Pages

ပြီးပြည့်စုံသော “အိမ်ကလေး”ထဲမှာ နေသွားကြပါစို့

ပြီးပြည့်စုံသော “အိမ်ကလေး”ထဲမှာ နေသွားကြပါစို့ 
နာမည်လေးကြားရုံမျှနဲ့ပင် နေချင်စရာကောင်းလွန်းတဲ့၊ ချစ်စရာအိမ်လေးပေါ့ ကျွန်မတို့လူသားတွေ မွေးဖွားစဉ်ကတည်းက “အိမ်”ဆိုတာ မနေဘူးသူလည်းမရှိပါဘူး မပျော်ဘူးဆိုတဲ့သူလည်းမရှိခဲ့ပါဘူး၊ ကျွန်မတို့လူသားတွေရယ်မှ အိမ်ဆိုတာ ရှိတာမဟုတ်ပါဘူး အသက်ရှိနေကြတဲ့ ကျေးငှက်သတ္တ၀ါလေးတွေမှာလည်း “အိမ်”ဆိုတာ ရှိခဲ့ကြပါတယ်…သူတို့ရဲ့ အသိုက်အမြုံလေးတွေကို တည်ဆောက်ရင်း အစာရှာသွား၊ အစာရှာရာအပြန်မှာတော့ သူတို့ရဲ့ “အိမ်”လေးကို ပြန်လာတတ်ကြစမြဲပါ….။
ကျွန်မတို့လူသားတွေမှာ “အိမ်”လေးတွေ ကိုယ်စီကိုယ်စီရယ် ရှိပြီး ကမ္ဘာမြေပြင်ကြီးပေါ်မှာ အသက်ရှင်နေထိုင်နေကြတယ် “အိမ်”တော့အိမ်ပါဘဲ ဒါပေမယ့် မိသားစုတစ်စုနဲ့တစ်စု ဘ၀ကပေးလာတဲ့ အခြေအနေတွေပေါ်မူတည်ပြီး “အိမ်”ချင်းတော့ ကွာခြားနေကြပါတယ်၊ တစ်ချို့ကလည်း တိုက်ဆိုတဲ့“အိမ်”မျိုးတွေ၊ တစ်ချို့ကြပြန်တော့လည်း သက်ကယ်မိုး၊ ဓနိမိုးနဲ့ ၀ါးကြမ်းခင်းလို“အိမ်”မျိုးတွေ စသည်ဖြင့်ပေါ့၊ ဘယ်လိုအိမ်မျိုးပဲ ဖြစ်ပါစေ “အိမ်”ဆိုတဲ့ နေရာဌာနလေးမှာ ကျွန်မတို့တွေ ပျော်မွေ့တတ်ကြသည်မဟုတ်ပါလား……။
“အိမ်”ဆိုတာနဲ့ မိသားစုဆိုတာလည်း ရှိနေကြပါမှာ ဆင်းရဲတဲ့မိသားစု၊ ချမ်းသာတဲ့မိသားစုရယ်ပေါ့ ကျွန်မတို့ ပြန်တွေးကြည့်မယ်ဆိုရင်ဖြင့် ဘယ်လိုမိသားစုကနေပဲ ပေါက်ဖွားတတ်ကြပါစေ “အိမ်”ဆိုတဲ့အရသာကိုတော့ လူတိုင်းမက်မောတတ်ကြပါတယ်၊ ဆင်းရဲတဲ့မိသားစု၊ ချမ်းသာတဲ့မိသားစု၊ မိသားစုတွေအားလုံးဟာ ကိုယ်စိတ်သုံးပါးမှာ ပြောင်းလဲမှုတွေ ခံစားနေရတတ်ပါတယ် ၊ ချမ်းသာတယ်ဆိုတဲ့ မိသားစုတွေမှာလည်း စိတ်ဆင်းရဲခြင်းသောကတွေ ရှိနေကြပါတယ်၊ ဆင်းရဲတဲ့မိသားစုတွေမှာလည်း စိတ်ဆင်းရဲခြင်းသောကတွေ၊ စိတ်ချမ်းသာခြင်းတွေ ကြုံတွေ့နေရပါတယ် မိသားစုဆိုတဲ့“အိမ်”လေးဖြစ်လာတာနဲ့အမျှတော့ ဆင်းရဲခြင်း၊ ချမ်းသာခြင်းဆိုတဲ့အရာတွေကို တန်းတူညီမျှ မျှဝေခံစားကြရမှာ မလွဲနိုင်ပါဘူး….