ဥရောပမှာ စာမသင်ပါ (ကောင်းဆက်နိုင်-အံ့သြလွန်းလို့ သေတော့မယ်)
ဥရောပဘက်မှာတော့
သနားစရာ ငှက်ကလေးများလို တစာစာအော်ပြီး ကြက်တူရွေး များလို သည်မလွဲ အလွတ်
ပြန်ရတဲ့ စာသင်နည်း မသုံးတော့ပါဘူး။ သင်ရိုးညွန်းတမ်းတွေကို
ဘုရားဟောကျမ်းလိုမျိုး တစ်သက်လုံး ဦးထိပ်ပန်ဖို့ အာဂုံ ဆောင်ရတာကို
စာသင်တယ် ခေါ် တာပါ။ တကယ်တော့ ပညာရေးလောကဟာ ရေသေမဟုတ်ဘဲ အမြဲ ပြောင်းလဲနေတဲ့
ရေရှင်ဖြစ်ပါတယ်။ မနေ့က သင်ရိုးထဲ ပါတဲ့ သီအိုရီတစ်ခုဟာ ဒီနေ့ ပြောင်းပြန်
ဖြစ်သွားနိုင်လောက်အောင် အပြောင်း အလဲ မြန်ပါတယ်။
သင်ရိုးတွေကို ခေါင်းပေါ် ရွက်မထား ဘဲ ဝေဖန်သုံးသပ်ပြီး ကိုယ်ပိုင်ဥာဏ်နဲ့ တီထွင်တတ်လာအောင် ပြုစုပျိုးထောင်တာဟာ ပညာသင်တာပါ။ ကလေးတွေ ပြောရဲဆိုရဲ ဖြစ်လာဖို့ မေးခွန်းမေးတတ်ဖို့၊ များများမေးတတ်ဖို့၊ ကိုယ်ပိုင်ဥာဏ် သုံးတတ်လာဖို့ ဆရာ ဆရာမရဲ့ တာဝန်ပါ။
နှမြောဖို့ ကောင်းတယ်
ဒါကြောင့် ဥရောပမှာ “စာ” မသင်တော့ဘဲ “ပညာရေးစနစ်” ဆိုတဲ့အတိုင်း “ပညာ” တတ်အောင် လေ့လာချင်စိတ်တွေ၊ တီထွင်ချင်စိတ်တွေ လူသား အချင်းချင်း ကူညီချင်စိတ်တွေ ကိုယ့်အားကိုယ်ကိုးချင် စိတ်တွေ၊ အသားရောင် ခွဲခြားမှု၊ ဘာသာရေး အစွန်းရောက်မှု မရှိဘဲ ကိုယ့်မိဘမျိုးရိုးအပေါ် ဂုဏ်ယူချင်စိတ်တွေ ပြုစုပျိုးထောင်နေတာပါပဲ။
စာသင်တယ်ဆိုတာ ဆရာ ဆရာမ အပေါ်ကို လုံးဝ မှီခိုရပါတယ်။ ပညာ သင်တယ်ဆိုတာကတော့ ကိုယ့်ကိုယ် ကိုယ် မှီခိုရပြီးတော့ ဆရာ ဆရာမက ဘေးက ထိန်းကျောင်းပေးရုံပါပဲ။ သင်ရိုး တွေကို အလွတ်ကျက်တဲ့ ကလေးတွေထက် သင်ရိုးကို ပြောင်းလဲပစ်နိုင်တဲ့ ကလေးတွေဖြစ်ဖို့ လိုပါတယ်။
ဒါကြောင့် ကမ္ဘာအနှံ့ ဘယ်ကျောင်း ဘယ်တက္ကသိုလ်ကတော့ ဘာတွေ တီထွင် လိုက်ပြန်ပြီဆိုပြီး နေ့စဉ်နီးပါး ကြားနေ ရပါတယ်။ ကျုပ်တို့ ကျောင်းသားများမှာတော့ မထွင်နိုင်ကြပါဘူး။ ၏သည် မလွဲအောင် စာတွေ ကုန်းကျက်နေရတာနဲ့ ကျန်တာ အချိန်မပေးနိုင်ပါဘူး။
