Pages

ငရဲပန်းတို့ရဲ့ အလယ်မှာ

တောင်စဉ်အထပ်ထပ်ကို ကျော်ဖြတ်ပြီးနောက် ငရဲပန်းလို့ခေါ်တဲ့ ဘိန်းစိုက်ခင်းတွေကို ကျွန်မ ရောက်သွား တဲ့ အချိန်မှာ အချို့ခြံတွေက အပွင့်တွေပွင့်ရုံမက အသီးပါ သီးနေပြီ ဖြစ်ပါတယ်။ တွေ့ခဲ့ရတဲ့ ဘိန်းခင်းတွေ ဟာ အများအားဖြင့် အပွင့်အဖြူရောင်တွေ များပါတယ်။ အပင် စိမ်းစိမ်း အပွင့် အဖြူဖြူလေးတွေဟာ ကြည့်ရတာ မျက်စိပသာဒ အလွန်ရှိလှပါတယ်။ ဘိန်းပင်ပေါက်ကာစ အပင်ပေါက်လေးတွေကို မုန်ညင်းလို ဟင်းချိုချက်သောက်ရင် အလွန်ချိုတယ်လို့ ချက်စားဖူးသူတွေ ပြောသံကြားဖူးလို့ အပင်ပေါက်လေးတွေ များ တွေ့မလား လိုက်ရှာပေမဲ့ အားလုံးဟာ အပင်ကြီးဖြစ်နေပါပြီ။ ဒါကြောင့် မချောတစ်ယောက် ဟင်းချက်စားဖို့ ဘိန်းပင်ပေါက်လေးတွေ ခူးမလာခဲ့ရပါဘူး။ :) ကင်မရာတစ်လက်နဲ့ ဘိန်းခင်းနား ကို ယောင်လည်လည် လုပ်နေတဲ့ ကျွန်မကို မသိသူတွေကတော့ ဘာလိုလို ထင်နေကြပါလိမ့်မယ်။ ဘာမှ မဟုတ်တဲ့ ကျွန်မဟာ ခြံတစ်ခြံကို အနားကပ်သွားပြီး လှလှ ပပ ဖူးပွင့်နေတဲ့ ပန်းကလေးတွေကို ဓာတ်ပုံ ရိုက်မိပါတယ်။ အဲဒီခြံမှာ လူရိပ်လူခြေတော့ မတွေ့ရပါဘူး။ အပင်တွေကလည်း အပွင့်ဖြူဖြူ လေးတွေသာ ရှိပါသေးတယ်။ ဓာတ်ပုံရိုက်နေရင်း လူရိပ် လူခြေများတွေ့လေ မလားလို့ ရှာကြည့်မိ ပါတယ်။ တွေ့ခဲ့ရင် ကျွန်မ မေးချင်တဲ့ မေးခွန်းလေးတွေ ရှိတာကြောင့် အခင်းပိုင်ရှင် (သို့) ခြံစောင့်ကို လိုက်ရှာမိတာပါ။ ဒါပေမဲ့ တစ်ယောက်မှ မတွေ့တဲ့ အဆုံး ဓာတ်ပုံ ရိုက်ပြီးနောက် အခြားသော ခြံဘက်ကို ထွက်ခဲ့ပါတယ်။
နောက်တစ်ခြံမှာတော့ ခြံအပြင်ကနေ အတွင်းဘက်ကို ချောင်းကြည့်တော့ လူရိပ်လူခြေ တွေ့ရပါ တယ်။ ခြံကြီးကတော့ ကျယ်ဝန်းလှပြီး ပန်းတွေကလည်း အစီအရီ ပွင့်လို့နေပါပြီ။ ပထမ ခြံထက်လည်း ပိုလှပြီး ပိုလည်း ကျယ်ဝန်းပါတယ်။ ဒါနဲ့ ကင်မရာလေးကိုင်ပီး ခြံအပြင်ကနေ အထဲကို ချောင်းကြည့်မိတော့ ခြံထဲက အသံတစ်သံ ထွက်လာပါတယ်။ ဘာကိစ္စ ရှိသလဲလို့ မေးတာပါ။ ဒါပေမဲ့ မေးတဲ့ စကားက မြန်မာစကား မဟုတ်ပါဘူး။ ဒါနဲ့ ကျွန်မတို့ကို လိုက်ပို့တဲ့သူက အဲဒီ ဘာသာ စကားနဲ့ ပြန်ဖြေ ပါတယ်။ ပန်းတွေပွင့်နေတာ ဓာတ်ပုံ ရိုက်ချင်လို့ ၊ ဘာညာနဲ့ ပြောပြတော့ အထဲက အသက်ကြီးကြီး အဖွားအိုတစ်ယောက် ထွက်လာပြီး လာပါ လာပါ လို့ သူတို့ဘာသာ စကားနဲ့ ဖော်ဖော်ရွေရွေ ဖိတ်ခေါ်ပါတယ်။ ဒါနဲ့ ကျွန်မတို့လည်း အားရဝမ်းသာ အပြေး အလွှားလေး ခြံထဲကို ဝင်လိုက် ကြပါတော့ တယ်။
အဲဒီခြံထဲရောက်ချိန်မှာတော့ တစ်ခြံလုံး လှလှပပ ပွင့်နေတဲ့ အပွင့်များသာမက အသီးများကိုပါ တွေ့ရ ပါတယ်။ ပြီးတော့လည်း အခြားခြံထဲက ပန်းပွင့်တွေမှာ အဖြူရောင် သီးသန့်သာ ဖြစ်သော်လည်း ယခုခြံထဲမှာတော့ အနီ၊ ခရမ်း၊ ပန်းရောင်များ ကိုပါ တွေ့မြင်ရပါတယ်။
ချစ်စရာခရမ်းရောင်

