Pages

ဈာန်ဘိညာဉ် ရသည်အထိ ပထ၀ီကသိုဏ်း အားထုတ်နည်း

ကသိုဏ်းဝန်းပြုလုပ်နည်းပထ၀ီကသိုဏ်းကို စတင်ပွားများအားထုတ်လိုသူသည် ရှေးဦးစွာ ပထ၀ီကသိုဏ်းပုံကို စနစ်တကျ ပြုလုပ်ရမည်၊ ပြုလုပ်ရာတွင် ဖြူ နီ ညို ရွှေ လေးထွေသော ကသိုဏ်းအပြစ်များ ကင်းစင်စေရန် မ၀င်းလွန်း မ၀ါလွန်းသော အရုဏ်ရောင် အဆင်းရှိ နုံးမြေစေးကို ညက်စွာ ကြိတ်ရမည်။ ထိုမြေမူန့်ကို ရေဖြင့်ဖျော်၍ တစ်ထွာနှင့် လက်လေးသစ်ခန့် အရွယ်ရှိ အ၀တ်စ၊ သားရေပြား၊ ပျဉ်ချပ် တစ်ခုခုတွင် ၀န်းဝန်းဝိုင်းဝိုင်းပုံပေါ်အောင် သုတ်လိမ်းရမည်။ ထိုအ၀န်းအ၀ိုင်း၏ အနားပတ်လည်ကို မဲနယ်ရောင် ဆေးသားဖြင့် အနားကွပ်ပေါ်အောင် သုတ်လိမ်းရမည်။ ဤသို့ ကသိုဏ်းဝန်းပုံ ပြုလုပ်ရာတွင် အမိုက်သရိုက်များ မပါအောင် သတိပြုပြီး စည်မျက်နှာပြင်ကဲ့သို့ ညီညာချောမွတ်အောင် ပြုလုပ်ရမည်။

ကသိုဏ်းဝန်းပုံ ပြုလုပ်ရာတွင် နေရာရွှေ့ပြောင်း၍ရသော ကသိုဏ်းဝန်းပုံနှင့် မရွှေ့မပြောင်းဘဲ တစ်နေရာတည်း၌ပင် အမြဲထားရှိသော ကသိုဏ်းဝန်းပုံ နှစ်မျိုးအနက် နှစ်သက်ရာကို ပြုလုပ်နိုင်သည်။ ရွှေ့ပြောင်း၍ ရသော ကသိုဏ်းဝန်းပုံကို တုတ်တံလေးချောင်းတို့၌ အ၀တ်စ၊ သားရေပြား၊ ပျဉ်ချပ် တစ်ခုခုကို ချည်နှောင်၍ အထက်တွင် ဖော်ပြထားသည့်အတိုင်း ပြုလုပ်ရမည်။ နေရာရွေ့ပြောင်း၍ မရသော ကသိုဏ်းဝန်းပုံကိုမူ ပဒုမ္မာကြာပွင့်ချပ် သဏ္ဌာန်ဖြင့် ငုပ်များစိုက်၍ ကြိုးဖြင့် ခိုင်မြဲစွာ ချည်နှောင်ထားရမည်။

