နိဒါန်း
အသိစိတ်များစတင်ဝင်ရောက်လာချိန်မှစ၍ သူသည်ဘာတစ်ခုမှမသိတော့သော လူတစ်ယောက်ဖြစ်နေပေပြီ။
(၀၁)
ပြတင်းပေါက်မှယှက်ဖြာ၍၀င်ရောက်လာသောနေရောင်၏အနွေးဓာတ်နှင့်အတူ သူနိုးထလာခဲ့သည်။ နေရောင်ခြည်သည်သူ့ အတွက် နိုးစက်တစ်လုံးဖြစ်၏။ ထို့ အပြင်သူ၏ အမြင်အာရုံများကိုကြည်လင်စေသော စွမ်းအင်တစ်မျိုးလည်းဖြစ်လေသည်။
သူက အိမ်ရှေ့ ဝရံတာသို့ အသာအယာထသွားလိုက်ပြီး အစွမ်းကုန် ထွန်းလင်းတောက်ပနေသော နေလုံးအားစူးစိုက်စွာကြည့်လိုက်သည်။ ပြီးမှ… လမ်းပေါ်၌ လှုပ်ရှားသွားလာနေသူများအားကြည့်လိုက်၏။ ကြည်လင်ပြက်သားစွာမြင်လိုက်ရလေသည်။
နေကာမျက်မှန်များတပ်၍သွားလာနေသူများကို သူ ရယ်ချင်မိ၏။ သူကတော့... နေကိုကြည့်ပြီးမှသာ လူတွေကိုကြည့်လို့ ရသူဖြစ်လေသည်။
~~~~~~~~~~~~~~~~~
ဖြစ်စဉ်(၁)
သည်နေ့  သူကလူတို့ ၏သဘာဝအတိုင်း တစ်ခုခုအားရှာဖွေရန် ထွက်လာခဲ့ခြင်းဖြစ်သည်။ သို့ သော် ထိုတစ်ခုခုဆိုသောအရာအားသူမသိ။ မေ့နေခြင်းလား၊ တကယ်မသိသေးတာလား ဆိုသည်မှာလည်းမသေချာခဲ့။ သေချာသည်ကအချိန်တန်လျှင် တစ်ခုခုတော့ ကြုံတွေ့ ရမည်ဆိုတာပင်။ ထို့ သို့ တွေးရင်းဖြင့်သာဆက်လျှောက်လာခဲ့၏။
ထိုသို့ အချိန်ကြာကြာလျှောက်လာပြီးနောက် အရှေ့ ခပ်လှမ်းလှမ်း၌ အလွန်စည်ကားနေသောလူအုပ်ကြီးအား သူ တွေ့ လိုက်ရလေသည်။ သူက ထိုလူအုပ်ကြီးအား စူးစမ်းစွာကြည့်၍
ဇဝေဇ၀ါဖြင့်ပင်အနားသို့ တိုးကပ်သွားလိုက်၏။ ထို့ နောက်မှ သေချာစွာကြည့်လိုက်စဉ်…
ကြီးမားခန့် ထည်သော အဆောက်အဦးကြီး၏ရှေ့ ၌ များပြားလှသော လူအုပ်ကြီးမှာပျော်ရွှင်စွာအော်ဟစ်နေကြ၍ ထိုအထဲမှလူတစ်ဦးမှာ ထူဆန်းစွာဖြင့် အရည်ပျော်ကျနေလေသည်။ ထိုသို့ အရည်ပျော်စေခြင်းဖြင့် သူ့တို့ သည် ထိုအဆောက်အဦးကြီးထဲသို့ ရောက်ရှိနိုင်သည်ဟုဆိုသည်။