 ပန်းရောင် 

 အသီးမဖြစ်ခင် အပွင့်အနေအထား အရင်ဆုံးဖြစ်လာပါတယ်။
ပြီးတော့မှ အပွင့်ရဲ့အတွင်းမှာ ခုလို အသီးလေးတွေ စပြီး ဖြစ်တည်လာတာပါ။









အသီးတဖြေးဖြေး ကြီးထွားလာတဲ့အခါ အပြင်က ပွင့်ချပ်လေးတွေ ကြွေသွားပြီးနောက် ခုလို အသီးချည်း ကျန်ပါတယ်။


အသီးဒီအရွယ်လောက် ရောက်ချိန်မှာ အစေးခြစ်လို့ရပါပြီး။ ဓားလေးနဲ့ အရာပေးပြီး ထွက်လာတဲ့ အစေးတွေကို ခြစ်ယူကြတာပါ။
ဘိန်းသီးခြစ်တဲ့ဓါး


ခြံအတွင်းမှာ အဖွားအို တစ်ဦး၊ မိန်းမငယ် နှစ်ဦးတို့ အပင်တွေကြားမှာ အလုပ်ရှုပ်နေတာကို တွေ့ရပါတယ်။ ကျွန်မလည်း စိတ်ဝင်တစားနဲ့ သူတို့တွေရဲ့ အနားကို သွားကြည့် မိပါတော့တယ်။ ကျွန်မမြင်ခဲ့ရတဲ့ ဘိန်းစေးခြစ်ယူပုံကို ဗဟုသုတနေနဲ့ ပြန်ပြောပြရရင် မိန်းကလေး တစ်ဦးက ဘိန်းပင်ပေါ်ရှိ အသီးများကို အထူးပြုလုပ်ထားတဲ့ ဓားလေးတွေနဲ့ ခြစ်နေတာကို တွေ့ရပြီး အဲလိုခြစ်ပြီးတဲ့ ဘိန်းသီးလေးတွေကနေ  မကြာခင်မှာပဲ အစေးဖြူဖြူလေးတွေ ထွက်လာပါတယ်။ အပေါ်ကမြင်ရတဲ့ ဓားလေးက ဘိန်းသီးကိုခြစ်ဖို့ ပြုလုပ်ထားတဲ့ ဓားပါ။ အဖျားချွန်ပြီး ပါးပါးလေးဖြစ်နေတဲ့ ဓားလေးချောင်းကို စုစည်း ထားတာပါ။ အဲဒီဓားကိုလည်း ခွင့်တောင်းပြီး ဓာတ်ပုံရိုက်ယူလာတာပါ။



အဲဒီဓားနဲ့ ဘိန်းသီးတွေကိုခြစ်ထားတာ အခုဆို အသီးပေါ်မှာ ခြစ်ရာလေးတွေ  မြင်နိုင်ပါတယ်။


အသီးကို ဓားလေးနဲ့ အသားခပ်ဖွဖွ ခြစ်လိုက်ပြီး မကြာခင်မှာဘဲ ခုလို အစေးဖြူဖြူလေးတွေ စိမ့်ထွက် လာတာ မြင်ရပါတော့တယ်။ အသီးကို ပတ်လည် ၂နေရာလောက်မှာ တစ်ခါ ခြစ်ပါ တယ်. နောက် တစ်ပတ်လောက် ကြာချိန်ကျတော့မှာ ပထမခြစ်ပြီးတဲ့ အသီးရဲ့ ဘေးနား က နေရာလွတ်မှာတစ်ခါ ထပ်ခြစ်ပါတယ်။ ထိုနည်းနဲ့ အသီးတစ်လုံးကို အကြိမ် ၃ကြိမ်                                        ခ န့်လောက် ခြစ်ယူကြတာဖြစ်ပါတယ်။



