by စိုင်း မွန် သာ on Wednesday, May 23, 2012 at 12:32pm ·
အခါတစ်ပါးမှာ ဂေါတမမြတ်စွာဘုရားဟာ ကောသမ္ဗီပြည်၊ ဂင်္ဂါမြစ်နားမှာ သီတင်းသုံးနေခိုက် ဂင်္ဂါမြစ် ရေအယဉ်နဲ့  သစ်တုံးကြီးတစ်တုံး မျောပါလာတာကို ဂေါတမမြတ်စွာဘုရားက မြင်တော်မူပြီး... “ရဟန်းတို့  မျောလာတဲ့သစ်တုံးကြီးကို သင်တို့ မြင်တယ်မဟုတ်လား” လို့  မေးတော့ မြင်ပါကြောင်း ရဟန်းတွေက ဖြေကြတယ်။ ဒီအခါမှာ ဂေါတမမြတ်စွာဘုရားက...
“ရဟန်းတို့  အကယ်၍ သစ်တုံးကြီး ဒီဘက်ကမ်းကိုလည်း မကပ်ဘူး၊ ဟိုဘက်ကမ်းကိုလည်း မကပ်ဘူး၊ မြစ်အလယ်မှာလည်း နစ်မြုပ်မသွားဘူး၊ သောင်ပေါ်ကိုလည်း မတင်ဘူး၊ လူကလည်း ဆယ်မယူဘူး၊ နတ်ကလည်း ဆယ်မယူဘူး၊ ၀ဲလည်းစုပ်ယူမသွားဘူ၊ အတွင်းကလည်း မဆွေးမပုပ်ဘူးဆိုလျှင်... ပင်လယ်သမုဒ္ဒရာထဲကို ရောက်သွားမယ်၊ ဘာကြောင့်လဲဆိုရင်...ဂင်္ဂါမြစ်က သမုဒ္ဒရာထဲ နိမ့်ဆင်းညွတ်ကိုင်း သက်ရှိုင်းနေတဲ့အတွက်ကြောင့်ဖြစ်တယ်။”
“ရဟန်းတို့ ... ဒီသစ်တုံးကြီး ဥပမာအတိုင်း သင်တို့ ဟာလည်း ဒီဘက်ကမ်းလည်း မကပ်၊ ဟိုဘက်ကမ်းလည်းမကပ်၊ အလယ်မှာလည်း မနစ်မမြုပ်၊ သောင်ပေါ်လည်းမတင်၊ လူလည်းအဆယ်ယူမခံရ၊ နတ်လည်းအဆယ်ယူမခံရ၊ ၀ဲလည်းအစုပ်မခံရ၊ အတွင်းမှာလည်း မဆွေးမပုပ်ဘူးဆိုရင်ဖြင့် သင်တို့ ဟာ နိဗ္ဗာန်သို့  ညွတ်ကိုင်းသက်ရှိုင်း ရောက်ရှိသွားမယ်။ ဘာကြောင့်လဲဆိုရင်...သမ္မာဒိဋ္ဌိဆိုတဲ့ မှန်တဲ့ မြင်သိမှုဟာ နိဗ္ဗာန်သို့  ညွတ်ကိုင်းနေတဲ့ရောက်စေတဲ့ တရားဖြစ်ခြင်းကြောင့်ပဲ” လို့  ဂေါတမဗုဒ္ဓက အမိန့် ရှိတဲ့အခါမှာ ရဟန်းတွေက ပြန်ပြီးမေးလျှောက်ကြတယ်။
“အရှင်ဘုရား....ဒီဘက်ကမ်းဆိုတာ ဘာကိုဆိုလိုပါသလဲ၊ ဟိုဘက်ကမ်းဆိုတာကကော ဘာကိုဆိုလိုပါသလဲ၊ အလယ်မှာ နစ်မြုပ်တာ...သောင်ပေါ်တင်နေတာ...လူဆယ်ယူတာ၊ နတ်ဆယ်ယူတာ၊ ၀ဲစုပ်ယူတာ...အတွင်းမှာပုပ်ဆွေးခြင်းဆိုတာ ဘာကိုဆိုလိုပါသလဲဘုရား” လို့  မေးလျှောက်ကြတယ်။
“လူမှာရှိတဲ့ မျက်စိ၊ နား၊ နှာခေါင်း၊ လျှာ၊ ကိုယ်၊ စိတ် ဆိုတာတွေကို ဒီဘက်ကမ်းလို့ ဆိုလိုတယ်။ အဲဒီမျက်စိအစရှိတာတွေကို နှစ်သက်စွဲလန်းနေရင်...ဒါ ဒီဘက်ကမ်းကို ကပ်တာ။ အဲဒီမျက်စိစတဲ့ ဒီဘက်ကမ်းကို ထိလာတဲ့ အဆင်း၊ အသံ၊ အနံ့ ၊ အရသာ၊ အတွေ့ အထိ၊ အတွေးတွေက ဟိုဘက်ကမ်း။ ဟိုဘက်ကမ်းကို ကပ်တယ်ဆိုတာ... အဲဒီ အဆင်းအသံ အစရှိတာတွေကို တပ်မက် ကပ်ငြိသာယာနေရင်... ဒါ ဟိုဘက်ကမ်းကို ကပ်တာ...