ကသိုဏ်းဝန်း၏ အငယ်ဆုံးအရွယ်အစားမှာ တစ်ထွာနှင့် လက်လေးသစ်ခန့်ရှိပြီး အကြီးဆုံးအရွယ်အစားမှာ ကောက်နယ်တလင်းခန့် ရှိနိုင်သည်။ အငယ်ဆုံး ကသိုဏ်းဝန်းပုံသည် ပထ၀ီကသိုဏ်း စတင်အားထုတ်သူနှင့် သင့်လျော်ပြီး အကြီးဆုံး ကသိုဏ်းဝန်းပုံသည် အတိတ်ဘ၀များ၌ ပထ၀ီကသိုဏ်း စည်ဖြန်း၍ ဈာန်ရရှိခဲ့ဖူးသူများနှင့် သင့်လျော်သည်။ ထိုပုဂ္ဂိုလ်များသည် ပါရမီရင့်ကျက်နေသူဖြစ်သဖြင့် ထွန်ယက်ထားသော ပကတိမြေပြင်ကိုဖြစ်စေ၊ ကောက်နယ်တလင်းခန့်ရှိ ကသိုဏ်းဝန်းပုံကိုဖြစ်စေ ကြည့်ရူလျက် ပထ၀ီ-ပထ၀ီ-မြေ-မြေ ဟု ပွားများနိုင်သူ ဖြစ်ပေသည်။ ရှေးအခါက မလ္လကမည်ရှိ မထေရ်တစ်ပါးသည် ထွန်ယက်ထားသော မြေပြင်ကို ကြည့်ရူ၍ ပထ၀ီကသိုဏ်း စီးဖြန်းရာ ပဉ္စမဈာန်အထိ ရရှိ၍ ထိုဈာန်ကို အခြေပြုကာ ၀ိပဿနာတရား ပွားများအားထုတ်သဖြင့်ရဟန္တာဖြစ်ခဲ့ဘူးလေသည်။

ကသိုဏ်းဝန်းပုံ၏ အနီး၌ ထိုင်ခြင်း
ထိုသို့ ပထ၀ီကသိုဏ်းဝန်းပုံပြုလုပ်ပြီးနောက် ကသိုဏ်းဝန်းပုံထားသည့် နေရာကို သန့်ရှင်းရေးပြုလုပ်၍ ကသိုဏ်းဝန်းပုံနှင့် နှစ်တောင့်ထွာ အကွာလောက်တွင် ထိုင်ရမည်။ ကသိုဏ်းဝန်းပုံနှင့် အလွန်နီးလွန်း၊ အလွန်ဝေးလွန်းသော နေရာတို့၌ မထိုင်သင့်ပေ။ နှစ်တောင့်ထွာထက်ဝေးလျှင် ကသိုဏ်းဝန်း မထင်နိုင်ဘဲ အလွန်နီးကပ်စွာထိုင်လျှင်လည်း ကသိုဏ်း၏ အပြစ်များထင်နေတတ်သည်။ ထိုင်သည့်ခုံသည် တစ်ထွာနှင့် လက်လေးသစ်လောက်မြင့်သော ခုံဖြစ်သင့်သည်။ ထိုင်ခုံမြင့်လွန်းလျှင် အောက်သို့ငုံ့ကြည့်နေရမည်ဖြစ်ပြီး၊ နိမ့်လွန်းလျှင် ဒူးဆစ်များ နာကျင်ဖွယ် ရှိသည်။ ထို့ကြောင့် ထိုင်စရာခုံသည် တစ်ထွာနှင့် လက်လေးသစ်လောက်မြင်လျှင် ငုံ့ကြည့်စရာလည်းမလို၊ မော့်ကြည့်စရာလည်း မလိုသဖြင့် သင့်လျော်ပေသည်။

ကသိုဏ်းမရူပွားမီ ဆင်ခြင်နှလုံးသွင်းခြင်း
ကသိုဏ်းဝန်းအနီးတွင်ထိုင်ပြီး “ကာမဂုဏ်တို့သည် သာယာဖွယ် မရှိကုန်ဆင်းရဲ ဒုက္ခများကုန်၏၊ လွန်စွာ ပင်ပန်းခြင်းရှိကုန်၏၊ အသားမရှိ ညှီစော်နံသည့် အရိုးစုနှင့် တူပေ၏၊ ကျီးငှက်များ ၀ိုင်းအုံလုယက်နေသည့် သားတစ်နှင့် တူကုန်၏” စသည်ဖြင့် ကာမဂုဏ်၏ အပြစ်တို့ကို ဆင်ခြင်ရမည်၊ ရတနာမြတ်သုံးပါး၏ ဂုဏ်ကျေးဇူးတို့ကို အောက်မေ့ရမည်။ ယခု ငါကျင့်မည့်အကျင့်သည် ဘုရား ပစ္စေကဗုဒ္ဓါနှင့် အရိယာသာဝကတို့ ကျင့်ကြသည့် အကျင့်ဖြစ်သည်ဟု အကျင့်တရားအပေါ် အလေးဂရုပြုရမည်။ ဤအကျင့်ဖြင့် စိတ်၏ ငြိမ်းအေးမူ ချမ်းသာမူ သုခကို ဧကန်ရရှိစေမည်ဟု တက်ကြွသော လုံ့လ၀ီရိယဖြင့် ကသိုဏ်းဝန်းပုံကို ကြည့်ရူရမည်။