အစေးဖြူဖြူတွေဟာ ခုလို တဖြည်းဖြည်း အညိုရောင်သန်းလာပါတယ်
 နောက်ဆုံးမှာ ခုလို ညိုသွားပါတော့တယ်
ညိုပြီး ခြောက်လာတဲ့ အစေးတွေကိုမှ ခုလို သံပြားလေးနဲ့ လိုက်လံစုဆောင်းရပါတယ်။ အဲဒီ အနေအထား ကတော့ ဘိန်းစိမ်းလို့ခေါ်တဲ့ Opium ကိုရပါပြီ။ ဘိန်းသီးကို အစေးထွက်လာအောင်ခြစ်ပြီးတာနဲ့ ချက်ခြင်း လိုက်စုတာ မဟုတ်ဘဲ နောက်တစ်နေ့လောက်မှ လိုက်ပြီး စုဆောင်းတာ ဖြစ်ပါတယ်။ ကျွန်မအနေနဲ့ မသိသေးတာ သိခဲ့ရတာ တစ်ခုက ဘိန်းကို အစေးခြစ်တယ်ဆိုတာ ဘိန်းသီးမှာသာ ခြစ်တာ မဟုတ်ဘဲ ပင်စည်မှာပါ ခြစ်လို့ရတယ်ဆိုတာ သိခဲ့ရပါတယ်။

ဒီလိုပါ... ဘိန်းပင်ရဲ့ ပင်စည်ပေါ်ရှိ အကိုင်းရဲ့ အရွက်ရင်းနေရာကို ဓားပါးပါး ချွန်ချွန်လေး တစ်လက်နဲ့ လှီးခြစ်နေတာ တွေ့ရပါတယ်။ ပင်စည်ပေါ်မှာ မခြစ်ရပါဘူး.. ပင်စည်ကို ခြစ်လိုက်ရင် အစေးထွက်လာပေမဲ့ အပင်က ဝါလာပြီး သေသွားတတ်ပါတယ်။ ခုလို ပင်စည်မဟုတ်တဲ့ အရွက်လေးတွေရဲ့ အရင်းကို ချွန်ချွန်ပါးပါး ဓားအဖျားလေးနဲ့ ခြစ်လိုက်ရင်လည်း အစေးတွေ ထွက်လာပါတော့တယ်။ ဒါက ဓားဖျားလေးနဲ့ခြစ်လိုက်တာနဲ့ ထွက်လာတဲ့ အစေးတွေပါ။
ထွက်စမှာ ဖြူပေမဲ့ အချိန်ကြာတဲ့အခါ ခုလို ညိုသွားတာပါ။
အစောကလိုဘဲ ဘိန်းသီးပေါ်က အစေးတွေကို စုသလို၊ အရွက်ရင်းပေါ်က အစေးတွေကိုလည်း လိုက်လံ စုဆောင်းကြပါတယ်။ အစေးခြစ်ယူပြီးတဲ့ အရွက်ဟာ မကြာခင်မှာ ဝါပြီး ခြောက်သွေ့လာပါတယ်။ အပင်နဲ့ အသီးပေါ်က အစေးလေးတွေကို အနံ့ခံကြည့်တဲ့အခါ စိမ်းရွှေရွှေ အနံ့မျိုးကို ခံစားရပြီး လျှာဖျားပေါ် တင်ကြည့်တဲ့ အခါမှာတော့ ပြင်းထန် ခါးသက်တဲ့ အရသာကို ခံစားရပါတယ်။
အစေးခြစ်ပြီးတဲ့ ဘိန်းသီးတွေက ခုလို အညိုအမည်း ဒဏ်ရာတွေ စွဲလို့ပေါ့။
ဘိန်းစိမ်းများ

