စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







“စိတ်ဆိုးတော့မယ်ဆိုရင်….”


စိတ်မချမ်းသာဘူးဆိုရင်၊ စိတ်ဆင်းရဲရင်၊ စိတ်ဆိုးရင်၊ဒေါသ၊သောက၊ဣဿာမစ္ဆရိယစတဲ့ 
အကုသိုလ်တရားတွေ ၀င်လာရင် အကြောင်းရင်းကိုရှာပြီးဖျောက်ပါတဲ့။

မူလပဏ္ဏာသပါဠိတော် ၀ိတက္ကသဏ္ဌာနသုတ်မှာလာတဲ့ “အကုသိုလ်ကိလေသာဝင်ရင်ပယ်နည်းငါးနည်း”
ထဲက တစ်ခုပါ။အကြောင်းရင်းကိုရှာပြီး ပယ်ပါတဲ့။

ဘယ်လိုရှာပြီး ပယ်မလဲ....?

“၀ိတက္ကသဏ္ဌာနသုတ်”မှာ စိတ်ဆိုးရင်၊စိတ်ညစ်ရင်၊စိမ်မချမ်းသာဘူးဆိုရင် အကြောင်းရင်းကို
ရှာဖွေပြီး ဖျောက်ပါလို့ ဟောကြားထား ပါတယ်။

ပထမတော့ အကြောင်းရင်းရှာပြီး ဖျောက်ပါဆိုတာကို သိပ်ပြီးသဘောမပေါက်ပါဘူး။ အဋ္ဌကထာပါ
တွဲကြည့်လိုက်မှ အဋ္ဌကထာက အကြောင်းရင်းရှာပုံကို ဝတ္ထုလေးထုတ်ပြပြီး ရှင်းပြပါတယ်။

ဝတ္ထုလေးက အားလုံးကြားဖူးတဲ့ ဝတ္ထုလေးပါ။
အတန်းကျောင်းဖတ်စာထဲမှာတောင် ပါခဲ့ဖူးပါတယ်။

■ဥသျှစ်သီးမှည့် ကြွေကျတာကို မြေပြိုပါပြီဆိုပြီး ထွက်ပြေးတဲ့ ယုန်ရဲ့ဖြစ်စဉ်ပါ။
ယုန်ကပြေးတော့ ကျန်တဲ့တောတွင်းက သတ္တ၀ါတွေက လည်း မြေပြိုတယ်ဆိုပြီး
ယုန်နောက်ကလိုက်ပြေးကြတာပါ။ နောက်ဆုံး ဘုရားအလောင်းခြင်္သေ့မင်းက
အကြောင်းရင်းရှာပြလိုက်မှ သတ္တ၀ါအားလုံး ချမ်းသာသွားတဲ့ ဝတ္ထုလေးပါ။

အဋ္ဌကထာဆရာက ဒီဝတ္ထုလေးကို ထုတ်ပြပြီး၊ဘုရားလောင်းခြင်္သေ့မင်းက “ဥသျှစ်သီးကြွေကျတာ၊
မြေပြိုတာမဟုတ်ဘူး”လို့ အကြောင်းရင်းရှာပြီးဖျောက်ပေးသလို ပြဿနာဖြစ်လာရင်
အကြောင်းရင်းရှာဖျောက်ဖို့ ရှင်းပြထားပါတယ်။

အဋ္ဌကထာဆရာက ပုံဝတ္ထုလေးနဲ့ရှင်းပြလိုက်မှ ပိုသဘောပေါက်သွားတာပါ။

ဒါနဲ့ ပတ်သက်လို့လတ်တလော ကိုယ်တွေ့ဖြစ်ရပ်ကလေးကိုပါ
တွဲပြီး ပြောပြပါရေစေဦး။ဟို...ရှေ့ပိုင်းလေးမှာ စာရေးသူက
စိတ်တွေ ဆိုးနေတာပါ။ ဒီစာမရေးခင်လေးကမှ စိတ်ဆိုးပြေသွားတာပါ။

ဘယ်သူ့ကို စိတ်ဆိုးနေတာလဲဆိုတာတော့ နောက်မှပဲပြောရအောင်ပါ။

စာပေလောကမှာ “တောင်းစာမူ နဲ့ ပို့စာမူ” ဆိုတာရှိပါတယ်။တောင်းစာမူဆိုတာက အယ်ဒီတာက စာရေးဆရာကို
ကိုယ်တိုင် ကိုယ်ကျ လာတောင်းတာပါ။ တောင်းစာမူဖြစ်တဲ့အတွက် အယ်ဒီတာက
ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ ထည့်ပေးရမှာ ဖြစ်သလို မဂ္ဂဇင်းထွက်တဲ့အခါမှာလည်း စာရေးဆရာဆီကို
ကိုယ်တိုင် လာမပို့နိုင်ရင်တောင် တစ်ယောက်ယောက်ကို လွှတ်ပြီး ပို့ခိုင်းရမှာပါ။

“ပို့စာမူ” ကတော့ စာရေးဆရာက အယ်ဒီတာဆီ သွားပို့တာပါ။ ဒီစာမူကိုတော့ အယ်ဒီတာက သုံးချင်သုံးမယ်၊
မသုံးချင်မသုံးဘူး။ သုံးလို့စာမူပါရင်လည်း စာရေးဆရာက မဂ္ဂဇင်းကို ကိုယ်တိုင်လာထုတ်ပေတော့။
ဒါ တောင်းစာမူ နဲ့ ပို့စာမူ ကွာခြားချက်ပါ။

တစ်လောဆီက မဂ္ဂဇင်းတစ်စောင်က စာရေးသူဆီ စာမူလာတောင်းပါတယ်။ အယ်ဒီတာချုပ်ကိုယ်တိုင်
လာတောင်းတာပါ။ ဒီတော့ ပေးလိုက်ပါတယ်။

ဟော...မဂ္ဂဇင်းထွက်လာတော့ စာရေးသူဆီ စာအုပ်လာမပို့ပါဘူး။ဒီတော့ စာရေးသူက
ထွက်ထွက်ချင်း လာမပို့ရကောင်းလားဆိုပြီး စိတ်တွေဆိုးနေတာပါ။

တစ်ခုတော့ ရှိပါတယ်။ စိတ်ဆိုးတယ်ဆိုပေမယ့် ရင်ထဲကပဲကြိတ်ဆိုးနေတာပါ။
အပြင်ကို ထွက်ဆိုးမပြပါဘူး။ အပြင်ထွက်ဆိုးပြတာ မဟုတ်တော့ ကိုယ်စိတ်ဆိုးမှန်း အပြင်က
လူတွေလည်း သိခွင့်မသာတော့ပါဘူး။

၎-၅ရက်လောက်ကြာတော့ အုပ်ချုပ်ရေးမှူးလုပ်သူက ရောက်လာပြီး စာအုပ်လည်းကပ်ရင်း
“ဦးဇင်းရယ်၊ ဦးဇင်း ဒကာကြီး ကဆေးရုံတက် လိုက်ရတယ်။ခွဲစိတ်မှုလည်းပြုလိုက်ရတယ်။ အဲဒါဆေးရုံပေါ်မှာ
ဦးဇင်းလေးကို စာအုပ်သွားပို့လိုက်ဦး။ ဦးဇင်းလေး စိတ်ဆိုးဦးမယ်လို့ တစ်ချိန်လုံးပြောနေတာ။
တပည့်တော်တို့ကလည်း ဦးဇင်းလေးစိတ်မဆိုးတတ်ပါဘူး။
မေတ္တာနဲ့ နေတဲ့ ဦးဇင်းလေးပါလို့တောင် ပြန်ပြောရတယ်ဘုရား”လို့ ပြောပြပါတယ်။

“တော်ပါသေးရဲ့” လို့ ကိုယ့်ကိုယ်ကိုယ် ဘုရားတလိုက်မိပါတယ်။
တကယ်လို့သာ မဂ္ဂဇင်းလာမပို့ရကောင်းလားဆိုပြီး၊
မဂ္ဂဇင်းတိုက်ကို ဖုန်းတွေဘာတွေ ဆက်ပြီးကောလိုက်မိရင်
ငါးပါးမှောက်တော့မှာပါ။ ကိုယ့်ကိုလည်း မဂ္ဂဖင်းတိုက်က
အထင်သေးသွားမှာပါ။

တော်တော့် တော်သေးပါတယ်။ စိတ်ဆိုးတယ်ဆိုပေမယ့်က အပြင်ထွက်မဆိုးဘဲ၊
ရင်ထဲမှာပဲ ကြိတ်ဆိုးနေတာဆိုတော့အမှတ်ရော့မသွားတော့ပါဘူး။

အကြောင်းရင်းသိလိုက်ရတော့ အလိုလို ခွင့်လွှတ်ပြီးသားဖြစ်သွားသလို၊ကိုယ့်ကိုယ်ကိုယ်တောင်
ပြန်စိတ်ဆိုးသွားမိပါတယ်။ အကြောင်းရင်းကို မစုံစမ်းဘဲ၊ကိုယ့်အထင်နဲ့ ကိုယ်တွေးပြီး သူတစ်ပါးကို စိတ်ဆိုးနေမိလို့ပါ။
ပြီးတော့ စိတ်ထဲကလည်း အလိုလို သူတို့ကိုပြန်အားနာနေမိပြန်ပါတယ်။ဖြစ်ပုံကအဲဒီလိုပါ။

ဗုဒ္ဓဘာသာဝင်တစ်ယောက်ရဲ့ ပန်းတိုင်ဟာ နိဗ္ဗာန်ဆိုပေမယ့်၊နိဗ္ဗာန်မရသေးခင် ကြားကာလမှာ
နေနည်း၊တိုင်နည်း၊စားနည်း၊သောက်နည်း၊နောက်ဆုံး အနိမ့်ဆုံးဖြစ်တဲ့ ရေအိမ်တက်နည်းအထိ မြတ်စွာဘုရားရှင်က
အသေးစိတ်ဟောပြပေးထားခဲ့ပါတယ်။လူတွေ မသိလို့ရယ်၊ မကျင့်သုံးလို့ရယ်ကြောင့်
“စိတ်ဆိုးတာ၊ စိတ်ညစ်တာ၊စိတ်မချမ်းသာတာ၊ စိတ်ကောက်တာ၊ စိတ်နာတာ၊ စိတ်ပျက်တာ”
စသည်တွေဖြစ်နေရတာပါ။

မြတ်စွာဘုရားရှင်က ပြဿနာတစ်ခုဖြစ်လာရင် အကြောင်းရင်းရှာ ဖျောက်ပါလို့ဟောထားပေမယ့်
လူတော်တော်များများက ပြဿနာ ဖြစ်လာပြီဆိုရင်၊အကြောင်းရင်းရှာဖို့ထက် ပြဿနာကို ပြဿနာနဲ့ဖြေရှင်းဖို့ပဲ
အရင်စဉ်းစားလိုက်ကြတာပါ။ ဒီတော့ “ပြဿနာပြီးရင် ပြဿနာပဲ”
ဆက်ဖြစ် နေကြတော့တာပါ။ ပြဿနာဖြစ်ပြီဆိုရင် “စိတ်ဆိုးမှု၊စိတ်ဆင်းရဲမှု၊စိတ်မချမ်းသာမှု၊
စိတ်ညစ်မှု” စတဲ့ ဆိုးကျိုးတွေကလည်း ၀င်လာတော့တာပါ။

■“ငါ့ကို စိတ်ဆင်းရဲအောင် လုပ်တာပဲ”ဆိုပြီး၊စိတ်ဆင်းရဲအောင် လုပ်တဲ့သူကိုမုန်း၊
မုန်းတော့ စိတ်ဆင်းရဲ၊ စိတ်ဆင်းရဲတော့ မုန်းနဲ့ စိတ်ဆင်းရဲကြော ၊
မုန်းကြောတွေ ရှည်နေတော့တာပါပဲ။ နောက်ဆုံးရလာဒ်ကတော့ ထပ်ဆင့်စိတ်ဆင်းရဲရတာပါပဲ။

စိတ်ဆင်းရဲသွားတော့ ကိုယ်က သူ့ကို မမြင်ချင်၊ သူက ကိုယ့်ကိုမမြင်ချင်နဲ့ ၊ သူတက်တဲ့ပွဲ ကိုယ်မတက်၊
ကိုယ်တက်တဲ့ပွဲ သူမတက်နဲ့ ရလာဒ်တွေကတော့ “ကောင်းကွက်တစ်ကွက်” မှကို မရှိတော့တာပါ။

ကိုယ့်ဘ၀ရဲ့ ဖြစ်ခဲ့သမျှ ဖြစ်စဉ်အားလုံးကို ပြန်စဉ်းစားကြည့်ရင် အကြောင်းရင်းမရှာခဲ့မိလို့
မှားခဲ့တာတွေ အများကြီးပါ။

စာရေးသူဘ၀မှလည်း ကိုယ်ကအကြောင်းရင်းမရှာမိလို့စိတ်ဆိုးခဲ့ရတာတွေ အများကြီးရှိခဲ့ဖူးပါတတယ်။
တချို့ကိုတော့ ရင်ထဲကပဲစိတ်ဆိုးနေပြီး၊တချို့ကိုတော့ အပြင်ထွက်ပြီး စိတ်ဆိုးမိလိုက်ပါတယ်။