အလယ်မှာ မြုပ်တယ်ဆိုတာက တဏှာ အနှောင်အဖွဲ့ တွေထဲ နစ်မြုပ်နေတာကို ဆိုလိုတာ၊ ချစ်သူခင်သူတွေကို တပ်မက်ချစ်ခင်တဲ့ တဏှာ၊ ရာထူးဂုဏ်၊ စည်းစိမ်ဥစ္စာ၊ သားမယားစသည်တွေကို တွယ်တာတပ်မက်နေတဲ့ တဏှာဟာ လူပုဂ္ဂိုလ်ကို အဲဒီတပ်မက်ရာ ၀တ္ထု၊ အာရုံတွေထဲမှာ ခေါင်းမဖော်နိုင်အောင် နှစ်မြှုပ်ပေးနေတယ်။ ရေအောက်မှာ မြုပ်သွားတဲ့ သစ်တုံးကြီးကို ရွှံ့ တွေ၊ သဲတွေ အထပ်ထပ်ဖုံးတဲ့အခါ ရေပေါ် ပြန်မပေါ်နိုင်လောက်အောင် ဖြစ်သွားသလို တဏှာကလည်း လူကို တပ်မက်မှု အနှောင်အဖွဲ့ တွေထဲက ပြန်မတက်နိုင်အောင် နှစ်မြှုပ်ထားတာ...သောင်တင်တယ်ဆိုတာက ထောင်လွှားမှုမာနကိုဆိုလိုတာ၊ မာနမြင့်တက်နေတာကိုပဲ သောင်တင်တယ်လို့ ဆိုလိုတယ်။ မာနဖြစ်နေရင်... လူဟာ ငါသိ ငါတတ်ဆိုတာမျိုးတွေလည်း ဖြစ်တယ်။ ဒီလိုမာနတက်နေတော့ နောက်ထပ်အသိတိုးဖို့ ၊ အမြင်သစ်တွေ့ ဖို့  မဖြစ်နိုင်တော့ဘူး၊ မာနခံနေသမျှတော့ ရှေ့ ဆက်ပြီးတိုးတက်သွားစရာ ရှိမှာ မဟုတ်တော့ဘူး။
လူဆယ်ယူတယ်ဆိုတာကတော့ လူတွေနဲ့ ဆက်ဆံရောနှောပြီး နေရတာနှစ်သက်နေခြင်းမျိုးကိုပဲ ဆိုလိုတယ်။ လူတွေနဲ့ ဆက်ဆံရောနှောနေတာဟာ ဒီလိုနေရတာကို နှစ်သက်လို့ ပဲ။ ဆက်ဆံရောနှောနေသမျှ လူမှုကိစ္စတွေ ရှုပ်ထွေးပြီး လူဆိုရင်လည်း ကောင်းရာကောင်းကြောင်းကို အသေအချာမလုပ်နိုင်ဘူး။ မလုပ်အားဘူး။ ရဟန်းဆိုရင်လည်း လူမှုကိစ္စတွေနဲ့  ရှုပ်ထွေးငြိတွယ်နေရင် တရားဓမ္မအလုပ်ကို လွတ်လွတ်ကျွတ်ကျွတ် မလုပ်နိုင်တော့ဘူး။ နတ်ဆယ်ယူတယ်ဆိုတာက လူ့ ဘ၀ထက်သာတယ်လို့ ထင်တဲ့ နတ်ဘ၀၊ နတ်အဖြစ်မျိုးကို တောင့်တပြီး၊ အဲဒီဘ၀မျိုးကိုရဖို့  လုပ်ဆောင်မှုမျိုးမှာ နှစ်သက်ငြိတွယ် နေတာမျိုးကို ဆိုလိုတာ။
ဝဲစုပ်ယူတယ်ဆိုတာက ကာမဂုဏ်(၅)ပါးရဲ့  ဆွဲဆောင်ယူငင်ရာကို လူသတ္တ၀ါက လိုက်ပါနေရတာကို ဆိုလိုတာ၊ ဒီကာမဂုဏ်ထဲမှာပဲ တ၀ဲဝဲလည်နဲ့ မထွက်နိုင်တော့တာ...