ပထ၀ီကသိုဏ်း စီးဖြန်းခြင်း
ပထ၀ီကသိုဏ်း စီးဖြန်းသည့်အခါ မမှိတ်လွန်း၊ မဖွင့်လွန်းဘဲ မှန်သားပြင်၌ မိမိမျက်နှာပုံရိပ်ကို ကြည့်သကဲ့သို့ ကသိုဏ်းဝန်းပုံကို အလိုက်သင့် ကြည့်ရူရမည်။ ဤတွင် ကသိုဏ်းဝန်းပုံ၏ မ၀င်းလွန်း မ၀ါလွန်း အရုဏ်ရောင်အဆင်းကိုလည်း မဆင်ခြင် မစဉ်းစားသင့်၊ ပထ၀ီဓာတ်၏ ခက်မာခြင်း သဘောကိုလည်း နှလုံးမသွင်းသင့်၊ အဆင်းနှင့် မြေသားဒြပ်ကို တစပ်တည်းထင်စေလျက် မြေသား ကသိုဏ်းဒြပ်၌ စိတ်စိုက်ထား၍ ပထ၀ီ-ပထ၀ီ-မြေ-မြေ ဟု ပွားများရမည်။ ထိုသို့ပွားများရာတွင် ရံခါ မျက်စိကိုမှိတ်၊ ရံခါ မျက်စိကိုဖွင့်၍ နိမိတ်ထင်အောင် ပွားများရမည်။ ဤနည်းဖြင့် ဥဂ္ဂဟနိမိတ် မထင်မချင်း ပွားများရပါမည်။ ဥဂ္ဂဟ နိမိတ်ဆိုသည်မှာ အခြားမဟုတ် မူလစီးဖြန်းစဉ်က မျက်စိဖြင့် ရူကြည့်သောအခါ ကသိုဏ်းဝန်းပုံသည် မျက်စိထဲတွင် ရှင်းလင်းပီပြင်စွာ မြင်နေသကဲ့သို့ မျက်စိကို မှိတ်၍ ဆင်ခြင်သောအခါတွင်လည်း စိတ်ထဲတွင် ကသိုဏ်းဝန်းပုံ ပီပြင်စွာ ထင်မြင်နေခြင်းပင်ဖြစ်သည်။ ယင်းသို့ စိတ်ထဲမှာ ပီပြင်စွာ ပေါ်နေ ထင်မြင်နေခြင်းကိုပင် ဥဂ္ဂဟနိမိတ်ထင်သည်ဟု ဆိုသည်။

ထိုသို့ ဥဂ္ဂဟနိမိတ်ထင်လာသောအခါ ပွားများဆဲ ကသိုဏ်းဝန်းပုံရှိသည့် နေရာတွင် ဆက်လက်ထိုင်နေရန် မလိုတော့ပေ။ မိမိနေထိုင်ရာ နေရာ(အခန်း)သို့ ပြန်လာပြီး ပထ၀ီ-ပထ၀ီ-မြေ-မြေ ဟု ပွားမြဲအတိုင်း ပွားရမည်။ အကယ်၍ အကြောင်းတစ်စုံတစ်ရာကြောင့် သမာဓိ နုသေး၍ ရကာစ ဥဂ္ဂဟနိမိတ် ပျောက်ကွယ်သွားခဲ့သော် ကသိုဏ်းဝန်းပုံရှိရာသို့ သွားရောက်၍ ဥဂ္ဂဟနိမိတ် အာရုံပြန်ပေါ်အောင် ပွားများအားထုတ်ရမည်။ ထို့နောက် မိမိနေထိုင်ရာနေရာသို့ ပြန်လာပြီး ရှေးနည်းအတိုင်း အဖန်ဖန် ပွားများရမည်။