ရင်ထဲကပဲ စိတ်ဆိုးတဲ့အခါမျိုးမှာ ဘာပြဿနာမှမဖြစ်လိုက်ပေမယ့်၊ကိုယ်ပဲခံစားနေရပေမယ့်၊
အပြင်ထွက်ပြီး စိတ်ဆိုးပြလိုက်တဲ့ အခါမှာတော့ မိတ်ပျက်ကုန်တော့တာပါပဲ။

ဒီတော့ “အပိုင်းသုံးပိုင်း” ထွက်လာပါလိမ့်မယ်။

ပြဿနာတစ်ခုဖြစ်လာတဲ့အခါ

 ●အကြောင်းရင်းရှာဖျောက်ပစ်တာရယ်၊
●ရင်ထဲမှာပဲ ကျိတ်စိတ်ဆိုးနေတာရယ်၊
●အပြင်ထွက်ပြီး စိတ်ဆိုး ပြလိုက်တာရယ်ပါ။

အကြောင်းရင်းရှာပြီးဖျောက်တဲ့နည်းကို မကျင့်သုံးနိုင်သေးရင်တောင် စိတ်ဆိုးချင်သပ
ဆိုရင်လည်း ရင်ထဲမှာပဲ ဆိုးလိုက်ပါ။

ရင်ထဲမှာပဲ ဆိုးနေတာဆိုတော့ ပြဿနာရဲ့ အကြောင်းရင်းကို သိလိုက်ရတဲ့အချိန်မှာ ကိုယ်ကပိုနေမြဲ၊ကျားနေမြဲဆက်နေပြီး
သူပြော လာတဲ့အတိုင်း ချော်လဲရာ ရောထိုင်လိုက်ရုံပါပဲ။ကိုယ့်ရဲ့ စိတ်ဆိုးမှုက အပြင်ထွက်ပြီး ဆိုးပြထားတာ
မဟုတ်တော့ ကိုယ့်အတွက် သိက္ခာမကျတော့သလို မိတ်လည်းမပျက်တော့ပါဘူး။

တချို့ကျတော့ ပြဿနာတစ်ခုဖြစ်လာရင် “၀ုန်းဒိုင်း”ဆိုပြီး ပေါက်ကွဲ ပစ်တတ်ကြပါတယ်။
အကြောင်းရင်းသိလိုက်ရတဲ့အခါ ဒါမှမဟုတ် ကာလတစ်ခုကြာသွားပြီး စိတ်အေးသွားတဲ့အခါကျမှ
ကိုယ်ပြုမူခဲ့တာတွေ ပြန်တွေးပြီး၊စိတ်မကောင်းဖြစ်ရပြန်ရော။

တချို့ပြဿနာတွေဟာ ကာလတစ်ခုလောက်သည်းခံပေးလိုက်မယ်ဆိုရင် ပြေသွားတာများပါတယ်။
စိတ်ဆိုးတယ်ဆိုတဲ့နေရာမှာလည်း ရက်ရှည် လရှည်၊နှစ်ချီပြီး ဘယ်သူမှ ဆိုးမနေနိုင်ပါဘူး။
ကာလလေးတစ်ခုလွန်မြောက်သွားရင် ပြေသွားကြတာများပါတယ်။

ဇာတ်တော်တွေ၊ သမိုင်းတွေ၊ ရာဇ၀င်တွေ ပြန်ကြည့်ရင်လည်း အကြောင်းရင်းမရှာမိလို့
ဆုံးရှုံးနစ်နာသွားရတဲ့ သာဓကတွေ အများကြီးပါ။

အတွေးထဲမှာ လတ်တလောပေါ်လာတာလေးက “သရေခေတ္တရာ သမိုင်းလေး”ပါ။
သရေခေတ္တရာခေတ်ကို စတင်တည်ထောင်ခဲ့တဲ့မင်းက “ဒွတ္တပေါင်မင်းကြီး” ပါ။ နောက်ဆုံးမင်းဆက်က
“သုပညာမင်း”ပါ။သရေခေတ္တရာခေတ်ဟာ မင်းဆက်ပေါင်း(၂၅)ဆက် ရှိခဲ့ပါတယ်။

မင်းဆက် (၂၅)ဆက်ထဲက နောက်ဆုံးဖြစ်တဲ့ “သုပညာမင်း” အကြောင်းပြောပြရအောင်ပါ။

တစ်နေ့မှာ သုပညာမင်းဟာ ကမ်းယံပြည်မှာ မငြိမ်မသက်ဖြစ်နေလို့ စစ်ထွက်ခဲ့ရပါတယ်။
အင်အားကောင်းကောင်းနဲ့ တိုက်လိုက်တဲ့အတွက် စစ်နိုင်ပါတယ်။ဒါပေမယ့် သုပညာမင်းဟာ
အဲဒီ ကမ်းယံပြည်မှာပဲ နေနေလိုက်ပါတယ်။ စစ်သည် မှူးမတ်တွေကတော့ သရေခေတ္တရာကိုပဲ
ပြန်ချင်နေကြပါတယ်။ဘယ်လောက်အထိ နေနေလိုက်သလဲဆိုရင် . . .
“သုံးနှစ်” အထိတောင် နေနေလိုက်ပါတယ်။ သုံးနှစ်ပြည့်မှပဲ သရေခေတ္တရာပြည်ကို ပြန်ခဲ့ပါတယ်တဲ့။

သရေခေတ္တရာပြည် ပြန်ရောက်တော့ တိုင်းပြည်က အရင်လိုမဟုတ်တော့ပါဘူး။ မငြိမ်မသက်တွေ ဖြစ်နေပါပြီ။
ဒီလိုနဲ့ တစ်နေ့မှာတော့ အမျိုးသမီးငယ်လေးတစ်ယောက်ဟာ အိမ်ရှေ့ထွက် စကော နဲ့ ဆန်ပြာနေပါတယ်။
ဆန်ပြာနေတုန်းမှာပဲ လေပွေကြီးတစ်ခု ဝှေ့တိုက်လိုက်ပြီး၊အမျိုးသမီးငယ်လေးရဲ့ လက်ထဲမှာရှိတဲ့ စကောလည်း
လေပွေကြီးထဲကို လွင့်တက်ပြီး ပါသွားပါတယ်။

လေပွေနောက်ကို “စကော” ရုတ်တရက် လွင့်ပါသွားတော့ “ငါ့စကော၊ငါ့စကော” လို့အော်လည်းအော်၊
စကောနောက်ကိုလည်း ပြေးလိုက်သွားပါတယ်။

“ငါ့စကော၊ ငါ့စကော” ဆိုတဲ့အသံကြားတော့ ကျန်တဲ့အိမ်ထဲက လူတွေကပါ ထွက်ကြည့်ကြပါတယ်။
ဒါပေမယ့် ထွက်ကြည့်တဲ့ လူတွေရဲ့နားထဲမှာ ဘယ်လိုကြားပြီး ဘယ်လိုနားလည်သွားသလဲဆိုတော့
“ငစကောစစ်တပ်ကြီး ချီလာပြီ၊ငစကောစစ်တပ်ကြီး ချီလာပြီ” လို့ကြားပြီး၊
နားကြားမှု လွဲသွားပါတယ်။

ဒီတော့ ပြည်သူပြည်သားတွေက ငစကောတပ်ကြီးကို ကြောက်လန့်ပြီး၊မိသားစုလိုက် ကိုယ်စီ
ထွက်ပြေးကြပါတော့သတဲ့။အပြင်မှာ ရုတ်ရုတ်သဲသဲနဲ့ ဆူညံနေတဲ့အချိန်မှာ သုပညာမင်းဟာလည်း
မကျန်းမမာဖြစ်နေတဲ့အချိန်ပါ

နောက်ဆုံးတော့ သုပညာမင်းဟာ ဆူညံပွက်လောရိုက်နေတဲ့ အသံတွေကြောင့်ပဲ ထင်ပါတယ်။ နတ်ရွာစံသွားပါတယ်။

အဲဒီမှာတင် သရေခေတ္တရာပြည်ကြီး ပျက်စီးသွားရသလို၊သရေခေတ္တရာမင်းဆက်လည်း ပြတ်သွားရပါတော့တယ်။
ဒါကြောင့် မြို့ပြည်မင်းဆက်ပြတ်သွားတဲ့အတွက် သုပညာရဲ့နောက်မှာ နဂရဆိန္နဆိုတဲ့ အမည်ထပ်ဆက်ပြီး
“သုပညာ နဂရဆိန္နမင်း” လို့ နောက်ပိုင်းမှာ အမည်တွင်သွားတော့တယ်။နဂရ-ကမြို့ ၊ ဆိန္န-က
ပြတ်တောက်တယ် လို့ အဓိပ္ပာယ် ထွက်ပါတယ်။တကယ်တော့ ဘာငစကောစစ်တပ်ကြီးမှ ချီမလာခဲ့ပါဘူး။

“ငါ့စကော” ဆိုတဲ့ စကားလေးတစ်ခွန်းဟာ တိုင်းပြည်တစ်ပြည်ပျက်စီးသွားရသလို မင်းဆက်လည်း
ပြတ်သွားခဲ့ရပါတယ်။

ဘာပဲပြောပြော စကားလေးတစ်ခွန်းဟာတိုင်းပြည်တစ်ပြည် နဲ့ မင်းဆက်တစ်ခုကို
ပြောင်းလွဲသွားနိုင်ခဲ့တာတော့ အမှန်ပါပဲ။

တကယ်လို့သာ အဲဒီအချိန်မှာ ငစကောစစ်တပ်ကြီး ချီလာတာမဟုတ်ဘူး။ စကောလွင့်သွားတာ ဆိုတဲ့
အကြောင်းရင်းကို ရှာပေးနိုင်တဲ့ ပညာရှိတစ်ယောက်ယောက်သာ ထွက်ပေါ်ခဲ့ရင် အခုလိုဖြစ်သွားရမှာ
မဟုတ်ဘူးလို့တောင် တွေးမိပါသေးတယ်။

ဒါပေမယ့် တရားသဘောနဲ့ ကြည့်ပြန်တော့လည်း ဖြစ်ချိန်တန်ရင်ဖြစ်ပြီး ၊ ပျက်ချိန်တန်ရင်ပျက်
သွားရတဲ့သဘောပါ။

သက်ရှိသက်မဲ့ အရာအားလုံးဟာ တစ်နေ့သောအခါမှာ အကြောင်းတစ်စုံတစ်ခုနဲ့ ပျက်ဆီးကြရမှာပါ။
ဘာမှမတည်မြဲပါဘူး။

ဘာမှမတည်မြဲလှတဲ့ တရားသဘောလေးကို ဆင်ခြင်ပြီး၊မပျက်ဆီးခင်လေးမှာ
“အဓမ္မအမှုကို မပြုမိဖို့ဘဲအရေးကြီးပါတယ်။

ဖြစ်ခြင်း၊ပျက်ခြင်းတွေရဲ့ အကြောင်းတွေးမိရင် ဆိုးနေတဲ့စိတ်တောင် ဘယ်ရှာလို့ရှာရမှန်း မသိအောင်
ပျောက်သွားတတ်ပါတယ်။ တကယ်သေချာ စဉ်းစားကြည့်ရင် မပျက်ဆီးခင်လေးမှာ စိတ်ဆိုးခြင်းကို ဘာဖြစ်လို့
အချိန်တစ်ခု လုပ်ပြီး ပေးနေရတော့မှာလဲလေ။ဘာပဲပြောပြော စိတ်ဆိုးတော့မယ်ဆိုရင် အကြောင်းရင်းကို ရှာကြည့်လိုက်ပါဦး။ မဆိုးရရင် မနေနိုင်တာကလွဲလို့ ဆိုရင်လည်း
ရင်ထဲမှာပဲ ဆိုးလိုက်ပါ။

-【စာရိုက်ပူဇော်သူ - Admin Team ofYoung Buddhist's Association】
-【အရှင်ရာဇိန္ဒ(ရဝေနွယ်-အင်းမ)】
Posted by
www.facebook.com/youngbuddhistassociation.mm
ကျမ်းကိုး -
၁။ မူလပဏ္ဏာသပါဠိတော်၊ ၀ိတက္ကသဏ္ဌာနသုတ်။
၂။ မှန်နန်းရာဇ၀င် (ပထမတွဲ)
၃။ လောကကြေးမုံ၊ လေးမြိုင်။
(ရုပ်ရှင်တေးကဗျာမဂ္ဂဇင်း ဇူလိုင်လ ၊ ၂၀၀၆)
-【အရှင်ရာဇိန္ဒ(ရဝေနွယ်-အင်းမ) ၏“ဖြစ်ပြီးတဲ့အကုသိုလ်ကို ဘယ်လိုပယ်မလဲ”စာအုပ် နှာ ၇၀- ၈၀မှ -ကူးယူပူဇော်မျှဝေပါသည်။】


https://www.facebook.com/youngbuddhistassociation.mm/photos/a.207215705955116.61963.1290543

လက်နှစ်ဖက်ခြေနှစ်ဖက် မရှိတော့သော်လည်း လက်ထပ်ခဲ့ကြတဲ့ အံ့ဖွယ်ချစ်သူ စုံတွဲ

                      
အလွန်ချစ်ကြသော ချစ်သူနှစ်ဦး ရှိပါတယ်။ ရည်စား သက်တမ်းကလည်း အတော်ကြာပြီ ဆိုတော့ ၎င်းတို့နှစ်ယောက်ဟာ လက်ထပ်တော့မှာ ဖြစ်ပါတယ်။ အခြားသူတွေ အားကျလောက်အောင် လည်း အလွန်လိုက်ဖက်သော စုံတွဲတစ်တွဲ ဖြစ်ပါတယ်။

