Pages

***ငရဲတံခါးကို ပိတ်ပါစို့  ***



ကလေးဘဝကတည်းက နားရည်ဝခဲ့တဲ့စကားလေး
ဗုဒ္ဓဘာသာဝင်တို့ရဲ့အသိုင်းအဝိုင်းမှာ အမြဲကြားရတတ်တာက ငရဲမှာအပ ဝဋ်မှာအမြဲ …တဲ့။ နားထဲမှာစွဲနေခဲ့တဲ့ ဆိုရိုးလေးတစ်ခုပါ။ ဘာကို ဘယ်လို ဆိုလိုသည်ကိုတော့ တကယ် ရေရေလည်လည်မသိခဲ့။ မကောင်းတာ၊ မဟုတ်တာလုပ်ရင် ငရဲကြီးမယ်၊ ဝဋ်လိုက်လိမ့်မယ်လို့ လူကြီး၊ မိဘ၊ ဆရာသမားတွေရဲ့ သွန်သင်ဆုံးမစကားတွေကတော့ လူတိုင်းလူတိုင်းအတွက် ကလေးဘဝကတည်းကစပြီး ရင်းနှီးကျွမ်း ဝင်ခဲ့တဲ့စကားလေးတွေ ဖြစ်မယ်လို့ထင်ပါတယ်။

ငရဲကြီးတယ်ဆိုတာ ဘယ်လိုပါလိမ့် ?
အတွေးအခေါ် ဗဟုသုတ မကြွယ်ဝသေးသည့်ကလေးဘဝကိုလွန်မြောက်လို့ အရွယ်လေးရောက်လာတော့ ငရဲဆိုတဲ့စကားရဲ့ အနက် အဓိပ္ပါယ်ကို အနည်းငယ် သိနားလည်စပြုခဲ့ပါတယ်။ ဗုဒ္ဓစာပေများသင်ယူရတဲ့အခါမှာတော့ ချမ်းသာကင်း၍ အမြဲဆင်းရဲဒုက္ခခံစားနေရသော ဘုံဋ္ဌာနကို ငရဲဘုံလို့ခေါ်ပြီး အဲဒီလိုဘုံဘဝမှာ အမြဲဆင်းရဲခြင်းနှင့် ဒုက္ခအတိပြည့်နေခံစားနေရသူကို ငရဲသားလို့ခေါ်တယ်ဆိုတာ နားလည် သိရှိ သဘောပေါက်ခဲ့ပါတယ်။ ငရဲပြည်မှာ ငရဲခံရတယ်။ ငရဲကြီးတယ်ဆိုတာကို ဘယ်လိုဟုတော့ နားမလည်ခဲ့ပေမယ့် ဖြတ်သန်းခဲ့ရတဲ့ ဘဝလမ်းတစ်လျှောက်က ကိုယ့်ပတ်ဝန်းကျင် လူနေမှုရှုခင်းကို လေ့လာခံစားကြည့်ပြီးတော့ အနည်းငယ်သဘောပေါက်သလိုပါပဲ။

အသက်ရှင်လျှက် ..ငရဲကျသူ
စာရေးသူရဲ့ ရွာဦးဘုန်းတော်ကြီးကျောင်း ပတ်ဝန်းကျင်မှာ လူနေအိမ်များလည်း ကပ်လို့ တည်နေကြပါတယ်။ နေဝင်မိုးချုပ်ပြီဆိုရင် ဆဲသံ ဆိုသံတွေနဲ့အတူ ရိုက်နှက်သံ၊ ငိုကြွေးသံတွေဟာ မကြားချင်အဆုံးပါပဲ။ စားဝတ်နေရေးမပြေလည်လို့ကတစ်မျိုး၊ လင်မယားချင်းရန်ဖြစ် ရိုက်နှက်ကြလို့ တစ်သွယ်၊ မွေးထားတဲ့ကလေးငယ်တွေက ထမင်းဆာလို့ကတစ်မျိုးနဲ့ တော်တော်ဆိုးခဲ့ပါတယ်။ ခုအခါ ပြန်တွေးမိတော့မှ သူတို့ဟာလဲ အသက်ရှင်လျှက်နဲ့ ငရဲခံနေရသလိုဖြစ်နေကြောင်း သဘောပေါက်ခဲ့တယ်။