ဒီလို တန်းတူမျှဝေခံစားနိုင်ခြင်းမရှိခဲ့ရင်တော့ ကျွန်မတို့ရဲ့“အိမ်”လေးဟာ ချစ်စရာကောင်းပြီး ပြီးပြည့်စုံတဲ့ “အိမ်ကလေးလို့ ယူဆလို့မရနိုင်တော့ပါဘူး….။
ကျွန်မတို့တွေဟာ နေ့စဉ်နဲ့အမျှဆိုသလို အရေးသုံးပါးကို ရုန်းကန်တိုက်ထုတ်နေရပါတယ် အဲ့ဒါတွေကတော့ နေရေး၊ စားရေး၊ ၀တ်ရေးဆိုတဲ့ အရေးတွေပါပဲ….ကျွန်မအခုပြောနေတဲ့ “အိမ်”လေးကတော့ နေရေးဆိုတဲ့ ပထမဦးဆုံးမှာ ပါဝင်နေတာဖြစ်လို့ စာဖတ်သူမိတ်ဆွေတို့ သတိထားမိကြမယ်ထင်ပါတယ်….ကျွန်မပြောခဲ့သလိုပေါ့ ၀ါးနဲ့ပဲ ဆောက်ဆောက်၊ အုတ်နဲ့ပဲဆောက်ဆောက် ကျွန်မတို့တွေဟာ ကျွန်မတို့တွေပိုင်ဆိုင်တဲ့ ကိုယ်ပိုင်”အိမ်”ကလေးတစ်လုံး ရရှိနေတယ်ဆိုရင်ပဲ ကျေနပ်နေတယ်ကြပါတယ်….ခုလိုခေတ်ကြီးမှာ “အိမ်”ကလေးကို မဆောက်လုပ်နိုင်တဲ့သူတွေက လည်း အိမ်ငှားပြီးနေထိုင်ကြပါတယ် ကျွန်မတို့ပိုင်ဆိုင်တဲ့အိမ်မဟုတ်ဘဲ တခြားသူတွေပိုင်ဆိုင်တဲ့အိမ်မှာ နေရပြီဆိုရင်တော့ သူတို့အလိုကျ ၊ သူတို့ဆန္ဒတွေသာ ဖြစ်ရပါတော့တယ် ကိုယ့်ခြေ၊ ကိုယ့်လက်ဆိုတာ ဘယ်မှာလာရှိနိုင်တော့မလဲ…..ဒါကြောင့်လည်း “အိမ်”ဆိုပေမယ့်လည်း ကျွန်မပြောတဲ့ ပြီးပြည့်စုံတဲ့“အိမ်ကလေး”ကိုတော့ ပိုင်ဆိုင်နိုင်ကြမှာမဟုတ်ပါဘူး….။
ကျွန်မတို့ရဲ့ လူသားတွေဘ၀မှာ အခက်အခဲတွေ ၊ စိတ်ဖိစီးမှုတွေ၊ စိတ်သောကတွေ ကြုံလာကြပြီဆိုရင်တော့ “အိမ်”လေးရဲ့ အဝေးဆုံးကို ထွက်ပြေးချင်ကြတော့တာပါပဲ၊ “အိမ်”ဆိုတာ စိတ်ညစ်စရာကြီးပါကွာ၊ “အိမ်”မှာမနေချင်တော့ပါဘူး၊ “အိမ်”မှာကိုက ကျက်သရေမရှိတာပါကွာလို့ စိတ်ကသိကအောက်ဖြစ်တဲ့အခါတိုင်း