အတွင်းကဆွေးနေတယ်၊ ပုပ်တယ်ဆိုတာကတော့ အကျင့်သီလမရှိတာ၊ အကျင့်ပျက်တာကို ဆိုလိုတာ.....သစ်တုံးကြီးဆွေးပုပ်သွားရင်၊ ပျက်စီးကြေမွသွားရင် သစ်တုံးဘ၀ပျောက်ပြီး ပင်လယ်သမုဒ္ဒရာဆီ ဆက်ပြီးပါသွားစရာ ဘယ်ရှိတော့မှာလဲ။ ဒီလိုပါပဲ။ အကျင့်ပျက်ရင် သီလမရှိရင် ကောင်းမြတ်တဲ့ဘ၀မျိုးကို ရဖို့ ၊ ရောက်ဖို့  မဖြစ်နိုင်တော့ဘူး။ နိဗ္ဗာန်ဆိုတဲ့ ပင်လယ်သမုဒ္ဒရာကြီးဆီ ရောက်ဖို့  မဖြစ်နိုင်တော့ဘူး....”
ဂေါတမမြတ်စွာဘုရားနဲ့  ရဟန်းတော်အရှင်သူမြတ်တို့ ကတော့ ဒီဘက်ကမ်း ဟိုဘက်ကမ်း...ဘယ်ကမ်းကိုမှ မကပ်မငြိ၊ အလယ်မှာလည်း မနစ်ကြ မမြုပ်ကြ၊ ဘယ်သောင်ပေါ်ကိုမှလည်း မတင်ခဲ့ကြ၊ ဘယ်လူ ဘယ်နတ်ရဲ့  အဆယ်အယူကိုလည်း မခံခဲ့ကြ၊ ၀ဲစုပ်ခံရခြင်းလည်း မရှိ၊ ယိုင်နဲ့  ဆွေးမြေ့ခြင်းဆိုတာလည်း သူတို့ မှာမရှိကြ၊ နိဗ္ဗာန်ပင်လယ် သမုဒ္ဒရာကြီးဆီကို ကောင်းစွာရောက်သွားခဲ့ကြတယ်။
(၂)
အထက်ပါ ပင်လယ်သမုဒ္ဒရာကြီးဆီကို ကောင်းစွာ ထွက်သွားနိုင်တဲ့လမ်းကို ဖော်ပြတဲ့ တရားဓမ္မကိုနာပြီး ပြန်လာတဲ့မိတ်ဆွေက..“ရှက်ရှက်နဲ့ ဝန်ခံရရင်....အဲဒီပင်လယ်သွား တရားကို ကြားနာပြီးတဲ့အခါမှာ တစ်ယောက်ထည်းထည်းနဲ့  နိဗ္ဗာန်ပင်လယ်ကြီးဆီ ထွက်ခွာသွားရမှာကို အားငယ်သလိုပဲ ခံစားရတယ်” လို့ ပြောတဲ့စကားသံကို ကြားယောင်မိပါတယ်။
နန္ဒာသိန်းဇံ
အင်တာဗျူးဂျာနယ်၊ နံပါတ်-၁၄၁ (၂၈၊ ၈၊ ၂၀၀၂)
“သမုဒ်ပင်လယ်ပြာ နှိုင်းပမာ” စာအုပ်မှ ကူးယူဖော်ပြပါသည်။
No comments:
Post a Comment