ပုဂံမှာ ကျမတို့သွားဖူးတဲ့ တတိယမြောက် ပုထိုးက သဗ္ဗညု ဖြစ်ပါတယ်။ ရှေးပောင်းဘာသာရေး အဆောက်အ အုံတွေထဲ အမြင့်ဆုံးဖြစ်ပြီး ပြေပြစ်တဲ့အချိုးအစားနဲ့ ပစ္စယံအဆင့်တွေကြောင့် သိပ်ကိုသပ္ပာယ်တဲ့ စေတီပုထိုး တွေထဲ တခုအပါအဝင် ဖြစ်ပါတယ်။ ၁၉၉၀ ခုနှစ်တွေ အထိ လာရောက် ဖူးမြော်သူများကို ပစ္စယံတွေ အပေါ် တက်ခွင့်ပေးတာကြောင့် ပုဂံ လွင်ပြင်တခုလုံးရဲ့ ငြိမ်းချမ်းပြီး အတုမရှိတဲ့သက်ငြိမ် အခင်းအကျင်းကို လှမ်း ကြည့်နိုင်ပါတယ်။ “ငါ ဒီကို ရောက်ခဲ့တယ်” ဆိုတဲ့ ဓာတ်ပုံတွေရိုက်ဖို့ အကောင်းဆုံးနေရာဖြစ်ပြီး ကျမ ကိုယ် တိုင်လည်း ငယ်စဉ်က ဒီ ပစ္စယံ အဆင့်တဆင့်မှာ ဝမ်းကွဲမောင် တယောက်ရယ်၊ ဦးလေးတယောက်တို့နဲ့ အ တူ ရိုက်ထားတဲ့ပုံတွေ ရှိပါတယ်။ ပုံတွေထဲမှာ ကျမတို့အားလုံး ကိုယ့်ကိုယ်ကိုယ်နဲ့ ကိုယ့်ဘဝကို ကျေနပ်အား ရနေကြပုံ ပေါ်ပါတယ်။
ထိန်းသိမ်းရေး အလိုငှာ ပစ္စယံတွေပေါ် ဘယ်သူ့ကိုမှ တက်ခွင့်မပေးတော့ကတည်းက သဗ္ဗညုကိုလာတဲ့ ဧည့် အရေအတွက် အတော်ကို လျော့ပါးသွားခဲ့ပါတယ်။ အဲဒီ နောက်ပိုင်း ဒီပုထိုးကြီးဟာ ပြန်လည် ဖော်ထုတ်တာ စောင့်နေတဲ့ အပစ်ပယ်ခံ အလှတခုလို ဆွေးရိပ်တွေ လွှမ်းနေပါတယ်။ အတွင်းနံရံတွေမှာ သုတ်ထားတဲ့ ထုံး ဖြူကြမ်းကြမ်းအောက်က နံရံဆေးရေးတွေကို ကျွမ်းကျင်တဲ့ ပန်းချီ ထိန်းသိမ်းသူ ပညာရှင်များရဲ့အစွမ်းနဲ့ ပြန် လည် ဖော်ထုတ်နိုင်ပါလိမ့်မယ်။ ထိန်းသိမ်း စောင့်ရှောက်မှုကတော့ လုပ်ပါတယ် ဆိုလောက်အောင်သာ ရှိ တယ်ဆိုတာ ပေါ်လွင်ပါတယ်။ ဒီလောက် ယဉ်ကျေးမှုအရ၊ သမိုင်းအရ အရေးပါလှတဲ့ အဆောက်အအုံးကြီး အတွက် ဝမ်းနည်း စိတ်ပျက်ဖွယ်ရာအခြေအနေ ပါပဲ။