ပြောတတ်ကြတဲ့ ကျွန်မတို့ရဲ့ စိတ်ထဲမှာ တကယ်ဆိုတော့ အယူအဆတွေဟာ မှားယွင်းနေတတ်ကြပါတယ်….. ဘာတွေမှားယွင်းနေသလဲလို့ မေးစရာမေးခွန်းလေးတွေ ရှိနေကြမှာပါ ၊ ကျွန်မတို့တတွေဟာ သာရင်သာ ကျေနပ်နေတတ်ကြပြီး နာရင်တော့ မခံတတ်ကြတဲ့သူမျိုးတွေပေါ့…“အနာခံမှ အသာစံရမယ်”ဆိုတဲ့ စကားပုံလေးတစ်ခုကို စာဖတ်သူတို့ သိထားကြပြီးဖြစ်မှာပါ….ဘယ်အရာမျိုးကိုပဲမဆို အရာရာတိုင်းမှာ အနစ်နာခံနိုင်မှ သာလွန်တဲ့ နေရာလေးတစ်ခုကို ရောက်ရှိနေမှာပါ…..ကျွန်မတို့ရဲ့ “အိမ်”လေးမှာ စိတ်ညစ်စရာတွေ၊ ငွေကြေးတွေ စတဲ့ အခက်အခဲလေးတွေကို မိသားစုအားလုံးက တိုင်ပင်နှီးနှောဖလှယ်ကြပြီး၊ ဖြစ်သင့်တဲ့အကြောင်းချင်းရာလေးတွေ၊ ဖြစ်နိုင်တဲ့အရာလေးတွေကို စည်းစည်းလုံးလုံးနဲ့ ၀ိုင်းဝန်းဖြေရှင်းကြမယ်ဆိုရင် ပြီးပြည့်စုံတဲ့အိမ်ကလေးဖြစ်လာမှာ အမှန်မလွဲပေါ့….။
အဲဒီလိုမှမဟုတ်ကြဘဲ ငါတော့မနေချင်ပါဘူးကွာ ဒီအိမ်ကြီးမှာ၊ ထွက်သွားတော့မယ်ကွာဆိုပြီး တပြည်တရွာကို လက်လှမ်းလို့ ထွက်သွားတတ်ကြပါတယ်၊ ကျွန်မတို့ရဲ့ မိသားစုအိမ်လေးထက် တပြည်တရွာက “အိမ်”လေးက ပြီးပြည့်စုံကြတယ်လို့ထင်နေလို့ပါပဲ၊ တကယ်တော့ ဒီလိုအတွေးအခေါ်တွေနဲ့ အယူအဆတွေကလည်း မှားယွင်းတတ်ကြပါတယ်….“ဘေးပြောတာကိုမယုံနဲ့….သွေးပြောတာကိုယုံ”ဆိုတဲ့ စကားလေးကိုလည်း စာဖတ်သူတို့ ကြားဘူးနေကြမှာပါ ကျွန်မတို့ရဲ့ ကိုယ်ပိုင်မိသားစုထက်ပဲ အခြားသောမိသားစုကပြောသောစကားက ပိုပြီးအရေးပါနေသလား၊ (သို့မဟုတ်) ကျွန်မတို့ရဲ့ ဆင်ခြင်ဥာဏ်နည်းလှတဲ့ အသိတရားတွေကပဲ အခြားသောမိသားစုကပြောတဲ့ စကားလုံးတွေကို ယုံကြည်မှုတွေဖြစ်သွားခဲ့တာလားဆိုတာ ကျွန်မတို့ကိုယ်တိုင် ဆန်းစစ်ကြည့်ဖို့ လိုပါလိမ့်မယ်….ကျွန်မပြောတဲ့မိသားစုဆိုတာလေးကတော့ အခက်အခဲတွေရှိနေချိန်မှာလည်း ရှောင်ထွက်မသွားကြဘဲ လက်တွဲလို့ဖြေရှင်းသူ၊ ၀မ်းသာပီတိတွေဖြစ်နေရချိန်လေးတွေမှာဘဲ မခွဲမခွါဘဲ ရှိနေကြမယ်ဆိုရင် “အိမ်”ကလေးဟာ ချစ်စရာကောင်းပြီး ပြီးပြည့်စုံနေကြမှာပါ……
