ပြီလ 19, 2012 10:36amတွင်ko gyi မှတင်ပြသောဘလော့ပို့(စ်)ဖြစ်ပါသည်
• ညီတော်အာနန္ဒာ၏ တစ်သက်တာမှတ်တမ်း စာအုပ်ထဲတွင် ကျွန်တော်ဖတ်လိုက်ရသည့် မိဘများ ဂုဏ်ကျေးဇူးကို မသိဘဲ တာဝန်ပျက်ကွက်သူများကို သတိသံဝေဂ ရစေရန် မြတ်စွာဘုရားကိုင်တော်တိုင် စီမံပေးတော်မူ ခဲ့သော ကဗျာလေးတစ်ပုဒ် ဖြစ်ပါသည်။ ထိုသံဝေ ကဗျာလေးမှာ- • သူတို့လေးယောက် ဖွားမြောက်လာကတည်းက ငါ ၀မ်းမြောက်၏။ သူတို့ တစ်စတစ်စ လူလားမြောက်လာသည်ကို ငါ နှစ်လို၏။ သို့ပါလျက် သူတို့က မယားနှင့် အလိုတူ အလိုပါပြုကာ ငါ့ကို အိမ်မှ နှင်ထုတ်ကြ၏။ ၀က်ကို ခွေးတွေ ဟောင်သကဲ့သို့ပင် ဖြစ်၏။ • မိုက်ရိုင်းယုတ်မာလှသော မြေဖုတ်ဘီလူးတို့သည် သားယောင်ဆောင်၍ ငါ့နား ကပ်လာကြ၏။ ဖေဖေ ဖေဖေဟု ပလီပလာ ဆိုလာကြ၏။ ထိုသို့ ပလီခဲ့သူတို့ကပင် သေခါနီးသော ဖခင်ကြီးကို ရက်ရက်စက်စက် စွန့်ပစ်ကြကုန်၏။ • ခိုင်းစေ၍ မရနိုင်တော့သော မြင်းအိုကြီးကို စားခွက်မှ ဆွဲထုတ်ကြသကဲ့သို့ သားဆိုးသားမိုက်တို့ ဖခင်အိုကြီးမှာလည်း အိမ်မှ နှင်ထုတ်ခံထားရသဖြင့် အိမ်တကာလည်၍ တောင်းစားနေရ၏။ • ငါလက်ထဲက တောင်ဝှေးသည် အဘစကား နားမထောင်သော သားလေးယောက်ထက် မြတ်ပါသေး၏။ ဤတောင်ဝှေးသည် နွားဆိုးတို့ကိုလည်း ကာကွယ်ပေး၏။ ခွေးဆိုးတို့ကိုလည်း တာဆီးပေး၏။ ညအခါ မှောင်မိုက်ထဲဝယ် သူ့ကို ရှေ့ကထား၍ သွားရ၏။ ကျင်းတွေ ချိုင့်တွေ ရှိသောအခါ ထောက်ရာတည်ရာ ရ၏။ မတော်တဆ လဲကျသွားရာမှာလည်း သည်တောင်ဝှေးကိုပင် ထောက်၍ ပြန်ထခဲ့ရပေသည်။ ဤသို့ အနက်အဓိပ္ပာယ်ရှိသော ကဗျာလေးပုဒ်ကို ဘုရားရှင်ကိုယ်တော်တိုင် စီကုံးတော်မူကာ ပုဏ္ဏားအိုကြီးတစ်ယောက်အား နှုတ်တိုက်ချ၍ သင်ပေးတော်မူရ၏။ အသက်အရွယ် အိုရသည့်အထဲတွင် စားရမဲ့၊ သောက်ရမဲ့ ဖြစ်နေသဖြင့် ပုဏ္ဏားကြီးမှာ အသိဥာဏ် ထိုင်းမှိုင်းနေရှာ၏။ သည်ကဗျာလေးပုဒ်ကိုပင် ရက်ပေါင်းများစွာ သင်ယူရ၏။ ပုဏ္ဏားအိုကြီး နှုတ်တိုက်ရသည်အထိ ဘုရားရှင်ကလည်း အခေါက်ခေါက် အခါခါ ချပေးတော်မူရပေသည်။ အမှန်တော့ ပုဏ္ဏားကြီးသည် သူဌေးကြီးတစ်ဦး ဖြစ်ခဲ့၏။ ရှိရှိသမျှ ငွေနှင့်ပစ္စည်းများကို သားလေးယောက်ကို မသေခင် အမွေပေးမိသဖြင့် အတိဒုက္ခ ရောက်ခဲ့ရ၏။ မယားစကား နားထောင်၍ သားလေးယောက်လုံးက သူ့ကို တစ်ယောက်ပြီး တစ်ယောက် နှင်ထုတ်လိုက်၍ အိမ်တကာလည်၍ တောင်းစားနေရ၏။ ဤတွင် ကြံရာမရရှာသော ပုဏ္ဏားကြီးသည် ဘုရားရှင်ထံ ရောက်လာ၍ ကံကောင်းသွားပေသည်။ ဘုရားရှင် သင်ပေးလိုက်သော ကဗျာလင်္ကာများကို နှုတ်တိုက်ရအောင် သင်ယူကာ ပုဏ္ဏားအိုကြီးသည် ကောင်းကောင်းကြီး အသုံးချနိုင်ခဲ့၏။ သားလေးယောက်လုံး စုံညီသောအခါ ဤကဗျာ လင်္ကာလေးများကို ရွက်ဆို ပြလိုက်ခြင်းဖြင့် သားလေးယောက်လုံး အထိတ်တလန့်ဖြစ်ကာ ဖခင်ကြီးကို ပြုစုလုပ်ကျွေး ကြရပေတော့သည်။ (ဓမ္မပဒ အဌကထာ၊ နာဂ၀ဂ်၊ ပုဏ္ဏားအိုကြီးနှင့် သားများဝတ္တု)

No comments:
Post a Comment