ယနေ့သည် မြန်မာသက္ကရာဇ် ၁၃၇၄ ခုနှစ် တန်ဆောင်မုန်းလပြည့်နေ့ဖြစ် သည်။ ဂေါတမမြတ်စွာဘုရားသည် တန်ဆောင်မုန်းလပြည့်နေ့တွင် အဇာတသတ်မင်းအား သာမညဖလသုတ္တန် တရားတော်ကို ဟောကြားတော် မူခဲ့သည်ကို အကြောင်းပြု၍ ဗုဒ္ဓဘာသာဝင်တို့က သာမညဖလ အခါတော်နေ့ အထိမ်းအမှတ်ကို တန်ဆောင်မုန်း လပြည့်နေ့တွင် ကျင်းပကြသည်။ သာမညဖလ တရားတော်ဆိုသည်မှာ ရဟန်းပြုခြင်း၏ အကျိုးတို့ကို ဟောကြားသော တရားတော်ဖြစ်သည်။
တန်ဆောင်မုန်းလသည် ဗြိစ္ဆာရာသီ၊ ကြတ္တိကာနက္ခတ်နှင့် ယှဉ်၍ ခဝဲပန်းတို့ ပွင့်သောလဖြစ်သည်။ မိုးလေ ကင်းစင်လျက် ပြာသောကောင်းကင်ဝယ် နက္ခတ်တာရာစုံ ထွန်းလင်းသော လဖြစ်သည်။ ငွေနှင်းဖြူလွမြည့်ပြည့်ကျ၍ အေးမြသောလဖြစ်သည်။ ပင်းယခေတ်စာဆိုတော် စတုရင်္ဂဗလအမတ်ကြီးက ''သရနံရတုကာလာနံ အချိန်အခါတို့တွင် တန်ဆောင်မုန်းလသည် သာယာ လှပဆုံး အချိန်ဖြစ်ပေသည်'' ဟူ၍ မိန့်ဆိုခဲ့သည်။ ဗုဒ္ဓဘာသာ မြန်မာတို့၏ ယဉ်ကျေးမှုအစဉ် အလာအရ တန်ဆောင်မုန်း မီးထွန်းပွဲတော်နှင့် ကထိန် သင်္ကန်းကပ်လှူသည့် ဘာသာရေးပွဲတော်များ ကျင်းပကြသည်။
ကထိနစီဝရဟု ဆိုအပ်သော ကထိန်သင်္ကန်း ကပ်လှူခြင်းများ ဂေါတမမြတ် စွာဘုရား သက်တော်ထင်ရှားရှိစဉ် ကပင်ရှိခဲ့သော အစဉ်အလာ တစ်ခုဖြစ်သည်။ သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ မြတ်စွာဘုရား သီတင်းသုံးနေတော်မူစဉ် ပါဝေယျတိုင်းသား ဘဒ္ဒဝဂ္ဂီညီနောင် သုံးကျိပ်တို့ သည် ဝါကျွတ်ချိန်ကာလ၌ မြတ်စွာဘုရားထံ လာရောက် ဖူးမြော်ကြသည်။ မိုးရွာသွန်းဆဲ ကာလဖြစ်သဖြင့် ဘဒ္ဒဝဂ္ဂီရဟန်းတို့ မိုးရွှဲရွှဲစိုလာကြသည့် အချင်းအရာကို မြတ်စွာဘုရား မြင်တော်မူသည်ကို အကြောင်းပြု၍ သံဃာတော်များ သင်္ကန်း လုံလောက်စေရန် ကထိန်သင်္ကန်းကို အလှူခံခွင့်ပြုခဲ့သည်။
ကထိန်ခင်းရန်ခွင့်ပြုသောရက်အပိုင်းအခြားသည်သီတင်းကျွတ်လပြည့် ကျော်တစ်ရက်နေ့မှတန်ဆောင်မုန်းလပြည့်နေ့အထိတစ်လသာဖြစ်သည်။ သင်္ကန်းလှူသော အကျိုးမှာ အဆင်းလှခြင်း၊ မြူအညစ်အကြေး ကင်းခြင်း၊ အရောင်အဝါရှိခြင်း၊ တန်ခိုး အာနုဘော်ရှိခြင်း၊ သိမ်မွေ့သောကိုယ်ရှိခြင်း၊ ဖြူသောအဝတ်ပုဆိုးရှိခြင်း၊ ရွှေသောအဝတ်ပုဆိုးရှိခြင်း၊ နီသောအဝတ် ပုဆိုးရှိခြင်းဟူ၍ ရှစ်မျိုးပြထားကြောင်း တွေ့ရသည်။