ဒီအနေအထားဖြစ်နေတဲ့ ဘိန်းစိမ်းဟာ လမ်းကြောင်း ၂ခုကို ရွေးချယ်ဖို့ အဆင်သင့်ဖြစ်နေပါပြီ။ လမ်းကြောင်း ၂ခုဆိုတာ ကောင်းတဲ့ လမ်းကြောင်းနှင့် ဆိုးတဲ့လမ်းကြောင်းပါ။ ဘိန်းလို့ ဆိုလိုက်ရင် မကောင်းတာကိုဘဲ အရင်ပြေးမြင်လိုက်ကြပါလိမ့်မယ်။ ဘိန်းဆိုတာဟာလည်း တကယ်တမ်းတော့ မရှိမဖြစ် လိုအပ်တဲ့ အရာတစ်ခုလို့ ပြောရင် အံ့သြကြမယ် ထင်ပါတယ်။ အချို့သော လူမျိုးတွေဟာ ဘိန်းကို ရိုးရာ တိုင်းရင်းဆေး အနေနဲ့ အသုံးပြုကြပါတယ်။ ကျွန်မတို့ အရပ်မှာလည်း နေမကောင်းတဲ့အခါ၊ ဝမ်းအပြင်းအထန် သွားတဲ့အခါတွေမှာ ဘိန်းကို ဆေးဝါးအနေနဲ့ အသုံးချတာကို တွေ့ရ ပါတယ်။  ရောဂါတစ်ချို့ကို တကယ်လဲ သက်သာပျောက်ကင်းနိုင်တဲ့ အစွမ်း ရှိပါတယ်။  ဆေးလောကမှာ ဘိန်းကနေ ထုတ်လုပ်ထားတဲ့ Opiates ခေါ်တဲ့ ဆေးတွေ အများအပြားရှိပါတယ်။ ဥပမာ  မော်ဖိန်း (Morphine)၊ ကိုဒင်း(Codeine)တို့လို ဆေးတွေက ဆေးလောကအတွက် မရှိမဖြစ် အရာတွေ ဖြစ်နေလို့ပါဘဲ။  ဘိန်းကနေ ထုတ်တဲ့ဆေး တစ်ချို့ကို ထုံဆေး၊ မေ့ဆေးအဖြစ် အသုံးပြုကြ သလို စိတ်ဝေဒနာရှင်တွေ၊ စိတ်ဖိစီးမှုကြောင့် ဖြစ်တဲ့ ရောဂါတွကို ကုသရာမှာလည်း အသုံးပြု ပါတယ်။ ဘိန်းရဲ့ မူလ အစွမ်းသတ္တိဖြစ်တဲ့ စွဲလန်းစေတဲ့ အာနိသင်ကို လျော့ပါးအောင် ပြုလုပ်ပြီး အနောက်တိုင်းဆေးတွေ ဖော်စပ် အသုံးပြုကြပါတယ်။ ဒါကတော့ ဘိန်းရဲ့ အင်မတန် ကောင်းမွန် တဲ့ အသုံးဝင်ပုံ တစ်ချို့ပါ။
ဘိန်းရှုရန် ပြုလုပ်ပုံအဆင့်

