Pages

ကျွန်ုပ်နှင့် ရုရှား ၄ နှစ်တာ

နံနံပင် တစ်စည်း ၆၀။ ပေါလှချည်လားဟယ်….၃ စည်းလောက်ပေးစမ်းပါတော့မလုပ်နဲ့။ ရူဘယ် ၆၀ ကိုပြောတာ။ ဟိုတစ်နေ့ကမှ သွားဝယ်လာတဲ့ဈေးနှုန်း။ တစ်ပတ်တောင် မကျော်သေးဘူး။ ဗမာငွေနဲ့ဆို ၁၈၀၀ ဝန်းကျင်။ အားပါးပါး……။ အဲ့ဒါတောင် ကျပ်စေ့သာသာ အစည်းကလေးရတာရယ်။ ပါတာက လေးငါးခြောက်မျှင်။ ဒါတောင် မော်စကိုမှာ ဟုတ်ဘူးနော်။ ဒို့ရွာမှာ ဝယ်တာ။ ရွာကဂျီးတော်ကြီးများကြားရင်…ကြားကြားဖူးပေါင်တော်..ဆိုပြီး မဲ့ကာရွဲ့ကာ မျက်စောင်းထိုးတော့မှာပဲ။ မတတ်နိုင်ဘူး။ စားချင်တော့လည်း ဘယ်လောက်ပေးရပေးရ အီလည်လည်နဲ့ဝယ်ရတော့တာပဲ။ အရက်သမား၊ ဘိန်းသမား များ လိုလာလို့ ယင်းထနေရင် ဘာလောက်ပေးရပေးရ၊ ဘာနဲ့လဲရလဲရ ဝယ်တော့တာပဲဆိုတာ ခုမှယုံသွားတာ။ ကိုယ်လဲအဲ့လိုပဲ..ငတ်တော့ ဘယ်လောက်ပေးရပေးရဝယ်စားရတာပဲ။ ဒို့ဆီကိုလှမ်းမေးကြည့်တာတော့ ဟိုနေ့ကပဲ ၁၀၀ ဖိုးသွားဝယ်တာ တစ်ထွေးကြီးရသတဲ့။ ရွာမှာဆို ဟိုဘက်အိမ် ဒီဘက်အိမ် အော်တောင်းလိုက်ရင် ရလောက်တယ်။ ကိုယ့်ဆီမှာ အလေ့ကျလောက်ပေါက်နေတဲ့ အရာကိုပဲကြည့် ဒီမှာ တစ်ခုမှမပေါက်ဘူး။ မြင်းခွာရွက်တို့ ဟင်းနုနွယ်တို့ ဖလောင်တောင်မွှေးတို့၊ ကြာခွေ တို့ မြင်ကို မမြင်ဖူးတာ။ ဒီကဗူးသီး ဆိုတာ ခရမ်းသီးလောက်ရှိတာရယ်။ ရောက်စကများ ဘာသီးလဲလို့ ပြူးပြဲကြည့်ရတယ်။ ကိုယ်တွေက ဗူးသီးဆို ဗိုက်ပူပူ ဖွံ့ဖွံ့ထွားထွား စွင့်စွင့်ကားကား လောက်မြင်ဖူးတာလေ။ သူတို့လို အပိန်အညောင်၊ နေ့မစေ့ လမစေ့ ပုံစံမဟုတ်ပါဘူး။  မြေဆီမကောင်း၊ မျိုးမကောင်းတော့ သန်မာ၊ ထွားကျိုင်းတာမဟုတ်ဘူးရယ်။ ကုန်ကုန်ပြော ရရင် ဒို့ဆီမှာ ဟိုနားချိုး ဒီနားချိုးလို့ရတဲ့ ကန်စွန်းရွက်တောင် မရှိဘူးရယ်။ မော်စကိုမယ်တော့ ဗီယက်နမ်ဈေးထဲရတယ်ပြောတာပဲ။ မသိဘူး အဲ့ဒါတော့။ ကန်စွန်းရွက်နဲ့မတူ ကန်စွန်းရွက်အရာသာရှိတဲ့ အရွက်တစ်မျိုးတော့ နွေမှာ ရတယ်။ အဲ့ဒါပဲ ကြော်ပြီး ကြိတ်ရတာပဲ။ အသီးအရွက်ကြိုက်တဲ့ကောင် ဒီရောက်တော့ ဂွကျပါကော။ ငါးပိရည် တစ်ခွက် တို့စရာအစုံနဲ့ ၃ ပန်းကန်လောက်ကြိတ်ပြီးရင် မိုက်တာဆန်နဲ့ နပန်းဖက်လုံးလို့ရတယ်။ မယုံမရှိနဲ့။ ဒို့ဆီက လက်တကမ်းဟင်းချို ဆိုတာ ဒီမှာပြောရင် ထိုင်ငိုလောက်တယ်။ ဒီမယ်တော့ ပြောင်းပြန်ပဲ။ ရောက်တာမကြာသေးတဲ့ ဘော်ဘော်တစ်ယောက်ကို မင်း..