ဤသို့ ကြိမ်ဖန်များစွာ ပွားများသောအခါ ကိလေသာအဖြစ်နည်း၍ နီဝရဏများ ငြိမ်းစဲသွားသဖြင့် စိတ်တည်ကြည်ရင့်ကျက်လာသောအခါ ကြည်လင်သော မှန်သားပြင်၊ ပြောင်လက်နေအောင် ပွတ်တိုက်ထားသော ခရုသင်း၊ တိမ်ကြားမှ ထွက်ပြူလာသော လပြည့်ဝန်း၊ တိမ်မဲညိုရှေ့၌ ပျံသန်းနေသော ဆွတ်ဆွတ်ဖြူသည့် ဗျိုင်းတို့ကဲ့သို့ လွန်စွာကြည်လင်သန့်ရှင်းသော အာရုံနိမိတ် ဖြစ်ပေါ်လာသည်။ ဤသည်ကိုပင် ပဋိဘာဂနိမိတ် ထင်သည်ဟု ဆိုသည်။ ဤတွင် ဥဂ္ဂဟနိမိတ်ထင်ချိန်၌ လက်ချောင်း၊ လက်ဖနောင့်ရာ စသော ကသိုဏ်း၏ အပြစ်များထင်နေသေး၏။ ပဋိဘာဂနိမိတ်၌ကား ထိုကသိုဏ်းအပြစ်များ ကင်းစင်၍ ဥဂ္ဂဟနိမိတ်ထက် များစွာစင်ကြယ်ထင်ရှားလေသည်။

နိမိတ်မပျောက်မပျက်အောင် စောင့်ရှောက်ခြင်း
ဖော်ပြခဲ့ပါ ပဋိဘာဂနိမိတ်ထင်သည့် အဆင့်သို့ ရောက်ဖို့ရန်မှာ လွယ်ကူလှသည်မဟုတ်၊ သက်စွန့်ကြိုးပမ်း အားထုတ်မှ ထိုဆင့်သို့ ရောက်ရှိနိုင်ပေသည်။ ထိုပဋိဘာဂနိမိတ်ကို ရလျှင်ရချင်း ထိုရော၌ပင် တစ်တိုင်တည်းဖြင့် ဈာန်ရရှိအောင် အာထုတ်သင့်သည်။ ဈာန်ရရှိအောင် မစွမ်းနိုင်သေးလျှင် စကြ၀တေးမင်းလောင်း ကိုယ်ဝန်ကို တယုတယ စောင့်ရှောက် ထိန်းသိမ်းသော မိခင်ကဲ့သို့ ရရှိပြီး ပဋိဘာဂနိမိတ်ကို မပျောက်မပျက်အောင် သတိဝီရိယဖြင့် အထူးဂရုစိုက်၍ စောင့်ရှောက်ရမည်။
စောင့်ရှောက်ရမည့်နည်းကား ရှောင်သင့်သည့် အချက်များကို ရှောင်၍ ဆောင်သင့်သည့် အချက်များကို ဆောင်ရန်ပင်ဖြစ်သည်။

