ဒီနေ့ လက်ဖက်ရည်ဆိုင်မှာ လူစုံနေတယ်လေ။ လူစုံဆိုလို့
ဘယ်သူမှတော့မဟုတ်ပါဘူး။ မင်းသားကြီး မောင်ဖုန်းရယ်၊ ကိုနွေရိပ်ရယ်၊
ကျောက်စက်ရေရယ်၊ နေမင်းသူရိန်ရယ်နဲ့ မောင်ကောင်းတို့ပါပဲ။
ဒီနေ့ထူးထူးခြားခြားလူစုံနေတာကလည်း ဒီလိုရှိတယ်ဗျ။ မောင်ဖုန်းကြီး
မြို့ထဲမှာ ကောင်မလေးနဲ့ ချိန်းထားတယ်ဆိုပဲ။ သူကလည်း
ဒါမျိုးကိစ္စရှိပြီဆိုတော့ သူငယ်ချင်းတွေကို ပြုစုရင်းကြွား အဲ ရင်ဖွင့်တယ်။
ကောင်မလေးနဲ့ တွေ့ရင် ဘာပြောရမယ်။ ဘာလိုတွေ နေရမယ်ဆိုတာကို မေးနေတယ်။
သူငယ်ချင်းဆိုတဲ့ အကောင်တွေကလည်း ဘာမှမသိဘဲ စားကောင်းသောက်ကောင်းအောင်
လျှောက်ညာဖြီးနေကြတယ်။
ဒီလိုနဲ့ စကားဝိုင်းကို မောင်ဖုန်းကပဲ
“ကဲ ဘော်ဘော်တို့ရေ….ချိန်းထားတဲ့ အချိန်တောင်နီးပြီကွာ.. ငါသွားလိုက်ဦးမယ်” ဆိုပြီးတော့ ရေနွေးတစ်ခွက် မော့လိုက်တယ်။ သူငယ်ချင်းတွေကလည်း ကောင်းချီးပေးကြပါတယ်။ “သေနာကြီး အောင်မြင်ပါစေ” မောင်ဖုန်းကားပေါ်ကို ကော့ကန်ကော့ကားနဲ့ တက်သွားတယ်။ (ကော့ကန်ကော့ကားဆိုတာ ဘာလဲမမေးနဲ့ မသိဘူး လျှောက်ရေးတာ) ကားကလည်း လူသိပ်မပါပြန်တော့ မောင်ဖုန်းနေရာရတယ်။ နေရာကလည်း အပေါက်ဝနဲ့နီး၊ လေလည်းရတဲ့နေရာ။ သိတယ်မဟုတ်လား။ စပယ်ယာတွေ နောက်ကျခုံလေးပေါ့။ မောင်ဖုန်းကျကျနန ထိုင်ရင်းလိုက်သွားပါတော့တယ်။ ထောက်ကြန့် အရောက်မှာ အဆင်းအတက်တွေနဲ့ လူနည်းနည်းကျပ်သွားတယ်။ ဒါပေမယ့် မောင်ဖုန်းမမှုပါဘူး။ သူက ထိုင်ခုံနဲ့လေ။ သူမှုတာက တစ်ခု။ အဲတစ်ခုက……
အဲတစ်ခုက လက်ဖက်ရည်ဆိုင်မှာ သောက်ထားတဲ့ ရေနွေးရယ် အအေးရယ်ပေါင်းပြီး တိုက်ခိုက်လာတဲ့ ဆီးသွားချင်တဲ့ ဝေဒနာပဲပေါ့ဗျာ။ သူလည်း တတ်နိုင်သလောက်အောင့်အီးသည်းခံရင်း လိုက်လာပါတယ်။ ဒီလိုနဲ့ ၀ါယာလက်အရောက်မှာ လသားအရွယ်ကလေးတစ်ဖက်နဲ့ အဒေါ်ကြီးတစ်ယောက်တက်လာပါတယ်။ ဒါကို မောင်ဖုန်းကြောင်တယ်လို့ ထင်လို့လား။ မှားမယ်။ ဒါမျိုးသူမလုပ်ဘူး။ သူလုပ်နေတာက..