အိန္ဒိယနိုင်ငံရဲ့ မြို့တော်ကြီးတွေအသီးသီးကို လေ့လာရေးရောက်ခဲ့တဲ့အခါ လမ်းဘေးမှာနေထိုင်သူအများစုကို တွေ့ခဲ့ရဘူးပါတယ်။ တစ် နေရာတည်းမှာပဲ ကလေး လူကြီး စုစည်းနေပြီး ဆင်းဆင်းရဲရဲ နေကြရ ထိုင်ကြရပါတယ်။  အဲဒီလို လမ်းဘေးနေလူတန်းစားကိုတွေ့မြင်ရတဲ့အခါမှာလဲ နောက်ဘဝခံရမည့်ငရဲထက် လူ့ပြည်တွင် အသက်ရှင်လျက်နဲ့ငတ်ပြတ်ဆင်းရဲ နေရခြင်းကိုလဲငရဲလို့ ပြောနိုင်မလား တွေးခဲ့ မိပြန်ပါတယ်။
မလေးရှားနေစဉ်ကာလတုန်းကလည်း ရာဝမ်းအရပ်ဘက်ရှိ မြန်မာနိုင်ငံသား ဆေးရုံဆင်းလူနာတွေကို လက်ခံပြုစုစောင့်ရှောက်ထားရာ ပြန်လည်ထူထောင်ရေးစခန်း တစ်ခုကို သွားရောက် လှူဒါန်းခဲ့ဘူးပါတယ်။ အဲဒီနေရာမှာ ရောဂါအမျိုးမျိုးနဲ့ ခွဲစိတ်ကုသခံယူထားသူတွေ၊ အ ဖြစ်အပျက်မျိုးစုံနဲ့ ခြေပြတ် လက်ပြတ်တွေဖြစ်ပြီး ခိုကိုးရာမဲ့ဖြစ်နေကြသူတွေ များစွာကိုတွေ့ခဲ့ရပါတယ်။ ကလေးမလေး တစ်ယောက်ဆို မစင်သွားဖို့နေရာမပါခဲ့လို့ ဗိုက်ကနေခွဲပြီး ပိုက်ထုတ်ထားရသည်ကို တွေ့သိခဲ့ရဘူးပါတယ်။ ဒါတွေအပြင် မိမိတို့ပတ်ဝန်းကျင်မှာ အဆင်မ ပြေမှုတွေများစွာကြောင့် သောကတွေပူနေရ၊ ပရိဒေဝမီးတွေ တောက်လောင်နေကြရတာတွေ၊ ကိုယ်အင်္ဂါချို့တဲ့ပြီး လူစဉ်မမှီသူတွေ၊ စားရ မဲ့ သောက်ရမဲ့ ခိုကိုးရာမဲ့ ဆင်းရဲသားတွေ အမြောက်အများကိုလဲ တွေ့မြင် ကြားသိနေပေရတဲ့အခါ ဒါသည်ပင်လျှင် အသက်ရှင်လျှက် ငရဲ ကျနေသူများလို့ ခံစားနားလည်မိလိုက်ပါတယ်။

