ဆလုံ လူမျိုးတို့ သည် မြိတ်ကျွန်းစု၏ အဖိုးမဖြတ်နိုင်သော ပြဂယုဒ် တစ်ခုဖြစ်သည်။သူတို့ ၏ ဓလေ့စရိုက် ရိုးသားဖြောင့်
မတ်မှုကို တုနှိုင်းရန် အရာမရှိပါ။ ထိုကြောင့် ဆလုံလူမျိုးတို့ မှာ လူသိများထင်ရှားနေခြင်းဖြစ်သည်။ ဆလုံလူမျိုးတို့ သည်
နေရာအတိအကျမရှိ။ပင်လယ်ပြင် တစ်ခွင် ၀မ်းစာအတွက် လှည့်လည် ကျက်စားကြသည်။
ရေကူးရေငုပ်ရာတွင် ကျွမ်းကျင်သည်။ ထိုကြောင့် Sea Gypsy or Men Of the Sea အဖြစ် အမည်တွင်ခြင်း ဖြစ်သည်။
သမိုင်းကြောင်းအရ ရှေးယခင်က မလေးကျွန်းဆွယ်တွင်နေထိုင်ကြပြီး စီးနှင်းတိုက်ခိုက်လုယက်မှုများကြောင့် မြိတ်ကျွန်း
စုဘက်သို့ ရွေ့ ပြောင်းလာကြခြင်း ဖြစ်သည်။ ယနေ့ အခါ ဆလုံလူမျိုးများကို ကော့သောင်းမြို့ အနီး ကျွန်းများတွင်
မြင်တွေ့ နိုင်သည်။
ဆလုံလူမျိုးတို့ သည် စိုက်ပျိုးရေး၊မွေးမြူရေးဖြင့် အသက်မမွေး၊ရေလုပ်ငန်း ပုလဲလုပ်ငန်းတို့ ဖြင့် အသက်မွေးကြသည်။
ပင်လယ် ကမ်းခြေတစ်လျှောက် လှေလှော်ခတ်ရင်း တစ်ကျွန်းမှ တစ်ကျွန်းကူးကာ နေထိုင်လေ့ရှိသည်။လှေကလေးများ
ကို ပေါ့ပါးသော သစ်လုံးများဖြင့် ထွင်းယူကြသည်။
ယင်းလှေများမှာ ပင်လယ်ခရီးအတွက် အဆင်ပြေ အသုံးဝင်လှသည်။အသုံးအဆောင်များ၊အစာရေစာများ၊ခွေး၊ကြောင်
ကြက်များ ကိုလည်း တစ်ပါတည်း လှေနှင့်အတူ တင်ယူလာလေ့ရှိကြသည်။ ဆောင်း၊နွေ ရာသီများတွင် ငါးဖမ်းခြင်း
ရေထွက်ပစ္စည်းများ ရောင်းဝယ်ခြင်းတို့ ဖြင့် အသက်မွေးကြပြီး၊မိုးရာသီ ရာသီဥတု ဆိုးရွားသည့်အခါ နီးစပ်ရာ
ကျွန်းပေါ်တွင် ၀ါးခြေတိုင်ရှည် တဲများဖြင့်လည်းကောင်း၊ဂူ များရှာပြီး လည်းကောင်း နေထိုင်လေ့ရှိသည်။
Sea Gypsy ဟူသောအမည်နှင့် လိုက်လျောညီထွေစွာပင် သဘာဝပင်လယ်ဘေးအန္တာရယ်ကိုလည်း ရှောင်တိမ်းတတ်
ကြသည်။ရာသီဥတု အလွန် ဆိုးရွားနေစဉ်မှာပင် မိမိနေထိုင်ကျွန်းဆီသို့ အမြန်ဆုံး ပြန်ရောက်အောင် သွားနိုင်ကြသည်။
ဆလုံလူမျိုးတို့ ၏ ရေငုပ်ပညာ ကျွမ်းကျင်မှုမှာ အံ့မခန်းဖြစ်သည်။ ပင်လယ်ကြမ်းပြင်အထိ ရေငုပ်နိုင်ပြီး ရေအောက်တွင်
အောက်ဆီဂျင် အကူအညီမပါပဲ အချိန်အတော်ကြာ ( ၁ နာရီခန့် )နေနိုင်ကြသည် ဟု ဆိုကြသည်။