ဗမာငွေနဲ့များ တွက်ဝယ်ရင် ဒီမယ် အီးအီးတောင်ကုံးရမှာမဟုတ်ဘူးလို့..ပြောထဲ့လိုက်တယ်။ အေးတာပဲ။ လုပ်လာပြန်ပြီ။ အဲ့လို ရှက်ရှာကြီးတွေ။

ပိုက်ဆံအထပ်လိုက်ကိုင်ထားနိုင်တောင်မှ ဝယ်မရ၊ စားမရတဲ့ဟာတွေ အများကြီး။ သရက်သီး၊ ပိန္နဲသီး၊ မာလကာသီး၊ မရမ်းသီး၊ ဒူရင်း..သြဇာ..ဘာညာ၊ သာရကာ ဘာမှမရှိဘူးရယ်။ လိမ္မော်သီး၊ ပန်းသီး၊ စပျစ်သီးလေးလောက်နဲ့ပဲ..ဟိုလှည့် ဒီလှည့်။ လက်ဖက်တို့၊ ပုဇွန်ခြောက်တို့ ဆိုတာဝေလာဝေး။ ကိုယ်တွေကတော့ ပိုက်ဆံအထပ်လိုက် လည်း မကိုင်နိုင်ပေါင်။ တစ်လတစ်လ ကြွေးကင်းကင်းနဲ့ ဖြတ်ကျော်သွားဖို့တောင် အနိုင်နိုင်ရယ်။ ဒီကြားထဲ ချွေးနည်း စာလေးစုပြီး မိဘကိုကန်တော့တဲ့သူတွေကို လေးစားလို့မဆုံးဘူး။ ကျန်တဲ့ဟာများတော့ တစ်ခုချင်း လိုက်ညဉ်းပြမနေတော့ဘူး။ မတော်..ခိုသေလို့ ဝင်စားတဲ့အကောင် လားထင်နေအုံးမယ်။ ရပ်ပြီပေါ့…နင်ကပြောလို့ ဝသွားပြီကိုး။ ဒါကြောင့် ဒို့ဆီမှာ စာလာသင်တဲ့ ရုရှားဆြာ၊ဆြာမကြီးများ အဲ့ဒီ့အသီးအနှံတွေမြင်ရင် ကလေးတွေကို ဆော့ချင်တဲ့အရုပ်နဲ့ ပေးဆော့ခိုင်းထားသလို ပျော်ရွှင်နေတာပဲ။ ဓာတ်ပုံတွဲရိုက်လိုက်ရတာ အမော။ အစတော့ ဒီအဘွားကြီးတွေ သူငယ်ပြန်နေတာလား မှတ်နေတာ။ ဘယ်ဟုတ်မလဲ..ဒီရောက်တော့…အော်…ဂလိုရှိပါလား ဆိုတာသိသွားတာ။ ဒါကြောင့်လည်း သူတို့တွေဟာ နွေရာသီဆိုရင် သီးပင်စားပင်တွေကို နွေရာသီအပန်းဖြေတဲ့အိမ်လေးတွေ(Дача)ဒါချာ မှာ တခုတ်တရ စိုက်ပျိုးကြတယ်။ သစ်ပင်ပန်းမန်နဲ့ ရွာအိမ်လေးတွေကို အတော်များများ မြတ်နိုးတတ်လှတယ်။ ဒါချာရှိပြီး မစိုက်တဲ့ လူဆိုတာမရှိသလောက်ပဲ။ နွေဆိုရင် တနိုင်တပိုင် မိသားစု စားဖို့ စိုက်ခင်းလေးတွေ လူတိုင်းမှာရှိတယ်။ သူ့တို့ရဲ့ ခြံလေးတွေထဲမှာ နေရာလွတ်မကျန်စေရဘူး။ နှင်းတွေကျနေတဲ့ကာလတောင် အားထည့်တဲ့ လူက အမိုးအကာတွေနဲ့ စိုက်ကြသေးတယ်။ စီးပွားဖြစ်လည်း စိုက်ကြတယ်။ ဒါတွေကို အရင်ခေတ် အဘိုးကြီးအဘွားကြီးတွေ အားထည့်လုပ်ကြပြီး လူငယ်တွေကိုလည်း မျိုးစေ့ချပေးတာတွေ့ရတယ်။  ဒီလိုလေးတွေနည်းနည်း နည်းနည်းပေါင်းလိုက်တဲ့ အင်အားက တိုင်းပြည်ရဲ့ ထွက်ငွေကို အများကြီး တာသွားစေတာ။ ကျန်တဲ့အချိန်က အသီးအနှံတို့၊ ဆန်တို့ဆိုတာ နိုင်ငံခြားကဝယ်ရင် ဝယ်နေရတာလေ။ ငယ်ငယ်တုန်းကတော့ သင်ရတယ်.."အိမ်နောက်ဖေး ဈေးဆိုင်တည်” ဆိုလား။ ဒါမျိုးကိုပြောတာထင်တယ်။ သူတို့မှာ နွေရာသီ သုံးလေးလပဲ တည်လို့ရတယ်။ ဒို့ဆီမှာ တစ်နှစ်ပတ်လုံး ရာသီလိုက် တည်လို့ရတယ်။ ဒို့ဆီမှာလည်း ဒီလိုပါပဲ။ ဟုတ်တယ်မို့လား။

ဒါတွေပြောလို့ကတော့ အမေနဲ့ ရွာကိုလွမ်းတာပဲ။ ဘာစားချင်သတုန်း။ ရာသီချိန်ဆိုလို့ကတော့ ပိန္နဲ အပျော့၊အမာ။ မရမ်းသီး အချို၊ အချဉ်၊ ချိုချဉ်။ သြဇာသီး..ဒူးရင်းသြဇာလား၊ သကြားလား၊ ရိုးရိုးလား။ သရက်သီးများဆို..စိုင်သီး၊မချစ်စု၊မန္တလေး၊ နို့ဆီသရက်၊ ဖင်ကောက်လား၊ အပုလား၊ အရှည်လား။ ကြိုက်ရာရွေးစမ်း။ အုန်းရည်သောက်မလား၊ ဇွန်းခြစ် စားမလား။ နာနတ်သီးလား။ မာလကာသီး အူနီလား၊ အပွလား၊ ရိုးရိုးလား။ ဇောင်းလျားသီး အချို လား၊ အချဉ်လား..ချိုချဉ်လား..။နောက်ဆုံး ကြိုက်တတ်ရင်…ဂွေးသီးပါ ရှိသဟယ်။ အရေးထဲ သူကကြော်ငြာဝင်နေသေးတယ်။ ကြုံရင်ဝင်လာခဲ့…အဝစား။ ပြီးရင် ပါဆယ်ပါထည့်ပေးလိုက်မယ်။ နောက်ဆက်တွဲဖြစ်လာမယ့်.. အလွမ်းမမ ပန်းမမ တို့ အလွမ်းမောင်မောင် ပန်းမောင်မောင် တို့ ကိစ္စတော့ ကိုယ့်ဖာသာ ရှင်းနော်။ ဒီအကောင် အနုနည်းနဲ့လူသတ်နေတာထင်တယ်။ ပြောကုန်ပြီ။ ဒီမှာနွေဆိုရင် သခွားမွှေးတို့ ဘာတို့၊ အသီးအရွက်အတိုအထွာလေးတွေ စားရပါတယ်။ ပေါများတာတော့မဟုတ်ပါ။ အဲ့လိုပြောလို့ သူတို့လူကောင်ကြီးတွေကြည့်တော့ ကြီးလိုက်တာမှ။ အရပ်ကြီးတွေကလည်းမိုးထိုးနေတာပဲ။ နင်ပြောသလိုဆို..တနိုင်ငံလုံး အာဟာရပြတ်လပ်ပြီး ပိန်ခြောက်နေမှာပေါ့..လို့ ပြောမှာပဲ။ ဒါဆို သူတို့ရဲ့ အခြေခံစားသောက်ကုန်နဲ့၊ စားသောက်ပုံဓလေ့စရိုက်ကို ကြည့်ရအောင်နော်။