ပုဂံနဲ့ပတ်ဝန်းကျင်မှာ စောင့်ရှောက်ဖို့လိုအပ်တာ အများကြီးပါ။ စမယ်ဆိုရင် ဒီ သာသနိက အဆောက်အအုံး တွေကပဲ စရပါမယ်။ ၁၉၉၀ နောက်ပိုင်း လုပ်ခဲ့တဲ့ ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းတွေဟာ အကောင်းဆုံးဖြစ်ဖို့ ထက် မြန်မြန်ပြီးဖို့ကိုသာ ပညာရှင်တွေရဲ့ အကြံဥာဏ်မပါဘဲ လုပ်ဆောင်ခဲ့ကြတာဖြစ်ပါတယ်။ အနုပညာနဲ့ ရှေးဟောင်း သုတေသနလုပ်ငန်း မြတ်နိုးတဲ့သူတွေ ပုဂံရဲ့ အခုအခြေအနေကို မြင်တိုင်း မျက်ရည်လည်ကြ တယ်လို့ ကျမ ကြားရပါတယ်။
ဘုရားပုထိုးတွေနဲ့ ပြည့်နေတဲ့ လွင်ပြင်ကြီး ခရီးသွားတွေကို ဆွဲဆောင်တဲ့ နေရာတခုဖြစ်အောင် အလျင်စလို တွန်းပြီး လုပ်ဆောင်ခဲ့ကြလို့ ပျက်စီးသွားခဲ့ရတဲ့ မြတ်နိုးဖွယ် ရှေးပုထိုး စေတီဟောင်းတွေဟာ ဂရုစိုက်မှု၊ ကျွမ်း ကျင်မှုတွေနဲ့ ဆိုရင် တကယ့်မူလပုံ ပြန်လည်ပေါ်လာနိုင်လောက် ပါသေးတယ်။ ဂူကျောင်းအငယ်တွေ တော် တော်များများဟာ မပြင်ဆင်ရသေးတဲ့အတွက် ကံကောင်းတယ်လို့ပြောရပါလိမ့်မယ်။ ၎င်းတို့ကို နဂို အနေအ ထားနဲ့ နီးစပ်တဲ့ သွင်ပြင်အတိုင်း ပြန်လည်တည်ဆောက်ခြင်း၊ ဒါမှမဟုတ် ပျက်စီးနေပုံ အဆင့်ဆင့်အတိုင်း ထိန်းသိမ်းထားတဲ့ နည်းအားဖြင့် မြို့ဟောင်းကြီင်္းကို အချိန်က တိုက်စားခဲ့ပုံရဲ့ မျက်မြင်သမိုင်းအဖြစ် ရှိစေခြင်း တွေ လုပ်ဆောင်နိုင်ပါသေးတယ်။ ဒါတွေက ကျွမ်းကျင်သူတွေရဲ့ကဏ္ဍ ဖြစ်ပါတယ်။ ဒါပေမဲ့ သူတို့ရဲ့လုပ်ငန်း မစခင်မှာ ကျမတို့တွေက ပုဂံဟာ ကျမတို့ နိုင်ငံရဲ့သမိုင်းမှာ အရေးပါတဲ့အထိမ်းအမှတ် တခုသာမက ကမ္ဘာ့ ယဉ်ကျေးမှုအမွေအနှစ် တစိတ်တပိုင်းလည်းဖြစ်လို့ ကာကွယ်ဖို့၊ ထိန်းသိမ်းဖို့ လိုအပ်တယ်ဆိုတဲ့ အသိ ကျယ် ပြန့်လာအောင် လုပ်ရမှာ ဖြစ်ပါတယ်။
ရှေးဟောင်း သာသနိကအဆောက်အအုံးတွေတင် ဂရုစိုက်ဖို့ ၊ ကာကွယ်ဖို့လိုနေတာ မဟုတ်ပါဘူး။ ပုဂံဝန်း ကျင် ဒေသတဝိုက်လုံးဟာလည်း အမြတ်တနိုးထားဖို့ ၊ ထိန်းသိမ်းဖို့ တောင်းဆိုနေပါတယ်။ တနာရီလောက် ကားနဲ့သွားလိုက်ရင် ဒီ ဒေသမှာ နောက်ဆုံးကျန်နေတဲ့ အင်ကြင်း တောအုပ်ကိုရောက်ပါတယ်။ ခြောက်သွေ့ ကြမ်းတမ်းတဲ့ ကန္တာရအလယ်က ရဲရဲဝံ့ဝံ့ အိုအေစစ်ကလေး ပါပဲ။ အင်ကြင်း (pentacme siamensis) ဆိုတာ သိပ်ထူးဆန်းတဲ့သစ်ပင်တမျိုး ဖြစ်ပါတယ်။ အပင်အိုလာလို့ သေသွားတဲ့အခါ သူ့အသားဟာ အခြားသစ်တွေလို ဆွေးမြည့်မသွားဘဲ ကျောက်သားလို အသွင်ပြောင်းသွားပါတယ်။ သစ်တောထိန်းသိမ်းရေး ဥပဒေအရ အပင် ခုတ်လှဲတာကို တားဆီးထားတယ် ဆိုပေမဲ့လည်း အပင်တွေကြည့်ရတာ ပိန်ပိန်လှီလှီနဲ့ အားရစရာမရှိတဲ့အပြင် အပင်ပျိုလေးတွေ တက်လာနေတဲ့ အရိပ်အရောင်လည်း မရှိလှပါဘူး။
ကျမတို့ရဲ့ သစ်တောလေ့လာရေးခရီးမှာ သတင်းထောက် အယောက်၂၀ လောက်လည်း ပါလာပါတယ်။ ကျမ အနေနဲ့ ကျမတို့ရဲ့ ပုဂံခရီး အပန်းဖြေရက်တွေကို သီးသီးသန့်သန့် ရှိစေချင်ပေမယ့် မျှော်လင့်သလို ဖြစ်မလာ ခဲ့တဲ့အတူတူ သတင်းထောက်တွေကို ကျမတို့ရဲ့ တိုးလာတဲ့ အဖွဲ့ဝင်တွေလို့ပဲ သဘောထားလိုက်ပါတယ်။ ကံ ကောင်းတာကအားလုံးဟာ ခင်ခင်မင်မင်နဲ့ အဆင်ပြေအောင် ဝိုင်းလုပ်ပေးကြပါတယ်။ သစ်တောရဲ့ ဆိတ်ငြိမ် တဲ့ တနေရာမှာ အေးအေးဆေးဆေး နေ့လယ်စာ ပျော်ပွဲစားကြမယ်လို့ ကျမတို့ စီင်္စဉ်ခဲ့ပါတယ်။ ဒါပေမဲ့ တော အုပ်လေးကို ရောက်သွားတော့ အနီးရှိ ရွာတစ်ရွာက လူတွေ တော်တော်များများ ကျမတို့ကိုတွေ့ဖို့ စောင့်နေ တာ တွေ့ရပါတယ်။ ဒီရွာရဲ့ နာမည်က ကဗျာဆန်ဆန်လေးပါ။ ‘ဇီးအိုသစ်လှ နတ်ထိန်း အင်ကြင်းတော’ တဲ့၊ ဟိုက္ကူ ကဗျာတပုဒ် ကျနေတာပါပဲ။
ဒီရွာကလေးနဲ့ ဂျပန်နိုင်ငံအကြား မျှော်လင့်မထားတဲ့ ဆက်သွယ်မှုတခု ရှိနေပါသေးတယ်။ ကျမက ရွာက အ မျိုးသမီးတွေကို သူတို့ရွာမှာ အလိုအပ်ဆုံးက ဘာလဲလို့ မေးတဲ့အခါ ရေ လို့ ဖြေကြပါတယ်။ သူတို့ ရွာမှာ လွန် ခဲ့တဲ့နှစ်အနည်းက (bridge asia japan) အဝီစိတွင်းတူးပေးထားလို့ အရင်ကလို မခက်ခဲတော့ဘဲ ရေရလာပြီ ဖြစ်ပေမယ့် ရေတွင်းနဲ့ဝေးတဲ့သူတွေ အတွက်ကတော့ နေ့တိုင်း လမ်းအဝေးအကြီးလျှောက်ပြီင်္း