၊ အကြောင်းအကျိုးကို ခွဲခြား သိနိုင်သော ပစ္စယ ပရိဂ္ဂဟဥာဏ် ဖြင့်ကား “ ပစ္စယပရိဂ္ဂဟေန အဟေတုဝိသမဟေတုဒိဋ္ဌီနံ ပဟာနံ ဟောတိ ” ဟူသော အဋ္ဌကထာစကား အရ ဘယ်ကိစ္စမဆို အကြောင်းတရားမရှိဘဲ သူ့အလိုလို ဖြစ်တယ် ဟု အကြောင်းကို ပယ်သော အဟေတုက မိစ္ဆာဒိဋ္ဌိအယူ နှင့် အရာရာကို ဘုရားရှင်နှင့် ဗြဟ္မာကြီး တို့က ဖန်ဆင်းထားတယ် ဟူသော ၀ိသမဟေတုက မိစ္ဆာဒိဋ္ဌိအယူ တို့ အလိုလို ကင်းစင်သွားနိုင်၏ ဟု နာမ် ရုပ် ကွဲပြားဖို့ အရေးကြီးပုံ၊ အကြောင်း အကျိုး ကို လက်ခံဖို့ လိုအပ်ပုံတို့ကို ရှေးရှေးသော ကျမ်းဆရာများက ညွှန်ပြတော်မူခဲ့ကြ၏၊
ဖန်ဆင်းရှင် ၀ါဒကို လက်ခံနေသူတစ်ယောက်သည် အကြောင်းတရား မရှိပဲ သက်ရှိ သက်မဲ့ မှန်သမျှ သူ့ အလိုလို ဖြစ်နေကြတယ် ဟု ယူဆလျင် အကြောင်းကို ပယ်ပြီးသား ဖြစ်သွားတော့၏။ ထိုသူ ၀ိပဿနာတရား အားထုတ်ပါကလဲ လွယ်ကူမည် မဟုတ်တော့ပေ။
ဤနေရာ၌ ရုပ်တရားနှင့် စိတ်ဟူသော နာမ်တရားတို့၏ လျှင်မြန်လှပုံကို ဗုဒ္ဓမြတ်စွာ ဟောကြားထားသော ဒေသနာများစွာ တို့မှ လက်လှမ်းမှီသမျှ ဖော်ပြပါအုံးမည်၊ သိပ္ပံပညာရှင်တို့သည် ရုပ်ဒြပ် ပုံသဏ္ဍာန်များကို အဆင့်ဆင့် ခွဲထုတ် စမ်းသပ်လိုက်သောအခါ နောက်ဆုံးတွင် အစိုင်အခဲ ဟူ၍ မရှိတော့ပဲ ရောင်ခြည်လှိုင်း အလင်းရောင် လှိုင်းတို့သာ ကျန်ရှိတော့ကြောင်း ထုတ်ဖော်ကြ၏။ ထိုအလင်းတန်းရောင်ခြည်တို့၏
စိတ်သည် လက်ဖျစ်တစ်တွက် ကာလအတွင်း၌ အကြိမ်ပေါင်း ကုဋေတစ်သိန်းမက ဖြစ်ပျက်နေသည်။
( အဿုတ၀ါသုတ်၊ သံယုတ် ဋ္ဌ ၂ / ၉၂ )
ဓားကိုယ်စီ ကိုင်ထားသော နတ်သားနှစ်ယောက်၏ ချွင် ဟူသော ဓားနှစ်ချောင်း ထိခိုက်သံထက်ပင် ရုပ်ဖြစ်စဉ် သည် လျင်မြန်စွာ သွားနေ၏ ။
( မဟာနိဒ္ဒေသ ၃၂ / မူလဋီကာ ၆၂ )
မိလိန္ဒမင်း။ ။ အရှင်ဘုရား နာဂသေန၊ လက်ဖျစ်တစ်တွက် အတွင်း၌ ဖြစ်ပျက်နေသော နာမ်တရားများသည် အကယ်၍ များ ရုပ်တရားတို့ကဲ့သို့ အစုအပုံ အစိုင်အခဲ အဖြစ်ဖြင့် ထားမည်ဆိုလျင် မည်မျှ များပြားမည်နည်း …
နာဂသေန။ ။ ရှစ်ထောင့် ငါးဆယ် ကိုးတင်း တစ်စိတ် နှစ်ပြည်သော စပါးပုံထက် များစွာ ပိုနိုင်၏ ။
( မိလိန္ဒပဥှာ ၁၀၉ )
နာမ်တရားတို့၏ အရှိန်အဟုန်သည် ရုပ်တရားတို့၏ မြန်နှုန်းထက် ( ၁၆ ) ဆ ပိုမြန်ကြောင်း၊ ( လူ ) ( ခွေး ) ( နွား ) ဟူသော စကားတစ်လုံးစီကို ကြားရာ၌ပင် ၀ီထိအားဖြင့် ၄ ၀ီထိ၊ စိတ္ကက္ခဏအားဖြင့် ( ၂၄၀ ) ကြာမြင့်ကြောင်း အဘိဓမ္မာ ၌ ပြဆို ထားခဲ့၏။
မည်သို့ဆိုစေ အသိဥာဏ် ဟူသော နာမ်တရားသည် ဦးနှောက်မှ စတင် ဖြစ်ပေါ်သည်မဟုတ်ပဲ နှုလုံးသား ဟူသော ဟဒယ၀တ္ထုရုပ်မှ စတင် ဖြစ်ပေါ်သည်ဟူသော အယူအဆကို မိမိဥာဏ်ဖြင့် လက်လှမ်းမှီသမျှ စုစည်းတင်ပြရင်း ဤဆောင်းပါးအား နိဂုံးချုပ်ပါရစေ ….
ကျမ်းကိုးများ။
ပဋိသမ္ဘိဒါမဂ္ဂ အဋ္ဌကထာ
ပြည်ပသာသနာပြုဆရာတော် ဘိက္ခုအရိယဓမ္မ ၏ ဗုဒ္ဓ၀ါဒပြဿနာများ
ဖားအောက်တောရဆရာတော်ကြီး၏ တရားတော်များ
ဒီနေရာမှ ကူးယူမျှဝေပါသည်။
No comments:
Post a Comment