တစ်နေ့မှာတော့ ကောင်မလေး၏ ချစ်သူဟာ ခရီးတစ်ခု သွားပါတယ်။ ကံမကောင်းစွာပဲ ကားမှောက်ခဲ့တယ် ဆိုပါတော့။ ဒါကြောင့် ကောင်လေး၏ လက်တွေ ခြေထောက်တွေ အကုန်လုံးကို ဖြတ်လိုက်ရပါတော့တယ်။
ဒါကြောင့် ဆေးရုံးမှာ ရက်ပေါင်း အတော်ကြာအောင် ဆေးကုသမှုတွေ ခံယူရပါတယ်။ ဆေးရုံမှာ ရက်အတော်ကြာ နေပြီးနောက် ဆေးရုံကနေ ဆင်းရပါတော့တယ်။ ခြေမရှိ ၊ လက်မရှိနဲ့ ဆိုတော့ အလွန်ပဲ ဒုက္ခရောက်တာပေါ့။
ကောင်လေးဟာ အလွန်ပဲ စိတ်ဓာတ်ကျ သွားပါတော့တယ်။ ဘယ်လောက်ထိတောင် စိတ်ဓာတ်ကျသွားလည်း ဆိုတော့ လူ့လောကထဲမှာ မနေချင်တော့လောက်အောင် ကောင်လေးစိတ်ဓာတ် ကျသွားပါတော့တယ်။


ထိုအချိန်ကနေ စပြီး ကောင်လေး၏ ချစ်သူဟာ မညဉ်းမညူဘဲနဲ့ ကောင်လေး၏ ဝေရာ ဝစ္စတွေကို ရက်ပေါင်း များစွာ၊ လပေါင်း များစွာ၊ နှစ်တွေ ကြာအောင် ပြုစု စောင့်ရှောက် ပေးခဲ့ပါတယ်။ ဘယ်လောက်ထိအောင်လည်း ဆိုရင် ကောင်လေး သွားချင်တဲ့ နေရာတိုင်းကို ဂုံးပိုးပြီး လိုက်ပို့ပါတယ်။


သူတို့ နှစ်ယောက်ရဲ့ အချစ်ရေးဟာ ကံမကောင်းဘူးလို့ပဲ ဆိုရမှာလား မသိပါဘူး။ လက်ထပ်ခါနီးမှ အခုလို အဖြစ်ဆိုကြီးနဲ့ တိုက်ဆိုင်စွာ ကြုံတွေ့ လိုက်ရတယ်။ အလွန်ဝမ်းနည်း စရာလည်း ကောင်းလွန်ပါတယ်။ အခုလက်ရှိ အတိုင်းဆို သူတို့နှစ်ယောက်ဟာ လက်ထပ်ဖို့ မဖြစ်နိုင်ဘူး ဖြစ်နေတာပေါ့။


တစ်နေ့ ဆေးရုံကို သူတို့နှစ်ယောက် သွားကြတယ်။ ဆရာဝန်ဆီက မင်္ဂလာ သတင်းတစ်ခုကို ကြားသိ လိုက်ရတယ်။ အဲဒါကတော့ လူကောင်း ပကတိလိုမျိုး ခြေထောက်နှင့် လက်တွေကို အစားထိုးပေးမယ် ဆိုတဲ့ သတင်းပါပဲ။ ဒါကြောင့် သူတို့ ချစ်သူနှစ်ဦး အရမ်းပျော်သွားကြပါတယ်။ ကောင်မလေး ဖြစ်သူဆိုရင် ပျော်လွန်းလို့ မျက်ရည်တွေတောင် ကြပါတယ်။
ဒီလိုနဲ့ ကောင်းလေး၏ အစားထိုး ကုသတဲ့ အောင်မြင်သွားပါ တော့တယ်။ လူကောင်း ပကတိလိုမျိုးတော့ မဟုတ်ပေမယ့် သွားလာလှုပ်ရှား လို့ရနိုင်ပါတယ်။ ဒါကြောင့် သူတို့ နှစ်ယောက် မင်္ဂလာဆောင်လိုက် ကြပါတယ်။


ကံဆိုးမှုတွေကို သူတို့နှစ်ယောက် ရင်ဆိုင် ကြုံတွေ့လိုက် ရပေမယ့် ကောင်မလေးဟာ ကောင်လေး၏ အပေါ် စိတ်ပျက် ငြီးငွေ့ခြင်း မရှိဘဲ ပြုစု စောင့်ရှောက်ပေးခဲ့တယ်။ ဒါကြောင့် ကောင်မလေး၏ စိတ်ဓာတ်ကို လေးစားဖို့ ကောင်းလွန်းပါတယ်။ ဒါကြောင့် သူတို့နှစ်ယောက်ဟာ နောက်ဆုံးမှာတော့ အတူ ဘဝလက်တွဲဖော် ဖြစ်သွားကြပါတယ်။


ကောင်မလေးသာ အဲဒီလိုပြုစု ယုယ မှုတွေ မပေးဘူးဆိုရင် ကောင်လေးဟာလည်း လူ့လောကမှာ ရှိတော့မည် မဟုတ်ပါဘူး။ သူတို့ချစ်သူနှစ်ဦးဟာ အရင်လိုမျိုး ပျော်ရွှင်စရာကောင်းပြီး၊ အများအားကြထိုက်တဲ့ ဆုံတွဲ ဘဝကိုလည်း ပြန်လည်ရောက်ရှိလို လာမည်မဟုတ်ပါဘူး။


အချစ်ဆိုတာဟာ အေးချမ်းမှုတွေကိုပဲ ပေးတာ မဟုတ်ပါဘူး ပှုလောင်တွေကိုလည်း ရရှိစေပါတယ်။ ပှုလောင်မှုတွေ ရရှိလာချိန်မှာ မခံစားနိုင်ဘူးဆိုလျှင် ရင်ထဲမှာ အချစ်စစ် မဟုတ်လို့ပါ။
By ကျော်လင်းနိုင် (ရိုးရာလေး)


https://www.facebook.com/royalheromedia/photos/a.452811328083074.110728.452793661418174/864365846927618/?type=1&theater

