Pages

မရှင်းရင် မရတော့လို့ ရှင်းပြလိုက်ပါတယ်

မရှင်းရင် မရတော့လို့ ရှင်းပြလိုက်ပါတယ် (၇)
“ဘုန်းကြီးတစ်ချို့ ဟောနေကြတယ်။ ငှက်ပျောသီးတစ်လုံးလှုလို့ စင်္ကြာဝတေးမင်းက ဘယ်နှစ်ဘ၀။ သိကြားမင်းဖြစ်ရတာက ဘယ်နှစ်ခါ ဘယ်နှစ်ကမ္ဘာအတွင်းမှာ အပါယ်ငရဲကို မလားခဲ့ဘူးနဲ့ ဟောနေကြတယ်။ အဲဒါကို တပည့်တော်ကတော့မယုံဘူး”
“မယုံဘူးဆိုတာတော့ ဦးဇင်းလဲ ဘာမှမတတ်နိုင်ဘူးလေ။ မြင်းကို ရေရှိတဲ့ မြစ်ကမ်းစပ်ကို ဆွဲခေါ်သွားလို့ရပေမယ့် ရေသောက်အောင်တော့ လုပ်မရဘူးလေ။ ရေသောက်တယ် မသောက်ဘူးဆိုတာ မြင်းရဲ့ ဆုံးဖြတ်ချက်အပေါ်မှာ မူတည်တယ်လေ”
“တပည့်တော်က မှောင်မဲနေတဲ့ သူတစ်ယောက်မဟုတ်ပါဘူးဦးဇင်း။ ဦးဇင်းကသာ တပည့်တော်လက်ခံနိုင်အောင် ယုတ္တိရှိရှိ ရှင်းပြပေးနိုင်မယ်ဆိုရင် တပည့်တော် ဦးဇင်းရဲ့ ရှင်းပြချက်ကို နားထောင်ပြီးတော့ ယုံသင့်ရင် ယုံမယ်လေ”
“ကောင်းပြီ။ ဒကာက ဘာကြောင့် မယုံလဲဆိုတာကို ဦးဇင်းကို အရင် သေချာပြောပြပါ”
“သရဏဂုံမြဲတဲ့သူ ငါးပါးသီလလုံတဲ့သူ စာရေးတံမဲချပြီးတော့ လှုဘူးတဲ့သူ ကျောင်းကန်ဇရပ်လှုဘူးတဲ့သူ ရေတွင်းရေကန်လှုဘူးတဲ့သူ သစ်ပင်စိုက်ပြီးတော့ လှုဘူးတဲ့သူတွေဟာ သောတာပန်နဲ့ အလားတူပါပဲတဲ့။ ဒုတိယဘ၀မှာ အပါယ်ငရဲကို မကျရောက်နိုင်ဘူးတဲ့။ အခုတပည့်တော် ပြောခဲ့တာတွေ မှန်ရဲ့လား ဦးဇင်း”
“အင်း မှန်ပါတယ်ဒကာ”
“ဘုရားဟောဆိုတာကော မှန်ရဲ့လားဦးဇင်း”
“ဘုရားဟောအစစ်ပါဒကာ”
“ဘုရားဟောဆိုတာ သေချာပါတယ်နော်”
“သေချာပါတယ်ဒကာ။”
“ဒါဆိုရင် သရဏဂုံလဲ မြဲတဲ့ ငါးသီလလဲလုံတဲ့ စာရေးတံမဲချပြီးတော့လဲ လှုဘူးတဲ့ ကျောင်းကန်ဇရပ် ရေတွင်းရေကန် စေတီပုထိုး သစ်ပင်တွေပါ စိုက်လှုဘူးတဲ့ အသောကမင်းကြီး ဘာလို့ စပါးကြီးမြွေဖြစ်ရတာလဲ ဦးဇင်း။ ဘုရားပြောတော့ ပြောခဲ့တဲ့ ကောင်းမှုတွေ လုပ်ထားတဲ့သူဟာ သေချာပေါက် ဒုတိယဘ၀မှာ အပါယ်ငရဲကို မကျရောက်ပါဘူးဆို။ ဘယ်လိုကြီးပါလိမ့်။ ရှေ့နောက်လဲ မညီညွတ်ဘူး”