စိတ်သောကတွေဖြစ်ပြီး တပြည်တရွာကို ရှောင်ထွက်သွားကြတယ်ဆိုတာ တပြည်တရွာကများ ကျွန်မတို့လိုချင်တဲ့ မေတ္တာတွေ ရနိုင်မလား၊ ပေးနိုင်မလားဆိုတဲ့ အသိစိတ်တွေနဲ့ ထွက်ခွာလာခဲ့ကြတာပါ….သို့ပေမယ့်လည်း နှစ်ကာလတွေရှည်ကြာတဲ့အခါမှာတော့ ကျွန်မတို့ စွန့်ပစ်ထားရစ်ခဲ့တဲ့ “အိမ်”လေးကို လွမ်းမောလာခဲ့ကြတာ အမှန်ပါ တပြည်တရွာက မေတ္တာတွေဟာ စွန့်ပစ်ထားခဲ့တဲ့ “အိမ်”လေးရဲ့ စိတ်ညစ်စရာတွေ၊ စိတ်သောကတွေ၊ စတဲ့အငွေ့အသက်တွေကို မမှီနိုင်ဘူးလို့ ယူဆလာခဲ့ကြပါတော့တယ်….အဲဒီအချိန်မှာလည်း ကျွန်မတို့တတွေဟာ “အိမ်”လေးကို ဟိုးအရင်တုန်းကထက် ပိုပြီးတန်ဘိုးထားတတ်၊ မြတ်နိုးတတ်၊ လွမ်းတတ်လာခဲ့ပြီပေါ့ရှင်….။
ဒီလိုပါပဲ ကျွန်မတို့ရဲ့ မွေးဖွားရာ၊ ကျွန်မတို့ရဲ့ ရေသောက်မြစ်လေးဟာ အမိမြန်မာပြည်ကြီး မဟုတ်ပါလား…. အမိမြန်မာပြည်ကြီးမှာ မွေးဖွားရှင်သန်ခဲ့ကြရတဲ့ ကျွန်မတို့တွေဟာ အမိမြေကနေ မွေးဖွားကြီးပြင်းခဲ့ရပြီး ၊ အမိမြေက သင်ပေးလိုက်တဲ့ ပညာရပ်တွေကတဆင့် နိုင်ငံရပ်ခြားစီမှာ ပညာတော်သင်တွေ၊ ကျောင်းတက်နေခဲ့ရတာတွေ၊ အလုပ်တွေ လုပ်နေရတာတွေဟာ အမိမြေကနေသင်ယူတတ်မြောက်ပြီးစီးခြင်းမှသည် ထက်ဆင့်တက်လှမ်းနိုင်ခဲ့သည် မဟုတ်ပါလား…. တခါတရံမှာ ကျွန်မတို့ရဲ့ မွေးဖွားရာ ဇာတိမှာ မပျော်နိုင်ခဲ့ကြပါဘူး၊ စိတ်ညစ်စရာတွေ၊ စိတ်သောကတွေ၊ စိတ်ဖိစီးမှုတွေ လူတိုင်းကိုယ်စီ ရှိခဲ့ကြမှာပါ၊ ကျွန်မတစ်ယောက်တည်းမဟုတ်သလို လူတိုင်းကိုယ်စီ ရှိနေခဲ့ကြတာတွေပါ…. အဆိုးတွေကို မခံစားနိုင်လို့ အကောင်းဘက်စီမျှော်ကြည့်ရင်း တပြည်တရွာက နိုင်ငံရပ်ခြားစီ ထွက်သွားခဲ့မိကြလေ ရောလား…..