သူက ထိတ်လန့် ကြောက်ရွံ့ စွာဖြင့်နောက်သို့ ဆုတ်လိုက်မိသည်။
ဘယ်လိုဖြစ်ရတာလဲ…။ လူတွေဘာလို့ ကိုယ့်ကိုယ်ကိုအရည်ဖျော်ပစ်လိုက်ကြရတာလဲ…။
သူ မစဉ်းစားတတ်တော့ပေ။ လူ့ ဘ၀ဆိုတာကိုယ့်ကိုယ်ကိုအရည်ဖျော်ပစ်ဖို့ ရောက်ရှိလာခြင်းလား…။
`အို…မဖြစ်နိုင်ဘူး၊ မဖြစ်နိုင်ဘူး ´
သူ ကြောက်လန့် တကြားဖြင့် သွေးရူးသွေးတန်း အော်နေမိသည်။ ထိုစဉ်မှာပင် လူများအားလုံးမှာအရည်အဖြစ်သို့ ပြောင်းလဲ၍ကြီးမားသောအဆောက်အဦးကြီးအတွင်းသို့ ရောက်ရှိသွားကြပေပြီ။
ယခု…အဆောက်အဦးကြီးရှေ့ ၌ သူတစ်ယောက်တည်း။
ငါ ဘာလုပ်ရမလဲ…။ ငါလည်းသူတို့ လိုပဲကိုယ့်ကိုယ်ကို အရည်ဖျော်ပစ်လိုက်ရမလား…။
ထိုသို့ အတွေးများမဆုံးခင်မှာပင် သူ၏ခြေလှမ်းများ စတင်ရွှေ့ လျားလာလေပြီ။ တစ်လှမ်းခြင်းရွေ့ လျားလာသောသူ၏ခြေလှမ်းများက အဆောက်အဦးကြီးရှေ့ သို့ အရောက် တုန့် ခနဲ ရပ်တန့် သွားကြ၏။
ဒီ အဆောက်အဦးကြီးထဲမှာ ဘာတွေရှိနေမလဲ…။ ငါ ရှာနေတဲ့အရာကရော ဒီအဆောက်အဦးကြီးထဲမှာရှိနေနိုင်မလား…။
တွေးရင်းနှင့်ပင် သူ၏ခြေလှမ်းများပြန်လည်လှုပ်ရှားလာလေသည်။ ထို့ နောက်တွင်တော့…
`မဖြစ်နိုင်ဘူး၊ မဖြစ်နိုင်ဘူး…
ငါရှာနေတဲ့အရာက ဒီထဲမှာလုံးဝမရှိနိုင်ဘူး
ဘယ်လိုနည်းနဲ့ မှ မရှိနိုင်ဘူး´
သူ ပြက်သားစွာဆုံးဖြတ်၍ ထိုအဆောက်အဦးကြီးအား ကျောခိုင်းကာပြေးထွက်လာခဲ့တော့သည်။
ဖြစ်စဉ်(၂)
ထိုသို့ နှင့် သူ့ အား တိတ်ဆိတ်ခြင်းတို့ လွမ်းခြုံကျလာမှ အတော်ဝေးဝေးကို ရောက်နေမှန်းသတိထားလိုက်မိလေသည်။
ငါ ဘယ်ကိုဆက်သွားရမလဲ...။ သူု မသိ။ သူ၏ခြေလှမ်းများခေါ်ဆောင်ရာသို့ သာ တရွေ့ ရွေ့ မျှောပါနေမိ၏။ ဤသို့ နှင့် တစ်နေရာသို့ အရောက်...