(ပင်လယ်ကြမ်းပြင် ၁၆ လံထက် ပိုပြီး မည်သည့် ရေငုပ်သမားမှ မငုတ်နိုင်ကြပါ၊ရေဖိအားဒဏ်ကို မခံနိုင်ကြသောကြောင့်
ဖြစ်သည်။ရေအရမ်းနက်လျှင် နား၊မျက်စိ၊နှာခေါင်း စသည့် နေရာများမှ သွေးများယိုထွက်လာသည်ကို မည်သူမျှ မခံနိုင်
ပါ။ တစ်နာရီကြာအောင် ရေငုတ်သော ဆလုံလည်း မရှိပါ အလွန့်  အလွန် မိနစ်(၂၀) မျှသာ အောက်ဆီဂျင် မပါပဲ
ငုတ်နိုင်ကြသည်)
တစ်ရက်ထဲ ထိုကဲ့သို့ ရေငုပ်ခြင်းမျိုး အကြိမ်အရေတွက် များများလုပ်နိုင်သည်။ပင်လယ်ခရု၊ကမာ(မုတ်)ကောင်များ၊
ငါးကြီးအံဖတ်၊ ပင်လယ်ရေမှော်ပင်၊ပုလဲ၊ငှက်သိုက်၊ပျားရည်၊ပရဆေးပင် များကို ရှာဖွေစုဆောင်းပြီး ရောင်းချလေ့
ရှိသည်။ဆလုံလူမျိုးများသည် အခြားလူမျိုးများနှင့်ရောရောနှောနှော နေထိုင်လေ့မရှိချေ။ ယင်းတို့ ၏ လူနေထိုင်မှု စနစ်
မှာ မြို့ ပြလူနေထိုင်မှု စနစ်နှင့် ကွာခြားလွန်းလှသည်။
သို့ သော် သူတို့ ၏ လူနေမှုစနစ်ကို ယုံကြည်စွာ တန်ဖိုးထား ထိန်းသိမ်းကြသည်။ဘာသာတရားနှင့် ပက်သက်ပြီး ယင်း
တို့ ၏ ကိုယ်ပိုင် ယုံကြည်မှုကို လက်ကိုင်ထားကြသည်။ နတ်ကောင်းနှင့် နတ်ကောင် ဆိုပြီး နတ်ကိုးကွယ်မှု ၂ ခုရှိသည်။
နတ်ဆရာသည် ယင်းတို့ ၏ အခရာ ဖြစ်သည်။ ပျော်ပွဲ ရွှင်ပွဲများကိုသာမက ဖျားနာသည့်အခါ တစ်ဦးတစ်ယောက်
သေဆုံးသည့်အခါတွင်လည်း နတ်ဆရာ၏ ပြောဆိုမှုအတိုင်း စပါး၊ပြောင်း၊အရက်၊ပျားရည်၊ကွမ်း၊ဘဲသွေးစိမ်း၊ကြက်၊
လင်းပိုင်၊ပင်လယ်လိပ်တို့ ကို ယဇ်ပူဇော်လေ့ရှိသည်။
ပျော်ပွဲရွှင်ပွဲများတွင် တေးသီချင်းများကို သီဆိုတီးမှုတ်ပြီး မီးပုံဖိုကာ ၀ိုင်းဖွဲ့ ကခုန်ကြသည်။ သူတို့ ၏ ဗုံတစ်မျိုးမှာ
ပုတ်သင်ညိုသားရေဖြင့် ပြုလုပ်ထားသည်။ "ပျု၊မွန်၊မြန်မာ၊သက်" ဟူသော မြန်မာတိုင်းရင်းသားအစ လူမျိုးကြီး(၄)စုမှ
ဆလုံတိုင်းရင်းသားတို့ မှာ "သက်" လူမျိုးတို့ မှတစ်ဆင့် ဆင်းသက်လာကြသည်ဟု မှတ်သားခဲ့ဖူးပါသည်။
ဆလုံတိုင်းရင်းသားတို့ ကို "မော်ကင်း" ဟုလည်း ခေါ်ကြပါသည်။ပင်လယ်ထဲမှာ ပေါ့ပေါ့ပါးပါး သစ်၊၀ါး၊ရင်ကမ်းသား
တို့ ဖြင့် ဖွဲ့ စည်း တည်ဆောက်ထားသည့် ရိုးရာလှေကို အိမ်လိုသဘောထားပြီး မိသားစုကြီး တစ်ခုလုံးနေကြ၊ထိုင်ကြ၊