ဒီအကြောင်း စဉ်းစားမိရင် ကျုပ် ကျောင်းနေခဲ့တဲ့ ၁၄ နှစ်ဆိုတဲ့ အချိန်ကို နှမြောမိတယ်။ အမှန်ဝန်ခံရရင် အရည်မရ အဖတ်မရပါပဲ။ ဘယ်အချိန်လေးပဲ ဂုဏ်ယူ စရာရှိလဲဆိုတော့ နောက်ဆုံးနှစ် Finalမှာ စာတမ်း Thesis တင်ဖို့ လက်တွေ့ ကွင်းဆင်းရတဲ့ အချိန်လေးပါပဲ။ Ichtheology (ငါးဗေဒ) အတွက် အင်းလေးကန်မှာ ကွင်းဆင်းကြရတာပါ။
နဂိုပင်ကိုယ် စရိုက်ကလည်း လက်တွေ့သမား၊ ဌာနမှူးကလည်း ရေးဖြေ ရမှတ်တွေ ပြလိုက်တဲ့အပြင် ကျုပ်က အဖွဲ့ခေါင်းဆောင် Team Leader အဖြစ် သွားရတာဆိုတော့ စိတ်ပါလက်ပါ ရှိခဲ့ပါတယ်။ စိတ်မပါရင်လည်း အဲဒီနှစ် ဘွဲ့ရမှာ မဟုတ်ဘူး။ ဘာလို့လဲဆိုတော့ ဌာနမှူး ပြလိုက်တဲ့ ကျုပ်ရဲ့ရေးဖြေ ရမှတ်ပေါင်းက ကျမှတ်တွေဖြစ်နေလို့ပါပဲ။ နောက်ဆုံး စာတမ်း Thesis ကယ်လို့ ဘွဲ့တစ်လုံးတော့ ရခဲ့ပါရဲ့။ စိတ်နာနာနဲ့ တက်မယူခဲ့ပါဘူး။
နှလုံးသားကိုပါ သင်ကြားနိုင်မှ
ဘွဲ့ရလို့ အထက်တန်းပြဆရာ လေးနှစ် လောက်လုပ်ခဲ့တဲ့ အချိန်မှာ ဒီပညာရေး စနစ်အပေါ်မှာ တင်ခဲ့တဲ့ အကြွေးကို ကျကျနန ဆပ်တော့တာပါပဲ။ ကျောင်းသား တွေကို ဘယ်တော့မှ နှုတ်တိုက်ကျက်ဖို့ မတိုက်တွန်းဘူး။ စာအုပ်ကြည့်ပြီး မသင် တဲ့အပြင် စာအုပ်ထဲက အကြောင်းအရာ ကို အနှစ်ချုပ်လောက်ပဲ ပြောပြီး ဒီဘာသာရပ်ရဲ့ ဒီသင်ခန်းစာကို လူတွေ ဘာလို့ လေ့လာကြတာလဲ။ လူ့လောက အတွက် ဘယ်လို အကျိုးပြုနိုင်သလဲ ဆိုတာ အပြင်လောက ဗဟုသုတတွေ ဥပမာတွေ ပုံတိုပတ်စတွေနဲ့ ပြောပြတယ်။ သူတို့ကိုလည်း ၀င်ဆွေးနွေး ခိုင်းတယ်။ ၀ိဇ္ဇာကျောင်းသားတွေတောင် ကျုပ်ရဲ့ ဘိုင်အိုအတန်း (ဇီဝဗေဒသင်တန်း) ကို အားရင် လာနားထောင်ကြတယ်။
အင်္ဂလိပ်စာသင်တော့လည်း မကျက်မဖြစ်တဲ့ vocabulary စကားလုံး ဝေါဟာရတွေလည်း အိမ်မှာ အကျက် မခိုင်းဘူး။ ဥပမာ “၇” လုံးရှိတဲ့ အင်္ဂလိပ် စာလုံးကို သင်ပုန်းပေါ် ရေးထားပြီး တစ်လုံးချင်းဖျက်ပြီး အတူတူကျက်ကြ တယ်။ သင်ပုန်းပေါ် ဘာမှမရှိတော့မှ သူတို့ကို စာအုပ်ထဲ ကိုယ့်ဘာသာကိုယ် အဓိပ္ပာယ်နဲ့တကွ ရေးအထည့်ခိုင်းတယ်။ လုံးဝ မတူဘူးဗျ။ သူတို့ရေးထည့်လိုက်တဲ့ စာလုံးဟာ ဆရာခေါ်တာ လိုက်ရေးတဲ့ စာလုံးနဲ့ အနှစ်အဓိပ္ပာယ် ခြားနားတယ်။ ကိုယ်ရပြီးသား ရေးတာမို့ ဆရာ့အမှီအခို ကင်းတဲ့ ကိုယ်ပိုင်စာလုံး ဆိုတော့ ဘယ်လောက်ကျေနပ် သဘောကျစရာ ကောင်းလဲ။ အောင်မြင်ပါတယ်။ ကျူရှင် မှာလည်း ကျောင်းသား အပြည့်အလျှံပါပဲ။ အဲ ကျောင်းအုပ် ကြီးနဲ့ ဆရာဟောင်း တွေကတော့ နည်းနည်း မျက်စိနောက် တယ်။ ဒါပေမဲ့ ဘာမှတော့ ပြောလို့ မရဘူး။ ကျောင်းသားတွေဟာ အရင်ထက် လေ့လာချင်စိတ်တွေ များလာတယ်။ အတန်းမပျက်ချင်တော့ဘူး။ အောင်ချက် လည်း များလာတယ်။
အမှန်ကတော့ ကိုယ်တုန်းကလို မဖြစ်စေချင်လို့ ရမ်းသမ်းလုပ်နေတာပါ။ နိုင်ငံတကာမှာ ပြောင်းလဲဆန်းသစ်နေပြီ ဖြစ်တဲ့ ပညာရေးစနစ် အကြောင်း သိလို့ မဟုတ်ပါဘူး။ တကယ်တော့ ကျုပ်ဟာ မျက်စိတွေ နားတွေ ပိတ်ထားတဲ့ ခေတ်ဆိုးကြီးထဲမှာ လျှာတစ်ချောင်းနဲ့ ရင်းပြီး ဘွဲ့ရလာတဲ့ ကြက်တူရွေးကြီး ဆိုရင် မမှားပါဘူး။
ဥရောပက လူတွေက ကိုယ့်နိုင်ငံ ကိုယ့်လူမျိုး သူများထက် သာစေရမယ် ဆိုတဲ့ စေတနာကြောင့် ထူးချွန်ကြတာ မဆန်းပါဘူး။ ဒါပေမဲ့ ဥပမာ သူတို့ဆီက ဆရာဝန်တွေဆိုရင် ဆေးပညာထူးချွန်တဲ့ အပြင် နှလုံးသားတွေ အရမ်းလှကြတာ လက်တွေ့ မြင်ခဲ့ရပါတယ်။ သူတို့ စာသင်ခန်းတွေ လိုက်ကြည့်ခွင့် မရပေ မယ့် ဆရာ ဆရာမ အစဉ်အဆက်တွေက လူသား အချင်းချင်းပေါ် နှလုံးသားလှဖို့ သိမ်မွေ့ဖို့ မေတ္တာ ထားဖို့ တစ်နည်းနည်းနဲ့ သင်ပေးလိုက်မယ် ဆိုတာတော့ မလွဲနိုင်ပါဘူး။
ကလေးတွေကို မသင်ခင်
ကျောင်းတွေမှာလည်း ကျောင်းသား ဗဟိုပြုတဲ့ “စဉ်ဆက်မပြတ်” သင်ကြားမှု အကြောင်းတွေ ကြားနေရတယ်။ B.Ed လို ပညာရေးနဲ့ ပတ်သက်တဲ့ တက္ကသိုလ် ကြီးလည်း ရှိတယ်။ ဖွံ့ဖြိုးပြီးနိုင်ငံများ ကနေ ပညာရေးနဲ့ ပတ်သက်လို့ ဘွဲ့လွန် ယူလာတဲ့ ပညာရှင်များလည်း ရှိတယ် ဆိုတော့ မိဘတွေကော ကျောင်းသား တွေကော ပြောင်းလဲနေတဲ့ ကမ္ဘာ့ပညာ သင်ကြားမှုပုံစံကို သိပ်တော့ နားမစိမ်း လောက်ပါဘူး။ ဒါပေမဲ့ ပညာရှင် အများစု ဟာ ပညာရပ်ဆိုင်ရာ ဝေါဟာရတွေကိုပဲ အားကိုးလွန်းတော့ အများနားလည်ဖို့ အများစိတ်ဝင်စားဖို့ အများကို ဆွဲဆောင်ဖို့ မထိရောက်လှဘူး။
ကျုပ်တို့လို လူတွေက ဘာပညာရပ် ဆိုင်ရာ ဝေါဟာရမှသိမထား ကျက်မှတ် မထားတော့ အရပ်စကားနဲ့ပဲ ရှင်းပြ၊ သဘော ပေါက်ကြတယ်ဗျာ။ စာညံ့တဲ့ ကျောင်းသားချင်း ရှင်းပြတော့ ချက်ချင်း နားလည်သလိုပေါ့။