ဒို့ဆီမှာ ဆန်က မပါမဖြစ်ဆိုသလို၊ ဒီမှာက ပေါင်မုန့်။ ပေါင်မုန့်ဆိုလို့ ဝမ်းဒါးတို့၊ ဂျိုကာတို့လို မနူးညံ့ဘူးနော်။ သူတို့အများစုစားတာ ပေါင်မုန့်အကြမ်းကြီးတွေ။ တချို့လည်း အနုစားတဲ့သူရှိမှာပေါ့။ အများစုကတော့ အဲ့ အကြမ်းတွေပဲစားတာပဲ။ အဲ့ပေါင်မုန့်ကလည်း နယ်နယ်ရရမဟုတ်ဘူးနော်။ သူတို့ နိုင်ငံရဲ့ စားသောက်ကုန် စည်းမျည်းတွေအရ ထုတ်လုပ်ထားပြီး အာဟာရအပြည့်ပါတယ်ပြောတယ်။ ဘာဖြစ်တတ်တဲ့အချိန်၊ ညာဖြစ်တတ်တဲ့အချိန်မို့ဆိုရင် ဘာဘာညာညာတွေလည်းပါတယ်ပြောတယ်။ အခြေခံစားသောက်ကုန်ကို ကျန်းမာရေးနဲ့လည်း ထိန်းထားပါတယ်နော်။ ပေါင်မုန့် တစ်လုံးဆိုရင် ၁၄ ရူဘယ် ၁၅ ရူဘယ်လောက် ရှိမယ်။ ဒါကို တစ်ဝက်ခွဲဝယ်လို့ရသေးတယ်။ အလုပ်သမားလူတန်းစား၊ အခြေခံလူတန်းစားက အဲ့လို ပေါင်မုန့်ကို အာလူး ဒါမှမဟုတ် အရွက်ပြုတ်ရည်တစ်ခုခုနဲ့ တရွှတ်ရွှတ်ကြိတ်တော့တာပဲ။ အဲ့မှာ ဆလတ် အသီးအရွက်ချည်းပဲ ဟိုနည်းနည်း ဒီနည်းနည်း ဗီတာမင်စုံအောင် စားကြတယ်။  ပြီးရင် ဈေးပေါပေါ ၂ ရူဘယ်တန်လောက် (Чай) လ္ဘက်ရည်လေးသောက် စီးကရက်လေးခဲ။ ကော်ဖီကြမ်းဆိုလည်း ၂ ရူဘယ် ၃ ရူဘယ်ပဲရှိတာရယ်။ ကြက်ဆိုရင် ပေါမှပေါ။ တခြားမတွေးနဲ့ စားတဲ့ကြက်ကိုပြောတာ။ ရှင်းမှ..ပိုရှုပ်ကုန်ပြီလားမသိဘူး။ ရူဘယ် ၁၀၀ ဝန်းကျင်ဆို ၁ ကီလိုလောက်ရပြီ။ ဗမာငွေ ၃၀၀၀ လောက်ပေါ့။ ကျနော်တော့ ဒီကကြက်ကို မကြိုက်ဘူးရယ်။ ပွစိ၊ ပျော့ပြဲနေတာလေ။ ကိုယ့်ဆီက အိမ်ကြက်တွေနဲ့တော့ ကွာပါ့။ စီပီကြက်ချင်းတောင် ဗမာကြက်က ပိုကျစ်သေးသလားမသိဘူး။ တစ်ကီလိုဆိုရင် တစ်ပတ်လောက် ဗိုက်ရိုက်စားလို့ရတယ်။

ဒီမှာကတော့ ကီလိုစနစ်နဲ့သွားတယ်။ ၁ ကီလိုက ၂.၂ ပေါင်။ ၁ ပိသာက ၃.