ဗိုလ်ချုပ်အောင်ဆန်းပါဝင်ခဲ့သော ရုပ်ရှင်ဇာတ်ကား





=================================
Written by: တင်နိုင်တိုး
ဗိုလ်ချုပ်အောင်ဆန်းသည် ရန်ကုန်တက္ကသိုလ်ကျောင်းသားဘ၀က ဘွိုင်ကော့တာ (Boycotter) အမည်ရှိ ရုပ်ရှင်ဇာတ်ကားတစ်ကားတွင် ပါဝင်သရုပ်ဆောင်ခဲ့ဖူးရာ ထိုစဉ်က နာမည်မထင်ရှားသေးသဖြင့် လူသိနည်းလှပါသည်။
ဘွိုင်ကော့တာ ရုပ်ရှင်ဇာတ်ကား
ဘွိုင်ကော့တာ ရုပ်ရှင်ဇာတ်ကားကို ဗြိတိသျှဘားမားရုပ်ရှင်မှ ဒါရိုက်တာဦးဘဇင်က ရိုက်ကူးခဲ့ခြင်းဖြစ်သည်။ ယင်းဇာတ်ကားတွင် တင်ဆွေ၊ လှမောင်ကြီး၊ မေမေ၀င်းနှင့် ရုပ်ရှင်သရုပ်ဆောင်များစွာ ပါဝင်ထားကြကာ ၁၈ စက်တင်ဘာ ၁၉၃၇ တွင် ရန်ကုန်မြို့ အိုလံပီယာရုပ်ရှင်ရုံ၌ ပြသခဲ့ပါသည်။
ကျောင်းသားခေါင်းဆောင်များ
ဘွိုင်ကော့တာ ရုပ်ရှင်ဇာတ်ကားတွင် ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂမှ ကျောင်းသားခေါင်းဆောင်များ အများအပြား ပါဝင်သရုပ်ဆောင်ထားကြသည်။ ကျောင်းသားကိုအောင်ဆန်းသာမက ကိုနု (နောင်ဝန်ကြီးချုပ်)၊ ကိုရာရှစ် (နောင်ဝန်ကြီး)၊ ကိုထွန်းအုံ (နောင်မြူနီစီပယ်မင်းကြီး)တို့လည်း ပါဝင်ခဲ့ကြသည်။ ကိုနုသည် ကိုယ်တိုင်ပါဝင်သရုပ်ဆောင်ရုံမျှမက ဇာတ်ညွှန်းနှင့် တွဲဖက်ဒါရိုက်တာအဖြစ်ပါ တာဝန်ယူခဲ့ပါသည်။
ဇာတ်လမ်းအကျဉ်း
ဘွိုင်ကော့တာဇာတ်ကားကို ရန်ကုန်တက္ကသိုလ် ကျောင်းသားသပိတ်တွင် ဦးဆောင်နေသူ လှမြင့်က အမျိုးသားတက္ကသိုလ် တည်ဆောက်ရေးနှင့် စည်းရုံးရေးအတွက် ရန်ကုန်မှပဲခူးသို့ မီးရထားဖြင့်လာခဲ့ရာမှ အစပြုထားပါသည်။ လှမြင့်နှင့်အတူ ပါလာသူ ယောက်ျားဟန်ဝတ်ဆင်ထားသော သန်းသန်းအား ရာဇ၀တ်အုပ်က မသင်္ကာ၍ စစ်ဆေးရာမှ မိဘများ သိရှိသွားကြသဖြင့် ထွက်ပြေးကြရသည်။
ရန်ကုန်တွင် လှမြင့်က သန်းသန်းနှင့်လက်ထပ်ကာ အတူပေါင်းသင်းနေထိုင်စဉ် မျက်နှာချင်းဆိုင်အိမ်မှ လှမောင်ကြီးက ရန်ပုံငွေထည့်ဝင်ခြင်း၊ ထမင်းဖိတ်ကျွေးခြင်းတို့ဖြင့် ရင်းနှီးအောင်ကြံဆောင်ခဲ့သည်။ လှမြင့်စည်းရုံးရေးခရီးမှ ပြန်ရောက်လာသောအခါ ဇနီးအား အထင်လွဲသွားသည်။ သန်းသန်းက အိမ်မှဆင်းသွားရာ လိုက်လံရှာဖွေရင်း နောက်ဆုံး ပြန်လည်ဆုံစည်းကြရင်း အမျိုးသားတက္ကသိုလ်ဖွင့်ပွဲ ပျော်ရွှင်စွာဆင်နွှဲကြပုံဖြင့် ဇာတ်သိမ်းထားပါသည်။ ကျောင်းသားခေါင်းဆောင် ကိုအောင်ဆန်းတို့က လှမြင့်အမျိုးသားတက္ကသိုလ် ထူထောင်ရေးအတွက် စည်းရုံးဟောပြောသည့်အခန်းတွင် ပါဝင်သရုပ်ဆောင်ခဲ့ကြခြင်း ဖြစ်သည်။
သူရိယသတင်းစာမှ ဖော်ပြချက်
ဘွိုင်ကော့တာ ရုပ်ရှင်ဇာတ်ကားနှင့် ပတ်သက်၍ ၂၄ စက်တင်ဘာ ၁၉၃၇ ရက်စွဲပါ သူရိယသတင်းစာတွင် ‘ဘွိုင်ကော့တာ ကျောင်းသူကျောင်းသားတို့ တိုးဝှေ့ကြည့်ကြပုံ’ ခေါင်းစဉ်ဖြင့် ရေးသားဖော်ပြရာ၌ “လွန်ခဲ့သည့် ယူနီဘာစီတီ အရေးတော်ပုံကြီးနှင့် ပတ်သက်၍၊ ဗြိတိသျှဘားမား အရေးတော်ပုံကြီးနှင့် ပတ်သက်၍ ကုမ္ပဏီဒါရိုက်တာ ဦးဘဇင်သည် ၀တ္ထုသဘောမျိုးသက်ဝင်သည့် တကယ့်အဖြစ်များကို မျက်စိပသာဒ၌ ကွင်းကွင်းကွက်ကွက်ပေါ်လာအောင် ‘ဘွိုင်ကော့တာ’ ဇာတ်ထုပ်ကို ရိုက်ကူး၍ ယခုအခါ အော်လံပီယာရုံကြီး၌ ပြသလျက် ရှိကြောင်း။
ထိုဇာတ်ထုပ်ကြီးကို ပြသသည့်နေ့တွင် ရန်ကုန်မြို့ပေါ်ရှိ ကျောင်းတိုင်းကျောင်းတိုင်း သပိတ်မှောက်ကျောင်းသူကျောင်းသားများသည် သူ့ထက်ငါတိုးဝှေ့၍ အားတက်သရော ကြည့်ရှုကြပြီးလျှင် ကောင်းချီးပေးကြကြောင်း” စသည်ဖြင့် ရေးသားဖော်ပြခဲ့သည်။
ကိုအောင်ဆန်းကို မသိကြသေး
ဘွိုင်ကော့တာဇာတ်ကား ပြသစဉ်က ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်သူ ကိုအောင်ဆန်းအား တိုင်းပြည်က ကောင်းစွာသိရှိကြဟန် မတူသေးပေ။ ဇာတ်ကားအကြောင်း သတင်း၌ “ဘွိုင်ကော့တာကား ဇာတ်ထုပ်ကို စီစဉ်သူများမှာ သပိတ်မှောက်ခေါင်းဆောင် ဦးနု၊ မစ္စတာရာရှစ်၊ သပိတ်မှောက်ကောင်စီဝင် ကောလိပ်ကျောင်းသူကျောင်းသားများနှင့်တကွ ဒါရိုက်တာဦးဘဇင်ပင်ဖြစ်ကြောင်း” ဟူ၍ ဖော်ပြထားသော်လည်း ကိုအောင်ဆန်း၏အမည် မပါရှိခဲ့ပေ။
ကိုယ်တွေ့အဖြစ်အပျက်
ရုပ်ရှင်ဇာတ်ကားတွင် ကိုအောင်ဆန်းနှင့် တက္ကသိုလ်ကျောင်းသားများပါဝင်သော ဇာတ်ဝင်ခန်းကို လက်တွေ့အဖြစ်အပျက်နှင့် အတတ်နိုင်ဆုံးတူညီစွာ ရိုက်ကူးခဲ့ပုံနှင့် ပတ်သက်၍လည်း သူရိယသတင်းထောက်က “ကျွန်ုပ်သည် သပိတ်မှောက်သည့်နေ့က ကိုယ်တွေ့မျက်မြင်တစ်ဦး ဖြစ်သည့်အတိုင်း ဘွိုင်ကော့တာဇာတ်ထုပ်ကို ပထမနေ့ကပင် ကြည့်ရှုရာ ဇာတ်ထုပ်တွင်ပါရှိသည့် အခန်းများမှာ သပိတ်မှောက်စဉ်အခါက ဖြစ်ပျက်သော အဖြစ်အပျက်များနှင့် တစ်သဝေမတိမ်း ထပ်တူထပ်မျှ တူလှပေကြောင်း။ ဤကဲ့သို့ အဖြစ်အပျက်ကိုရိုက်ကူး၍ ဇာတ်ထုပ်သဖွယ် ပြုလုပ်ပြသည်မှာ ကျွန်ုပ်သိရသလောက် ဗြိတိသျှဘားမားက အရှေးဦးပထမပင်ဖြစ်ကြောင်း” စသည်ဖြင့် ရေးသားဖော်ပြခဲ့သည်။
ဒါရိုက်တာ ဦးဘဇင်
ဘွိုင်ကော့တာဇာတ်ကားကို ရိုက်ကူးခဲ့သူ ဒါရိုက်တာဦးဘဇင်မှာ မျိုးချစ်စိတ်ဓာတ် ပြင်းထန်သူဖြစ်သည့်အပြင် ရဲစွမ်းသတ္တိနှင့် ပြည့်စုံသူတစ်ဦးဟုလည်း ဆိုနိုင်ပါသည်။ ၁၉၃၆ ခုနှစ် ဒုတိယကျောင်းသားသပိတ်ဖြစ်ပြီးစ ကာလ၌ပင် ကျောင်းသားသပိတ်ကာလ အဖြစ်အပျက်များကို ဇာတ်လမ်းတွင် ထည့်သွင်းရိုက်ကူးဝံ့ခြင်းမှာ အံ့မခန်းစိတ်ဓာတ်ပင် ဖြစ်ပါသည်။
သတင်းဖော်ပြရာတွင် “ဇာတ်ကား၌ ကြောက်စိတ်ကျွန်စိတ်တွေဖျောက်ပြီး ဇာတိမာန်တက်ကြွစေ၍ အမျိုးသားအကျိုးကို မလျော့သောလုံ့လနှင့် ဆောင်ရွက်ရန် တိုက်တွန်းထားကြောင်း။ ၎င်းပြင် အမျိုးသားတက္ကသိုလ် ဖြစ်မြောက်ရန်အတွက် ကျောင်းတော်သူ ကျောင်းတော်သားများက မည်ကဲ့သို့ဆောင်ရွက်သည့် အခန်း၊ အခက်အခဲများကို ရိုက်ကူးထားသဖြင့် ဒါရိုက်တာဦးဘဇင်အား အထူးချီးမွမ်းထိုက်ကြောင်း” စသည်ဖြင့် ရေးသားထားသည်ကို တွေ့ရှိရပါသည်။
သတင်းစာဆရာတစ်ဦး၏ အမြင်
မဏ္ဍိုင်သတင်းစာမှ သတင်းစာဆရာတစ်ဦးဖြစ်သူ မောင်ထိန်က နောက်ပိုင်းသူ၏အမြင်ကို ရေးသားဖော်ပြရာတွင် “ဗိုလ်ချုပ်အောင်ဆန်းကို ကျွန်တော်သည် ဗြိတိသျှဘားမား ရုပ်ရှင်ကုမ္ပဏီဒါရိုက်တာ သခင်နု (ယခုဝန်ကြီးချုပ်ဦးနု) ရိုက်ကူးသော ဘွိုင်ကော့တာဇာတ်ကားမှ စတင်သိခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်း ပါဝင်ရိုက်ကူးသောအခန်းမှာ သပိတ်အရေးနှင့်တ်သက်၍ ကျောင်းသားသမဂ္ဂခေါင်းဆောင်များ စည်းဝေးခန်းဖြစ်ပါသည်။ ထိုအခန်းတွင် သခင်အောင်ဆန်း၊ သခင်လှဖေ (ဗိုလ်လက်ျာ)၊ ဦးထွန်းအုံ(မြူမင်းကြီးဦးထွန်းအုံ)၊ မစ္စတာအမ်အေရာရှစ်(၀န်ကြီးဦးရာရှစ်)နှင့် သမဂ္ဂခေါင်းဆောင်များ ပါဝင်ကြသည်။
ထိုအချိန်က ဗိုလ်ချုပ်အောင်ဆန်းကို ကျွန်တော်သည် သိပင်သိသော်လည်း လုံးဝဂရုမထားချေ။ ကျွန်တော်တို့ခေါင်းဆောင်ကြီး ဖြစ်မည်ဟုလည်း လုံးဝမမျှော်လင့်ခဲ့ပေ။ ဘာကြောင့်နည်း။ သူ၏ အ၀တ်အစားချို့တဲ့မှု၊ ဆံပင်ကို ဖြီးလိမ်းခြင်းမရှိ၊ စုတ်ဖွားဖွားထားခြင်း၊ မျက်နှာအနေအထား ကြည်လင်မှုမရှိ၊ အမြဲမှုန်တေတေ ဖြစ်နေခြင်းတို့ကြောင့် သာမန်နောက်လိုက် အမှုဆောင်တစ်ယောက်ဟုပင် ထင်မိသည်” ဟု ရေးသားဖော်ပြခဲ့ဖူးပါသည်။
ကိုအောင်ဆန်း၏ သရုပ်ဆောင်ဟန်
ဘွိုင်ကော့တာ ရုပ်ရှင်ဇာတ်ကားတွင် ကျောင်းသားခေါင်းဆောင် ကိုအောင်ဆန်း၏ သရုပ်ဆောင်ဟန်အဖြစ် တိုက်ပုံအနက်ဝတ်ဆင်လျက် ရိုက်ကူးထားသော ဓာတ်ပုံတစ်ပုံကို တွေ့ရှိရပါသည်။ ကိုအောင်ဆန်း၏နောက်တွင် အခြားကျောင်းသားခေါင်းဆောင် အချို့ကိုလည်း တွေ့ရှိရပါသည်။ ယင်းဓာတ်ပုံမှာ ဘွိုင်ကော့တာရုပ်ရှင်ဇာတ်ကားမှ ကျောင်းသားကိုအောင်ဆန်း၏ သရုပ်ဆောင်ဟန်ဖြစ်ကြောင်း မြန်မာ့ရုပ်ရှင် ရွှေရတုသဘင်အခမ်းအနား ကျင်းပစဉ်က သိမီလိုက်ကြသည့် ရုပ်ရှင်ပညာရှင်များက အတည်ပြုပြောကြားခဲ့ကြပါသည်။
လူကြမ်းမင်းသားအား ကရုဏာသက်ကြပုံ
ရုပ်ရှင်ကြည့် ပရိသတ်သည် ရန်ကုန်တက္ကသိုလ် ကျောင်းသားသပိတ်ခေါင်းဆောင်များ သပိတ်မှောက်ကြသည့်အခန်း၊ တရားဟောကြသည့်အခန်းများကို ကြည့်ရှုအားပေးခဲ့ကြသကဲ့သို့ လူကြမ်းလှမောင်ကြီး၏ သရုပ်ဆောင်ပုံကိုလည်း ကြည့်ရှုကာ ၀မ်းနည်းကြေကွဲခဲ့ကြသည် ဆိုပါသည်။ လှမောင်ကြီးမှာ ဘွိုင်ကော့တာဇာတ်ကား ရိုက်ကူးပြီးစတွင် ကွယ်လွန်သွားခဲ့ရာ ဇာတ်ကားရုံတင်ပြသစဉ် သက်ရှိထင်ရှားမရှိတော့ပေ။ ပရိသတ်အချို့က ရုပ်ရှင်ကြည့်ရင်း “ကိုလှမောင်ရေ အမျှဗျို့” ဟူ၍ပင် အော်ဟစ်အမျှအတန်းဝေခဲ့ကြသည် ဆို၏။
နောင်တစ်ချိန်တွင် မြန်မာ့လွတ်လပ်ရေး ဗိသုကာကြီးဖြစ်လာမည့် တက္ကသိုလ်ကျောင်းသား ကိုအောင်ဆန်းကို ပရိသတ်က သတိမပြုမိကြသေးဘဲ လူကြမ်းလှမောင်ကြီးကိုသာ တမ်းတခဲ့ကြသည့်အပေါ် အမှတ်ရခဲ့မိကြောင်း ဘွိုင်ကော့တာဇာတ်ကား ကြည့်ရှုခဲ့ဖူးသူတစ်ဦးက ပြန်ပြောင်းပြောပြခဲ့ပါသည်။
ကျမ်းကိုး-
၁။ ဗိုလ်ချုပ်ဘာကြောင့် ခေါင်းဆောင်ဖြစ်ခဲ့သလဲ။ (မောင်ထိန်) မဏ္ဍိုင် (၁၉-၇-၁၉၅၅)
https://www.facebook.com/yan.shin.96/posts/979222165439960

"မိုလ်ဘိုင်းဖုန်းဝယ်တော့မယ်ဆိုရင် သိထားဖို့"



မင်္ဂလာညနေခင်းလေးပါ။ ဒီတခါတော့ ဖုန်းဝယ်တော့မယ်ဆိုရင် ဖုန်းဆိုင်မှာပဲ Original စစ် မစစ်၊ ဖုန်းရဲ့ Quality အရည်သွေး ကောင်း မကောင်း မိမိကိုယ်တိုင် စစ်ဆေးနိုင်ဖို့ အလွယ်ကူဆုံးနဲ့ အထိရောက်ဆုံးနည်းလမ်းလေးတွေကို ထပ်မံမျှဝေလိုက်ပါတယ်။

မိမိဝယ်လိုက်တဲ့ ဖုန်းဟာ Quality ပြည့်ပြီး Original ဖုန်းစစ်မစစ်ကို မျက်လုံးနဲ့ ကြည့်ရုံနဲ့ မသိနိုင်ပါဘူး။ အခုခေတ်မှာ ပုံတူပွားပြီး ထုတ်ထားတဲ့ Clone ဖုန်းတွေကလည်း အများသားပဲလေ။ ဒါ့ကြောင့် ကိုယ့်ရဲ့ဖုန်းဟာ Original ဖုန်းစစ်မစစ်ကို စမ်းသပ်ကြည့်နိုင်ဖို့ ဖော်ပြပေးလိုက်ပါတယ်။
ပထမဆုံးအနေနဲ့ *#06# ကို ရိုက်ပြီး Call လုပ်လိုက်ပါ။ အဲဒီမှာ နိုင်ငံတကာ မိုဘိုင်းဖုန်း တပ်ဆင်ခြင်းဆိုင်ရာခွင့်ပြုချက်အမှတ် (International Mobile Equipment Identity - IMEI) ဂဏန်း ၁၅ လုံး ထွက်ပေါ်လာတာကို မြင်တွေ့ ရမှာပါ။
ဥပမာ- 4 3 4 5 6 6 1 0 6 7 8 9 4 3 5 ဆိုပါစို့။ အဲဒီ ဂဏန်း ၁၅ လုံးထဲက (၇) ကြိမ်မြောက်နဲ့ (၈) ကြိမ်မြောက်ဂဏန်းဟာ-

(၁) 02 (သို့မဟုတ်) 20 ဖြစ်မယ်ဆိုရင် သင့်ရဲ့ဖုန်းက တရုတ်နိုင်ငံထုတ် အနိမ့်ဆုံး Quality ရှိတဲ့ ဖုန်းတစ်လုံးဖြစ်တယ် ဆိုတာ ဖော်ပြနေတာပါပဲ။

(၂) 08 (သို့မဟုတ်) 80 ဖြစ်မယ်ဆိုရင် သင့်ရဲ့ ဖုန်းကို ဂျာမနီမှာ ထုတ်လုပ်ထားတယ်ဆိုတာ ပြသနေပါတယ်။ Quality ပိုင်းမှာတော့ အသင့်အတင့်ရှိနေပါတယ်။ အဆိုးဆုံးတော့ မဟုတ်ပါဘူး။