ဘိန်းစိမ်းကနေ ခတ်ပုံ၊ ခခူး၊  (ကချင်ပြည်နယ် အခေါ်) ပြောင်းချေး၊ ဘိန်းမည်း စသဖြင့် အဆင့်ဆင့် ချက်လုပ်ပြီး မူးယစ်စွဲလန်းကာ မသုံးစွဲရ မနေနိုင်အောင် လုပ်ထားတဲ့ အရာတွေကတော့ လူတွေကို ဆိုးကျိုးပေးနိုင်တဲ့ မူးယစ်ဆေး စာရင်းထဲကို ဝင်လာပါပြီ။ ဘိန်းစိမ်းကို ချက်ပြီး အပေါ်က ပုံထဲကလို ငှက်ပျောရွက်အနုကို ပါးပါးလှီး အခြောက်လှမ်းပြီး ဘိန်းဆီနဲ့ ရောကာ အလုံးလေးများပြုလုပ်ပြီး အဲဒီအလုံးလေးကို မီးရှို့ကာ အငွေ့ကို ရှုရှိုက်တာမျိုးလည်း လုပ်တတ်ကြပါတယ်။ ဘိန်းကို သုံးစွဲပုံတွေကတော့ အများအပြားရှိပါတယ်။ ဓာတုဗေဒဆေးများနဲ့ ရောနှောပေါင်းစပ်ပြီး အမည်းရောင် ဘိန်းမည်းကနေ အဖြူရောင်အမှုန့်လေးတွေ အဖြစ် အဆင့်ဆင့် ပြုလုပ်ပြီး လေးဆင့်မြောက်မှာ ရရှိတဲ့ ဟီးရိုးအင်းခေါ် နံပါတ်ဖိုးဘိန်းဖြူကတော့ အဆင့် အမြင့်ဆုံးနဲ့ လူသိအများဆုံး၊ လူသားတို့အတွက် အန္တာရယ် အကြီးဆုံး မူးယစ်ဆေး တစ်မျိုး ဖြစ်ပါ တယ်။ နိုင်ငံ တကာမှာ မူးယစ်ဆေးဂိုဏ်းတွေ နဲ့ မှောင်ခို ရောင်းဝယ်ဖောက်ကားကြတာ ဒီ ဘိန်းဖြူ အဆင့်ဆိုတာ အားလုံး သိကြပါတယ်။ ဈေးလည်း အကြီးဆုံးဖြစ်သလို သုံးစွဲသူတွေရဲ့ အသက် အန္တရာယ်ကိုလည်း အခြိမ်းခြောက်နိုင်ဆုံးသော အဆင့်ဖြစ်ပါပြီ။ 
မူးယစ်ဆေးကြောင့် အသက်ဆုံးရှုံးရသူတွေ၊ ဘဝပျက်ရသူတွေ၊ ရောဂါရကြသူတွေ  ရေတွက် မကုန်နိုင်အောင် များပြားလှတာမို့ မူးယစ်ဆေးဆိုရင် လူတိုင်းက နှာခေါင်းရှုံ့ကြ၊ အပြင်းအထန် ဆန့်ကျင်ကြ၊ ကန့်ကွက်ကြ၊ တိုက်ဖျက်ကြ အဲဒီလိုလုပ်နေကြတာ အားလုံးလည်း အသိပါ။ ကျွန်မသည်လည်း ကိုယ့်ပတ်ဝန်းကျင်က မိတ်ဆွေ အပေါင်းအသင်း၊ ဆွေမျိုးသားချင်းတွေနဲ့ လူသားတွေကို အန္တရာယ်ပေးနေတဲ့ မူးယစ်ဆေးကို အတွင်းစိတ်ထဲကနေ ခါးခါးသီးသီး စက်ဆုတ်ရွံရှာမိပါတယ်။ ဒါကြောင့်လည်း မူးယစ်ဆေးဖြစ်လာမဲ့ ဒီဘိန်းတွေကို ဘယ်လိုလူတွေက စိုက်ကြတယ် ဆိုတာ သိချင်စိတ် သိပ်ပြင်းပြခဲ့တာပါ။ ဒါကြောင့်လည်း ဒီလောက်ဝေးလံ တဲ့ တောင်ပေါ် ကို ရောက်လာခဲ့တာ ဖြစ်ပါတယ်။ အခု ကျွန်မရောက်နေတဲ့ ဘိန်းစိုက်ခင်း ကို စိုက်သူတွေဟာ ဘယ်လို လူမျိုးတွေလဲ ဆိုတာ စပြီး လေ့လာ ကြည့်ပါမယ်နော်။ 
ခြံထဲကို မရောက်ခင် ခြံအပြင်ကနေ ချောင်းကြည့်နေကြတဲ့ ကျွန်မတို့ကို အထဲဝင်လာဖို့ ဖော်ဖော်ရွေရွေ ဖိတ်ခေါ်ပြီး ဓာတ်ပုံရိုက်တာကိုပါ ကြည်ကြည်ဖြူဖြူ ခွင့်ပြုတဲ့ အခင်းပိုင်ရှင်ဖြစ်ဟန်ရှိတဲ့ အဖွားအိုဟာ မြန်မာ စကား လုံးဝ မတတ်ပါဘူး။ ပြီးတော့ သူ့ခြံထဲကို တစိမ်းသူတွေဝင်တာ၊ ဓာတ်ပုံရိုက်တာတို့အတွက်  ထိတ် လန့်ရကောင်းမှန်း၊ ပူပင်ရကောင်းမှန်းပင် သိပုံမရပါ။ ခြံထဲမှာ ရှိနေတဲ့ အခြားသော မိန်းခလေး ၂ယောက် တို့မှာလည်း အဖွားအိုလိုပါဘဲ။ ပညာလည်း တတ်ပုံမပေါ်ပါ။။ ရိုးအေးတဲ့ မျက်ဝန်းတွေနဲ့  ဖြူစင်တဲ့ စိတ်သဘောထား ရှိကြပါတယ်။ ကျွန်မ သိချင်တဲ့ မေးခွန်းတွေကိုလည်း ဘာသာ စကား တတ်သူကနေ တစ်ဆင့် စိတ်ပါလက်ပါ ဖြေကြပါတယ်။ တကယ်လို့သာ သူတို့တွေဟာ သူတို့စိုက်နေတဲ့ အပင်တွေကနေ အင်မတန် အန္တရာယ် ကြီးမားစေတဲ့ မူးယစ်ဆေးတွေပါ ရယ်လို့တောင် ခံစားမိဟန် မပေါ်ပါ။ သာမန် ရိုးရိုးသားသား ခြံစိုက်နေကြတယ်လို့သာ ထင်ပုံရှိပါတယ်။
လှလွန်းအားကြီးတဲ့ ပန်းပွင့်များ 