ခပ်နေရသေး တယ်ဆိုတဲ့ အကြောင်းတွေ ရှင်းပြကြပါတယ်။ ဒါ့အပြင် ရေပန့်ကို မောင်းဖို့ ဒီဇယ်ဖိုးပေးရပါတယ်။ ဈေးကသင့် တင့်တယ်ဆိုပေမယ့် သူတို့လို ထန်းနဲ့ လုပ်စားရတဲ့ တောင်သူအများစုအတွက်တော့ ဝန်တခုလို ဖြစ်နေပါ တယ်။ ဒီလို ခြောက်သွေ့ပူပြင်းတဲ့ အညာဒေသမှာ ရှင်သန်နိုင်တဲ့ ထန်းပင်တွေဟာ ဖျာတွေ၊ တောင်းတွေ ရက် လုပ်လို့ရတဲ့ ယပ်လိုအရွက်တွေ စားလို့ရတဲ့အသီးတွေ ထွက်ပါတယ်။ အဓိကကျတဲ့ ထုတ်ကုန်ကတော့ ချိုမြတဲ့ ပင်ကျရည်ပါ။ ဒီအတိုင်း လတ်လတ်ဆတ်ဆတ် သောက်စရာ အနေနဲ့ ဖြစ်ဖြစ်၊ အချဉ်ခံပြီး ကျေးလက် ယမကာ ပြင်းပြင်းလို ဖြစ်ဖြစ်၊ ကျိုချက်ပြီး အင်မတန် စားကောင်းတဲ့ ထန်းလျက်အနေနဲ့ဖြစ်ဖြစ် စားသုံးနိုင်ပါတယ်။
ကျမကျောင်းသူ ဘဝတုန်းက အလွတ်ကျက်ခဲ့ရတဲ့၊ အင်မတန် ကျော်ကြားတဲ့ ၁၂ ရာစု ကဗျာတပုဒ်ကနေ ထန်းတက်သမားတွေရဲ့ ခက်ခဲတဲ့ ဘဝကို သိခဲ့ရတယ်။ မနက်စောစော မြူခိုးထချိန်ကတည်းက အန္တရာယ် အ လွန်များပြီး (ထန်းပင်က ကျတာတွေ မကြာခဏဖြစ်ပြီး ဒဏ်ရာကလည်း ပြင်းထန်နိုင်ပါတယ်) ပင်ပန်းလှတဲ့ ထန်းတက်သမားဘဝကို ကွက်ကွက်ကွင်းကွင်း ပေါ်လွင်စေရုံမက ယခုခေတ်အထိတောင် တိကျမှန်ကန်တဲ့ ပုံဖေါ်မှုဖြစ်တယ်ဆိုတာကို ကျမ ရွာသားတွေနဲ့ စကားပြောကြည့်တော့ သိရပါတယ်။ သူတို့ဟာ အရင်ရှေး ရာစုများစွာက သူတို့ ဘိုးဘွားတွေလျှောက်လှမ်းခဲ့တဲ့ သက်သာရာမရှိတဲ့ လမ်းကြမ်းကြီးကိုဆက်ပြီး လျှောက် လှမ်းနေရဆဲ ဖြစ်ပါတယ်။ အရင်ကနဲ့သိသိသာသာ ကွာလာတာတခုကတော့ ဒီကနေ့ ‘ဇီးအိုသစ်လှနတ်ထိန်း အင်ကြင်းတော’ ရွာက ထန်းတက်သမားတွေထဲ တက္ကသိုလ် ဘွဲ့ရတွေ ရှိနေတာပါပဲ။
အောင်ဆန်းစုကြည်
(၂၆၊ စက်တင်ဘာ၊ ၂၀၁၁ နေ့ထုတ် Mainichi သတင်းစာတွင် ဂျပန်ဘာသာ၊ အင်္ဂလိပ်ဘာသာတို့ဖြင့် ဖော်ပြ ပြီး)
ပြည်သူ့ခေတ် ဂျာနယ်၊ အတွဲ့ ၂၊ အမှတ် ၇၄ မှ
No comments:
Post a Comment