၆ ပေါင်။ အဲ့တော့ ၁ ကီလိုဆိုတာ ၆၅ ကျပ်သားလောက် နဲ့တွက်တယ်ပြောတယ်။ ဒါတောင် ဟိုဘော်ဘော် ကလေးပေါင်ချိန်လာတယ်ဆိုတဲ့ မျက်မှန်နဲ့တစ်ယောက်ကို မေးထားရတာ။ ကိုယ်ကမသိဘူးရယ်။ ဝက်သား သုံးထပ်သား ၁ ကီလိုဆိုရင် ဗမာငွေ ၆၀၀၀ ဝန်းကျင်တောင်နော်။ ကျန်တဲ့ အသားပေါင်းစုံလည်း ရှိပါ့။ ပိုက်ဆံများရှိလို့ကတော့လေ….. ဘယ်နားကနေ… ဘာတွေဝယ်ပြီး… ဘာတွေလုပ်ပစ်လိုက်မယ်…. ဆိုတာတွေတော့ ပြောတော့ဝူးနော်။ ပြေးပြီးလာမကြည့်နဲ့ မောမယ်..တွေးပြီးသာကြည့်လိုက်။ နိုင်ငံတစ်နိုင်ငံရဲ့ အဆင့်အတန်းကိုအခြခံလူတန်းစားကို ကြည့်ရင်သိနိုင်လို့ပါ။ ဒီမှာ လူတစ်ယောက် တနေ့ ၈ နာရီလောက်အလုပ်လုပ်နိုင်ရင် ရူဘယ် ၁၀၀၀ ဝန်းကျင်ရတယ်။ ပညာရေးမပါတဲ့ အလုပ်နော်။ အဲ့တော့ တစ်ယောက် တစ်နေ့လုပ်စာက ၂ ယောက်လောက်တော့ ၂၄ နာရီ ကောင်းကောင်း စားဖို့သောက်ဖို့ လောက်ငှတယ်လို့ ပြောလို့ရပါတယ်။ သာမန် စားသောက်ပြီး စုဆောင်းရင် ပိုနိုင်တာပေါ့။ နေ့ရောညရော အလုပ်လုပ်နိုင်တဲ့လူတွေဆို ပိုလျှံသွားပြီပေါ့။ အလုပ်အကိုင်ကလည်းပေါတယ်ပြောရမယ်။ ဒီလိုမြို့အသေးလေးမှာတင် အလုပ်ခေါ်စာ၊ ကြော်ငြာစာရွက်တွေက နေရာအနှံပဲ။

အဲ့တော့ လတ်လတ်ဆတ်ဆတ် အသီးအနှံတွေသာ ပေါများခြင်းမရှိတာ..သစ်သီးဂျုစ် တို့ ဆီသွပ်ဗူးတို့၊ အသားကို ကြတ်တိုက် ထားတာတွေ၊ နို့ထွက်ပစ္စည်းတွေက ပေါမှပေါ။ ရာသီမရွေးအတွက်ရှိတယ်။ ကုန်ထုတ်လုပ်မှုဆိုတာ ဝင်လာပြီနော်။ အဲ့တော့ ကျနော်တို့ ဆီမှာ ဒီလောက် သီးနှံတွေထွက်ပါရဲ့၊ လူများစုက လတ်လတ်ဆတ်ဆတ် စားနိုင်ကြပါလျက် ဘာကြောင့်ခန္ဓာကိုယ်ဖွံ့ဖြိုးမှုတွေ ကွာကုန်သလဲလို့တွေးကြည့်တော့ ချက်ပြုတ်စားသောက်ပုံ အလေ့အထနဲ့ ပတ်သက်မယ်လို့တွေးမိပါတယ်။ ဟိုးအရင် အတောင်သုံးဆယ်ဝတ် တွေခေတ်ကတော့ ဘယ်လိုရှိတယ်မသိဘူး။ သူတို့တုန်းကတော့ လူကောင်ကြီးတွေ အတော်ထွားဆိုပဲ။ ပညာရှင်မဟုတ်တော့ လူပြိန်းတွေး တွေးတာပေါ့လေ။ ကျနော်တို့ဆီမှာ ဆီပြန်ဟင်း ဆိုတာ စားနိုင်သောက်နိုင်သူတွေစားတာလို့  မှတ်ယူထားတယ်။ မရှိလူတန်းစားကလည်း ဆီပြန်ဟင်းလေး စားနိုင်ဖို့ဆိုပြီးအားခဲတာမို့လား။ ဆီနိုင်လို့ကတော့ လွှစာမှုန့်တောင် ဟင်းဖြစ်တယ်လို့ ဆိုသေးတာမဟုတ်လား။ သူငယ်ချင်းတွေ လုပ်ဖော်ကိုင်ဖက်တွေ ကျောင်းမှာ ရုံးမှာ ထမင်းဗူးဖွင့်လို့ ဆီပြန်ဟင်းပါမှ ဂုဏ်ရှိတယ်ထင်ကြတာပဲ။ ရေလုံပြုတ်တို့၊ အစိမ်းတို့ဆိုတာ လူမွဲစာလို့ မှတ်ထားကြတာ။ ဦးပုညရဲ့ ရေသည်ပြဇာတ်ထဲမှာတော့ “ငသံသေးနုတ်၊ ရေလုံပြုတ်များကို၊ တစ်လုပ်ကယ်ဝဝ၊ စားလိုက်ရရင်ဖြင့်၊ အာဂပါးစပ်၊ လူဖြစ်ကျိုးနပ်လေငဲ့”။ သူ့ မတော့ ရေလုံပြုတ်တောင် မနည်းတောင့်တနေရရှာတယ်။ “အမွဲတကထွဋ်ခေါင်၊ ဖွတ်မင်းနောင်” တဲ့။ အေးရော။

ဒီမှာတော့ သူတို့ရဲ့အလေ့အထကိုက အသီးအရွက်ဆိုရင် အစိမ်း၊ အပြုတ်။ သား၊ငါးဆိုလည်း စွတ်ပြုတ် လုပ်တာ၊ ပေါင်းတာ မှစားကြ၊ ကြိုက်ကြတာ။ ခြောက်ကပ်နေအောင် ကြော်လှော်ထားတာတို့၊ ဆီမြှုပ်နေတဲ့ အစားအစာတို့ဆိုတာ မမြင်ဖူးဘူး။  နွေရာသီပျော်ပွဲစားထွက်ရင် ကင်ဖို့သပ်သပ် နှပ်ထားတဲ့အသားတွေကို မီးနဲနဲ အပူပေးပြီး နီလာတယ်ဆိုရင်ပဲ စားကြတာ။ ဘီယာလေး၊ ဗော့ဒ်ကာလေးနဲ့ဆို မြည်းလို့ ကောင်းမှကောင်း။ ပါလာပြီ…ဒါက။ ဘယ်တုန်းထဲက ပြောချင်နေတယ်မသိဘူး။ ကျနော်ကတော့ ရွာဟင်းတွေဆိုအသေကြိုက်။ ဆီနည်းနည်း အရည်စပ်စပ် ချက်ကြတာမို့လား။ အိမ်ကအမေကတော့ ဆီဆို ပြန်နေမှ။ ခုချိန်များ အဘွားထောင်းတဲ့ ငပိရည်ထောင်းစပ်စပ်ကို ချဉ်ပေါင်ဟင်း တို့စရာအစုံနဲ့ လွေးလိုက်လို့ကတော့ ဦးပုညရဲ့ ရေသည်လိုပဲ အာဂပါးစပ်..လူဖြစ်ကျိုးနပ်မလားပဲ။ သွားရည်လေးတွေ သိမ်းပါနော်။ လမ်းကြုံမှ အဘွားရဲ့ ငပိရည်ထောင်းနည်းပြောပြအုံးမယ်။ ကျနော်သိတဲ့ ဗမာစာစစ်စစ်တွေက အဲ့လိုတွေထင်တာပဲ။ သူတို့မှာ အစားအသောက်နဲ့ပတ်သက်လို့ ဂုဏ်တုဂုဏ်ပြိုင် ဘာနဲ့စားမှ လူရာဝင်တယ်လို့ တခါမှမကြားဖူးပေါင်။ ဆီပြန်ဟင်းနဲ့ စားမှဂုဏ်ရှိတာလို့ မကြားဖူးပေါင်။ အာဟာရမျှတအောင် ကိုယ့်ဝမ်း ကိုယ်ကြိုက်တာကိုယ်စားကြတာပဲ။ ဘယ်သူကဖြင့်..ဘာဟင်းကြီးနဲ့… ဘယ်လိုစားနေတယ်လို့ ဘယ်သူမှ အရေးတယူကြည့်မနေဘူးရယ်။ သိပ်လှချင်တဲ့ ကောင်မလေးတွေများ ဝိတ်တက်မှာဆိုးလို့ စားတောင်မစားဘူး။ ချောကလက် တစ်တောင့်၊ လ္ဘက်ရည်ကြမ်း တစ်ခွက်နဲ့ ပြီးရင်ပြီးသွားတာပဲ။ လူ့အဖွဲ့အစည်းရဲ့ စံသတ်မှတ်ချက်တွေကိုက ပြောင်းပြန်။