“ဒကာ့ စကားမဆုံးသေးဘူးဆိုရင် ဆုံးအောင် ဆက်ပြောပါဒကာ။ ဦးဇင်းမျက်နှာကို စိုက်ကြည့်မနေပါနဲ့။ ဦးဇင်းမျက်နှာထဲက ရွှေတွေထွက်လာမှာ မဟုတ်ပါဘူး”
“ဒီတော့ ဘုရားက ဒီအလှုတွေ လှုဘူးတဲ့သူဟာ အပါယ်ငရဲကို မကျရောက်နိုင်ဘူးလို့ သေချာ အာမခံနဲ့ ဟောထားတယ်။ တကယ်တမ်းကျတော့ အဲဒါတွေထဲက တစ်ခုတောင်မဟုတ်ဘူး အားလုံးလုပ်ထားတဲ့သူတောင် အပါယ်ငရဲကျတယ်ဆိုတော့ ငှက်ပျောသီးလေးတစ်လုံး လှုဘူးတာနဲ့ ။ ဘ၀ပေါင်းများစွာ အပါယ်မလားဘူးဆိုတာ မယုံချင်စရာကြီးပါ။ မယုံတဲ့သူရဲ့ အမှားလဲ မဟုတ်ပါဘူး။ လူတိုင်းကတော့ တစ်သက်မှာတစ်ခါ ငှက်ပျောသီးတစ်လုံးထက် ပိုတန်ဖိုးကြီးတဲ့ အရာတွေကို လှုဘူးကြမှာပါ။ ဘာလို့ ဘုရားက ငရဲမှာ အဖြစ်များတယ်လို့များ ဟောထားရတာလဲ။ ဘုရားများ မှားဟောမိသလား”
“ဒကာကို ဦးဇင်း မေးခွန်းတချို့ ပြန်မေးမယ်။ ဒကာ သေသေချာချာ စဉ်းစားပြီးမှ ပြန်ဖြေပါ”
“တင့်ပါ့”
“နေလုံးကြီးက အတိုးအလျှော့မရှိပဲနဲ့ တစ်နှစ်တာပတ်လုံး ဒီအပူချိန်ပမာဏနဲ့ ဒီအလင်းရောင်ပမာဏကိုပဲ ထုတ်လွှတ်တယ်ဆိုတာ ဒကာလက်ခံနိုင်သလားဒကာ”
“လက်ခံနိုင်ပါတယ်။ မျက်မြင်ကိုယ်တွေ့ပဲလေ”
“ကောင်းပြီးဒကာ။ ဆိုင်ပြင်ဘက်ကို လှမ်းကြည့်လိုက်စမ်းပါ။”
“ မိုးတွေအုံ့မဲနေတယ်။ ပြောနေရင်းနဲ့ ရွာတောင် ရွာချက်လိုက်ပြီပဲ”
“မဆိုးဘူး။ ဒကာမြင်တတ်တယ်။ တော်တော်တန်တန် လူဆိုရင် ဦးဇင်းကလဲ ဘာမှမရှိပါဘူးလို့ ပြန်ပြောမှာသေချာတယ်။ ထားပါတော့။ ကဲ ဆက်မေးမယ်။ အခု အပြင်မှာ ဦးဇင်းတို့ ဒီဆိုင်ကို ရောက်ခါစ အချိန်တုန်းကလိုမျိုး နေရောင်ခြည် စူးစူးရှရှ ရှိနေသေးလားဒကာ”
“မရှိပါဘူး။ မှောင်မဲနေတာပဲ”
“ဦးဇင်းတို့ ဒီဆိုင်ရောက်ခါစတုန်းကလောက်ရော ပူခြစ်နေသေးလားဒကာ”
“မိုးတွေအုံမဲပြီး ရွာတောင်ချနေတာ ဘယ်လိုလုပ် ပူမလဲဦးဇင်းရ”
“ဦးဇင်းတို့ ဒီဆိုင်ရောက်ခါစလောက်လဲ စူးစူးရှရှ အလင်းရောင် မရှိတော့ဘူး။ ပူလဲ ပူခြစ်မနေတော့ဘူးဆိုတော့ နေလုံးကြီးက အလင်းရောင်နဲ့ အပူကို လျှော့ချလိုက်လို့လားဒကာ”