ကိုယ်ပြုသည့်ကံ ကိုယ်သာခံ
ဆင်းရဲနွမ်းပါးသော တဲအိမ်အတွင်းမှအဘိုးအိုသည် မိမိကိုယ်ကိုမိမိ အပြစ်တင်ခြင်းမှတပါး အခြားလုပ်ဆောင်ဖွယ်ရာ မရှိဖြစ်ပါလိမ့်မယ်။ အိန္ဒိယစကားပုံတစ်ခုမှာဖတ်ဖူးတာကတော့ ညဘက်မှာ အိမ်မက်ကောင်းကောင်းမက်အောင် နေ့ခင်းဘက်မှာ အလုပ်များကို လုပ်ဆောင်ပါ တဲ့။ မြန်မာစကားပုံမှာတော့ နေပူတုန်း ကောက်ရိုးလှန်း၊ မိုးရွာတုန်း ရေခံ၊ လသာတုန်း ဗိုင်းငင် စသည်ဖြင့် ရှေးလူကြီးတွေဆိုရိုးစကား ထားခဲသည်ကို ဖတ်ရှုရဖူးပါတယ်။

အသက်ကြီးသောအခါ ကြွယ်ဝချမ်းသာ သောကကင်းဖို့ဆိုရင် ငယ်စဉ်ကတည်းက ကြိုးစားအလုပ် လုပ်ဖို့လိုတယ်ဆိုတာကို ပညာပေးချင်တာလို့ နားလည်ခဲ့မိပါတယ်။ လူမိုက်နဲ့ပညာရှိ၊ လူချမ်းသာနဲ့ လူဆင်းရဲတို့ရဲ့ ဘဝလမ်းခွဲဟာ ကျောင်း ဝင်းထဲမှာ ရှိပါတယ်။ ကျောင်းနေပျော်၍စာတော်အောင် ကြိုးစားခဲ့သူများအနေဖြင့် ပညာတတ်မယ် ရာထူးဂုဏ်ရှိန် စည်းစိမ်ကြီးလို့ ကောင်း သည်ထက်ကောင်းအောင် လှူနိုင် တန်းနိုင် အများအကျိုးဆောင်နိုင်ခါ ဘဝအဆင့်မြင့်သည်ထက် မြင့်ကြရပေမဲ့ ငယ်စဉ်က ပျင်းအားကြီး စာမကြိုးစားပဲ အဖေါ်မက်ပြီး အပျော်အပျက်ဘက်အတွက် အချိန်ကုန်များခဲ့မယ်ဆိုရင်တော့ ပညာမဲ့ဖြစ်မယ် ဆင်းရဲမယ် လူတောမတိုး လူရာမဝင်တာမျိုးကို ဆိုလိုတာလို့ အတွေးချဲ့ နားလည်မိပါတယ်။ တစ်ချို့ကျတော့လဲ ငယ်ငယ်ကတော့ လိမ္မာရိုးသား ကြိုးစားခဲ့ကြပါရဲ့.. အရွယ်လေးရောက်လာတာနဲ့အမျှ စိတ်ကစားမှုတွေနဲ့အတူ မကောင်းသူများ၏အမူအကျင့်ကိုမှ အမြင့်ထင်ပြီး အတုယူလွဲမှားကြလို့ ပျက် စီးနေကြသူတွေလဲ မနဲပါဘူး။ ထိုကဲ့သို့သူတွေရဲ့ ဆင်းရဲကြမ်းတမ်းသော လောကဓံတွေနဲ့သာ ဆုံဆည်းပြီး ပူပင်သောက ဗျာပါဒတွေနဲ့ အသက်ရှင်လျှက် ငရဲခံနေကြရခြင်းဟာလဲ အရင်းစစ်တော့ ကိုယ်ပြုတဲ့ကံ ကိုယ်ပြန်ခံရတာလို့ပဲ ဆိုချင်မိပါတော့တယ်။