သူတို့လို လိုက်စား ရမယ်လို့ ဆိုလိုနေတာ မဟုတ်ရပါ။ ကိုယ်လဲအမြဲမစားနိုင်ပါဘူး။ မွေးထဲက ဒါတွေစားလာတဲ့ လျှာ မှမဟုတ်တာ။ အဓိကက  ကွာခြားပုံလေးကိုသာ ပြောချင်တာပါ။ ဒုတိယကမ္ဘာစစ်လောက်က အာရှကလူအချင်းချင်းကို ပါးခုန်ရိုက်ရပါတယ်ဆိုတဲ့ ဂျပန်ငပုတွေ ခုဘာလို့ မပုတော့တာလဲ။ ဝက်အသားတိုးဆေး ထိုးထဲ့လိုက်တာတော့ မဟုတ်လောက်ပါဘူးနော်။ ဒါလည်း တွေးစရာ၊ ယှဉ်စရာပဲ။Why ဆိုတာကို သိရင် ရောဂါတစ်ဝက် သက်သာတယ်ပြောလို့..ကိုယ်လည်း ဥာဏ်မှီသလောက်တွေးရတာပေါ့။ အရင်းစစ်တော့ ကျနော်တို့ လူ့အဖွဲ့အစည်းက ကံကောင်းလွန်းတော့ သဘာဝကပေးတဲ့ လောကစည်းစိမ်ကို အပြည့်အဝ ရထားကြတာ ကလား။ ကြိုက်ရာကို ရွေးချယ်နိုင်ကြတယ်။ ဒါကြောင့်လည်း အီစိမ့်ပြီး ကိုယ့်အချင်းချင်း လက်ဆန့်လိုက် ခြေကန်လိုက် ဝူးဝူးဝါးဝါးလုပ်လိုက်နဲ့  မှိန်းနေလို့ရတာပေါ့။ ကျနော်တို့ ခုမှ ပေါ်ပြူလာဖြစ်လာတဲ့၊ ဆင်းရဲမွဲတေမှုတို့၊ ငတ်ပြတ်မှု၊ ကပ်ရောဂါတွေ ဆိုတာ သူ့တို့တွေ ကြုံခဲ့ရတာကြာပေါ့။ ဘယ်…သူတို့ဆီမှာ ငတ်တယ်ဆိုတာပြောကောင်းအောင် ငတ်တာမဟုတ်ဘူး။ စုတ်ပြတ်သတ် ကုန်းကောက်စရာမရှိအောင် ငတ်တာ။ ပေါင်မုန့် တစ်ချပ်အတွက်တောင်  တန်းစီ၊ တိုးကြိတ်ခဲ့ရတယ်။ အေးလွန်းတော့ အဆုတ်နဲ့ပတ်သက်တဲ့ကူးစက်ရောဂါကို အတော်ကြောက်ကြတာ။ အစုလိုက်အပြုံလိုက်သေခဲ့ကြတာကိုး။ လူဆိုတာက အကြပ်အတည်းတွေ့မှ ရုန်းကန်ချင်တတ်ကြတာ သဘာဝလေ။ သူတို့က ဒါတွေအတွက် ထွက်ပေါက်ကို ဟိုးရာစုနှစ်တွေ အတော်များများထဲက ရှာခဲ့ကြရတယ်။ ဒါကြောင့် ကုန်ထုတ်လုပ်မှု၊ နည်းပညာဆိုတာက သူတို့အတွက် မရှိမဖြစ် လိုအပ်လာတဲ့အရာ။ မသေဆေး။

ဒါကြောင့် သဘာဝပေး ကံမကောင်းကြတဲ့ လူ့အဖွဲ့အစည်းတွေဟာ၊ သူများတွေလို စကားတွေအကြာကြီးများ၊ အချင်းချင်း သောက်ပြစ်တွေအကြာကြီးရှာကြ၊ သောက်စစ်ပွဲတွေလည်း အကြာကြီးဖြစ်မနေနိုင်ဘူးရယ်။ အဲ့လိုဖြစ်နေလို့ကလည်း ငတ်သေတာကြာပြီပဲ။ သူတို့လဲ  အချင်းချင်းဆော်တဲ့အချိန်ဆော်ခဲ့ကြတာပဲ။ ဘယ်လူ့အဖွဲ့အစည်းမှ တစ်ရာ ရာခိုင်းနှုန်းမစည်းလုံးပါဘူးလေ။ ကိုယ့်ကိုယ်ကိုတောင် ထစ်ခနဲဆို လက်ပါချင်တဲ့ မကောင်းတဲ့ ငယ်ငယ်ကသောက်ကျင့်ကို ပြင်နေရတာပဲ။ ဒါပေမယ့် အတော်များများက ရှေ့ကိုရောက်ဖို့ အရွှေ့တစ်ခုအတွက် စည်းလုံးမှုတော့ရှိကြတယ်။အရွှေ့ဆိုတာ လူအများသတ်မှတ်ထားတဲ့ လူတန်းစေ့မှုအတွက်ကို ပြောတာပါနော်။ ကိုယ်တစ်ယောက်တည်းကတော့ ငယ်ငယ်က အိမ်နောက်ဖေး စောင်းလျားပင်ပေါ်က လင့်စင်ပေါ်တက်။ ပက်လက်လှန်၊ ခြေထောက်ချိတ်၊ စောင်းလျားသီးစားပြီး ဆရာ ဓနုဖြူဆွေမင်းရဲ့“မြိုင်ရာဇာတွတ်ပီ”နဲ့ နှပ်နေရတဲ့အရသာလောက် ကြိုက်တာ မတွေ့သေးဘူးရယ်။ နွေဘက် နေ့လည်ခင်းတွေမှာ အလွမ်းဓာတ်ခံရှိရင် ဥသြ သံနားထောင်ပြီး ကဗျာရေးလို့ရသေးတယ်။

အကာတွေ တောက်ပြောင်နေတဲ့နေရာတွေမှာ အနှစ်တွေအရောင်မဲ့နေကြလွန်းလို့ပါ။ အဲ့တော့ လူ့အဖွဲ့အစည်း တစ်ခုရဲ့ ညဉ်ဆိုတာက သူ့ဖြစ်တည်လာတဲ့ နေရာ၊ ရာသီဥတု၊ ပတ်ဝန်းကျင်ဆိုတာနဲ့ တိုက်ရိုက် အချိုးကျနေပြန်ကော။ လူတစ်ဦးတစ်ယောက်မှမဟုတ်ဘူး၊ လူ့အဖွဲ့အစည်းတွေမှာလည်း သဘာဝကပေးတဲ့ အကြောင်းတရားဆိုတာရှိနေပြန်ရော။ အသုံးချတတ်တာ၊ မချတတ်တာ၊ တန်ဖိုး သိတတ်တာ၊ မသိတတ်တာ လောက်လေးပဲ ကွာတာလေ။ ဒါတွေကို ချိန်ထိုးကြည့်နိုင်ဖို့အတွက် အရင် အပိုင်းတွေမှာ သူတို့အတိတ်ကို ကိုယ့်အတိတ်နဲ့ နှိုင်းယှဉ်ပြီး ဖျစ်ညှစ် ဆွဲတင်ခဲ့ရတာပါ။ ပုံတူကူးချစရာ (လုံးဝ) မလိုအပ်ပေမယ့်..ကောင်းတာယူ..မကောင်းတာ လွှင့်ပစ်လိုက်မယ်။ အတိတ်ဆိုတာ လွမ်းမောနေဖို့၊ နာကျည်းနေဖို့၊ ခဏခဏ စားမြုံ့ပြန် ဂုဏ်ယူနေဖို့မှ မဟုတ်တာပဲ။ ကောင်းတာကို ထုတ်ယူသုံးစွဲဖို့ထင်တာပဲလေ။ ဟဲ့…ဟဲ့…ဟဲ့…။ ဘယ်တွေရောက်သွားတာတုန်းဟင်။ ဟင်းရွက်ကန်စွန်း အကြောင်းကနေ… ဘယ်ကဆီဗူး ထောပတ် တွေပါလာတာလဲ။ သူကများ ရာရာစစ။ တန်ရာတန်ရာပြောစမ်းပါဟယ်။ ဒါတွေက လူဂျီးတွေ ပြောလိမ့်မယ်။ ကလေးက ကလေးလိုနေစမ်း။ ဟုတ်ကဲ့ခင်ဗျ။ သား အိပ်ငိုက်ရင်း အိမ်မက်မက် သွားလို့ပါ။
သူများပိုစ်လေးပါ.....သဘောကျလို့တင်ပေးလိုက်တယ်နော်........

No comments:

Post a Comment