လူအမျိုးမျိုးနဲ့တွေ့ဆုံပြီး စရိုက်အထွေထွေကို လေ့လာခွင့်ရတဲ့ သူတွေအဖို့
စာရေးတဲ့နေရာမှာ အများကြီး အထောက်အကူ ဖြစ်စေပါတယ်။
စိတ်တိုတတ်ရင် ၀တ္ထုဖတ်.
လူ့သဘာဝကိုသဘောပေါက်တော့ စာရေးတဲ့အခါမှာ ယထာ ဘူတကျအောင် ဆင်ခြင်သုံးသပ်မှု သာမန်ထက်ပိုပြီး
လုပ်နိုင်တယ်။ လူ့စရိုက်သဘာဝကို သဘောပေါက်နားလည်နိုင်တဲ့အတွက် သည်းခံစိတ်ပိုရှိလာပြီး အလွယ်တကူ
နဲ့ ခွင့်လွှတ်လာနိုင်တယ်။ အဲဒါကြောင့် စိတ်တိုလွယ်တဲ့သူတွေ အထိမခံ ကြွေပန်းကန်စိတ်ရှိသူတွေနဲ့ အခဲမကြေ
တတ်သူတွေ ၀တ္ထုတွေ များများဖတ်ဖို့ တိုက်တွန်းလိုက်ချင်တယ်။
မုန်းတီးတာထက် သနားတာပို.
ပုထုဇဉ် မှန်သမျှ စိတ်တိုတတ်၊ ဒေါသထွက်တတ်ပါတယ်။ ဒါပေမယ့် စာဖတ်များတဲ့အတွက် လူ့စရိုက်သဘာဝတွေ
ကို သဘောပေါက်သူကဒေါသဖြစ်ရင်လည်း ခဏနဲ့ပြေပျောက်သွားတယ်။ မုန်းတီး စက်ဆုပ်စရာလူမျိုးကိုတွေ့ရင်
လည်း အဲဒီလူမျိုးကို မုန်းတီးတာထက် သနားစရာ၊အသိဥာဏ်နုံနဲ့သူအဖြစ် အလွယ်တကူ ခွင့်လွှတ်လိုက်နိုင်တယ်။
ကျောင်းသားတပည့်တွေထဲမှာလူတိုင်းဝေးဝေးကရှောင်တဲ့သူတစ်ယောက် ရှိဖူးတယ်။ သူက စိတ်ရင်းသဘောထား
ကောင်းပေမယ့် အငြင်းသန်ပြီး စကားကြီးစကားကျယ်တွေပြောလွန်းတဲ့အတွက် သူ့ကိုမြင်တာနဲ့ လူတိုင်း ဝေးဝေး
က ရှောင်ကွင်းသွားတတ်ကြတယ်။
ဟိုစပ်စပ် ဒီစပ်စပ်.
သူက ဟိုစပ်စပ် ဒီစပ်စပ်နဲ့ စာတွေတော့ဖတ်တယ်။ ပီတာဒရပ်ကားတို့၊ ဖူကူးယားမားတို့၊ ဒီဘိုးနိုးတို့၊ စတစ်ဂလစ်
တို့၊ ဖရိုက်မင်းတို့ စာအုပ်မျိုးတွေဖတ်လေ့ရှိတယ်။ ၀တ္ထုတွေ ဘာတွေတော့ မဖတ်ဘူး။ ဖတ်ပြီးရင် သူ့အကျင့်က
ဖတ်ခဲ့သမျှကို လူတကာ လိုက်ပြောတယ်။ တစ်ဖက်သား စိတ်ဝင်စားမှု ရှိတာ / မရှိတာ အလေး မထားဘူး ။
သူပြောချင်တာ မပြီးမချင်း ဆက်ပြောတာပဲ။ ကြာတော့ ဘယ်သူမှ သည်းမခံနိုင်တော့ဘဲ သူ့မြင်တာနဲ့ ဝေးဝေးက
ရှောင်ကြတော့တယ်။ သူက ဒါတွေ မသိဘူး။ သူ့အချိုး မပြင်ဘူး ။ နောက်ရောက်လာတဲ့ ကျောင်းသူ/ကျောင်းသား
အသစ်တွေဝိုင်းမှာ ထိုင်ပြီး သူ့လက်ချာတွေ ပေးမြဲပေးနေလေ့ရှိတယ်။
စပါးပင်မြင်ဖူးရဲ့လား.