(၃) 01 (သို့မဟုတ်) 10 ဖြစ်မယ်ဆိုရင် သင့်ရဲ့ ဖုန်းကို ဖင်လန်နိုင်ငံမှာ ထုတ်လုပ်ထားတယ်ဆိုတာ ပြသနေပါတယ်။ Quality ပြည့်တဲ့ ဖုန်းတစ်လုံးလို့ သတ်မှတ်နိုင်ပါတယ်။

(၄) 00 ဖြစ်မယ်ဆိုရင်တော့ သင့်ရဲ့ဖုန်းက မူရင်းစက်ရုံမှာ ထုတ်လုပ်တယ်ဆိုတာကို ဖော်ပြနေပါတယ်။ အကောင်းဆုံး Quality ရှိတဲ့ဖုန်းလို့ သတ်မှတ်နိုင်မှာ ဖြစ်ပါတယ်။

(၅) 05 (သို့မဟုတ်) 50 ဖြစ်မယ်ဆိုရင် ကိုရီးယားနိုင်ငံထုတ်ဖြစ်ပြီး၊ 03 (သို့) 30၊ 04 , 40၊ 06 , 60 ဖြစ်မယ်ဆိုရင် ဗီယမ်နမ်၊ စင်္ကာပူ၊ ထိုင်ဝမ် တို့မှာထုတ်လုပ်ပြီး Quality အတော်ကောင်းတဲ့ဖုန်းဖြစ်နေပါပြီ။

(၆) 13 သို့မဟုတ် 31 ဖြစ်မယ်ဆိုရင်တော့ သင့်ရဲ့ဖုန်းဟာ အဆိုးရွားဆုံး Quality ရှိတဲ့ ဖုန်းတစ်လုံးလို့ သတ်မှတ်နိုင်ပါတယ်။ အဆိုးဆုံးကတော့ အဲဒီဖုန်းဟာ သင့်ရဲ့ကျန်းမာရေး အတွက် အန္တရာယ်အရှိဆုံး ဖုန်းတစ်လုံးဖြစ်တာကြောင့် စွန့်လွှတ်ဖို့ ၀န်မလေးနေပါနဲ့။

အထက်မှာ ဖော်ပြထားတဲ့ ကိန်းဂဏန်းတွေအပြင် အခြားနိုင်ငံတွေရဲ့ ကုဒ်နံပါတ်တွေရှိပါသေးတယ်။ ဖော်ပြထားတဲ့ ကုဒ်နံပါတ်တွေက ထင်ရှားတဲ့ နံပါတ်တွေကိုပဲ ဖော်ပြထားတာဖြစ်ပါတယ်။ ဒါဆိုရင် သင့်ရဲ့ဖုန်းက Quality ပြည့်မပြည့် Original စစ်မစစ်ဆိုတာ စမ်းသပ် စစ်ဆေးနိုင်ပြီလို့ မျှော်လင့်မိပါတယ်။ အားလုံး စစ်မှန်၊ အရည်သွေးမြင့်ဖုန်းတလုံးပိုင်ဆိုင်နိုင်ပါစေ။

အထက်ပါ စစ်ဆေးခြင်းနည်းတွေက မိုလ်ဘိုင်းဖုန်းအားလုံးအတွက်ဖြစ်ပါတယ်။ ယခုထက်မံ ဖြည့်စွပ်ချင်တာကတော့ Samsung ဖုန်းတွေကို Original စစ်မစစ် စစ်ဆေးဖို့နည်းတခုပါ။
Samsung ဖုန်းမှာ
*#0*# ကို call ပါ။ Original
စစ်ရင် colour လေးတွေ
ပေါ်လာမယ်။ font camera တို့ speaker တို့အစရှိသဖြင့် ဖုန်းတလုံးရဲ့ အရေးကြီးအစိတ်ပိုင်းတွေပါ စမ်းသပ်နိုင်ပါတယ်။ ထို့နောက်
sinsor ကိုနှိပ်ဝင်ပြီး image test နှိပ်ပေးရင် ခွေးပုံလေး
ပေါ်လာလိမ့်မယ် အတုဆိုရင် မပေါ်ပါဘူး။ ဖုန်းရဲ့ setting > display > font style ပါ မပါကြည့်ပါ။ font style ပါခဲ့ရင်တော့ သင့်ဖုန်းက samsung အစစ်ပါ။ ဒီလိုနည်းဖြင့်
samsung စစ်မစစ် စမ်းသပ်နိုင်ပါပြီ။
အားလုံးအဆင်ပြေ နှစ်သက် ပျော်ရွှင်ကြပါစေ။

 ✏ http://nannlaydreamworld.blogspot.com/2014/06/blog-post.html ✏ 


https://www.facebook.com/technologyandknowledge/photos/a.651771478193567.1073741830.65154

လဖြတ်ထားခြင်း ရှိမရှိ သင်ဘယ်လို သိနိုင်မလဲ

                    
အသားကင်ဆိုင် တစ်ဆိုင်တွင် အမျိုးသမီး တစ်ဦး ချော်လဲကျသည်။ ဖိနပ် အသစ်ဆီးလာ၍ ချော်လဲကျ တာပါဟုပင် သူမကပြောလိုက်သေးသည်။ သူမက အဝတ်စားတွင်ကပ်နေသော ဖုန်များကိုခါ၍ သန့်ရှင်းလုပ်ပီး ပန်းကန် တစ်ချက်ယူကာ ညနေစာ စားသည်။ 

သူမကို ကြည့်ရသည်မှာ တစ်ညနေလုံးအေးအေးဆေးဆေးပါ။ ညနေခြောက်နာရီ ရောက်တော့ သူမ အမျိုးသားက အသားကင်ဆိုင်ကို ဖုန်းဆက်သည်။ ညနေ ခြောက်နာရီမှာ သူမ ဆုံးပါးသွားပါသည် ဟူ၍။

ဆရာဝန်၏ အဆိုအရ လေဖြတ်ခြင်းကြောင့် သူမ လဲကျသွားခဲ့ခြင်း ဖြစ်ပီး (၃)နာရီးအတွင်း ဆေးရုံ သို့ရောက်ရှိလာပါက အသက်မသေအောင် ကယ်ဆယ်နိုင်သည်ဟု ဆိုသည်။ 

သို့ဆိုလျှင် အချိန်မှီ ကယ်တင်နိုင်ရန် လူတစ်ဦး လေဖြတ်မဖြတ် ဘယ်လို သိရှိနိုင်မည်လဲ။

ဦးနှောက်နှင် အာရုံကြော ဆရာဝန်များက အဆင့် သုံးဆင့် ၃ ဆင့်ပါဝင်သော စမ်းသပ် နည်းတစ်ခု တည်ထွင်ထားသည်။

၁. S- Smile. ဒဏ်ရာရသူကို လေဖြတ်မဖြတ် သိရှိနိုင်ရန် ပြုံးခိုင်းပါ။

၂. T- Talk. ဝါကျ တစ်ခုကို သဒ္ဒါ မှန်မှန် ၊ ယုတ်တိကျကျ ပြေခိုင်းပါ။
ဥပမာ။ ။ ယနေ့ နေသာသည်။

၃.R- Raise Both Arms.လူနာကို လက်နှစ်ဖက်လုံ မြှောင့်ခိုင်းပါ။

အထက်ပါစမ်းသပ်မူ ၃ ခုအနက် တစ်ခုခု မလုပ်နိုက်ပါက ဆေးရုံသု ချက်ချင်းပို့ပါ။

ထိုနည်းများနှင့် စမ်းသပ်၍ မသေချာပါက လူနာကို လျှာထုတ်ခိုင်းပါ။ လျှာလိပ်နေလျှင်ဖြစ်စေ၊ လျှာ တစ်ဖက်ဖက်သို့ စောင်းနေလျှင်ဖြစ်စေ လေဖြတ်နေခြင်း ဖြစ်နိုင်သည်။

အထက်ပါ နည်းလမ်းများကို သိထားသူမှ လူ ၁၀ ဦးအားမျှဝေပေးပါက အနည်းဆုံး လူတစ်ဦး၏ အသက်အား ကယ်တင်နိုင်မည်ဟု ဆရာဝန်မှ တိုက်တွန်းထားသည်။

ကျမ်းမာခြင်း သည် လတ်တပါး ........

Sai Thiha

https://www.facebook.com/photo.php?fbid=1485418315051553&set=a.138096531

အဆီပိုတွေ လောင်ကျွမ်းပစ်စေမယ့် အလွယ်ကူဆုံးအကျင့် (၃)မျိုး




လူအများစုအဖို့စားသောက်ဆိုင်ကြေငြာတွေမှာပါတဲ့ စားကောင်းသောက်
ဖွယ်တိုင်းကို မက်မောစိတ်၊စားချင်စိတ်မဖြစ်ကြပါဘူး။ဒါပေမယ့်မျက်စိ
အောက်ရောက်လာတဲ့စားကောင်းသောက်ဖွယ်တွေကိုငြင်းဆန်ဖို့ခဲယဉ်း
တတ်ကြပါတယ်။ဒီစားချင်စိတ်ကို ပညာသားပါပါကိုင်တွယ်တတ်ရင်တော့
စားချင်စိတ်လည်းပြေပျောက်ကျေနပ်သလို ခန္ထာကိုယ်တွင်းအဆီလောင်ကျွမ်း
ပြီးပိန်သွယ်စေပါလိမ့်မယ်။အထောက်အကူဖြစ်စေမယ့်နည်းလမ်း (၃)မျိုးကို
မျှဝေလိုက်ပါတယ်။

မနက်အိပ်ရာထများများစားပါ။နေ့လည်စားကိုအသင့်အတင့်စားပြီး
ညနေစာကိုတတ်နိုင်သလောက်လျှော့စားပါ။

မနက်အိပ်ရာထချိန်မှာဘုရင်မတစ်ပါးလို ခမ်းခမ်းနားနားစားပါ။နေ့လည်
ထမင်းစားချိန်မှာမင်းသမီးလိုစားပြီးညစာစားချိန်မှာတော့သူဆင်းရဲလိုစားပါ
လို့အာဟာရကျွမ်းကျင်သူတွေကအကြံပြူကြပါတယ်။ညဘက်အိပ်ရာဝင်ချိန်
နောက်ကျတာကြောင့်မနက်အိပ်ရာထချိန်ကမနက်အိပ်ရာထချိန်က နေ့လည်
ထမင်းစားချိန်ဖြစ်နေတဲ့သူတွေ၊ညစာကိုတစ်ခမ်းတနားစားတတ်သူတွေအ
ဖို့လိုက်နာဖို့ခဲယဉ်းလှတဲ့အကြံပြုချက်လို့ဆိုရပါမယ်။ဒါပေမယ့်ဒီအကြံပြု
ချက်အတိုင်းနံနက်အိပ်ရာထချိန်မှာအာဟာရပြည့်ဝအောင်ဖွယ်ဖွယ်ရာရာ
စားမယ်၊ဗိုက်ဝအော်စားထားမယ်ဆိုရင် ခန္တာကိုယ်ရဲ့အစားအစာကစွမ်းအင်
ထုတ်တဲ့ဇီဝကမ္မဖြစ်စဉ်ဟာ တစ်နေ့တာလုံးနှေးသွားတာကြောင့်များများ
စားချင်စိတ်မရှိတာရယ်၊မစားနိုင်တာရယ်ကြောင့်အကြံပြုချက်ကိုလိုက်နာ
ဖို့မခဲယဉ်းတော့ပါဘူး။ဒီပုံစံစားသောက်တဲ့အလေ့အထကိုပျိုးထောင်ကြည့်
ရင် အကျိုးဆက်ကိုလည်းသိသိသာသာခံစားရပါလိမ့်မယ်။

ဟင်းခတ်အမွှေးအကြိုင်များများထည့်ပြီး ပူပူစပ်စပ်ချက်စားပါ။

ငရုတ်သီးထည့်ပြီးဟင်းကိုအစပ်ချက်စားတာကလည်းကိုယ်တွင်းအဆီတွေ
လောင်ကျွမ်းအောင်အားပေးပါတယ်။ငရုတ်သီးအစပ်အရသာကြောင့်အစာ
ခြေစနစ်ပိုပြီးအလုပ်လုပ်ရတယ်။နှလုံးခုန်နှုန်းမြန်စေတယ်။ခန္တာကိုယ်ရဲ့
အပူချိန်တိုးစေတယ်လို့သိရပါတယ်။အခုလိုခန္တာကိုယ်တွင်းပြောင်းလဲမှု
တွေကအဆီပိုတွေကိုများများလောင်ကျွမ်းပစ်နိုင်ပါတယ်။

ရိုးရိုးရေမသောက်ပဲရေခဲရေသောက်ပါ။
လေ့လာမှုတစ်ခုမှာတွေ့ရှိတာကတော့ရေခဲတမျှအေးတဲ့ရေခဲရေသောက်ရင်
ခန္တာကိုယ်ရဲ့ဇီဝကမ္မဖြစ်စဉ်ကို ၃၀%တိုးစေတာကြောင့်အဆီတွေကိုပိုလောင်
ကျွမ်းနိုင်ပါတယ်။