ချက်ပြုတ် စားသောက်ကြရုံသာမက သူတို့ ၏ ဘ၀အမော်မွန် ဟု ခေါ်သော ခွေးများကိုလည်း တပါတည်း
ခေါ်ဆောင်ကြသွားကြသည်။
ဟိန်းဇဲ၊ဘုတ်ကျွန်း၊မောင်းမကန်၊ရှင်မွန်၊မလိ၊ပြင်ကြီး၊မီးစိမ်း၊ကတန်၊ဒုံးကျွန်း၊၀ါးကျွန်း၊ပင်လယ်အော်၊လန်ပိ တစ်ဝိုက်မှာ
လည်း ပင်လယ်ထဲ ရာသီဥတု ဆိုးရွားချိန်တွင် ယာယီ ခြေတံရှည် တဲအိမ်လေးများ တည်ဆောက်ကာ နေထိုင်ကြပါသည်။
ရေမှာ ကျွမ်းကျင်သဖြင့် ပုလဲ၊မျှော့(ပင်လယ်မျှော့)၊ရေခူ၊ငါး၊ပုဇွန်၊ကမာတွေ ငုပ်ပြီး ကင်းမွန်၊ရှပ်၊ငါးကြီး အံဖတ် တွေကို
ရှာဖွေရင်းနဲ့ လည်းအသက်မွေးတတ်ကြပါသည်။ သူတို့ ရိုးရာ ဓလေ့များထဲတွင် ဗုံတီးခြင်း၊ဘင်(ဘင်ခရာ)တီးခြင်း၊သူတို့ 
ဘာသာ စကားနှင့် သီချင်းဆိုပြီး ကခုန်ခြင်း၊ရိုးရာနတ် ကိုးကွယ်ခြင်းတို့ လည်း ပါဝင်ပါသည်။
ဆလုံတိုင်းရင်းသားတို့ ၏ မွေးဖွားခြင်းအစ(၁၉၆၄) ခုနှစ်က မှတ်သားတွေ့ ရှိချက်များအရ စတင်မွေးဖွားသည့် ကလေး
ငယ်များကို ချက်ကြိုး ဖြတ်ပြီးသည်နှင့် ရေထဲသို့  နှစ်စက္ကန့် ခန့် ရေထဲမြုပ်လိုက်၊နှစ်လိုက်၊ပေါ်လိုက် သုံးကြိမ်ခန့် 
ပြုလုပ်ပါသည်။
သူတို့ ၏ အယူအဆမှာ မွေးစကလေးငယ် ရေကို ကျွမ်းကျင်စေရန် မကြောက်စေရန် ဖြစ်သည်ဟု ဆို၏။ထိုသို့ လွဲမှား
သော အယူအဆကြောင့် တစ်ချို့ ကလေးငယ်များမှာ မွေးစကပင် သေဆုံးသွားကြသည်။ ထိုသည်ကား ယခင်က
အဖြစ်အပျက်။
ယခုအချိန်တွင်မူ ဆလုံတိုင်းရင်းသားတို့  ခေတ်မှီလာပြီဟု ဆိုရပါမည်။ မွေးစကလေးငယ်ကို ရေထဲတွင် မနှစ်ကြ
တော့။ ကိုယ်ဝန်ဆောင်ကို မွေးဖွားပေးသည့် လက်သည်မှာ သူတို့ ဆလုံအမျိုးသမီး အချင်းချင်းပင် ဖြစ်ပါသည်။
သို့ သော်လည်း ယခုအခါ ခက်ခဲသည့် မွေးဖွားမှုများကို သူနာပြု ဆရာမနှင့် မွေးလေ့မွေးထ ရှိပါပြီ။
ဆလုံတိုင်းရင်းသားတို့ သည် မွေးစကလေးငယ်မှ ငါးနှစ် ခြောက်နှစ် အရွယ်ထိ ယခင်က အ၀တ်အစား ၀တ်လေ့
ဝတ်ထ မရှိသော်လည်း ယခုအခါ အ၀တ်အစား ဆင်ယင်လာကြပြီ ဖြစ်ပါသည်။ အမျိုးသမီးများမှာ သူတို့ ဓလေ့အရ
အပေါ်ပိုင်း၊အောက်ပိုင်း လုံလုံခြုံခြုံ ၀တ်ဆင်ကြသည် ဆိုသော်လည်း အချို့ မှာ အိမ်ထောင်ကျပြီးသည်နှင့် အပေါ်ပိုင်း
ဗလာကျင်းနေတတ်ကြပါသည်။ ယခုအခါ အိုမင်းသော အဖွားအရွယ်များမှ လွဲပြီး လုံလုံခြုံခြုံ ၀တ်ဆင်နေကြပေပြီ။