ငရဲနဲ့ခြောက် မကြောက်ကြဘူး
အမြဲတမ်း ဆင်းရဲဒုက္ခနဲ့သာ ခံစားရနေတဲ့ ငရဲ ပြည်ဆိုတာ ခဏတဖြုတ် အလည်တောင်မှသွားမလည်သင့်တဲ့နေရာတစ်ခု ဖြစ်ပါလိမ့်မယ်။ အကုသိုလ်အမှုနဲ့မှ အကျိုးပေးကောင်းပြီး ချမ်းသာနေသူ အောင်မြင်နေသူတစ်ချို့ကလဲ ငရဲလောက်တော့ မကြောက်မယုံ မဖြုံကြပြန်ဘူး။ အဆိပ်သောက်ရင် သေတတ်တယ်ဆိုတာကို မယုံလို့ လက်တွေ့စမ်းကြမယ်ဆိုရင်တော့ ဒုက္ခဆိုတာ ရလဒ်ဖြစ်သွားမှာပဲလို့ ထင်မိတယ်။ နောက်ဘဝခံရမည့် ငရဲဆိုတာ ထားလိုက်ပါဦး။ ဒီဘဝမှာတင် အဆင်မပြေမှု ဗလပွနဲ့ဒုက္ခတွေရောက်ကြရ၊ ကိုယ်ဆင်းရဲ စိတ်ဆင်းရဲ ဖြစ်ကြ ရနဲ့အပူတွေများဟာ ပူပြင်းလှပါတယ်။ အပြင်ကရာသီဥတု ဘယ်လောက်ပူပူ အတွင်းက ကိလေသာအပူကိုတော့ မမှီပါဘူး ။ လောဘဇော တက်ပြီး ပူရတာရှိသလို ဒေါသတွေထွက်လို့ ပူရတာလဲရှိပါတယ်။ သားရှိသောသူ သားကြောင့်ပူရသလို ကားရှိသောသူ ကားကြောင့် ပူနေ ရတာပါပဲ။ ပူပြင်းပါတဲ့ ငရဲဆိုတာ ဘယ်လောက်ပူသလဲမသိပေမယ့် လောကရဲ့သောကအပူကတော့ ပူပြင်းလှကြောင်း ကိုယ်တွေ့တွေနဲ့ သိခဲ့ရပါပြီ။

ငရဲ ဘာကြောင့်လားရတယ် ?
ဒီတော့ ငရဲဘာကြောင့်လားရသလဲဆိုတာ မေးစရာ တွေးစရာတခုဖြစ်လာပါတယ်။ အတိုချုံးပြီး ဖြေရရင်တော့ ငရဲရောက်ကြောင်း မကောင်း မှု အကုသိုလ် ဒုစရိုက်တွေကို ပြုမိမှားလို့ဖြစ်တယ်လို့ပြောရင် မမှားလောက်ဘူးထင်ပါရဲ့။ အကျယ်ချဲ့ တွေး ကြည့်ရင်ဖြင့်….

အပါးလယ်လို့ အပါယ်လားတယ်
တစ်ချို့သောသူတို့ဟာ စီးပွားရေး လူမှုရေး ဘာသာရေး စသည်ဖြင့် အများနှင့် စုပေါင်းဆောင်ရွက်သင့်သည့်အမှုကိစ္စများတွင် အပါး ခိုနေလေ့ရှိကြပါတယ်။ ကောင်းမှုကုသိုလ်ပြုရာမှာလဲ ဒီနည်းတူပါပဲ။ ကောင်းတာကြံဖို့ ပြောဖို့ လုပ်ဖို့ဆိုရင် ဝန်လေးနေပြီးတော့ သောက်မယ် စားမယ် ပျော်မယ် ပါးမယ်ဆိုရင်ဖြင့် ထိပ်ဆုံးက ကျွန်တော်ဖြစ်နေတတ်ကြပါတယ်။ ဒီလို ကုသိုလ်အပါးမဝပဲ အကုသိုလ်အပါးဝသူတွေဟာ စိတ်ကောင်း နှလုံးကောင်းလဲ မရှိလို့ပဲ ဖြစ်မှာပါ။ အသင်းအဖွဲ့တွေမှာ နေရာတော့ဝင်ယူကာ သူတို့နာမည်တော့ပါဝင်စေလိုပြီး တကယ် လုပ်ဆောင်ဖွယ်ရာများမှာတော့ အပါးခိုနေကြခြင်းဟာလည်း လူပါးဝနေခြင်းတစ်မျိုးလို့ နားလည်မိပါတယ်။ သတ္တဝါတွေကျင်လည်ရာ သုံး ဆယ့်တစ်ဘုံကို အစဉ်အတိုင်း အထက်အောက်စီကြည့်မယ်ဆိုရင် လူ့ပြည်နှင့်အနီးဆုံး အောက်ဘုံဟာ ငရဲဘုံ ဖြစ်နေတာကိုတွေ့ နိုင်ပါ တယ်။ ငရဲဆိုတာ အပါယ်လေးပါးမှာ တစ်ပါးအပါအဝင်ဖြစ်ပါတယ်။ အဲဒီလို သူတပါးရဲ့မျက်ခုံးမွေးပေါ်တွင် စင်္ကြန်လျှောက်လိုပြီး ကောင်းတဲ့ အရာ လုပ်ဖို့တွေမှာတော့ လူပါးဝ အပါးလယ်သူတွေဟာ အပါယ်လားပြီး ငရဲသွားရတယ်လို့ ကောက်ချက်ချရပါလိမ့်မယ်။