Credit to-သက်ထားအောင်


https://www.facebook.com/mmonlineclinic/photos/a.263659537082334.57519.263396900441931/69

ဆေးစွမ်းထက်သော သဘာဝဆေးပင်


ယခုပုံထဲမှာ မြင်နေရတဲ့အပင်ကတော့ ဒန္တသုခပင်(တောဓါးပြပင်)ဖြစ်ပါတယ်။ ၄င်းအပင်ဟာ အလွန်ဆေးစွမ်းထက်သော အပင်ဖြစ်ပါတယ်။
ဒီအပင်ကို မိမိတို့ပတ်ဝန်းကျင်မှာလည်း အလွယ်တကူ မြင်တွေ့နိုင်ကြပါတယ်။

ဒီအပင်ကို Conyza cinerea L လို့ သိပ္ပံနာမည်အနေနဲ့ သတ်မှတ်ထားကြပါတယ်။ နောက်တစ်မျိုးအနေနဲ့ Little ironweed, Ash-coloured fleabane, Ash-coloured ironweed, Purple fleabane, Purple-flowered fleabane ဆိုပြီးတော့လည်း ခေါ်ဆိုကြပါသေးတယ်။

ဒီအပင်ရဲ့ ပဉ္စငါးပါး(အပင်၊ အသီး၊ အရွက်၊ အပွင့်၊ အမြှစ်) အားလုံးဟာ ဆေးဖက်ဝင်ပါတယ်။

၁။ ဆေးလိပ်ဖြတ်ချင်သူများအတွက်

ဒီအပင်ကို ၂ ပင်၊ ၃ ပင်ခန့်ကို ယူ၍ ရေနွေးပွတ်ပွတ်ဖြင့် (၁၀)မိနစ်ခန့် ပြုတ်ကာ ဆေးရည်ကို ၂ လခန့် သောက်သုံးပေးပါက ဆေးလိပ်စွဲနေတဲ့ အာသီသများကို ရာခိုင်နှုန်း ၆၀% အထိ လျှော့ချပေးနိုင်ကြောင့် လေ့လာတွေ့ရှိထားကြပါတယ်။

၂။ အနာအမျိုးမျိုးအတွက်

ဒီဆေးပင်၏ အရွက်အစိမ်းကို ထောင်း၍ အနာပေါ်ကို အုပ်ပေးပါက အနာများ ကျက်သွား၍ တဖြေးဖြေး သက်သာပျောက်ကင်းသွားပါမည်။

၃။ ပွေး၊ ၀ဲ၊ ညှင်းများအတွက်

အရေပြားပေါ်တွင် ပေါက်နေသော ပွေး၊ ၀ဲ၊ ညှင်းနှင့် နှင်းခူးရောဂါများကိုလည်း ၄င်းဆေးပင်တစ်ပင်လုံးကို ကြိတ်၍ အရည်ရော အဖတ်ပါ ရောဂါပေါ်ကို အုပ်ထားပါက ပျောက်ကင်းစေပါသည်။

၎။ ဆီးချိုသမားများအတွက်

ဆေးပင်၏ အပင်နှင့်အရွက်ကို အခြောက်လှန်း၍ လက်ဖက်ခြောက်ကို သုံးသကဲ့ ရေနွေးပွက်ပွက်ထဲ ထည့်ပြုတ်ကာ အ၀ါရောင်သန်းနေသည့်အထိ ပြုတ်သောက်ပေးပါက ဆီးချိုရောဂါသက်သာစေပြီး ကိုယ်လက်ညောင်းညာခြင်းများ၊ ဇက်ကျောတက်ခြင်းများကို သက်သာစေပါသည်။

၅။ အစာအိမ်၊ အသည်းရောဂါ၊ ဆီးရောဂါနှင့် မျက်စိရောဂါများအတွက်

ဒီဆေးပင်ကို ရှေးခေတ်သမားတော်များကလည်း အစာအိမ်၊ အသည်းရောဂါ၊ ဆီးရောဂါနှင့် မျက်စိရောဂါနှင့် ငှက်ဖျားချွေးထုတ်ဆေးများအဖြစ် အသုံးပြုလာခဲ့ပါတယ်။

၆။ ဒီဆေးပင် အိန္ဒိယသမားတော်များကတော့ ချောင်းဆိုးပျောက်ဆေး၊ ဆီးရွှင်ဆေးနှင့် သံချဆေးအဖြစ် အသုံးပြုပါတယ်။

၇။ ဒီဆေးပင်ကို ကမ္ဘောဒီးယားသမားတော်များကတော့ ငှက်ဖျားရောဂါ၏ ကိုယ်ပူကျ ဆေး
အဖြစ် အသုံးပြုကြပါတယ်။

၈။ ဒီဆေးပင်ဟာ သွေးကျရောဂါကိုလည်း သက်သာစေ၍ သွေးသားကောင်းမွန် လာစေရန် အလွန်အစွမ်းထက်ပါတယ်။

၉။ ဒန္တသုခဆေးပင်၏ အစွမ်းအထက်ဆုံး ဆေးနည်းကတော့ မြွေဆိပ်ကို ဖြေနိုင်ခြင်းပဲ ဖြစ်ပါတယ်။
မြွေ၊ ကင်း၊ ပျား၊ ပုရွတ်ဆိတ်စတဲ့ အဆိပ်ရှိတဲ့အကောင်များ အကိုက်ခံရလျှင် ၄င်းအပင်၏ အရွက်၊ အကိုင်း၊ အပွင့်တို့ကို ရောကြိတ်၍ အနာပေါ်ကို အုပ်ပေးထားပါက ၅ မိနစ်အတွက် အဆိပ်ပြေသွားပါသည်။

နယ်စွန်းနယ်ဖျားဒေသ၊ တောဒေသနှင့် မြွေပေါသည့် အရပ်ဒေသတို့မှာ နေထိုင်ကြသူများအတွက် အလွန်အဖိုးတန်သည့် အရေးပေါ်အသက်ကယ်ဆေးတစ်လက်ဖြစ်ပါသည်။

သင့်မိတ်ဆွေများကိုလည်း Share ပေးခြင်းဖြင့် တန်ဖိုးရှိလှသည့် လူ့အသက်တစ်ချောင်းကို ကယ်နိုင်ကြပါစေ။

စောနွဲ့ နေဆိုင်(ပူတာအို)
ကိုးကား ။ ။ မြန်မာ့ဆေးကျမ်းများ၊ ဘုရားသုံးဆူမြို့ အလှပုံရိပ်များ

ကျန်းမာရေးသတင်းများ


https://www.facebook.com/231741783686751/photos/a.231751513685778.1073741828.23

တင်းတိပ်ကို သဘာဝနည်းနဲ့ ကုမယ်



အကြောင်းအမျိုးမျိုးကြောင့် မျက်နှာပေါ်မှာ တင်းတိပ်ဖြစ်၍ စိတ်ညစ်နေလျှင် အောက်ပါ သဘာဝဆေးနည်းများဖြင့် ကိုယ်တိုင်ကုသနိုင်ကြပါတယ်။

(၁) ဒန္တသုခဆေးပင် အရွက်စိမ်းကို ကြိတ်၍ သနပ်ခါးနှင့်ရောစပ်ကာ ညအိမ်ယာဝင်ခါနီးတိုင်း တင်းတိပ်ပေါ်ကို လိမ်းပေးပါ။ စိတ်ရှည်စွာဖြင့် တစ်လခန့် လိမ်ပေးပါက တင်းတိပ်လုံးဝ ပျောက်ပါမည်။

(၂) ကွမ်းရွက်ကို ၃ ရွက်ခန့်ကို ပါးပါးလှီး၍ ရေ ၃ ခွက် ၁ ခွက်ဖြစ်အောင်ပြုတ်ကာ ၄င်းကွမ်းပြုတ်ရည်ကို သဘာဝပျားရည်စစ်စစ် ၂ ဇွန်းခန့်ရောစပ်၍ အဖုံးလုံးသော ပုလင်းထဲထည့်ကာ နှပ်ထားပါ။ လိမ်းခါနီး မျက်နှာကို သန့်စင်၍ မနက်နှင့်ည တစ်ရက်ကို နှစ်ကြိမ် လိမ်ပေးပါ။

(၃) ကြက်သွန်နီကို ထောင်း၍၄င်း၊ ကြိတ်၍၄င်း အရည်ညစ်ယူ၍ ရှာလကာရည်အနည်းငယ်နှင့် ရောစပ်ကာ တင်းတိပ်ပေါ်ကို လိမ်းပေးပါ။ (၄) သိန္ဓောဆားကို ဆန်စေ့ နှစ်စေ့ခန့်ယူ၍ တစ်ခါလိမ်းစာ သနပ်ခါးနှင့် ရောစပ်ကာ ညစဉ်လိမ်း၍ အိပ်ယာဝင်ပါ။

(၅) နွင်းတစ်တက်ကို ရေစင်အောင်ဆေးကျောကာ နွားနို့အနည်းငယ်နှင့် သွေးပြီး တင်တိပ်ပေါ်ကို တစ်နေ့ ၃ ကြိမ် လိမ်းပေးပါ။

(၆) နံနံစေ့ကို ပြုတ်၍ ၄င်းဆေးရည်ဖြင့် မျက်နှာပေါ်ကို ညစဉ် လိမ်းပေးပါက တင်းတိပ်၊ ၀က်ခြံ၊ မှဲ့ခြောက်၊ ဆားဝက်ခြံများကို ပျောက်ကင်းစေပါသည်။

(၇) ထောပတ်သီး၏ အစေ့ကို နေရိပ်တွင် အခြောက်ခံ၍ ရေအေးနှင့်သွေးကာ သနပ်ခါးလိမ်းသကဲ့ ညစဉ်လိမ်းအိပ်နိုင်ပါသည်။

(၈) အုန်းမှုတ်ခွက်အခွံကို သံပုရာရည်နှင့်သွေးကာ တင်းတိပ်ပေါ်ကို လိမ်းပေးပါ။ အနည်းငယ် စပ်သော်လည်း သည်းခံ၍ တစ်လခန့် ညစဉ်လိမ်းပေးလျှင် တင်းတိပ်လုံးဝအရှင်း ပျောက်ကင်းပါမည်။

(၉) ဖရဲသီးအောက်ခံအဖြူသားကို ပါးပါးလှီး၍ မျက်နှာစင်ကြယ်အောင် ဆေးကျောပြီးလျှင် နာရီဝက်ခန့် မျက်နှာပေါ်မှာ တင်ထားပေးပါ။ ဖရီးသီးမှ သဘာဝဓါတ်က တင်းတိပ်ရောဂါကို စုပ်ထုတ်ပေးနိုင်စွမ်းရှိပါသည်။

(၁၀) ကျောက်ချဉ်ကို မုန်ညှင်းစေ့တစ်စေ့ခန့် သနပ်ခါးနှင့်သွေးကာ မနက်တစ်ကြိမ်၊ ညတစ်ကြိမ် လိမ်းပေးပါ။ တင်းတိပ်ပျောက်၍ မျက်နှာအရေပြားချောမွတ်ကာ ၀င်းပလာပါလိမ့်မည်။ မြင်သူ တကာ ငေးယူလောက်တဲ့ မျက်နှာအလှပိုင်ရှင်လေး များ ဖြစ်နိုင်ကြပါစေ။

ဆောင်းပါးရှင် - စောနွဲ့ နေဆိုင်(ပူတာအို)
ကိုးကား ။ ။ ရိုးရာတိုင်းရင်းဆေး၊ ကျော်တင့်ဆွေ



https://www.facebook.com/yoyarlaydotcom/photos/a.247917771918149.56547.171647766

ဝမ်းချုပ်ခြင်းကို ဖြေရှင်းပေးမည့် သင့်မီးဖိုချောင်ရှိ အရာများ


လူတိုင်း ဝမ်းချုပ်တာကို ခံစားဖူး ကြပါတယ်။

ဝမ်းချုပ်တာက သင်စားတဲ့ အစားအစာနဲ့ သောက်တဲ့ ဆေးတွေကြောင့် ဖြစ်နိုင်သလို ရောဂါ တစ်ခုခုရဲ့ ရှေ့ပြေးနိမိတ် လက္ခဏာ တစ်ရပ်လည်း ဖြစ်နိုင် ပါတယ်။

လူတစ်ဦးနဲ့ တစ်ဦး ဝမ်းသွားတဲ့ အလေ့အကျင့်တွေ မတူညီ တတ်ပါဘူး။ တချို့လူတွေက နေ့စဉ်ပုံမှန် ဝမ်းသွားတတ်ပေမယ့် တချို့လူတွေ ကတော့ တစ်ရက်ခြား၊ နှစ်ရက်ခြားမှ တစ်ကြိမ်သာ ဝမ်းသွားတဲ့ အလေ့အကျင့် ရှိတတ်ပါတယ်။ သင့်မှာ ဘယ်လိုပဲ အမူအကျင့် ရှိနေပါစေ တစ်ပတ်ကို သုံးကြိမ်ထက် နည်းပြီး ဝမ်းသွားမှသာ ဝမ်းချုပ်တယ်လို့ ကျွမ်းကျင်သူတွေက သတ်မှတ်ပါ တယ်။ ဝမ်းချုပ်လာမှ ဝမ်းနုတ်ဆေး စားတာက ဝမ်းချုပ်တာကို ယာယီသာ ဖြေရှင်းပေးနိုင်ပြီး သင့်တော်မှန်ကန်တဲ့ နည်းလမ်း မဟုတ်ပါဘူး။ ဝမ်းချုပ် တာကို ကာကွယ်နိုင်စေဖို့ မီးဖိုချောင်သုံး သီးနှံတွေနဲ့ ဖြေရှင်းလို့ရတဲ့ နည်းလမ်းတွေကို ဖော်ပြလိုက် ပါတယ်။