ပင်လယ်ကျွန်းစု ကျောက်ဆောင်များတွင် တွယ်ကပ်လျှက်ရှိသော ဂုံး(ခရု တစ်မျိုး ထဲတွင်ရှိသည်)ဟု ခေါ်သော တငို
ကို ခွာပြီး ချက်ပြုတ် စားသောက်ကြပါသည်။ ပင်လယ်ကျောက်ဆောင် ဂူထဲတွင်ရှိသော လင်းဆွဲ၊လင်းနို့ များကို
တုတ်ရှည်ဖြင့် ရိုက်ချကာ လည်း စားသောက်ကြပါသည်။
ဆလုံတိုင်းရင်းသားတို့ သည် ပျားအုံဖွပ်ရာတွင်လည်း အလွန်ကျွမ်းကျင်သူများ ဖြစ်ကြပါသည်။ သစ်ပင် အမြင့်တွင်
စွဲကပ်နေသော ပျားအုံ ကို အုန်းလက် မီးတုတ်ဖြင့် ရိုက်ချကာ ပျားအုံမှ ပျားရည်ကို ခံယူကြပါသည်။ ပျားသလက်နှင့်
ပျားပေါက်စ တို့ ကိုလည်း လတ်လတ်ဆတ်ဆတ် စားသုံးကြပါသည်။
ဆလုံတို့ သည် တစ်လင်တစ်မယား စနစ်ကိုသာ ကျင့်သုံးကြသူများ ဖြစ်သည်။ သူတို့ လောကတွင် အိမ်ထောင်ရေး
ဖောက်ပြန်မှုကို လုံးဝ လက်မခံချေ။ အိမ်ထောင်ရေး ဖောက်ပြန်သူများကို သူတို့  အသိုင်းအ၀ိုင်းမှ ရာသက်ပန် ထုတ်
ပယ်ကာ အဆက်အသွယ် မလုပ်တော့ပေ။
သူတို့ သည် အိမ်ထောင်ကျသော အခါ မင်္ဂလာမောင်မယ် အတွက် ရိုးရာလှေတစ်စီး၊ငါးဖမ်းပိုက် တစ်စုံနှင့်
ငါးဖမ်းကိရိယာ တစ်ချို့ ကို လက်ဖွဲ့ လိုက်ပါသည်။ ဇနီးမောင်နှံ နှစ်ယောက် ဒိုးတူပေါင်ဖက် လုပ်ကိုင်စားသောက်ကြ
တော့ ဟု ဆိုလိုသည့် သဘောပင်။ ဆလုံတို့ ၏ မင်္ဂလာ ကပွဲသည်ကား တစ်နာရီခန့် ကြာမြင့်တတ်ပါသည်။
ဆလုံတို့ သည် သေဆုံးသူများကို ကျွန်းတစ်ကျွန်းတွင် မြုပ်နှံ သဂြိုလ်လေ့ရှိပါသည်။ထိုသင်္ချိုင်းတွင် တစ်နှစ်တစ်ခါ
(ဇန်န၀ါရီ)တွင် တစ္ဆေကြီးပွဲကို ကျင်းပကြပါသည်။ နတ်ဆရာက ရိုးရာနတ်ကို ပင့်ဖိတ်ပြီးလျှင် အစားအသောက်များနှင့်
ပူဇော်ပသပါသည်။ သေဆုံးသူများကိုလည်း ပင့်ဖိတ်ကျွေးမွေးပါသည်။ ပြီးနောက် နတ်ဆရာက တုန်တုန်ယင်ယင် နှင့်
ကပါတော့သည်။ ပရိတ်သတ်များလည်း ဗုံတီးပြီး ကကြပါသည်။ သူတို့ အက မှာ အာဖရိက လူရိုင်း အကနှင့် အတော်
ပင် ဆင်တူသည်ဟု ဆိုပါသည်။
မည်သို့ ပင်ဆိုစေ ဆလုံတိုင်းရင်းသားတို့ ၏ ထိုဓလေ့မှာလည်း ချစ်စရာပင် မဟုတ်ပါလော။
(http://blog.irrawaddy.org/2012/08/blog-post_5645.html မှ ထုတ်နှုတ် တင်ပြပါသည်)
No comments:
Post a Comment