တစ်ခါတော့ သူ ကောင်းကောင်းခံလိုက်ရတယ်။ နယ်က ကျောင်းသူတစ်ယောက်က သူ့ကို ပညာပေးလိုက်တာ။
စကားဝိုင်းမှာ သူက ထုံးစံအတိုင်း ဖရိုက်မင်းတွေ၊ စတစ်ဂလစ်တွေပြောပြီး ဒီလို ပညာရှင်တွေ ရေးတဲ့စာတွေ
ဖတ်ရကောင်းမှန်းမသိကြလို့ တိုင်းပြည်ကြီး မတိုးတက်တာ။ ဒီလို ပညာရှင်ကြီးတွေရဲ့ အကြံဥာဏ်ကို ရယူပြီး
စီမံကိန်းတွေ ရေးဆွဲသင့်တယ်၊ ဘာညာနဲ့ ကောက်ချက်ချလိုက်တယ်။ အဲဒီကျောင်းသူက ...
" ရှင့် ပညာရှင်ကြီးတွေ စပါးပင်ကို မြင်ဖူးရဲ့လား၊ ဂျုံပင်ကြားကနေပြီး ဂျုံစားတဲ့လူတွေက စပါးစိုက်တဲ့နိုင်ငံက
လူတွေကို ဘာအကြံကောင်း ပေးနိုင်မှာလဲ " လို့ ပြန်မေးလိုက်တယ်။
သူပါးစပ် အဟောင်းသားဖြစ်သွားတယ်။
လက်တွေ့လုပ်ငန်းထဲက သူ..
အဲဒီကျောင်းသူက စိုက်ပျိုးရေးတက္ကသိုလ်က ဆရာမတစ်ယောက်ဖြစ်တယ်။
စိုက်ပျိုးရေးဘွဲ့အပြင် MBA ဘွဲ့လည်း ရထားသေးတယ်။ တစ်ချိန်လုံး အဲဒီ ဆရာမက သူ့ကို လက်ချာပေးနေတာ
သူငြိမ်ပြီးနားထောင်နေရတယ်။ ဘာမှ ပြန်မပြောနိုင်ဘူး။ ဘယ်ပြောနိုင်မှာလဲ။ သူက စာအုပ်တွေထဲကဟာလောက်
ပြန်ပြောတတ်တာ။ ဟိုက လက်တွေ့လုပ်ငန်းခွင်ထဲက စိုက်ပျိုးရေး ဆရာမ ဖြစ်ရုံမက MBA လို ဘွဲ့မျိုးရထားတာ
ဆိုတော့ စိုက်ပျိုးရေးတို့ စီးပွားရေးတို့အကြောင်း ကောင်းကောင်းကြီး ပြောနိုင်သူဖြစ်တယ်။
နောက်ရက်တွေမှာတော့ အတန်းထဲမှာ အဲဒီကျောင်းသူရှိနေရင် ..
သူ သိပ်ပြီးလေလုံးမထွားရဲတော့ဘဲ ငြိမ်နေတော့တယ်။
မြေကြီးရှိတိုင်း စိုက်လို့ရတာ မဟုတ်..
စာအုပ်ကြီးသမားနဲ့ လက်တွေ့သမား ဘယတူနိုင်မှာလဲ။ လက်တွေ့လုပ်နေသူကသာ အခြေအနေမှန်ကို အသိနိုင်
ဆုံးပေါ့။ စာအုပ်ကြီးတွေက ဘယ်လိုရေးပြီး ဘယ်လိုသင်ထားထား ကိုယ့်နိုင်ငံလက်တွေ့အခြေအနေနဲ့ ကိုက်ညီမှ
အသုံးဝင်မှာဖြစ်တယ်။ သူတို့က သူတို့နိုင်ငံရဲ့ အခြေအနေနဲ့ သူတို့ရဲ့ သဘာဝတွေအပေါ် အခြေခံပြီး ရေးသားပြုစု
ထားကြာတွေဖြစ်တော့ သူတို့နိုင်ငံအတွက်တော့ ရာနှုန်းပြည့် အသုံးဝင်နိုင်ပါတယ်။ မြန်မာပြည်လို နိုင်ငံအတွက်
တော့ သူတို့ရေးသားချက်တွေဟာ 25%တောင် အသုံးဝင်ချင်မှ ၀င်နိုင်ပါလိမ့်မယ်။
မြန်မာပြည်မှာတောင် မြစ်ဝကျွန်းပေါ်ဒေသအတွက် သင့်တော်တဲ့ နည်းစနစ်က အထက်အညာက မိုးခေါင်ရေရှား
ဒေသအတွက် အသုံးတည့်ချင်မှ တည့်မှာပေါ့ ။ မြေကြီးတိုင်း စိုက်ချင်ရာစိုက်လို့ ရနိုင်တာမျိုးမှ မဟုတ်တာ။
ကိုဖိုးသိတွေ..