၁။ စပျစ်သီး

ကျက်အောင် ကျိုထားတဲ့ နွားနို့ ပူပူထဲကို အစေ့ထုတ်ထားတဲ့ စပျစ်သီး ၁၀-၁၂ လုံးလောက် ထည့်ကာ ညအိပ်ခါနီးတိုင်း သောက်ပြီး နွားနို့ထဲက စပျစ်သီးကို ဝါးစားပါ။ ဝမ်းချုပ်တာကို ကာကွယ် ပေးနိုင်ပါတယ်။

၂။ သေဘာၤသီး

သေဘာၤသီးက ဝမ်းပျော့ပျော့ သွားစေဖို့ အကောင်းဆုံး အိမ်တွင်းဆေးနည်း တစ်မျိုးလို့ ပြောရင် မှားမယ် မထင်ပါဘူး။

၃။ ချင်း (ဂျင်း)

ချင်းကို အခြောက်လှန်းပြီး အမှုန့်ကြိတ်ပါ။ ပွေးကိုင်းရွက်ကိုလည်း အခြောက်လှန်းပြီး အမှုန့်ကြိတ်ပါ။ ချင်းခြောက်မှုန့်နဲ့ ပွေးကိုင်းရွက်မှုန့် တို့ကို ဆတူ ရောထားပါ။ အိပ်ရာမဝင်ခင် ရေနွေးနွေးထဲကို ရောထားတဲ့ အမှုန့် ခတ်သောက်ပါ။ မနက် အိပ်ရာထတဲ့အခါ ဝမ်းပျော့ပျော့ သွားပါလိမ့်မယ်။

၎။ မာလကာသီး

မာလကာသီး ၁-၂ လုံးကို အစေ့တွေပါ စားပေးပါ။ ဝမ်းမချုပ်စေဖို့ အလွယ်ကူဆုံး နည်းလမ်းပါ။ မာလကာစေ့ တွေပါ စားမယ်ဆိုရင် ညက်အောင် သေချာ ဝါးစားဖို့တော့ လိုပါတယ်။

၅။ ဂေါ်ဖီထုပ်

အမျှင်ဓာတ် များစွာပါတဲ့ ဂေါ်ဖီထုပ်က သင့်ကို ဝမ်းမှန်စေပါတယ်။ ဂေါ်ဖီထုပ်ကို အရွက်အတိုင်း မစားချင်ပါက ပန်းကန်လုံး တစ်လုံးစာလောက် အရည်ညှစ်ပြီး တစ်နေ့ ၁-၂ ကြိမ် သောက်ပေးပါ။ ဝမ်းချုပ်တာအတွက် အကောင်းဆုံး အိမ်သုံးဆေးပါ။

၆။ ဗာဒံစေ့ဆီ

ဗာဒံစေ့ဆီ လက်ဖက်ရည်ဇွန်း ၁-၂ ဇွန်းကို နွားနို့နဲ့ ညအိပ်ရာမဝင်ခင် သောက်ပေးပါ။ ဝမ်းမချုပ်အောင် ကာကွယ် ပေးနိုင်ပါတယ်။

၇။ သံပရာသီး

သံပရာသီးကို အစိတ်လေးများ ဖြစ်အောင် လှီးဖြတ်ကာ တစ်ညအိပ် ထားပြီးနောက် သံပရာစိတ်လေးတွေကို အရည်ညှစ်ပါ။ တစ်နေ့ ၁-၂ ကြိမ် သောက်ပါ။ ဝမ်းချုပ်တာ မဖြစ်စေဖို့ အထောက်အကူ ပြုပါတယ်။

၈။ စွန်ပလွံသီး

စွန်ပလွံသီး အနည်းငယ်ကို ရေနွေးပူပူထဲ ထည့်ပြီး အေးသွားတဲ့အထိ ထားပါ။ အေးသွားပါက အဲဒီရေကို သောက်ပေးပါ။ ရေနွေး ပူပူအစား နွားနို့ပူပူကို အသုံးပြုလို့လည်း ရပါတယ်။

၉။ ပန်းသီး

ပန်းသီးက ဝမ်းချုပ်တာကို ကုသဖို့ အကောင်းဆုံး အသီးပါ။ မနက်စာ စားတဲ့အခါ ပန်းသီးပါအောင် ထည့်စားပေးပါ။ ဝမ်းကို ရှောရှောရှူရှူ သွားစေပါတယ်။

၁ဝ။ ဥသျှစ်သီး

ဥသျှစ်သီး စားပေးတာက ဝမ်းပျော့ပျော့ သွားစေတာကြောင့် ဝမ်းချုပ်တတ် သူတွေ စားပေး သင့်ပါတယ်။

Credit-ဇာခြည်ဝင်း (ဆေးဝါးတက္ကသိုလ်)


https://www.facebook.com/mmonlineclinic/photos/a.263659537082334.57519.263396900441931/6946

လူတို့ စိတ်နေစိတ်ထား အကြောင်း သိကောင်းစရာ



၁။ ၉၀ ရာခိုင်နှုန်းသော သင့်ရဲ့ လွမ်းခြင်း သတိရခြင်းဟာ လူပုဂ္ဂိုလ်တွေကို မဟုတ်ပါဘူး။ ယင်း လူပုဂ္ဂိုလ်၊ မိတ်ဆွေ၊ ချစ်သူ များနဲ့ ဖြတ်သန်းခဲ့တဲ့၊ အတူရှိခဲ့တဲ အချိန်၊ အတွေ့အကြုံနဲ့ ခံစားမှုများကို ပြန်လည် သတိရ၊ လွမ်းခြင်း ဖြစ်ပါတယ်။

၂။ အရယ်သန်သူ၊ ဟာသလုပ်တတ်သူ၊ စတတ်နောက်တတ်သူ အများစုဟာ ဝမ်းအနည်းဆုံး လူများ ဖြစ်ပါတယ်။ 

၃။ ၈၀ ရာခိုင်နှုန်းသော လူတို့ဟာ သူတို့ရဲ့ ခံစားချက်ကို ဘယ်သူ့ကိုမှ မပြောပဲ မြှိုသိပ်တတ်ပါတယ်။ အကြောင်းကတော့ သူတို့ရဲ့ ခံစားချက်ကို အခြားသူတို့အား ပြောရင်လည်း နားလည်ကြမှာ မဟုတ်ဘူးလို့ ယုံကြည်ထားကြလို့ ဖြစ်ပါတယ်။

၎။ သင့်ရဲ့ ဒုက္ခ နဲ့ ခံစားချက်များကို အခြားလူတို့ကို ဖွင့်ဟ ပြောပြတဲ့အခါ ၁ ရာခိုင်နှုန်းက ထပ်တူနီးပါး ခံစားပေးနိုင်ပြီး၊ ၄၉ ရာခိုင်နှုန်းက နားလည် စာနာပေးနိုင်ပါတယ်။ ကျန်ရှိတဲ့ ၅၀ ရာခိုင်နှုန်းမှာ ၂၅ ရာခိုင်နှုန်းသော လူတို့က ဂရုမစိုက်ပဲ နောက်ဆုံး၂၅ ရာခိုင်နှုန်းက သင့်ဒုက္ခရောက်နေတာကို ပျော်နေတတ် ပါတယ်။ (မိမိ ရှင်သန်ပေါက်ဖွားသော ပတ်ဝန်းကျင်အပေါ် မူတည်၍ ရာခိုင်နှုန်း ကွဲပြားပါတယ်။)

၅။ ၇၅ ရာခိုင်နှုန်းသော အမျိုးသမီးတို့က အဖြေသိပြီးသား မေးခွန်း ကို မေးလေ့မေးထ ရှိတာကြောင့် မှန်ကန်ရိုးရှင်တဲ့ အဖြေ၊ ရိုးသာတဲ့ အဖြေကို ပေးတာ အကောင်းဆုံးပဲ ဖြစ်ပါတယ်။

၆။ မိမိနားက ကြားသမျှ အကြောင်းအရာကို ချက်ချင်းမယုံလိုက်ပါနဲ့။ ဖြစ်ရပ် အကြောင်းအရာတိုင်းမှာ သင့်ရဲ့ အမြင်၊ ပြောသူရဲ့ အမြင် အပြင် အမှန်တရား ဆိုတဲ့ ထောင့်တစ်ခုပါ ရှိနေခြင်းကြောင့် ဖြစ်ပါတယ်။

၇။ မိမိ ဂရုစိုက်၊ မြတ်နိုးနေတဲ့ လူတစ်ယောက်က မိမိကို လစ်လျူရှုလိုက်တဲ့ အခါ နာကျင်မှု ဝေဒနာက ဦးနှောက်ကနေ ခန္ဓာကိုယ် နာကျင်မှုအထိ ကူးဆက် ပြန့်နှံ့သွားတတ်ပါတယ်။ ဒါကြောင့်မို့ ထမင်းမစားနိုင်ခြင်း၊ အိပ်ပျက်ခြင်း၊ ဖျားနာခြင်းတို့ ဖြစ်ကြခြင်း ဖြစ်ပါတယ်။

အောင်ခမ်း (ရိုးရာလေး)
www.yoyarlay.com


https://www.facebook.com/yoyarlaydotcom/photos/a.247917771918149.56547.171647766

နှစ်နှစ်ကြာသော်လည်း သခင့်ကို စောင့်နေဆဲ



ပုံမှာ မြင်တွေ့နေရတဲ့ ခွေးဟာ ရုရှားနိုင်ငံ မြို့ငယ်လေးတစ်မြို့က ခွေး တစ်ကောင် ဖြစ်ပါတယ်။ သူ့ရဲ့ သခင်ကို ဆေးရုံတင်ရချိန် လိုက်ပါလာခဲ့တာ လွန်ခဲ့တဲ့ နှစ်နှစ်ကတည်းက ဖြစ်ပါတယ်။ ဆေးရုံမှာ သခင် ရှိနေချိန် လာကူကြည့် ပေးတဲ့ တစ်ဦးတည်းသော အဖော်မွန်လည်း ဖြစ်ခဲ့ ပါတယ်။ 

သခင်သေဆုံးသွားတာကို သူမသိပါဘူး။ တစ်နေ့ကျ ရင် သခင် ဆေးရုံက ဆင်းမယ် ဆိုတဲ့ အမှတ်နဲ့ပဲ reception မှာအမြဲ လာထိုင်စောင့်နေတတ်ပါတယ်။ သခင် လူနာ သေပြီး လပိုင်းအကြာ ဆေးရုံမှ လူများက ခွေးကို ဆေးရုံ ပြန် မလာ တော့ နည်းအမျိုးမျိုးနဲ့ ပို့ဆောင်ပြုလုပ်ခဲ့ပေမယ့် လာနေဆဲ ဖြစ်ပါတယ်။ ဒါကြောင့်မို့ ဘယ်သူမှ သူ့ကို မတားတော့ပါဘူး။ ဒီတော့လဲ ဆေးရုံမှာ သနားစရာ မျက်လုံး ကလယ်ကလယ် နဲ့ စောင့်နေတတ် ပါတယ်။ သူ့မှာ အခြား သခင်လည်း မရှိပါဘူး။ တစ်ရက်လုံး လာနေတာတော့ မဟုတ်ပါဘူး။ သူ စားစရာ ရှိတဲ့အချိန်တွေကျ အပြင်သွားပြီး တစ်ရက်မှာ နာရီပိုင်း ကြာကြာ တစ်ခါတော့ လာထိုင်စောင့်တတ် ပါတယ်။

ဒါကို မြင်တဲ့ သူများကလည်း ဝမ်းနည်းပါတယ်။ ယခု ယင်းခွေးအတွက် သခင် အသစ်ကို ပြန်လည်ရှာဖွေပေးလျက် ရှိပေမယ့် သူ့ရင်ထဲမှာ ရှိနေတဲ့ သခင်နေရာ တော့ အစားထိုးလို့ ရဖို့ မသေချာပါဘူး..
.
Ref: Metro


အောင်ခမ်း (ရိုးရာလေး)
www.yoyarlay.com


https://www.facebook.com/yoyarlaydotcom/photos/a.247917771918149.56547.17164776

မြန်မာ့ အငွေ့အသက်နဲ့ ဂိမ်းတွေ ဖန်တီးသူများ




         



                      