ကထိန်ခင်းရန် ထုတ်မိန့်ပြန်၊ သုံးတန်သင်္ကန်းမျိုးဆိုထားသည့်အတိုင်း ကထိန် ခင်းရန် မြတ်စွာဘုရား ခွင့်ပြုတော်မူသော သင်္ကန်းသုံးမျိုးမှာ သံဃာဋိဒုကုဋ် (နှစ်ထပ်သင်္ကန်းကြီး)၊ ဥတ္တရာသင်္ဂကိုယ်ရုံဧကသီ၊ အန္တာရဝါသက-ကိုယ်ဝတ် သင်းပိုင်တို့ဖြစ်သည်။ ကထိန်ခင်းရန် ပဒေသာပင်သီးကြရာ၌ ခါးဝတ်သင်္ကန်း၊ အပေါ်ရုံသင်္ကန်း၊ နှစ်ထပ်သင်္ကန်းကြီး၊ သပိတ်၊ သင်တုန်းဓား၊ အပ်၊ခါးပန်းကြိုးနှင့် ရေစစ်ဟူ၍ ပရိက္ခရာ ရှစ်ပါးတို့အပြင် သံဃာတော်တို့အတွက် အခြားအသုံး အဆောင်တို့ကိုလည်း လှူဒါန်းကြသည်။ ကထိန်သင်္ကန်း လှူသောအခါ ပုဂ္ဂိုလ်ကိုမလှူရ၊ သံဃာကို ရည်ညွှန်းလှူရသည်။
ကထိန်သင်္ကန်းကို ကပ်လှူခံယူခွင့်ရှိသော ရဟန်းမှာ ဝါတွင်းသုံးလ ပတ်လုံး ဝါမကျိုးမပျက်ဘဲ ပဝါရဏာပြု သောရဟန်းသည်သာ ခံယူခွင့်ရှိသည်။
ကထိန်ခင်းသူတို့သည် မိမိလှူဒါန်းသော ကုသိုလ်အဖို့ကို သူတစ်ပါးတို့အား မိမိနှင့် ထပ်တူအကျိုးရစေရန် အမျှအတန်းပေးဝေခြင်း(ပတ္တိဒါန) ပြုကြပြန်သည်။ ဤကုသိုလ်အဖို့ကို သူတစ်ပါးအား အမျှအတန်း ပေးဝေ လိုက်ခြင်းဖြင့် မိမိကုသိုလ် လျော့နည်းမသွားဘဲ အခြားသူများပါ ကုသိုလ်အ ကျိုးကို ရရှိနိုင်သည်။ ထို့အတူပင် သူတစ်ပါးတို့ကုသိုလ် ကောင်းမှုပြုသည်ကို ဝမ်းမြောက်ဝမ်းသာဖြင့် သာဓုခေါ်ခြင်း (ပတ္တာနုမောဒန) သည် စိတ်စေတနာ ထက်သန်လျှင် ထက်သန်သလောက် ဘဝများစွာ ကောင်းကျိုးပေးနိုင်သည်။
ဝမ်းမြောက် ဝမ်းသာဖြစ်၍ သာဓုခေါ်ခြင်းဖြင့် ကုသိုလ်ပြုသူနှင့် ထပ်တူမျှကောင်းကျိုးချမ်းသာများရရှိနိုင်သည်။ မြန်မာတို့၏ (၁၂)လရာသီတွင် ဤတန်တောင်မုန်းလသည် မြန်မာ့ဓလေ့နှင့်မြန်မာ့လူ့အဖွဲ့၏ အစဉ်အလာ၊ ယဉ်ကျေးမှုဂုဏ်ကို မြှင့်တင်သောလဖြစ်ခြင်းကြောင့် ကုန်းဘောင်ခေတ်စာ ဆိုတော် ဖိုးသူတော်ဦးမင်းက ''လှူကထိန် သင်္ကန်းနဲ့၊ မဂ်လမ်းတဲ့ဆုပန်ရွယ်၊ သည်ချိန်ကိုဝတ်မှုန်ကြဲလို့၊ ခဝဲရွှေညှာရင်းမှာ၊ သင်းရနံ့ကြွယ်၊ ကောင်းကင် လယ်၊ ထက်ဝယ်ဘုံဦး၊ ရွှေလစန္ဒာနဲ့၊ ကြတ္တိကာကြယ်ရောင် ရွှန်းတယ်၊ ထွန်းထိန်လို့မြူး''ဟူ၍ဖွဲ့ဆိုခဲ့သည်။
သို့ဖြစ်၍ မြန်မာပြည်သူအပေါင်းတို့သည် လမြတ်တန်ဆောင်တွင် ကောင်းမှုကိုဆောင်၍ မကောင်းမှုကိုရှောင်ကာ ပြည်ရွာငြိမ်းအေးရေးကို အလေးအမြတ်ပြုကြ စေကြောင်း မြဝတီကအကျိုးမျှော်၍ နှိုးဆော်လိုက်ရပါသည်။
အေးချမ်းမွန်မှ မြ၀တီ တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :မြ၀တီ
No comments:
Post a Comment