အမျိုးအမည်ကွဲပြား ..ငရဲများ
တကယ်တော့ ငရဲဆိုတဲ့စကားလုံးဟာ မြန်မာစကားအားဖြင့်မူ င နှင့် ရဲ ပေါင်းထားတဲ့ နှစ်လုံးသောစကားလေးမျှသာပါပဲ။ သို့သော်လည်း ဒီ ငရဲဘုံကိုကျစေနိုင်တဲ့ မကောင်းမှု၊ အကုသိုလ် ဒုစရိုက် ကွဲပြားခြားနားသည်နှင့်အမျှ ဆိုးကျိုးခံစားရတာကလဲ ကွဲပြားလေတဲ့အခါ၊ ဒုစရိုက် သမား လူယုတ်မာများစွာအတွက် လားရောက်ရာ ငရဲဆိုတာလဲ အမျိုးအမည်အားဖြင့် များစွာကွဲပြားသွားပါတော့တယ်။
တံလျှပ်ကိုရေထင် ရွှေသမင် အလိုက်မှားဆိုတာလို မကောင်းတာကိုမှ အကောင်းထင်ပြီးလျှင် မဟုတ်တာကိုမှ အဟုတ်ထင်လုပ်ချင်သည့် ဒုစရိုက်ကောင် ငမိုက်သားတို့မှာလဲ ငရဲလားသည့်အခါ မိမိပြုခဲ့သည့်အကုသိုလ်အမှု အကြီးအသေးအလိုက် ထိုက်ထိုက်တန်တန် ခံရပါ တော့တယ်။ ဥပမာအားဖြင့် ကမ္ဘာ့နိုင်ငံအသီးသီးက ကျင့်သုံးလျက်ရှိသော ပြစ်မှုဆိုင်ရာဥပဒေများမှာလဲ ပြစ်မှုကျူးလွန်သူများကို အပြစ်ပေး ရာတွင် အပြစ်ကျူးလွန်သူ၏ အမှု အကြီး အသေးအပေါ်မူတည်ပြီး ပုဒ်မတပ် အပြစ်ပေး အရေးယူ ပြစ်ဒဏ်ပေးခံရသလိုဖြစ်ပါတယ်။ ပြစ်မှု ကြီးလွန်းရင်လဲ သေဒဏ်ပေး ကြသလို အကုသိုလ်အပြစ် ဒုစရိုက် အင်အား ကြီးမားလွန်းတော့လဲ အဝိီိစိဆိုတဲ့ငရဲမှာပင် ကမ္ဘာအဆက်ဆက် ဒုက္ခခံစားရမှာဖြစ်ပါတယ်။

ငရဲကြီး..ငယ် အသွယ်သွယ်
မဟုတ်တာ အလုပ်များသူတို့ အဟုတ်သွားရမည့် ငရဲဘုံဆိုတာဟာလဲ အကြီးနဲ့အငယ် နှစ်သွယ် ကွဲပြားပါတယ်။ လူသိများတာက ငရဲဆို သည့်စကားလုံးမှာ နှစ်လုံးမျှသာဖြစ်ပေမဲ့ ငရဲကြီးက (၈) ထပ်တောင်ရှိပြီး ငရဲငယ်က လေးထပ်ရှိပါတယ်။ ငရဲငယ်လေးခုကို အရပ်လေး မျက်နှာဖြင့် မြှောက်ပါက ငရဲ ငယ် ၁၆ ထပ်ရှိလာပြီး ဒါကိုပဲ ငရဲကြီးရှစ်ထပ်နှင့် ထပ်မံမြှောက်ပွားပါက ဒုစရိုက်သမားတို့ခံစားရမဲ့ ငရဲဘုံ အပြားဟာ တစ်ရာကျော်သွားပါတော့တယ်။

•  ငရဲတံခါးဖွင့်နေသူများ
ငရဲရောက်နိုင်သည့် အကုသိုလ်ကံတွေအကြောင်းအရာကို လေ့လာကြည့်တဲ့အခါ အများစုသည် သူ့အသက်သတ်ခြင်း စသော ငါးပါးသီလ ကိုယ်ကျင့်တရား ချို့ယွင်းကြလို့ ဖြစ်ပါတယ်။ ထို့အပြင် မပြစ်မှားသင့်သော အနန္တော အနန္တငါးပါးတို့အား ပြစ်မှားစော်ကားခြင်း၊ ခင်ပွန်းကြီး ဆယ်ပါးအပေါ်ဝယ် ပြစ်မှားခြင်း စသော အကုသိုလ် ကံတွေကို တွေ့ရပါတယ်။ ဒါတွင်မက သိင်္ဂါလောဝါဒသုတ်မှာ ဗုဒ္ဓမြတ်စွာ မိန့်မှာခဲ့သည့် ကျင့်ဝတ်အထွေထွေကို မကျေပွန်ရင်လဲ ငရဲလားနိုင်တာပါပဲ။ ဥပမာအားဖြင့် တာပနငရဲဆိုတာဟာ အဂတိတရားလိုက်စားသူ၊ လင်ယော ကျာ်းကို မထီမဲ့မြင် အရေးမထား မလေးမစားလုပ် အနိုင်ကျင့်သူ၊ ဝတ္တရားမကျေပွန်သူတို့ရဲ့ လားရောက်ရမည့်ငရဲတစ်ခု ဖြစ်ပါတယ်။
သို့ဆိုပါလျှင် သူ့အသက်သတ်ခြင်း စသည်ဖြင့် ကိုယ်ကျင့်တရား ပျက်ပြားနေသူတွေ၊ လင်ဖြစ်ပါလျှက် လင်ဝတ္တရား မကျေ၊ မယားဖြစ်ပါ လျှက် မယားဝတ္တရားမကျေ ၊ သားသမီးဖြစ်ပါလျှက် သားသမီးဝတ္တရား ကျေပြွန်အောင် မဆောင်ရွက်သူ စသည့်သူများဟာ ငရဲတံခါးကို ဖွင့်နေသူများလို့ ဆိုလိုက်ချင်ပါတော့တယ်။