ကျုပ်တို့ဆီမှာ ဘာဖြစ်လို့ ဆရာဖြစ် သင်တန်းတွေ ပေးနေတဲ့ကြားထဲက ဒုံရင်း ဆိုက်ပြီး မဲပြာပုဆိုး ဖြစ်နေတာလဲဆိုတာ ရိပ်စား မိတယ်ဗျ။ သင်တန်းပေးတဲ့အခါ လက်တွေ့နည်းပါးလို့လည်း ဖြစ်နိုင်ပါ တယ်။ လက်တွေ့ အကောင်အထည် ဖော်ရတဲ့ ဆရာ ဆရာမတွေ အနေနဲ့က ပုံစံသစ်ထက် ပိုလွယ်တဲ့ ပုံစံဟောင်းကို အားကိုးတယ်။ ပုံစံသစ်က စေတနာကော အင်အားကော ကိုယ်ဖိ ရင်ဖိစိုက် ထုတ်ရလို့ ဆရာတွေအတွက် ပန်ပန်းပါတယ်။ အလုပ် အကိုင် ရှားပါးတော့ ရွေးချယ်စရာ မရှိလို့ တချို့ ၀ါသနာမပါဘဲ ရရာအလုပ် ၀င်လုပ် ဖြစ်တာ လည်း ပါပါတယ်။ အရေးကြီးဆုံး ကတော့ လစာကမကောင်းတော့ ကိုယ့် အလုပ်ကိုယ် စိတ်မြှုပ်ပြီး မလုပ်နိုင်တာပါ။
ဂျာမနီကို ကျုပ်ရောက်တော့ သူတို့ ဘာသာစကားကို အရင်ဆုံး လေ့လာ ပါတယ်။ မှန်းသလောက် မဖြစ်ပေမယ့် ဘာသာပြန်ဖို့ အသိအမှတ်ပြုတဲ့ အောင် လက်မှတ် ရခဲ့ပါတယ်။ ဒါနဲ့ အလုပ် ပိတ်ရက်တိုင်းမှာ အိမ်နီးချင်းမိတ်ဆွေ တစ်ယောက်ရဲ့ သမီး “ထူးအိမ်ကျော်” ကို ဂျာမန်စာ၊ ဂျာမန်စကားနဲ့ သဒ္ဒါသင်ပေး ရပါတယ်။ သူက ကိုးတန်းပါ။ ဒီကလေး ဆီကနေပြန်ပြီး လေ့လာခွင့် ရခဲ့တာက ဥရောပ ပညာရေးစနစ်ပါ။ သူတို့ကျောင်းက ဆရာမတွေနဲ့ပါတွေ့ထိ ရင်းနှီးခွင့်ရခဲ့ပါ တယ်။ ကျုပ်တို့ဆီက ပညာရေးနဲ့ မတူတာ တွေ အရပ်စကားနဲ့ ရှင်းပြပါမယ်။
ကျောင်းသား မိဘတွေ အပိုင်းက စပြောရရင် တစ်ရက် ရန်ကုန်မြို့ထဲ (ကျန်တဲ့မြို့လည်း အတူတူပါ) လူတွေ အုံနေလို့ မီးလောင်တာ များလား အောက်မေ့တယ် မိဘတွေ ကလေး ကျောင်းအဆင်း လာကြိုကြတာတဲ့ဗျာ။ ဘယ်သူများ စထွင်လိုက်လဲ မသိပါဘူး။ သိပ်ဆိုးတဲ့ အကျင့်ကြီးပါဗျာ၊ အားအား ယားယား။ ဥရောပက ကလေးတွေ ကိုယ့်ကျောပိုးအိတ် ကိုယ်လွယ်ပြီး ကျားကျားယားယား ကိုယ့်လမ်း ကိုယ် လျှောက် ကျောင်းတက်၊ ကျောင်းပြန် ကျုပ်တို့ဆီမှာ အဲဒီကစပြီး မှားတော့ တာဗျို့။ ကလေးချင်း ယှဉ်လိုက်ရင် မ၀ံ့မရဲ နဲ့။ နောင်တစ်ချိန် ခေါင်းဆောင်ဖြစ်မယ့် ကလေးတွေပါ။ သမ္မတချင်း ယှဉ်ရင်တောင် သူတို့ သမ္မတက ၀ံ့ဝံ့ကြွားကြွား။ ကိုယ့် သမ္မတက ကျို့ကျို့ယို့ယို့ (အခု သမ္မတကြီးကို မဆိုလိုပါခင်ဗျာ) ဖြစ်နေမှာပေါ့။ နောက်ပြီး မတူတာတစ်ချက် အသေး အဖွဲပေမယ့် အရေးကြီးပါတယ်။ သူတို့ ဆီမှာ ဘယ်မိဘမှ ကိုယ့်ကလေး လဲကျ သွားရင် ထူမပေးပါဘူး။ လှည့်တောင် မကြည့်ဘူး။ ကိုယ့်ဘာသာကိုယ် ထကြ ရတဲ့အကျင့် လုပ်ထားပါတယ်။ (ကျုပ်တို့ ဆီမှာကျတော့ ကြီးမှ ကိုယ်ထူကိုယ်ထ ကျင့်ကြရပါတယ်)
မိဘတွေ ဆရာတွေက ကလေးများ ကို ခြောက်လှန့်ခြင်း ကြိမ်းမောင်းခြင်း နည်းတဲ့အတွက် ကလေးများဟာ ခွင့်ပြုထား တဲ့ ဘောင်ထဲမှာ အကြောက်အလန့် ကင်းပါတယ်။ လွတ်လပ်တယ် ကျယ် လောင်တယ် မမှန်ကန်ဘူးထင်ရင် အရေး ဆိုတတ်တယ်။ ဥပမာ ကလေးတစ်ယောက် က ဆရာမ အိမ်စာပေးတာများ လွန်တယ် လို့ ကန့်ကွက်ခဲ့ရင် သူပြောတာလည်း မှန်နေတယ်ဆိုရင် ဆရာမက အိမ်စာ ပြန်လျှော့ပေးရပါတယ်။ ငါဆရာမပဲ ဆိုတဲ့ စိတ်နဲ့ မဖိနှိပ်ပါဘူး။ ကျောင်းက ကလေး တွေ ကိုယ့်မျိုးရိုးကိုယ် ချစ်တတ်ဂုဏ်ယူ တတ်လာအောင် သင်ပေးပါတယ်။ သင်ပေးနည်းက ကိုယ့်လူမျိုးရဲ့ စားမှု၊ နေမှု၊ ၀တ်မှု၊ ကိုးကွယ်မှုနဲ့ ပတ်သက်တဲ့ ပန်းချီ၊ ပုံနှိပ်၊ တံဆိပ်ခေါင်းကအစ ပြခန်း အသေးလေးကို အပြခိုင်းပါတယ်။
ကျောင်းစာအုပ်ထဲက ဇာတ်လမ်းကို ဇာတ်ညွှန်းခွဲခိုင်းတယ်။ ဇာတ်ဩန်းကို ဇာတ်လမ်း ပြန်လုပ်ခိုင်းတယ်။ ဇာတ်ကောင်တွေ နေရာ ခွဲဝေပြီး အမူအရာ နဲ့တကွ ဇာဝင်စကားတွေ အပြောခိုင်း တယ်။ တကယ် ပြဇာတ်ကကြရတယ်။ ဒီသင်ခန်းစာနဲ့ ပတ်သက်တဲ့ ရုပ်ရှင် ပြဇာတ်လာရင် တစ်တန်းလုံး သွားကြည့် တယ်။ ဂီတလည်း သင်ရပါတယ်။ အမှတ် ပေးစနစ်က စဉ်ဆက်မပြတ်ပါပဲ။ ကြက်တူ ရွေး နှုတ်တိုက် အားမပေးပါဘူး။ မေးခွန်း ပုံစံတွေကလည်း ကြက်တူရွေး နှုတ်တိုက် ကို ရှောင်ပါတယ်။ အမှားအမှန် ခြစ်ပေးရ တာ၊ အုပ်စု ၂ ခုထဲက စာကြောင်းတွေ ဆက်ပေးရတာစတဲ့ အလွတ်ကျက်ထား တာ မဟုတ်ဘဲ တကယ်တတ်တဲ့ သူတွေပဲ ဖြေနိုင် မယ့် မေးခွန်းပုံစံတွေပါ။ စာတစ်မျိုး တည်းသင် အမှတ်ပေးတာ မဟုတ်ပါဘူး။ အားကစားမှတ်။ အချင်းချင်း ရိုင်းပင်း ကူညီတဲ့ အမှတ်။ လေ့ကျင့်ခန်းတွေကို မှန်မှန် လေ့ကျင့်တဲ့အမှတ်။ ကျောင်းခေါ် ချိန်ရမှတ် စုံအောင် ပေးထားတာပါ။ စိတ်ဝင်စားစရာ ကောင်း တာက ကလေး တွေဟာ တက်ကြွပြီး ပျော်နေတယ်။ ကျောင်းကို အိမ်ထက်ခင်ပြီး ဆရာမ တွေကို မိဘထက် ပိုရင်းနှီးနေတာ ပါပဲ။ ကျောင်းသားတွေ စကားနည်းရင် မကြိုက် ပါဘူး၊ မေးခွန်းများများ မေးတာကို ကြိုက် ပါတယ်။ စိတ်ရှည်ရှည်နဲ့ ဖြေကြပါ တယ်။ ကျောင်းပိတ်ရက်မှာ ကိုယ်ဝါသနာ ပါရာ အလုပ်နှင့် အသီးသီး အလုပ်သင် ၀င်လုပ်ရင်း အတွေ့အကြုံ ယူရပါတယ်။ လုပ်ခ ရတယ်၊ လက်မှတ်ရတယ်။ မကြာ ခဏ ပြည်တွင်းပြည်ပ လေ့လာရေးခရီး ထွက်ရပါတယ်။ မီးသတ်ကြက်ခြေနီ လူမှုရေး အလုပ်တွေမှာ လက်တွေ့ ၀င်လုပ် ကြရပါတယ်။ လမ်းစည်းကမ်းကို စက်ဘီး နဲ့ သင်ကြရပါတယ်။ လိင်မှု ဆက်ဆံရေး မှာလည်း သူ့အတန်းအလိုက် သိသင့်တာ မမှားသင့်တာတွေ သင်ပါတယ်။ သူတို့ရဲ့ ဂျာမန်ဘာသာအပြင် တခြား ဥရောပ နိုင်ငံတစ်ခုခုရဲ့ စာကို သင်ရပါတယ်။ မြန်မာကလေးတွေက အင်္ဂလိပ်စာပဲ ယူကြပါတယ်။
ကဲ၊ ဒီတော့ ဘယ်က စကြရမှာလဲ ဆိုတော့ ကလေးလေးတွေကို မသင်ခင် ဆရာ ဆရာမတွေကို သဘောပေါက်အောင် သင်ရမှာပါ။ ဒီတိုင်းသင်တန်းပဲ ပေးလို့ မရပါဘူး။ စီမံကိန်းတစ်ခု ရေးဆွဲရပါမယ်။ အကောင်အထည်ဖော်ဖို့ ရှေ့ပြေးနေတဲ့ နိုင်ငံတွေက expert တွေ (ကျွမ်းကျင် သူတွေ) ငှားရပါမယ်။ expert တွေကနေ တာဝန်ရှိသူတွေကို လက်တွေ့သင်တန်း ပေးမယ်။ တာဝန်ရှိ သူတွေကမှ အဖွဲ့ငယ် တွေခွဲပြီး တိုင်းဒေသကြီးနဲ့ ပြည်နယ် အလိုက် မြို့နယ် ကျေးရွာအထိ ကွင်းဆင်း ပြီး အနည်းဆုံး ၂ ပတ်ကြာ ဆရာ ဆရာမ တွေကို လက်တွေ့ သင်ကြားပေးမယ်။ ဆရာ ဆရာမတွေကိုတော့ ကျောင်းသား တွေကိုပါ နားလည် သဘောပေါက်အောင် ဟောပြော ပြသပေးဖို့ လိုပါတယ်။ ဒါကတော့ အရပ်သားတစ်ယောက်ရဲ့ အရပ်အမြင်နဲ့ အကြံပြုချက်ပါပဲ။
အရေးကြီးတာက ဆရာ ဆရာမ တွေကို အရင်လို သင်္ကြန်အမြောက်ပစ်တာ မျိုး မဟုတ်ဘဲ တစ်မျိုးသားလုံး အတွက် အရေး ကြီးဆုံး အလုပ်ဖြစ်တဲ့ အကြောင်း သဘောပေါက်သွားစေဖို့ပါပဲ။ မြန်မြန် အောင်မြင်ပါစေလို့ ဆန္ဒပြုပါတယ်။
ကောင်းဆက်နိုင်
(ပြည်သူ့ခေတ်ဂျာနယ်၊ အတွဲ-၂၊ အမှတ်-၁၀၁၊ ၂၀၁၂ ခုနှစ်၊ ဇူလိုင် ၅)

No comments:
Post a Comment