အကျယ်ဖော်ပြရလျှင် သတိ-သမာဓိ-ပညာ တိုးပွားမူမရှိသော ကျောင်း၊ အာဝါသ အဆောက်အဦး တို့ကို ရှောင်၍ သတိ-သမာဓိ-ပညာ တိုးပွားစေသော ကျောင်း အာဝါသတို့၌ နေထိုင်ရမည်။ အလွန်နီးလွန်း၊ အလွန်ဝေးလွန်းပြီး ဆွမ်းကွမ်းခက်ခဲသော ဆွမ်းခံရွာကို ရှောင်၍ မနီးလွန်း မဝေးလွန်း၊ သွားရာပြန်ရာတွင် မျက်နှာကို နေရောင်မထိုးသော တောင်မြောက်စူးစူးတွင်ရှိ ဆွမ်းရလွယ်သည့် ရွာကို အမှီပြုရမည်။ မဂ်ဖိုလ် နိဗ္ဗာန်နှင့် ဖီလာဆန့်ကျင်သော စကားပြောဆိုခြင်းကို ရှောင်၍ အလို နည်းခြင်း၊ ရောင့်ရဲလွယ်ခြင်း၊ ဆိတ်ငြိမ်ခြင်းနှင့် စပ်သော စကား၊ ကာမဂုဏ်နှင့် မစပ်သော စကား၊ သီလ-သမာဓိ-ပညာနှင့် စပ်သော စကားတို့ကို ပြောဆိုရမည်။ ပေါင်းသင်းဆက်ဆံရေးတွင်လည်း မဂ်ဖိုလ် နိဗ္ဗာန်နှင့် ဖီလာဆန့်ကျင်သည့် စကားကို ပြောတတ်သော ဒုဿီလပုဂ္ဂိုလ်မျိုးကို ရှောင်၍ သမာဓိဖြစ်ပေါ် တိုးပွားလာအောင် ပြောဆိုတတ်၍ မဂ် ဖိုလ် နိဗ္ဗာန်နှင့် ဖီလာဆန့်ကျင်သော စကားကို မပြောတတ်သော သီလ-သမာဓိ-ပညာနှင့် ပြည့်စုံသည့် ပုဂ္ဂိုလ်ကိုသာ မှီဝဲဆည်းကပ်ရမည်။ သမာဓိ မဖြစ်ပေါ် မတိုးပွားစေသည့် အစားအစာ၊ ရာသီဥတု၊ သွား ရပ် ထိုင် လျောင်းခြင်းကို ရှောင်၍ သမာဓိဖြစ်ပေါ် တိုးပွားစေသည့် အစားအစာ၊ ရာသီဥတု၊ သွား ရပ် ထိုင် လျောင်းခြင်းကို မှီဝဲရမည်။ ဤသို့ ရှောင်ရန် အချက်များကို ရှောင်ကာ ဆောင်ရန်အချက်များကို ဆောင်ပြီး ပထ၀ီကသိုဏ်းကို ဆက်လက်၍ အဖန်ဖန် ပွားများပါက ဈာန်ရရှိမည်ဖြစ်ပါသည်။

ဖော်ပြခဲ့ပါအတိုင်း ပွားများအားထုတ်ပါလျက် ဈာန်မရရှိနိုင်သေးပါလျှင် -
(၁) ခန္ဓာကိုယ်တွင်းပ စင်ကြယ်သန့်ရှင်းအောင် ပြုလုပ်ရမည်။
(၂) သဒ္ဓါ၊ ပညာ၊ သမာ၊ ၀ီရိ၊ စောင်းနှယ်ညှိလေ ဆိုသည့်အတိုင်း သဒ္ဓါနှင့် ပညာ၊ သမာဓိနှင့် ၀ီရိယတို့ ညီညီမျှမျှ ဖြစ်စေရမည်။
(၃) နိမိတ်စောင့်ရှောက်မူ၌ ကျွမ်းကျင်လိမ္မာရမည်။
(၄) စိတ်ဆုတ်နစ်နေလျှင် စိတ်တက်ကြွအောင် အားထုတ်ရမည်။
(၅) စိတ်ပျံ့လွင့်နေလျှင် ငြိမ်သက်အောင် အားထုတ်ရမည်။
(၆) ဇာတိ ဇရာ ဗျာဓိ မရဏ စသည်တို့ကို ဆင်ခြင်၍ ဖြစ်စေ၊ ရတနာသုံးပါး၏ ဂုဏ်ကျေးဇူးကို အောက်မေ့၍ ဖြစ်စေ၊ စိတ်ကြည်လင် ရွှင်လန်းအောင် ပြုလုပ်ရမည်။
(၇) မြှောက်ခြင်း၊ နှိပ်ခြင်း၊ ရွှင်လန်းခြင်းတို့၌ ကြောင့်ကြစိုက်မူ ကင်းအောင် စိတ်ကို လျစ်လျူရူရမည်။
(၈) ဈာန်ရကြောင်း အကျင့်ကို မကျင့်ဖူးသော အလုပ်ကိစ္စ များပြားလျက် စိတ်မတည်ကြည်သည့် ပုဂ္ဂိုလ်ကို ရှောင်ရှားရမည်။
(၉) ဈာန်ရကြောင်း အကျင့်ကို ကျင့်ဖူးသော သမာဓိ ခိုင်မြဲသည့် ပုဂ္ဂိုလ်ကို မှီဝဲဆည်းကပ်ရမည်။
(၁၀) ဈာန်(အပ္ပနာသမာဓိ) ရရှိစေရန် အမြဲမပြတ် စိတ်ညွတ်နေရမည်။

