Pages

အဖန်ဖန် ပြန်လည်စားသုံးပါ

    
အားလုံး ကျက်သရေ မင်္ဂလာအပေါင်းနဲ့ အချိန်တိုင်း ပြည့်စုံနိုင်ကြပါစေ။
    
ဒီနေ့ဟာဆိုရင် ဒုတိယ၀ါဆိုလဆန်း (၈)ရက်နေ့ ဖြစ်ပါတယ်။ ဒီလိုရက်တွေရောက်လေတိုင်း ချစ်စရာ ကုသိုလ်
ဓလေ့တွေပြည့်နေတဲ့ ပြည်မြန်မာကိုမြန်မာပီပီလွမ်းတယ်။ လွမ်းစရာပါ။ လွမ်းရတာပါ။ မြန်မာပြည်မှာ ၀ါမဆိုဖြစ်တာ
နှစ်နှစ်ရှိနေပြီ။ ပြီးခဲ့တဲ့ နှစ်က ဒီအချိန်ဆို လောနိုင်ငံ ရွှေတြိဂံမြေမှာ မြန်မာတွေအတွက် သာသနာပြုလက်တစ်စုံနဲ့
အတူ ရှိနေခဲ့တာပါ။



     အခက်အခဲတွေ ၊ အကြပ်အတည်းတွေ ၊ ဒုက္ခတွေ ၊ သုခတွေ မျှဝေခံစားရင်း တစ်ဝါတွင်းလုံး ကြိုးစားခဲ့ရတာပါ။
ခု အဲဒီမှာရှိတဲ့မြန်မာတွေကို လွမ်းမိပါရဲ့။စာသင်ပေးခဲ့ရတဲ့ကလေးတွေ ခု ဘယ်လိုနေကြသလဲ။ ဆွမ်းချက်ကပ်ကြ
တဲ့ ဒကာဒကာမတွေ ခု ကုသိုလ်တွေမှ ရကြရဲ့လား။ ကောင်းဆိုးနှစ်တန်ကို မျှဝေခံစားခဲ့ကြတဲ့ ဒကာဒကာမတွေ ခုဆို
ဦးဇင်းကို လွမ်းနေကြမလား။ ပြောသာပြောရတာပါ ကိုယ်လည်း လွမ်းနေတာပါပဲ။


     မနေ့က ဒကာကြီး ဦးသန်းနိုင်ဝင်းနဲ့ ဒကာမကြီး ဒေါ်ခင်နန်းလွင်ဆီက ဖုန်းဝင်လာပါတယ်။ ဒီနှစ်လောမှာ မြန်မာဆရာတော်တွေကိုပင့်ပြီး ၀ါဆိုသင်္ကန်းဆက်ကပ်ချင်တယ်တဲ့။ ဘယ်ဆရာတော်တွေကို ပင့်ရမလဲတဲ့။ဒါကြောင့်လောနိုင်ငံက မြန်မာတွေရဲ့ သာရေးနာရေးကိစ္စတွေမှာတက်တက်ကြွကြွပါဝင်ကူညီ ဆောင်ရွက်ခဲ့တဲ့ခုတ်ဝတောရကျောင်းတိုက် ဆရာတော်ကိုဦးတည်ပင့်လျှောက်ဖို့နဲ့ယခုပရဟိတလုပ်ငန်းတွေကိုအသက်အရွယ်နဲ့မမျှအောင်
 ဆောင်ရွက်နေတဲ့တာချီလိတ်မြို့ ဧဒင်ရွာ ဧဒင်ဦးပရဟိတကျောင်းကဆရာတော်လေးကို ပင့်ဖို့ ညွှန်ကြားပေးခဲ့ပါတယ်။ ၀ါဆိုသင်္ကန်းကပ်မည့်ရက်က (၂၆-၇၂၀၁၂)တဲ့။ ဒကာမကြီးက လျှောက်တယ် ဦးပဉ္ဇင်းအတွက်
လည်းသင်္ကန်းတစ်စုံ ၀ယ်ထားတယ်တဲ့။



     ဒီနေ့ (၂၆-၇-၂၀၁၂)ရက်လေ။ဒီအချိန်ဆို လောမြေမှာဝါဆိုသင်္ကန်းတွေကပ်လှူနေကြပါပြီ။
ဒကာဒကာမတွေရဲ့မျက်နှာမှာ ကုသိုလ်တန်ဆာတွေနဲ့ ပြုံးနေကြလောက်ပြီ။ ကုသိုလ်အငွေ့အသက်တွေနဲ့ အေးနေမွှေးနေလောက်ပြီ။ သူတို့ကတော့ ကိုယ့်ကို သတိရနေမှာဖြစ်သလို ကိုယ်ကလည်းတွေးပြီး ပီတိတွေဖြစ်ရလွန်းလို့မျက်ရည်တောင်မှ ကျမိတယ်။ သူတို့ ဒီလိုကုသိုလ်တွေဆင်နွှဲခွင့်ရဖို့ မနှစ်က ကိုယ်ကိုယ်တိုင်ပေးဆပ်ပေးခဲ့တာလေ။