လူရိပ်အချို့ ကိုတွေ့ လိုက်ရပြန်သည်။ တိတ်ဆိတ်ခြင်းတို့ လွမ်းခြုံဆဲရှိ၏။
ဒီလူတွေ တိတ်တဆိတ်နဲ့ ဘာလုပ်နေတာပါလိမ့်...။ သူ တွေးရင်းဖြင့်ပင် ထိုလူများအနီးသို့ လျှောက်သွားလိုက်မိသည်။ သို့ သော် တစ်ဦးတစ်ယောက်မှသူ့ အားဂရုမပြုမိကြပေ။ အားလုံးမှာ အတွေးကိုယ်စီဖြင့် ငြိမ်သက်တိတ်ဆိတ်နေဆဲ။ ထူးခြားသည်မှာ ထိုလူများသည်လှုပ်ရှားမှုလုံးဝမရှိဘဲ တစ်ယောက်တစ်မျိုးစီငြိမ်သက်နေကြခြင်းဖြစ်လေသည်။
သူ နားမလည်နိုင်တော့။ ဒီလူတွေဘာလို့ မလှုပ်မယှက်ဘဲငြိမ်သက်နေရတာလဲ…။ သိချင်စိတ်ကပြင်းပျလာသောကြောင့် ထိုလူများ၏အနီးဆုံးနေရာထိ သူတိုးကပ်ကာကြည့်လိုက်သည်။
` ဟင် ´
သူ လန့် ဖြန့် ကာနောက်သို့ လဲကျမတတ်ဖြစ်သွား၏။ သူက လူနှင့်ခွဲမရအောင်ချွတ်စွပ်တူနေသည့် ရုပ်တုကြီးများအားကြည့်ကာ မှင်သက်နေမိသည်။
ဒါ…ရုပ်တုတွေလား…။ ဒါမှမဟုတ် လူ…လူတွေကရုပ်တုဖြစ်သွားကြတာလား…။ လောကကြီးမှာ လူတွေဟာ ခုလိုမျိုးရုပ်တုတွေဖြစ်သွားတတ်သလား…။ ဒါဆို လူတွေဘာလို့ ရုပ်တုဖြစ်သွားကြတာလဲ…။
သူ့ အားအတွေးများစွာက ရစ်သိုင်းပတ်နွယ်နေလေသည်။ သူ၏ ဦးခေါင်းတစ်ခုလုံးမူးနောက်ကာ ယိုင်လဲချင်လာ၏။
တော်ပြီ…။ သူဆက်၍တွေးမနေချင်တော့ဘဲ ထိုနေရာမှအမြန်ဆုံးထွက်ခွာလာခဲ့တော့သည်။
ဖြစ်စဉ်(၃)
သည်နေ့ တစ်နေ့ လုံး အထူးအဆန်းများနှင့်သာ သူ ကြုံတွေ့ နေရသည်။ အိပ်မက်လား၊တကယ်လားဆိုတာပင်ဝေခွဲမရတော့။ တကယ်တော့ သူက တစ်ခုခုအားရှာဖွေရန်ထွက်လာခြဲ့ခင်းဖြစ်သည်။ သို့ သော် သူ ရှာဖွေနေသော ထိုတစ်ခုခုဆိုသောအရာက ဘယ်မှာရှိနေလိမ့်မလဲဆိုတာသူမသိ။ ယခု ဘယ်ကိုဆက်သွားရမလဲဆိုတာကိုလဲ သူမသိနိုင်တော့ပေ။
ငါ ရှာနေတဲ့၊ ငါလိုချင်တဲ့အရာက ဒီလောကမှာတကယ်ရောရှိရဲ့ လား…။ သူ မရေရာစွာနှင့်ပင် ဆက်လျှောက်နေဖြစ်သည်။ ထိုစဉ်…
အရှေ့ ခပ်လှမ်းလှမ်း၌ အငွေ့ များတလူလူတက်နေသည်ကို ထူးဆန်းစွာတွေ့ လိုက်ရပြန်သည်။
မီးလောင်နေတာများလား…။ သူ ဇဝေဇ၀ါနှင့်ပင်ထိုနေရာသို့ ပြေးသွားလိုက်မိ၏။ သို့ သော် ထိုနေရာသို့ အရောက်သူ မြင်တွေ့ လိုက်ရသည့်မြင်ကွင်းကြောင့် အလွန်ပင် တုန်လှုပ်ခြောက်ခြားသွားလေတော့သည်။
သူ မြင်တွေ့ လိုက်ရသည့်အငွေ့ များမှာ အခြားနေရာမှမဟုတ်ဘဲ လူများ၏ ဦးခေါင်းများမှတဆင့် အငွေ့ များတလူလူထွက်နေခြင်းဖြစ်၏။