ငရဲတံခါး ပိတ်စို့လား
ငရဲဆိုတာဟာ ချမ်းသာကင်းပြီး အမြဲ ဆင်းရဲ ပူလောင်စွာခံစားရတဲ့နေရာ၊ ဘုံလို့ အကျဉ်းအားဖြင့် နားလည်ခဲ့ပြီးတဲ့ နောက်မှာတော့ ငရဲ လားရောက်ရမှာကို ကြောက်လာမိပါတယ်။ အဲဒီကြောက်စိတ်နဲ့အတူ ကပ်ပါလာတာကတော့ ငရဲမရောက်ချင်ရင် ငရဲရောက်စေမယ့် မ ကောင်းမှု အကုသိုလ် ဒုစရိုက်တွေမလုပ်မှ ဖြစ်မယ်ဆိုတာပါပဲ။ ဒီအပြင် ရှောင်အပ်တဲ့ ဝါရိတ္တသီလ၊ ဆောင်အပ်တဲ့ စာရိတ္တ သီလလို့ ခေါ် ဆိုရတဲ့ ကိုယ်ကျင့်တရားတွေကိုလဲ မြှင့်တင်ရအုံးမယ်လို့ ကိုယ့်ဘာသာ နားလည်ခဲ့မိပါတယ်။
ဒီလိုသာ ကောင်းတာကိုသာ ကြံ၊ ကောင်းတာတွေသာ ပြော၊ ကောင်းမှုတွေသာလုပ်မယ်ဆိုရင်ဖြင့် ဝဋ်မှာအမြဲ ငရဲမှာအပလို့ ငယ်ငယ်က ကြားခဲ့ဖူးသည့် စကားအတိုင်းပင် ငရဲမင်းက ကိုယ့်ကို အပပြု ဖယ်ကြဉ်ပါလိမ့်မယ်။ ငရဲဆိုတာသည် ကိုယ်အတွက်လားရာမဟုတ်တော့ပဲ ငရဲတံခါးသည်လည်း ပိတ်နေလိမ့်မယ်လို့ တဆက်တည်း တွေးမိလိုက်ပါတော့တယ်။

မိဘဘိုးဘွား ကန်တော့ပါစို့
ကျွန်ုပ်တို့အတွက် ပူပင်သောက ဗျာပါဒကင်း၍ စိတ်အေးချမ်းသာ ကိုယ်ကျန်းမာစွာ လိုရာဆန္ဒ ပြည့်စုံရအောင်ဆိုရင် ငရဲလားရောက်ကြောင်း မကောင်းမှုတွေကို အပပြုရှောင်ကြဉ်ဖို့ အဓိကကျတယ်လို့ တွေးမိပြီးတဲ့အဆုံးမှာတော့ ဓမ္မမိတ်ဆွေအားလုံးကိုလဲ ငရဲလားကြောင်း မ ကောင်းမှုတွေရှိခဲ့ရင်တောင်မှ ပြေလျှော့ရအောင်၊ ကုသိုလ်တွေတိုးပွားပြီး မကောင်းဘေးများ ရှောင်ရှားရအောင် အနန္တော အနန္တငါးပါး၊ ခင် ပွန်းကြီးဆယ်ပါးတို့ကို ဒီလိုဝါကျွတ်ချိန်ခါမှာ ကန်တော့ကြပါစို့လို့တိုက်တွန်းလိုက်ချင်တာပါ။
ဒီလို သက်ရွယ်ကြီးမား မိဘ ဘိုးဘွား ဆရာသမားတွေကို ကန်တော့ခြင်းဟာ မိမိအတွက် ကုသိုလ်တွေတိုးသလို ဘေးဆိုးကိုလဲ လုံစေ၊ အပါယ်ဘေးကိုလဲအထိုက်အလျှောက် တားဆီးပေးနိုင်တာပါပဲ။ ဒါကြောင့် ဓမ္မမိတ်ဆွေများ အားလုံးကို ဘေးရန်ကင်းကွာ ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပါစေ။ စိုးရိမ်ပူဆွေးငိုကြွေးခြင်းဘေးက လွန်မြောက်နိုင်ပါစေဟု ဝါကျွတ်ဆုမွန်ပြုရင်း ငရဲတံခါးပိတ်ပါစို့လို့ ဆန္ဒပြုလိုက် ရပါတော့တယ်။
                                                                    အရှင်နန္ဒဝံသ (ရမည်းသင်း)၏စကားလက်ဆောင်များမှခံစားဖော်ပြပါသည်။

No comments:

Post a Comment