ဘယ်လိုလူမျိုးတွေများ ဒီလိုမူးယစ်ပင်တွေ စိုက်ပါလိမ့်လို့ ကြိုတင် စိတ်ဝင်စားခဲ့မိတဲ့ ကျွန်မဟာ ရိုးသားဖြူစင်နေတဲ့ သူတို့မျက်နှာကိုကြည့်ပြီး ရည်ရွယ်ချက် ဆိုးတွေနဲ့ ဒီအပင်ကို စိုက်ကြတယ်လို့ကို ဘယ်လိုမှ မထင်မိတော့ပါဘူး။ သူတို့တွေဟာ တစ်ကမ္ဘာလုံးကို ခြောက်ခြား တုန်လှုပ်စေနိုင်တဲ့ ဒီဘိန်းနဲ့ ပတ်သက်တဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေကို တကယ်မသိလို့ စိုက်တာလား၊ သိရက်နဲ့ စိုက်တာလားလို့ တွေးမိရပြန် ပါတယ်။ ဘိန်းစိုက်သူတွေရဲ့ ဘဝကို တစေ့တစောင်း ကြည့်မယ်ဆိုရင် တကယ်တမ်း ဘိန်းစိုက်တာဟာ တစ်ဧကကို အနည်းဆုံး တစ်ပိဿာကနေ သုံးပိဿာ လေးပိဿာအထိ ထွက်နိုင်ပါတယ်။ ဟုတ်ကဲ့.. ဘိန်းအစိမ်း တစ်ပိဿာဈေးနှုန်းကို ကိုးသိန်း ဆယ်သိန်းပေါက်ပါတယ်။ ဒီထက် ပိုအဆင့်မြင့်သွားရင် ဒီထက် ပိုပြီး ဈေးကောင်းရလေ ဖြစ်ပါတယ်။ အပင်ဖြစ်ထွန်းတဲ့ တစ်ဧကကို အနည်းဆုံး သိန်း ၃ဝ ပြေးမလွတ်ပါဘူး။
ဒီတော့ အခြားသီးနှံစိုက်ပျိုးရင် ဒီလို သိန်းဆယ်ချီတဲ့ငွေမျိုး ရဖို့ဆိုတာ တကယ်ကို မလွယ်တဲ့အတွက် ပိုက်ဆံများများရတဲ့ ဘိန်းစိုက်တဲ့ အလုပ်ကို လုပ်ကြတာ ဖြစ်ပါတယ်။ ဒီလိုဆိုရင် ဘိန်းစိုက်တာ ပိုက်ဆံများများရတယ်ဆိုပြီး ကျွန်မတို့၊ အခုစာဖတ်နေတဲ့သူတို့ကို ဘိန်းစိုက်မလားလို့ မေးလာခဲ့ရင် ဘယ်လို ဆုံးဖြတ်ကြပါမလဲ။ ကျွန်မကတော့ မစိုက်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒီဘိန်းကနေ ထွက်လာမဲ့ ဘိန်းစိမ်း၊ ဘိန်းမည်း၊ ဘိန်းဖြူ စသည်တို့ဟာ လူသားတွေရဲ့ ဘဝတွေကို ပြောပြလို့ မရနိုင်လောက်အောင် ဆိုးဝါးပျက်စီးစေနိုင်လို့ပါဘဲ။ ဒါကြောင့် ဘိန်းစိုက်တာဟာ မကောင်းမှုလို့ ကျွန်မတို့အနေနဲ့ ခံယူကြပါတယ်။ အခြားသော စာဖတ်သူတို့လည်း ဒီိလိုဘဲ ခံယူမယ်လို့ ကျွန်မအနေနဲ့ ယူဆပါတယ်။ ကျွန်မတို့တွေရဲ့ အသိစိတ်မှာ ဘိန်းရဲ့ ဆိုးကျိုးတွေ၊ မကောင်းမှုတွေကို နားလည် လက်ခံထားပြီး ဖြစ်တာကြောင့် ဘိန်းစိုက် တဲ့ အလုပ်ဟာ ပိုက်ဆံ ဘယ်လောက် ရသည်ဖြစ်စေ မလုပ်သင့်တဲ့ အလုပ်လို့ နားလည်ထားခဲ့ကြတယ် မဟုတ်ပါလား။
ဒီလိုဆိုရင်ဖြင့် ကျွန်မတို့က ဘိန်းဆိုတာ မကောင်းဘူး၊ ဘိန်းကြောင့် လူသားတွေရဲ့ ဘဝတွေကို လူညွန့်တုံးစေနိုင်တဲ့ အထိဖြစ်စေတယ်၊ ဘိန်းစိုက်ခြင်းဟာလည်း သမာအာဇီဝကျတဲ့ အလုပ်တစ်ခု မဟုတ်ဘူးရယ်လို့ ထင်မြင်သလို ဝေးလံသီခေါင်တဲ့ ဟိုးတောင်ပေါ်နေရာတွေမှာ စိုက်ပျိုးနေကြတဲ့ ဘိန်းစိုက်သူတွေကိုလည်း ဒီလို အသိမျိုးကို သဘောပေါက် လက်ခံလာနိုင်ဖို့အတွက် တစ်ကယ့်ကို ထိထိရောက်ရောက်နဲ့ ကျယ်ကျယ်ပြန့်ပြန့် ပညာပေးဖို့၊ လှုံ့ဆော်ဖို့ လိုအပ်တယ်လို့ ကျွန်မ ထင်ပါတယ်။ ပြီးတော့လည်း ဘိန်းအစား အခြားသော သီးနှံများကို စိုက်ပျိုးဖို့၊ သူတို့ရဲ့ ကျန်းမာရေး ၊ ပညာရေး အဆင့်အတန်းတွေ မြင့်မားအောင်ဆောင်ရွက်နိုင်ဖို့ လိုအပ်တဲ့ ပစ္စည်းကိရိယာ၊ ငွေကြေးကအစ ထိရောက် တဲ့  ကူညီထောက်ပံ့မှုမျိုးတွေ လုပ်ပေးဖို့လည်း လိုအပ်မှာပါ။ အထူးသဖြင့်ကတော့ ဘိန်းစိုက်ပျိုးခြင်းကို အသွေးထဲ၊ အသားထဲကကို ရွံရှာမုန်းတီးတဲ့ စိတ်မျိုး အဲဒီ တောသူတောင်သားတွေရဲ့ စိတ်ထဲကို ရိုက်သွင်းပေးနိုင်ဖို့ အလိုအပ်ဆုံးပါ။ ဒီအပင်ကနေ ထွက်လာတဲ့ ဘိန်းတွေဟာ အခြားသော ဝိသမစီးပွားရေး သမားများ စတဲ့ လူတွေလက်ထဲ ရောက်ရှိသွားပြီးနောက် လွဲမှားစွာ လက်ခံသုံးစွဲတဲ့ လူအတွက်ရော၊ သူနဲ့ ဆက်ဆံပတ်သက်နေတဲ့ ကျန်တဲ့ လူ့အသိုင်းအဝိုင်း တစ်ခုလုံးအတွက်ပါ ဘယ်လိုအင်အားကြီးမားတဲ့ ဆိုးကျိုးတွေ ဖြစ်လာစေနိုင်တယ်ဆိုတာ ထဲထဲဝင်ဝင် သိလာအောင် ထိထိရောက်ရောက် ပညာပေးဖို့၊ အသိပေးဖို့၊ ပြောပြဆွေးနွေးမှုတွေ လုပဖို့ လိုအပ်တယ်လို့ ယုံကြည်မိပါတယ်။ တစ်ချိန်ထဲမှာပဲ ဒီလို တရားမဝင် မူးယစ်ဆေးဝါးတွေကို ရောင်းဝယ်ဖောက်ကားနေကြတဲ့ ဝိသမစီးပွားရေး သမားများ၊ ဘယ်သူသေသေ ငတေမာပြီးရော လုပ်ငန်းရှင်ကြီးများကိုလည်း ဥပဒေဘောင်ထဲကနေ ထိထိရောက် အပြစ်ပေး၊ အရေးယူနိုင်အောင် သက်ဆိုင်ရာ တာဝန်ရှိသူတွေတင်မက ကျန်တဲ့ လူ့အသိုင်းအဝိုင်း တစ်ခုလုံးကပါ အသိစိတ်ရှိရှိ၊ တာဝန်သိသိနဲ့ ဝိုင်းဝန်း ကြိုးပမ်းကြဖို့ လိုမယ်လို့ ခိုင်ခိုင်မာမာ ယုံကြည်မိပါတယ်။