     ကိုယ်ချပေးခဲ့တဲ့ သာသနာပြုလမ်းမှာ ကုသိုလ်မြို့ကြီးတွေ တစ်မြို့ပြီးတစ်မြို့တည်နေကြပြီ။ သဒ္ဓါတံတားတွေတစ်စင်းပြီးတစ်စင်း ဆောက်နေကြပြီ။သီလလမ်းတွေတစ်လမ်းပြီး တစ်လမ်းဖောက်နိုင်ကြပြီ။ပညာအိမ်ဂေဟာတွေမှာ ခိုးနားဖို့ သွားနေကြပြီလေ။ဝမ်းသာပီတိ ဂွမ်းဆီထိပါပဲ။



     ဦးဇင်းကတော့ အဲလိုပီတိတွေကို ခဏခနစားဖြစ်တယ်။ပြန်လည်ပြီး စားသုံးနေတယ်။
အစားအစာတွေထဲမှာတော့ ဘယ်တော့မှ ပုပ်သိုးမသွားဘဲ အမြဲ အာဟာရဖြစ်စေတဲ့ အစာဟာ ပီတိပဲဖြစ်ပါတယ်။စားလိုက်တိုင်း အားရှိသွားတာပါ။



     ကိုယ့်ရဲ့ကုသိုလ်တွေ၊ ကောင်းတဲ့လုပ်ရပ်လေးတွေ၊ အောင်မြင်မှုလေးတွေ၊ သာသနာပြုလုပ်ငန်းတွေ စတဲ့ကောင်းမှုတွေကို ပြန်လည်တွေးတော ကာဖြစ်ပေါ်လာတဲ့ပီတိကို ပြန်လည်စားသုံးခြင်းက ဘုရားစတဲ့ ရှေးသူတော်ကောင်းများ ချီးမွမ်း ထောက်ခံခဲ့တဲ့ အကျင့်ဖြစ်ပါတယ်။


     ကိုယ် တံမြက်စည်းလှည်းခဲ့လို့ အမှိုက်တွေရှင်းပြီး သာသနာ့ပရိဝုဏ်အတွင်းမှာ သန့်ရှင်းသွားတာ၊ လမ်းဘေး ကအစာငတ်နေတဲ့ခွေးလေးကို မုန့်ကလေးကျွေးလိုက်တော့ သူဝမ်းသာအားရနဲ့ စားတာ၊ ကိုယ်စားဖို့ရလာတဲ့ ကြက်ကြော်ကို သူငယ်ချင်းကို ကျွေးခဲ့တာ၊လိုင်းကားပေါ်မှာ သက်ကြီးရွယ်အိုတွေတက်လာရင် နေရာပေးခဲ့တာ၊လူကြပ်နေတဲ့လိုင်းကားပေါ်မှာကိုယ့်ညီမအရွယ်
မိန်းကလေးကို နေရာပေးပြီးကူညီခဲ့တာ..စသည်စသည်ဖြင့် တွေးကြည့်ရင်
ပီတိဖြစ်စရာလေးတွေ အများသားပါ။ ကိုယ့်မှာ ဘာအလုပ်မှမရှိတော့ရင်အဲဒီပီတိလေးတွေကိုတော့ စားဖြစ်အောင်စားပါလို့တိုက်တွန်းချင်ပါတယ်။ အဲဒီကောင်းတဲ့ပီတိတွေကို အဖန်ဖန်ပြန်လည်စားသုံးခြင်းကဘုရားချီးမွမ်းပြီး
တရားနဲ့ညီတယ်။ စားသူတိုင်းကို အားဖြစ်စေတယ်ဆိုတာ မမေ့ပါနဲ့နော်။



      ဦးဇင်းကတော့ ခု လောနိုင်ငံမှာ ၀ါဆိုသင်္ကန်းကပ်နေပုံတွေ၊ဒီလိုကုသိုလ်တွေလုပ်နိုင်ဖို့ အရင်နှစ် ကိုယ်တိုင်သာသနာပြုပြီး ပေးဆပ်ခဲ့တာတွေကို ပြန်လည်တွေးတောပြီး ပီတိတွေဖြစ်လိုက်တာ မျက်ရည်တောင်မှကျမိပါတယ်။ ပီတိမျက်ရည်တွေပါပဲ။ ပီတိတွေကိုစားလိုက်တော့ စိတ်တွေလည်း လန်းဆန်းသွားတာပဲ။ အားတွေလည်း
တိုးလာပါတယ်။ ဒီနေ့တော့ စာတွေကျက်လို့ တအားကောင်းတော့မှာပါ။



     ဒါကြောင့် ဦးဇင်းတို့ မိတ်ဆွေသူငယ်ချင်းများလည်း ဘယ်တော့မှ ပုပ်သိုးမသွားတဲ့၊ အမြဲတမ်းအားဖြစ်စေတဲ့၊တရားနဲ့ညီပြီး ဘုရားစတဲ့ ရှေးသူတော်ကောင်းများ ချီးမွမ်းခဲ့ကိုယ့်ရဲ့ကုသိုလ်ပီတိတွေကို အဖန်ဖန် ပြန်လည်စားသုံး
ပေးနိုင်ကြပါစေလို့………


     မေတ္တာများစွာဖြင့် … အရှင်စန္ဒကုမာရ (ရွှေတြိဂံ မောင်စံ)

No comments:

Post a Comment