“မဟုတ်ပါဘူး။ အခုလို ရာသီဥတုပြောင်းလဲသွားတာ နေလုံးနဲ့မဆိုင်ပါဘူး။ တိမ်တွေကြောင့် ဖြစ်သွားတာပါ”
“နေလုံးကြီးကတော့ အတိုးအလျှော့ မလုပ်ပဲ အပူချိန်နဲ့ အလင်းရောင်ကို ထုတ်မြဲအတိုင်း ထုတ်လွှတ်နေတယ်ဆိုတာ သေချာပါတယ်နော်ဒကာ”
“သေချာပါတယ်ဦးဇင်းရဲ့”
“အလင်းရောင်တွေ မရှိတော့တာ ပူခြစ်မနေတော့တာ နေလုံးကြောင့် မဟုတ်ပဲ မိုးတိမ်တွေကြောင့် ဖြစ်တယ်ဆိုတာ သေချာတယ်နော်ဒကာ”
“သေချာပါတယ်ဆိုနေမှပဲ”
“ငှက်ပျောသီးတစ်လုံး လှုတဲ့ အလှုရဲ့ ကုသိုလ်ဟာ ဘ၀ပေါင်းများစွာ အပါယ်မလားနိုင်ဘူး။ စင်္ကြာမင်း စည်းစိမ်ကိုလဲ ပေးစွမ်းနိုင်တယ်ဒကာ။ ကျောင်းကန်ဇရပ် ရေတွင်း ရေကန်စတဲ့ ထာဝရအလှုရဲ့ ကုသိုလ်အကျိုးဆက်ဟာလဲ သေချာပေါက် အပါယ်မလားစေနိုင်ဘူးဒကာ။ ဒါဟာ ဒီကုသိုလ်တွေရဲ့ အကျိုးဆက်ပဲ”
“ဒါပေမယ့် ပုထုဇဉ်လူသားဆိုတာက တစ်သက်လုံး အဲဒီကုသိုလ်ပဲ ပြုသလားဆိုတော့မဟုတ်ဘူးဒကာ။ အကုသိုလ်တွေကိုလဲ ပြုသေးတာပဲ။ ဒီကုသိုလ်တွေထက် အားကြီးတဲ့ အကုသိုလ်တွေကို သူတို့တွေ ပြုမိကြမှာပဲလေ။ ဒီတော့ ထူထပ်လွန်းနေတဲ့ မိုးတိမ်တွေကြောင့် နေလုံးကြီးရဲ့ အလင်းရောင်နဲ့ အပူချိန်ပျောက်ဆုံးရသလိုမျိုး အားကြီးလွန်းတဲ့ ထူထပ်လွန်းတဲ့ အကုသိုလ်တိမ်တွေကြောင့် ဒကာပြောခဲ့တဲ့ ကုသိုလ်တွေရဲ့ အကျိုးဆက်တွေက ပျောက်ဆုံးနေရတာဒကာ”
“တိမ်တွေမရှိတော့ရင် နေလုံးရဲ့ ပုံမှန် အပူချိန်နဲ့ အလင်းရောင်ဟာ ပြန်လည်ထွက်ပေါ်လာသလို အကုသိုလ်တွေ တိမ်တွေ မရှိတော့တဲ့ အချိန်ကြရင် ကုသိုလ်ရဲ့ အကျိုးဆက်တွေဟာ ပြန်ပေါ်လာမှာပါဒကာ။ လုံးဝ အကျိုးမပေးတော့ပဲ တိမ်မြှုပ်ပျောက်ကွယ် သွားတာမျိုး မဟုတ်ပါဘူး။ အခိုက်အတန့် တိမ်မြှုပ်ပျောက်ကွယ်သွားတာပါ”
“ကြည့်လေ။ အသောကမင်းကြီး အကုသိုလ်တိမ်တွေ ကင်းစင်သွားတဲ့ အချိန်ကြတော့ အပါယ်ဆင်းရဲကနေ လွတ်ပြီးတော့ ရဟန္တာဖြစ်သွားခဲ့တယ်လေဒကာ”
“ဒကာ့ဘ၀မှာ ဘာအကုသိုလ်မှ မရှိဘူး။ ကုသိုလ်အနေနဲ့လည်း ငှက်ပျောသီးတစ်လုံးပဲ လှုဘူးတယ်ဆိုရင်တောင် အဲဒီငှက်ပျောသီးတစ်လုံး လှုဘူးတဲ့ ကုသိုလ်ဟာ ဘ၀များစွာ အပါယ်ငရဲကို မလားစေနိုင်ဘူးဒကာ။”