တပြည်တရွာမှာ ကျွန်မတို့တွေ ဘယ်လိုအကျိုးအမြတ်တွေများ ရရှိနေခဲ့ကြပါသလဲ၊ ရရှိလာတဲ့အကျိုးအမြတ်တွေနဲ့အတူ ပင်ပန်းဆင်းရဲခြင်းတွေ၊ ဆင်းရဲခြင်းသောကတွေက တပုံတပင်၊ ခိုလှုံစရာအိမ်ရယ်လို့ ရှိသော်မှ အနွေးဓာတ်ရယ်မရှိ၊ ဥပေက္ခာချစ်ခြင်းတွေနဲ့အတူ လှော်ခတ်သူမပါတဲ့ လှေတစ်စီးကို စီးမျောနေရသလိုပါပဲ….ကျွန်မတို့တွေ ခုတော့လည်း အမိမြေကို လွမ်းနေကြရပါပြီ….ဘာတွေလွမ်းနေကြသလဲ….။
အမိမြေဆိုတာ ကျွန်မတို့ရဲ့ သာယာလှပပြီး၊ ပြီးပြည့်စုံတဲ့ “အိမ်”ကလေးမဟုတ်ပါလား….ကျွန်မတို့တွေ ဘယ်အချိန်ပဲ ပြန်လာပါစေ နွေးထွေးစွာနဲ့ အသင့်ကြိုဆိုနေပြီး ခိုလှုံစရာကောင်းတဲ့ နေရာလေးတစ်ခုရယ်ပါ…..ကျွန်မတို့တွေ တပြည်တရွာမှာ စားသုံးနေရတဲ့ ချောကလက်ဆိုတာတွေက အမိမြေက သရက်သီးစိပ် တစ်စိတ်လောက်မှကောင်းပါရဲ့လား၊ တပြည်တရွာမှာ ၀တ်နေရတဲ့ ဟိုပေါ်ဒီပေါ် အတိုအနှမ်းအ၀တ်အစားတွေက အမိမြေက ချိတ်လုံချည်ထမီလေးလောက် လုံလုံခြုံခြုံနဲ့ ပျော်မွေ့မှုရှိကြပါရဲ့လား၊ တပြည်တရွာမှာ စားသုံးခဲ့ကြရတဲ့ ကောင်းပါပေ့ဆိုတဲ့ ကော်ဖီတစ်ခွက်ကရော အမိမြေရဲ့ ရေနွေးကြမ်းတစ်ခွက်ရယ်လောက် တန်ဘိုးရှိကြရဲ့လား၊ ကျွန်မတို့စားသုံးခဲ့ရတဲ့ ဟော့ပေါ့ဆိုတဲ့ အစားအစားကိုရော အမိမြေက ချဉ်ပေါင်ဟင်းတစ်ခွက်နဲ့ လဲလှယ်နိုင်ကြပါရဲ့လား……။
တပြည်တရွာရဲ့ အစားအသောက်၊ အ၀တ်အထည်၊ အနေအထိုင်တွေအားလုံးက အမိမြေမှာထက်တော့ ပကတိစိတ်မှာတော့ အဆပေါင်းများစွာ သာလွန်နေလိမ့်မယ်လို့ ထင်ကောင်းထင်နေကြပါလိမ့်မယ် သို့ပေမယ် ကျွန်မတို့ရဲ့ ရင်တွင်းစိတ်တနေရာမှာ ကိန်းအောင်းနေခဲ့ကြတဲ့ မသိစိတ်တနေရာဆီမှာတော့ အမိမြေကို လွမ်းဆွတ်နေခဲ့ရတယ်ဆိုတာကိုတော့ မငြင်းနိုင်ခဲ့ကြပါဘူး….အမိမြေနဲ့မတူ ကွာခြားလှတဲ့ လွတ်လပ်ခြင်းအနှစ်သာရမရှိတဲ့ စိတ်သောကတွေနဲ့အတူ နှစ်မြို့ခဲ့ရတဲ့ အကောင်းတကာ့ အကောင်းစားဆိုတာကြီးတွေက ကျွန်မအတွက်တော့ အမိမြေက“အိမ်”ကလေးကို တမ်းတလွမ်းဆွတ်စေခဲ့မိပါတယ်….။