သူလုပ်နေတာက တင်ပါးကို ကျုံ့ထားရတာ။ ပြေးမြင်ကြည့်ကြပါဗျာ။ ပိန်ပိန်ပြားပြားလူတစ်ယောက်က ခါးမတ်၊ ဖင်ရှုံ့ထားတဲ့ပုံကို။ မောင်ဖုန်းခမျာဝေဒနာကို အဖြေရှာလို့ရပေမယ့် ဖြေရှင်းဖို့ခက်နေတယ်။ နောက်ဆုံးက ခုံမှာဆိုလည်း ရေသန့်ဘူးလေးထဲ ရှူးလိုက်လို့ရသေးတယ်။ ခုံက ထိပ်ဆုံးခုံဆိုတော့ သူခက်နေတယ်။ အရေးထဲ ကလေးက ငိုနေလေတော့ ကလေးအမေက ကလေးကို “ရှူး…. တိုးတိုးနေလေသားရဲ့ ရှူး…. တိုးတိုးနေလေသားရဲ့” ဆိုပြီးတော့ ချော့လိုက်တိုင်း မောင်ဖုန်း ငယ်ထိပ်မွှေးတွေ ထောင်ထောင်လာတယ်။ ခရေပင်လမ်းခွဲအရောက်မှာ မောင်ဖုန်းခေါင်းမှာ အကြံတစ်ခုလက်သွားတယ်။ ဒါနဲ့ပဲ ကလေးအမေကြီးကို မျက်နှာလို မျက်နှာရပြောလိုက်တယ်။
“အန်တီ ဘယ်ထိသွားမှာလဲဟင်”
“၈မိုင်ထိ သားရယ်”
“သြော်… ကျွန်တော်က တံတားဖြူဆင်းမှာ”
ဒီလိုပြောပြီး ထပေးမယ်ထင်လို့လား။ မထင်နဲ့ သူ့ဒုက္ခနဲ့သူ လှုပ်တောင် မလှုပ်ရဲဘူး။ ဆက်ပြောတယ်။
“ကလေးကို ကျွန်တော့်ပေးထားလေ”
“အေး အေး… ကျေးဇူးပဲသားရယ် ကောင်လေးက အိပ်ချင်လို့နဲ့တူတယ် အရမ်းဂျီကျနေတယ်”
“ဟုတ်ကဲ့ရပါတယ်။ ကျွန်တော် ရပ်ကွက်ထဲမှာ ကလေးဗိုလ်ပါ”
ဘာမှမဆိုင်တာပါ ထည့်ကြွားသွားသေးတယ်။ ကလေးကလည်း မောင်ဖုန်းကို ဘာထင်နေလဲ မသိဘူး။ မောင်ဖုန်းရင်ဘတ်ထဲ ရောက်ကတည်းက ဂျီမကျနိုင်တော့ဘူး။ အိပ်သွားပါတော့တယ်။ ဒီတော့မှ မောင်ဖုန်းသူ့အကြံကို အကောင်အထည်ဖော်တော့တယ်။ သူ့အကြံက….
သူ့အကြံက ဒီိလိုဗျ။ ကလေးက သူ့ပေါင်ပေါ်မှာ အိပ်နေတယ်။ သူကလည်း အရမ်းဆီးသွားချင်နေတယ်။ ဘာလုပ်မယ်ထင်လဲ ရိုးပါတယ်။ သူ ပေါက်ချလိုက်မယ်။ ပြီးရင် ကလေးကိုလွှဲချလိုက်မယ်။ ကားက ၁၀ မိုင်အရောက်မှာ သူ့အကြံကို အကောင်အထည်ဖော်လိုက်ပါတော့တယ်။ ကလေးကဖျတ်ခနဲ လန့်နိုးလာပြီးတော့ သူ့ကိုမော့ကြည့်တယ်။ ပြီးတော့ သူ့အမေကို ကြည့်တယ်။ ပြီးတော့ မောင်ဖုန်းကိုပြန်ကြည့်တယ်။
ဆီးကြောကလည်း ကြာလိုက်တာဗျာ။ အောင့်ထားရတာလည်း နည်းတဲ့ခရီးမှတ်လို့။ ဒါနဲ့ပဲ ၈မိုင်ရောက်လာတယ်။ ကလေးအမေကလည်း မောင်ဖုန်းကိုအားနာတဲ့ အသံနဲ့..
“သားရယ် ကျေးဇူးတင်လိုက်တာ.. ရှေ့မှတ်တိုင် အဒေါ်တို့ဆင်းတော့မယ်။ ကလေးကို အဒေါ့်ကိုပေး”
“အန်.. ပေးလို့ရဘူးလေ.. ပြီးသေးဘူး”
“ဘာမပြီးတာလဲသားရဲ့ အဒေါ်တို့ဆင်းရတော့မှာ”
“အော်ဟုတ်ပါတယ် ကားရပ်မှ ဆင်းလေ ကလေးလဲသွားမှားဆိုးလို့”
အကြောင်းပြချက်ကောင်းလေတော့ သူ့အလုပ်သူဆက်လုပ်လို့ရတာပေါ့။ မှတ်တိုင်မှာ ကားရပ်ခါနီးမှ
“အာ အန်တီ့သားကတော့ ကျွန်တော့်ကို အချစ်စမ်းလိုက်ပြန်ပြီ ကျွန်တော့်ပေါ်ကို ရှုရှူးတွေ ပေါက်ချလိုက်ပြီ အန်တီရေ”
“ဟယ် တောင်းပန်ပါတယ်သားရယ်။ ကလေးကလည်းလေ အားနာစရာတွေဖြစ်အောင်”
“ရပါတယ် အန်တီရဲ့ ကျွန်တော်ပုဆိုးလှည့်ဝတ်လိုက်ပါ့မယ်”
ဒီလိုနဲ့ မြေစာပင်သားအမိ ဆင်းသွားလေတော့မှ မောင်ဖုန်းဘေးက လူကပြောပါတယ်။
“ဟွန်း ကလေးသေးကလည်း နံလိုက်တာ လူကြီးသေးနံ့ကျနေတာပဲ” တဲ့။
ကဲ…။ ပျက်သွားမယ့်မောင်ဖုန်းမျက်နှာကလေးကို ပြေးမြင်လိုက်ကြပါတော့ဗျာ။။

No comments:
Post a Comment