ဤသို့ အထက်ပါအချက်များ ပြည့်စုံစေ၍ သက်စွန့်ကြိုးပမ်း ပွားများအားထုတ်ပါလျက် ဈာန်မရရှိ နိုင်သေးသော်လည်း ဇွဲ လုံ့လ ၀ီရိယကို မလျော့သင့်။ မြင်းမိုရ်တောင်ကို တူးဖြိုအံ့၊ မြေဆီလွှာကို တူးယူအံ့၊ မဟာသမုဒ္ဒရာ၏ ဟိုမှာ ဘက်ကမ်းကို ကူးအံ့၊ စကြာမင်းစည်းစိမ်ကို ရယူအံ့ဟု ကြံဆောင် ကြိုးစားသူ၏ အာသာဆန္ဒ လုံ့လ ၀ီရိယမျိုးဖြင့် ကြိုးကြိုးစားစား ဆက်လက် ပွားများအားထုတ်ရမည်။

ဈာန်ဖြစ်ပေါ်ရရှိခြင်း
ရှေ့တွင် ဖော်ပြခဲ့သည့်အတိုင်း ပဋိဘာဂနိမိတ်ထင်ပြီးနောက် ဆက်လက် ကြိုးပမ်းအားထုတ်သောအခါ ကာမဂုဏ်ခံစားလိုမူ (ကာမစ္ဆန္ဒ)၊ အမျက်ထွက်မူ (ဗျာပါဒ နီဝရဏ)၊ ငိုက်မျဉ်းထိုင်းမိုင်းပျင်းရိမူ (ထိနမိဒ္ဓ နီဝရဏ)၊ ပျံ့လွင့်မူ နောင်တပူပန်မူ (ဥဒ္ဓစ္စ နီဝရဏ)၊ ကမ္မဋ္ဌာန်း တရားအပေါ်၌ ယုံမှား သံသယဖြစ်မူ (၀ိစိကိစ္ဆာ နီဝရဏ)များ ကင်းကွာသွားကြပြီး၊ စိတ်ကို အာရုံသို့ ရောက်အောင် တင်ပို့ပေးမူ (၀ိတက်)၊ အာရုံကို သုံးသပ်မူ (၀ိစာရ)၊ နှစ်သက်မူ (ပီတိ)၊ ချမ်းသာမူ (သုခ)၊ စိတ်တည်ကြည် ငြိမ်သက်မူ (ဧကဂ္ဂတာ) ဟူသော ဈာန် အင်္ဂါများ ဖြစ်ပေါ်လာလေတော့သည်။ ဤသည်ပင် အင်္ဂါငါးချက်နှင့် ပြည့်စုံသော ပထမဈာန်ကို ရရှိခြင်းဖြစ်ပေသည်။ ရှေ့သို့ ဆက်၍ အားထုတ်သွားပါက ဒုတိယဈာန်၊ တတိယဈာန်၊ စတုတ္ထဈာန်နှင့် ပဉ္စမဈာန်များကို ရရှိမည်ဖြစ်ပါသည်။ ထို့ပြင် ပဉ္စမဈာန်ကို အခြေပြု၍ ဆက်လက်အားထုတ်လျှင် အဘိညာဉ်များကိုပင် ရရှိနိုင်ပါသည်။