“ဒကာတောင် ဒကာကြောက်ရမယ့် သူနဲ့တွေ့ရင် ငြိမ်ကုပ်နေရတယ်မို့လား။ အဲဒီလိုပဲ ကုသိုလ်လဲ သူထက်အဆမတန် အားကြီးတဲ့ အကုသိုလ်နဲ့တွေ့ရင် အခြေနေ အချိန်အခါအရ ငြိမ်ကုပ်သွားရတဲ့ သဘောပါ”
“အဇာတသတ်မင်းဟာ ဖခင်သတ်တဲ့ အကုသိုလ်ကံရဲ့ ထုံးစံအရဆိုရင် အ၀ီစိငရဲကြီးမှာ သွားပြီးတော့ ခံရမှာပါ။ ဒါပေမယ့် သရဏဂုံသီလ ခံယူလိုက်တဲ့အတွက် ကျောင်းကန်ဇရပ်တွေ ဆောက်လှုတဲ့အတွက် အ၀ီစိမှာ မခံရတော့ပဲ အ၀ီစိငရဲရဲ့ အခြံအရံငရဲငယ်လေးဖြစ်တဲ့ လောဟကုမ္ဘီငရဲမှာပဲ သွားခံရပါတယ်ဒကာ”
“ဘာအကုသိုလ်မှ မရှိပဲ မရောပဲနဲ့ ငှက်ပျောသီးတစ်လုံး လှုထားတဲ့ ကုသိုလ်သက်သက်ဆိုရင် နောက်ထပ် ဘာကုသိုလ်မှ ထပ်မပြုချင်နေပါစေ အပါယ်ငရဲကို မလားရောက်နိုင်ပါဘူးဒကာ။ လားရောက်တာက သူ့ထက်အားကြီးတဲ့ အကုသိုလ်ကို ပြုမိလိုက်ကြလို့ပါ။ ဦးဇင်း ပြောတာကို နားလည်လက်ခံနိုင်ရဲ့လား”
“နားလည်လက်ခံနိုင်ပါတယ်။ မရှင်းတာလေးကို ထပ်မေးချင်ပါသေးတယ်”
“မေးပါဒကာ။ ဘယ်နေရာမှာ မရှင်းတာပါလဲ”
“တပည့်တော် ကြားဘူးထားတာက ပဉ္စာနန္တရိယကံထိုက်ရင် သေချာပေါက် အ၀ီစိငရဲကို သွားရမယ်။ မသွားရအောင် ဘုရားတောင်မှ လုပ်မပေးနိုင်ဘူးဆို။ အခု ဦးဇင်းပြောတော့ အဇာတသတ်က အ၀ီစိမှာ မဟုတ်ပဲ လောဟကုမ္ဘီမှာဆို။ အဲဒါကို မရှင်းဘူး”
“ပဉ္စာနန္တရိယ ကံထိုက်သူဟာ သေချာပေါက် ငရဲကျမယ်။ ငရဲမကျအောင် ဘုရားတောင် လုပ်ပေးလို့မရဘူးလို့ပဲ ဘုရားဟောထားတာပါဒကာ။ အ၀ီစိငရဲကို သေချာပေါက်ရောက်မယ်လို့ ဟောမထားပါဘူး။ လူသတ်မှုကျူးလွန်တာ ပြစ်မှုထင်ရှားနေရင် ထောင်မကျအောင် လုပ်မရပေမယ့် ထောင်ကျရက်နည်းသွားအောင် ထောင်ထဲမှာ သက်သက်သာသာ နေလို့ရအောင်တော့ လုပ်ပေးလို့ရတယ်မို့လား ဒကာ။ ပဉ္စာနန္တ၇ိယကံထိုက်သူကို ငရဲမကျအောင် လုပ်ပေးလို့ မရပေမယ့် အ၀ီစိလို ငရဲကြီးမှာ ရောက်မသွားအောင်၊ အ၀ိစီငရဲကို ရောက်ရင်တောင် နှစ်အရေအတွက် နည်းသွားအောင်တော့ လုပ်လို့ ရပါသေးတယ် ဒကာ။ ဥပမာ ဒေ၀ဒတ်ကို ကြည့်ပါလား။ အ၀ိစိရောက်သွားပေမယ့် နှစ်အရေအတွက် နည်းသွားတယ်လေ။ အဲဒါဟာ သေခါနီးမှာ သရဏဂုံခံယူလိုက်တဲ့ ကုသိုလ်ရဲ့ အကျိုးဆက်ကြောင့်ပဲဒကာ။”