သူ အတော်ပင်အထိတ်တလန့် ဖြစ်နေမိ၏။ ထိုသို့ သူ အံ့ဩတုန်လှုပ်စွာကြည့်နေစဉ်မှာပင် ထိုလူများ၏ဦးခေါင်းတစ်ခုလုံးမှာ အငွေ့ အဖြစ်သို့ ပြောင်းလဲသွားလေတော့သည်။
လောကကြီးကသူတို့ နှင့်မသက်ဆိုင်တော့သလိုမျိုး ထိုသူများက အစွမ်းကုန်လောင်ကျွမ်းပစ်လိုက်ကြပေပြီ။
ဒီလူတွေ ကိုယ့်ကိုယ်ကိုဘာလို့ လောင်ကျွမ်းပစ်လိုက်ကြတာလဲ…။
သူ့ ထံ၌အတွေးများစွာက မွန်းကြပ်ပိတ်ဆို့ နေလေပြီ။ ဦးခေါင်းတစ်ခုလုံးလည်း မုန်တိုင်း၏ရိုက်ခတ်သမျှကို အားအင်ချိနဲ့ စွာခုခံနေရသလိုမျိုး။ အမြင်အာရုံများပြာယီဝေကာ တ၀ိုးဝိုး၊တ၀ါးဝါး။ ထိုမှတစ်ဆင့်…
` အား ´
အော်သံနှင့်အတူ တဆတ်ဆတ်တုန်ရင်း သူလဲကျသွားတော့၏။
~~~~~~~~~~~~~~~~~
(၀၂)
ကြည်လင်သောအာရုံနှင့်အတူ သူ နိုးထလာခဲ့သည်။
သူ ပြန်လည်နိုးထလာပြီးနောက် သူ ဘာကိုမှ မမှတ်မိတော့ပေ။ ထို့ အတူ ဘာကိုမှလည်း မမြင်ရတော့ပေ။ (သူ့ အတွက်နေရောင်ခြည်သာလျှင် သူ၏အမြင်အာရုံကိုပေးစွမ်းနိုင်လေသည်။)
ယခုအချိန်၌ သူသည်ဘာတစ်ခုမှ ရေရေရာရာတွေးချင်စိတ်မရှိတော့။ ဘာကိုမှလည်း သိချင်စိတ်မရှိတော့ပေ။ ယခုလိုအနေအထားမျိုးကိုပင် သူ အင်မတန်သဘောကျနေမိလေသည်။
သူ့ အတွက်ဘာမှမလိုအပ်တော့ပါ။ ထိုဘာမှမလိုတော့ခြင်းသည်ပင်လျှင် သူ ရှာဖွေနေသည့်၊ သူ လိုချင်သည့် အရာတစ်ခုဖြစ်နေနိုင်သည်မဟုတ်ပါလား။
သူ ပြုံးလိုက်မိ၏။ ထိုအပြုံးနှင့်အတူ ကျေနပ်မှုတစ်ခုပါ ရရှိလိုက်လေသည်။ ထို့ နောက်တွင်တော့...
သူ၏ခြေထောက်များမှာ တဖြည်းဖြည်းပျော့တွဲ၍အရည်ပျော်ကျလာကာ တဆက်တည်းမှာပင် ဦးခေါင်းမှတစ်ဆင့် အငွေ့ များဝေ၍ထွက်ပေါ်လာပြီး များမကြာမီပင် သူ၏ခြေထောက်များမှာ အရည်အဖြစ်သို့ လုံးဝပြောင်းလဲ၍ ခန္ဓာကိုယ်အပေါ်ပိုင်းသည် ကျောက်ရုပ်သဖွယ်ငြိမ်သက်ကာ သူ၏ဦးခေါင်းတစ်ခုလုံးမှာတော့ အငွေ့ တလူလူဖြင့်လောင်ကျွမ်းသွားလေတော့သည်။
~~~~~~~~~~~~~~~~~
နိဂုံး
အသိစိတ်များစတင်ဝင်ရောက်လာချိန်မှစ၍ သူသည်ဘာတစ်ခုမှမသိတော့သောလူတစ်ယောက်ဖြစ်နေပေပြီ။ ။
ချစ်ခင်စွာဖြင့်...
မောင်မင်း
ဆယ့်တစ်ရက်နေ့ မေလ နှစ်ထောင့်ဆယ့်နှစ် သောကြာနေ့ မနက်နှစ်နာရီငါးဆယ့်ခုနှစ်မိနှစ်ခွဲ
No comments:
Post a Comment