မြို့ပေါ်က ပညာတတ်တွေ အများစုဟာ စာအုပ်တွေဖတ်ပြီး သိပ်ဟုတ်လှပြီလို့ ထင်တတ်ကြတယ်။
ဘာမဆို သူတို့ မှ ကိုဖိုးသိ (Mr.Know All) ဆိုတဲ့အထင်ရောက်ပြီး တခြားလူတွေ ...
အထူးသဖြင့် တောကလူတွေကို ငုံ့ကြည့်လေ့ရှိတယ်။
ကိုယ်တိုင်ရေးနိုင်ဖို့လို ..
နိုင်ငံခြားသား ပညာရှင်တွေရဲ့ စာအုပ်ကြီးတွေဟာ သူတို့နိုင်ငံ၊ သူတို့လူမျိုးတွေအတွက်တော့ အကျိုးရှိမှာပါ ။
သူတို့ နဲ့ ပထ၀ီ အနေအထား၊ ရာသီဥတု၊ ဓလေ့ထုံးစံ ယဉ်ကျေးမှု၊ စီးပွားရေးဖြစ်ထွန်းတိုးတက်မှု အခြေအနေ
စတဲ့ နေရာတွေမှာ ၀င်ရိုးစွန်းနှစ်ဖက်လောက် ကွာဟချက်ကြီးမားတဲ့နိုင်ငံတွေမှာတော့ သိပ်ပြီး အသုံးဝင်လိမ့်မယ်
မထင်ပါဘူး။ သူတို့ စာအုပ်ကြီးတွေကို နမူနာအဖြစ် ထားပြီး ကိုယ့်နိုင်ငံရဲ့ ရာသီဥတု၊ ရေမြေ အနေအထား၊
စီးပွားရေး အခြေအနေတို့နဲ့ ကိုက်ညီအောင် မြန်မာလူမျိုး ပညာရှင်တွေကိုယ်တိုင် စာအုပ်စာတမ်းတွေ ရေးသား
ပြုစုကြရပါလိမ့်မယ်။ စက်မှုတက္ကသိုလ်ဆင်းတွေ၊ စိုက်ပျိုးရေးတက္ကသိုလ်ဆင်းတွေ၊ စီးပွားရေးတက္ကသိုလ်ဆင်း
တွေ ကျွန်တော့်ဆီမှာ မနည်းပါဘူး။ ဒီကျောင်းဆင်းတွေကိုယ်တိုင် လေ့လာသုတေသနပြုပြီး စာအုပ်တွေရေးနိုင်
အောင် ၀ိုင်းဝန်းဖန်တီးပေးသင့်ကြပါတယ်။ အခုလို နိုင်ငံခြားသားတွေရေးတဲ့ စာအုပ်တွေ အားကိုး အားထား
ပြုနေရုံနဲ့တော့ ဘာမှ ဖြစ်မလာနိုင်ဘူးဆိုတာ သေချာတယ်။ ပြည်တွင်းဖြစ် ပညာရှင်တွေ ကိုယ်တိုင်ရေးတဲ့
စာအုပ်တွေ ပေါပေါ များများကြီး ထွက်လာမှ တိုင်းပြည်အမှန်တကယ် ဖွံ့ဖြိုးတိုးတက်လာမှာပါ။
ပြည်တွင်းဖြစ် ပညာရှင်တွေ ကျွန်တော်တို့ဆီမှာ မနည်းပါဘူး။
လူထု စိန်ဝင်း
Favourite News ...

No comments:
Post a Comment