“အ၀ီစိကို သေချာပေါက်ရောက်မယ်လို့ ဟောမထားပါဘူးဒကာ။ ငရဲရောက်မယ်လို့ပဲ ဟောထားတာပါ။ ဒကာကို ပြောသွားတဲ့သူဟာ စာကို သေချာကြည့်မဖတ်ဘူးထင်ပါရဲ့”
“ဒါကြောင့် ဦးဇင်းက တိုက်တွန်းချင်ပါတယ်။ ငါတော့ ပဉ္စာနန္တိယကံထိုက်မိသွားပြီ။ သေမထူးနေမထူးပဲဆိုပြီးတော့ ရမ်းမနေကြပါနဲ့။ ကုသိုလ်များများလုပ်ပါ။ လျှော့ရက်တော့ ရမှာပါလို့ အကြောင်းကြောင့် ပဉ္စာနန္တရိယကံထိုက်သူတွေကို ပြောချင်ပါတယ်”
“တပည့်တော် ယုံကြည်ပါပြီ။ ဦးဇင်းအဖြေကို တပည့်တော် လက်ခံနိုင်ပါတယ်”
“ဒကာမေးတဲ့ မေးခွန်းတွေကို ဦးဇင်း ဖြေနိုင်လို့ ကျေနပ်သလို မကျေလဲ မကျေနပ်ဘူးမို့လား။ မေးတိုင်း ဖြေနိုင်နေတော့ ဒကာရှုံးနေတယ်လို့ ခံစားနေရတယ်မို့လား။ ဒါကြောင့် မေးခွန်းတစ်ခု လောက်ဖြစ်ဖြစ် ဒီမေးခွန်းကိုတော့ ဦးဇင်း မဖြေနိုင်ဘူးဒကာလို့ ဒကာကြားချင်နေတာမို့လား”
“အမှန်အတိုင်းဝန်ခံရရင် ဟုတ်ပါတယ်”
“ဦးဇင်းတို့ ဒီမှာရပ်လိုက်ကြရအောင်။ ဦးဇင်းက အနိုင်အရှုံးနဲ့ ပြောနေတာမဟုတ်ပါဘူး။ ဒကာမေးတာတွေ ဖြေနိုင်တယ်ဆိုလို့လဲ ကိုယ့်ကို ၀မ်းသာမနေပါဘူး။ ဦးဇင်းစိတ်က ပုံမှန်ပါပဲဒကာ။ ဒါပေမယ့် ဒကာ့စိတ်က ပုံမမှန်ဘူး။ ဒီမှာပဲ ရပ်လိုက်ကြရအောင်ပါ”
“စကားဝိုင်းတော့ မရပ်ပါနဲ့ဦးဇင်း။ တပည့်တော်စိတ်ကိုပဲ ပြင်လိုက်ပါ့မယ်။ တောင်းလဲ တောင်းန်ပါတယ်။ တပည့်တော် တစ်ခုနှစ်ခုလောက် ဆက်မေးပါရစေ”
“ကောင်းပြီလေ ဒကာက တောင်းတောင်းပန်ပန်နဲ့ ပြောနေမှတော့ ဒကာစိတ်ကို ပြင်ပါမယ်လို့ ကတိပေးနေမှတော့ ဆက်ပြောကြတာပေါ့”
........................................................................................................မိုးသု(မန္တလေး)
by ဗုဒ္ဓဘာသာ / အတွေးအမြင် on Saturday, October 15, 2011 at 5:50pm

No comments:

Post a Comment