စာဖတ်သူတွေလည်း ကျွန်မလိုဘဲ ခံစားကြရမယ်လို့ တွေးမိပါတယ်…. ဒီ“အိမ်”ကြီးက ကျက်သရေမရှိဘူးကွာ၊ ဒီ“အိမ်”ကြီးက စိတ်ညစ်စရာပါကွာ၊ ဒီ“အိမ်”မှာ စားရတာ မကောင်းပါဘူးကွာဆိုပေမယ့် ကျွန်မတို့ရဲ့ ကိန်းအောင်းနေကြတဲ့ စိတ်လေးကိုတော့ မဖုံးနိုင်မဖိနိုင်ဆိုသလို တစ်နေ့နေ့မှာတော့ ပေါ်လွင်နေတတ်ကြမှာပါ…..
ကျွန်မလိုဘဲ စာဖတ်သူတွေလည်း မိမိတို့ရဲ့စိတ်လေးတွေကို ကွယ်ဝှက်ညာမနေကြဘဲ ဘယ်လိုအိမ်လေးပဲဖြစ်ဖြစ် တည်ဆောက်ကြပါ….ရှောင်ထွက်မသွားကြပါနဲ့….စည်းစည်းလုံးလုံးနဲ့ “အိမ်”လေးမှာ ပျော်အောင်နေကြပါ…. ပျော်ရွှင်စရာ ကောင်းသော အိမ်ကလေးဖြစ်လာအောင် ကျွန်မတို့ကိုယ်တိုင်က ကြိုးစားဖန်တီးပြီး တည်ဆောက်သွားကြမယ်…. အဲဒီလိုဆိုရင်တော့ ကျွန်မတို့ မျှော်မှန်းထားတဲ့ ချစ်စရာကောင်းပြီး၊ ပြီးပြည့်စုံလှတဲ့“အိမ်ကလေး”တစ်လုံးဖြစ်လာမှာပါ …..
ကျွန်မတို့ဖန်တီးထားတဲ့“အိမ်ကလေး”တစ်လုံးဖြစ်လာခဲ့ရင်ဖြင့် ဟိုးတပြည်တရွာကို ဘယ်သူမှ ခွဲခွာသွားနိုင်ကြတော့မှာ မဟုတ်တော့ပါဘူး….စာဖတ်သူတွေလည်း ကျွန်မလိုဘဲ “အိမ်ကလေး”ကို ချစ်ကြ၊ မြတ်နိုးကြလိမ့်မယ်လို့ ထင်မြင်မိပါတယ်….“အိမ်ကလေး”ချစ်ကြတဲ့ စာဖတ်သူတွေလည်း….လှပပြီး၊ ချစ်စရာကောင်းလောက်အောင် ပြီးပြည့်စုံတဲ့“အိမ်ကလေး”ကို ဖန်တီးတည်ဆောက်နိုင်ကြပါစေလို့ ဆန္ဒပြုရင်းနဲ့ပဲ ဒီဆောင်းပါးလေးကို ရေးသားတင်ပြလိုက်ရပါတယ်ရှင်…..။


နေခြည်သစ်နွယ်(ပြည်)

No comments:

Post a Comment