လယ်စောင့်တဲ မဟုတ်သော ဘိန်းခင်းစောင့်တဲ လို့သာ ကဗျာမဆန် နာမည်ပေးလိုက်ပါရစေတော့။
သို့သော်လည်း ကျွန်မတို့မြန်မာစကားပုံမှာ အူမတောင့်မှ သီလစောင့်နိုင်မယ် ဆိုတဲ့စကားကလည်း ရှိလေတော့ ဘိန်းရဲ့ ဆိုးကျိုးတွေကို သိပင်သိသော်ငြား၊ နားပင် လည်သော်ငြားလည်း စီးပွားရေး အဆင်မပြေလို့၊ သားရေးသမီးရေး၊ မိသားစုဝမ်းစာရေး၊ ကျန်းမာရေး၊ ချမ်းသာရေး၊ ဘဝရဲ့အရေးအရေး ကိစ္စအထွေထွေတို့အတွက် မစိုက်မဖြစ်လို့ စိုက်ပျိုးရပါတယ်ဆိုတဲ့ ဆင်ခြေမျိုး အပေါ်က အမေအိုတို့လို ဘိန်းစိုက်တဲ့ တောသူတောင်သားတွေက တစ်ကယ့်ကို ရိုးရိုးသားသားနဲ့   ပေးလာမယ်ဆိုရင်တော့ အဲဒီပြဿနာတွေ အတွက်ကို  ကျန်တဲ့ ကျွန်မတို့ လူ့အသိုင်းအဝိုင်းက လူတွေအနေနဲ့ ဘယ်လို ဖြေရှင်းဖို့ ကူညီပေးနိုင်မလဲ၊ ဘာတွေ သူတို့အတွက် လုပ်ပေးဖို့ လိုအပ်မလဲ ဆိုတဲ့ အကြောင်းစတာတွေနဲ့ တစ်ကယ့်တစ်ကယ်တန်း လက်တွေ့ အခြေအနေမှာ အဲဒီလို ငရဲပန်းတွေက သီးပွင့်လာတဲ့ အသီးအသီးအပွင့်တွေနဲ့ ဘီလီယံချီတဲ့ ပိုင်ဆိုင်မှု ကြွယ်ဝမှုတွေကို ပိုင်ဆိုင်ပြီး လူသားတွရဲ့ အသက်ပေါင်းများစွာနဲ့ ရင်းနှီးထားရဲ့ စည်းစိမ်တွေကို ယစ်မူးသာယာနေကြသူတွေ အကြောင်း စတဲ့ အတွေးပေါင်းစုံတို့ကို အပြန်ပြန် အလှန်အလှန်၊ အထပ်ထပ် အခါအခါ ခေါင်းခြောက်မတတ် တွေးတောရင်း၊ စဉ်းစားမိရင်း ငရဲပန်းတွေ ဖူးပွင့်ဝေဆာနေတဲ့ တောင်ပေါ်ကနေ လေးလံတဲ့ စိတ်၊ နွမ်းနယ်တဲ့ ခန္ဓာကိုယ်ကို သယ်ပိုးရင်း တရွေ့ရွေ့ ပြန်ဆင်းခဲ့ မိပါတော့တယ်။