ဈာန်ရလျှင်ရချင်း မှတ်တမ်းပြုလုပ်ခြင်း
ပထ၀ီကသိုဏ်းကို ပွားများအားထုတ်သဖြင့် ဈာန်ရရှိလာသူသည် ထိုဈာန်ရရှိသည့် အချိန်မှာပင် “ငါသည် ဤမည်သော အစားအစာ၊ ဤမည်သော ပုဂ္ဂိုလ်၊ ဤမည်သော ကျောင်းနေရာကို မှီဝဲ၍ ဤမည်သော ဣရိယာပုထ်ဖြင့် ဤအချိန်၌ ဤဈာန်ကို ရရှိခဲ့သည်” ဟု ထိုနေ့က စားသုံးခဲ့သော အစားအစာ၊ မှီဝဲခဲ့သော ပုဂ္ဂိုလ်၊ နေရာ၊ ကျောင်း၊ ဣရိယာပုထ်၊ ရာသီဥတု စသည်တို့ကို ပြန်လည် အောက်မေ့၍ မှတ်တမ်းတင်ထားရမည်။ ဤသို့ မှတ်တမ်းတင်ထားခြင်းဖြင့် ဈာန်လျောကျသွားသော် ထိုမှတ်တမ်းကို အသံးပြု၍ ဈာန်ရအောင် ပြန်လည်အားထုတ်နိုင်မည်ဖြစ်သည်။

ရပြီးသော ဈာန်ကို အရှည်တည်တံ့အောင် ပြုလုပ်ခြင်း
မိမိရရှိပြီးသော ဈာန်ကို မပျောက်မပျက် ဆက်လက် ကြာရှည်တည်တံ့နေစေရန်မှာ သမာဓိ၏ ဆန့်ကျင်ဘက် ရန်သူများဖြစ်ကြသော ကာမဂုဏ်ခံစားလိုမူ (ကာမစ္ဆန္ဒ) စသည့် နီဝရဏများကို ပယ်ရှား သုတ်သင်ရမည်၊ ကာမဂုဏ်တို့၏ အပြစ်များကို ဆင်ခြင်ခြင်းဖြင့် ကာမစ္ဆန္ဒ နီဝရဏ၊ ကိုယ်၏ ပူပန်မူကို ငြိမ်းပျောက်စေခြင်းဖြင့် ဗျာပါဒ နီဝရဏ၊ အားထုတ်မူ ၀ီရိယများကို နှလုံးသွင်းခြင်းဖြင့် ထိနမိဒ္ဓ နီဝရဏ၊ သမထအာရုံကို နှလုံးသွင်းခြင်းဖြင့် ဥဒ္ဓဒ္စ ကုက္ကုစ္စ နီဝရဏတို့ကို သုတ်သင်ပယ်ခွါ၍ သမာဓိ၏ ဘေးရန်ဖြစ်သော မာန်မာန ထောင်လွှားမူများကို ပယ်ရှားရမည်၊ ဤသို့ သမာဓိ၏ ရန်သူများကို ဖယ်ရှားသုတ်သင်ထားမှသာ အချိန်တိုင်း အချိန်တိုင်း၌ ဈာန်သမာပတ်ဖြင့် ပျော်မွေ့နိုင်မည် ဖြစ်သည်။

ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရ သာသနာရေးဝန်ကြီးဌာန ဗုဒ္ဓဘာသာတရားတော်များစာအုပ်မှ ထုတ်နူတ်ဖော်ပြသည်။

No comments:

Post a Comment