 ဒီငရဲပန်းတွေလို ဒီကမ္ဘာမြေကြီးရဲ့ တစ်နေရာ ၊ တစ်နေရာစီမှာ ဖူးပွင့်ဝေဆာနေတဲ့  ငရဲပန်းတွေတိုင်းဟာ လူသားတွေကို ဆိုးကျိုးတွေ ဖြစ်စေတဲ့၊ လူညွှန့်တုံးစေတဲ့၊ လူသားတွေရဲ့ ဘဝတွေကို စောစော စီးစီး နေဝင်သွားစေနိုင်တဲ့ နေရာတွေကို ရောက်မသွား ဘဲ  ကောင်းကျိုးဖြစ်ထွန်းစေတဲ့၊ လူသားတွေ အတွက် အကျိုးရှိတဲ့ နေရာတွေမှာ အသုံးပြုနိုင် တဲ့ ကောင်းမွန်သော လမ်းကြောင်းတွေဆီ ရောက်သွားတဲ့ တန်ဖိုးရှိတဲ့ ပန်းတွေသာ ဖြစ်ပါစေတော့ လို့လည်း ပါးလှပ်လှပ် မျှော်လင့်ချက်ကို ခပ်တင်းတင်းဆုပ်ကိုင်ရင်း အထပ်ထပ် ဆုတောင်းမိ ခဲ့ပါတော့ တယ်။



စာရှုသူ မိတ်ဆွေများအားလုံး မူးယစ်ဆေး အန္တာရာယ်မှ ကင်းဝေးကြပြီး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်းတို့နှင့် ပြည့်စုံနိုင်ကြပါစေလို့လည်း အလေးအနက် ဆုတောင်းပေးလိုက်ရပါတယ်ရှင်။

No comments:

Post a Comment