ဇာနည်မာန်

တိုင်းပြည်၏ ရိုးရာယဉ်ကျေးမှုများကို ထိန်းသိမ်းရန်နှင့် သမိုင်းဝင် အမွေအနှစ်များကို ပြန်လည်ဖော်ထုတ် ရာတွင် အထောက်အကူ ဖြစ်စေရန် Digital နည်းပညာကို အသုံးပြုရေး စိတ်ကူးကောင်း တခုကို အကောင် အထည်ဖော်ရန် မြန်မာနိုင်ငံမှ ဗီဒီယိုဂိမ်း ရေးဆွဲသည့်အဖွဲ့တခုက အကြံရခဲ့ကြသည်။
နည်းပညာ အသုံးပြု၍ ပြုပြင်ပြောင်းလဲခြင်း များသည် ကာလရှည်ကြာစွာ ရှိခဲ့သည့် ယဉ်ကျေးမှုဓလေ့ ထုံး တမ်းများ အပေါ် အနုတ်သဘော သက်ရောက်နိုင်သည် ဟု အမြင်များ ရှိသော်လည်း သူတို့ အတွက်ကတော့ အရေးပါသည့် လက်နက်ကိရိယာ တခု ဖြစ်ပါသည်။
“ကျနော်တို့ရဲ့ အဓိက လုပ်ချင်တာက ဒီနေ့ခေတ် နည်းပညာကို အသုံးပြုပြီး မြန်မာ့ယဉ်ကျေးမှုကို မြှင့်တင် ဖို့ပါပဲ” ဟု Total Gameplay Studio မှ နည်းပညာ အရာရှိချုပ် ကိုမြင့်ကျော်သူက ပြောသည်။
Total Gameplay Studio သည် နည်းပညာ နားလည်တတ်ကျွမ်းသည့် မြန်မာလူငယ် ၈ ဦး ပါဝင်သည့် အဖွဲ့တခု ဖြစ်ပြီး ဗီဒီယိုဂိမ်း ၅ ခု ကျော်နှင့် မိုဘိုင်းဖုန်း Application များ ဖန်တီးခဲ့ပြီး ဖြစ်သည်။
ယခုအချိန်တွင် သူတို့ ရည်ရွယ်ချက် အကြီးဆုံး ထား၍ အားထုတ်ခဲ့သော ဂိမ်းကို ဖြန့်ချိတော့မည် ဖြစ်သည်။
“ဒီနေ့ ဒီဂျစ်တယ်ခေတ်က လူငယ်တွေအတွက် အခုလိုဂိမ်းမျိုးတွေ ဖန်တီးခြင်း အားဖြင့် မြန်မာ့ယဉ် ကျေး မှုကို တနည်းတဖုံ ထိန်းသိမ်းနိုင်မယ်လို့ ကျနော်တို့ ယုံကြည်ထားပါတယ်” ဟု သူက ဆိုသည်။
“ဒါ့အပြင် ကျနော်တို့ မြန်မာတွေပိုင်တဲ့ ဂိမ်းတွေ ဖန်တီးချင်ပါတယ်။ ဒီမြန်မာဂိမ်းတွေကို ကမ္ဘာကို ဖြန့်ချိချင်ပါတယ်” ဟု သူက ထပ်ပြောသည်။
၂၀၁၃ ခုနှစ်တွင် သူတို့က ပထမဦးဆုံး အနေဖြင့် ဂိမ်းကစားသူများ အတွက် မြန်မာ့ရိုးရာခြင်းလုံး ကစားသည့် ဂိမ်းကို ထုတ်လုပ်ပေးခဲ့သည်။ အဆိုပါ Application တွင် ကစားသူသည် တချိန်က ရေပန်းစားခဲ့သည့် ခြင်းလုံးခတ် ကစားနည်းကို ကစားရမည် ဖြစ်သည်။
သူတို့ ရေးဆွဲခဲ့သည့် “မောင်ပိန်” Application တွင် ဂိမ်းကစားသူသည် ဆိုက်ကားသမား မောင်ပိန်အဖြစ် ကစားရပြီး သင်္ကြန်ပွဲတော် ကာလအတွင်းတွင် ရေကစားသူများ အတွက် ရေလိုက်ပက် ရခြင်းဖြစ်သည်။ သုံးစွဲသူများက သဘောကျ နှစ်ခြိုက်ကြောင်း ပြသသည့် ကြယ်ပွင့်အများအပြားလည်း ရရှိထားသည်။
ထင်ရှားသည့် မြန်မာကာတွန်း ဇာတ်ကောင်တဦးဖြစ်သော သမိန်ပေါသွပ်ကို သရုပ်ဖော်ထားသည့် Application ကိုလည်း Total Gameplay Studio ကဖန်တီးခဲ့သည်။ အဆိုပါဂိမ်းတွင် တချိန်က ကလေးငယ် များ၏ အသည်းစွဲ သူရဲကောင်းတဦး လည်းဖြစ်၊ ရယ်ရွှင်ဖွယ်ရာ ဟာသဇာတ်ကောင်လည်း ဖြစ်ခဲ့သည့် သမိန်ပေါသွပ်က လူဆိုးများနှင့် ရင်ဆိုင် တိုက်ခိုက်ခြင်း၊ အတားအဆီးများကို ကျော်လွှားခြင်း များကို ပြုလုပ်ရမည် ဖြစ်သည်။
သူတို့၏ လက်ရှိအားထုတ်မှုမှာ “The Age of Bayintnaung” ဂိမ်းဖြစ်ပါသည်။ လူကြိုက်များသည့် “Age of Empire” နှင့် “Clash of Clans” ဂိမ်းများကဲ့သို့ စစ်ဗျူဟာအရ ယှဉ်ပြိုင် တိုက်ခိုက်ရသည့် ဂိမ်းတခုဖြစ်ပြီး လာမည့်နှစ်တွင် ထုတ်လုပ် ဖြန့်ချိရန် စီစဉ်ထားပါသည်။
ကစားနည်းထဲ၌ မြန်မာနိုင်ငံတွင် သက်ဦးဆံပိုင် ဘုရင်စနစ် ထွန်းကားခဲ့စဉ်က စွမ်းအားအကြီးဆုံး ဘုရင် တပါးဖြစ်သည့် ဘုရင့်နောင်နှင့် ထိုင်းဘုရင် Naresuan တို့ကို သရုပ်ဖော်ထားသည်။ Naresuan ကလေးငယ်ဘဝတွင်  ဘုရင့်နောင် က ထိုင်းများ ကိုယ်စား ဓားစာခံသဘော ခေါ်ယူမွေးစားပြီး ပညာသင် ပေးခဲ့သော်လည်း နောက်ပိုင်းတွင် ထိုင်းနိုင်ငံကို မြန်မာလက်အောက်မှ လွတ်မြောက်အောင် ကြိုးစားနိုင်ခဲ့ သည်။ ဘုရင့်နောင်သည် မြန်မာနိုင်ငံ၏ တောင်ငူ နန်းဆက်မှ ဘုရင်တပါးဖြစ်ပြီး ၁၆ ရာစုနှင့် ၁၇ ရာစု အတွင်းတွင် အရှေ့တောင်အာရှ၏ အကြီးဆုံး အင်ပါယာကို ထူထောင်နိုင်ခဲ့သူ ဖြစ်သည်။
ကမ္ဘာတလွှားမှ သန်းပေါင်းများစွာသော ဂိမ်းကစားသူများ အတွက် ဂိမ်း၏အမည်သည် ဈေးကွက်တွင် ပိုမိုပျံ့နှံ့ ရောက်ရှိနိုင်အောင် ပံ့ပိုးပေးနိုင်သည်။ ဂိမ်းများရေးဆွဲနေသည့် မြန်မာလူငယ်များ အတွက်မူ “The Age of Bayintnaung” သည် သူတို့ အတွက် အဓိကမှတ်တိုင်တခု ဖြစ်ပါလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် သူတို့အဖွဲ့ အနေဖြင့် အင်တာနက်အသုံးပြု နိုင်ရေး အတွက် အကန့်အသတ်များ ရှိနေခြင်းနှင့် တနှစ်ပတ် လုံးလိုလို မကြာခဏ လျှပ်စစ်မီး ပြတ်တောက်နေခြင်း စသည့် စိန်ခေါ်မှုများ ရှိနေသည့် မြန်မာနိုင်ငံ အတွင်း မှပင် ဗီဒီယိုဂိမ်းများ ရေးဆွဲထုတ် လုပ်နိုင်ရေး အတွက် နှစ်ပေါင်းများစွာ ခက်ခဲစွာ အားထုတ်ခဲ့ကြ ရခြင်း ကြောင့် ဖြစ်သည်။
မိမိဘာသာ လေ့လာသင်ယူမှုဖြင့် ကြိုးစားခဲ့ကြရသော လူငယ်ဂိမ်းရေးဆွဲသူများက ရန်ကုန်မြို့ရှိ သူတို့၏ Total Gameplay Studio ရုံးခန်းအတွင်းမှ နေ၍ နိုင်ငံတကာ အဆင့်မီ ဂိမ်းများကို ထုတ်လုပ်ခဲ့ ကြသည်။ သို့သော်လည်း နည်းပညာဆိုင်ရာ ပစ္စည်း ကိရိယာများ အခြေအနေက ပြည့်စုံမှု မရှိကြောင်း သူတို့က ပြောပြသည်။
“ကျနော်တို့မှာ ဂိမ်းတွေ ရေးဖို့ သူများနိုင်ငံတွေ ကလို စက်ကြီးတွေ၊ နည်းပညာနဲ့ ပစ္စည်းကိရိယာတွေ ထူးထူးထွေထွေ မရှိပါဘူး။ ရိုးရိုးကွန်ပျူတာ လေးတွေနဲ့ပဲ အလုပ်လုပ်ခဲ့ရတယ်။ မီးပျက်တာကို ထည့် ပြောစရာ မလိုဘူးပေါ့။ အင်တာနက် အသုံးပြုရတာ အကန့် အသတ်ရှိနေတာက ကျနော်တို့ဂိမ်းတွေ အတွက် လိုအပ်တဲ့ နည်းပညာဆိုင်ရာ သတင်းအချက်အလက် တွေကို ရှာဖွေဖို့ အတွက် အရမ်းခက်ပါတယ်” ဟု Total Gameplay Studio ၏ အမှုဆောင် အရာရှိချုပ် ကိုဇော်ရဲမြင့်က သူတို့ ပထမဆုံး ထုတ်ဝေခဲ့သည့် နည်းဗျူဟာ ဂိမ်းတခုဖြစ်သည့် “The Mastermind” ကို ဖန်တီးခဲ့သော ၂၀ဝ၆ ခုနှစ်အတွင်းမှ အကြောင်းများကို ပြန်ပြောပြသည်။
သူတို့အဖွဲ့မှ အဖွဲ့ဝင်များ အားလုံးသည် ကွန်ပျူတာသိပ္ပံ ဘာသာရပ်ဖြင့် ဘွဲ့ရရှိခဲ့သူများ ဖြစ်ပြီး တောင်ငူ ခေတ်မှ ဇာတ်ကောင်များကို ဒီဂျစ်တယ် နည်းပညာဖြင့် အသေးစိတ် သရုပ်ဖော်ပြနိုင်ရန် ဝါရင့် မြန်မာ အနုပညာရှင်များထံတွင် ရိုးရာ အနုပညာနှင့် ဒီဇိုင်းများကို ပြီးခဲ့သည့် ၁၀ နှစ်အတွင်း အချိန်ပေးပြီး လေ့လာခဲ့ကြသည်။
ဂျပန်နိုင်ငံ တိုကျိုမြို့နှင့် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တို့တွင် ယခုနှစ် အတွင်း ပြုလုပ်ခဲ့သော နိုင်ငံ တကာ ဂိမ်းပြပွဲများတွင် “The Age of Bayintnaung” ဂိမ်းသည် ထိုင်းနိုင်ငံနှင့် မလေးရှား နိုင်ငံများမှ ထုတ်ဝေသူများကို ဆွဲဆောင်နိုင်ခဲ့သည်။ ထိုင်းနိုင်ငံသားနှင့် မလေးရှားနိုင်ငံသား စီးပွားရေး လုပ်ငန်း ရှင်များက စိတ်ဝင်စားကြောင်း ထုတ်ဖော် ပြောခဲ့ကြပြီး ဂိမ်းဖြန့်ဖြူးရေးနှင့် အရောင်းမြှင့်တင်ရေးတို့တွင် ပူးပေါင်းဆောင်ရွက်လိုကြောင်း ကမ်းလှမ်းခဲ့ ကြသည်ဟု သူတို့က ပြောသည်။
“ကျနော်တို့က ဒီဂိမ်းကို လူ ၈ ယောက်တည်းနဲ့ ရန်ကုန်မှာ ဖန်တီးနိုင်ခဲ့တဲ့ အတွက် အံ့ဩတယ် လို့ နိုင်ငံခြားဂိမ်း ရေးဆွဲတဲ့သူတွေနဲ့ စီးပွားရေးလုပ်ငန်းရှင် တွေက ပြောကြပါတယ်။ ဒါကို လုပ်နိုင်ခဲ့တဲ့ အတွက် အရမ်းဂုဏ်ယူမိ ပါတယ်။ ကျနော်တို့ မြန်မာတွေလည်း ဒီလိုဂိမ်းမျိုးတွေကို ဆွဲနိုင်ပါတယ် ဆိုတာကို ပြသနိုင်ခဲ့ပါတယ်”ဟု ကိုမြင့်ကျော်သူက ပြောသည်။
Total Gameplay Studio သည် ဟိန္ဒူဘာသာရေး ဇာတ်လမ်းတခု ဖြစ်သည့် ရာမယနကို အခြေခံ၍ လူအများအပြား ပါဝင်တိုက်ခိုက် ကစားရသည့် ဂိမ်းတခုဖြစ်သော “Range of Rama” အမည်ရှိ ဂိမ်းတခုကိုလည်း ရေးဆွဲဖန်တီးလျက် ရှိသည်။
ထုတ်ဝေခဲ့ပြီး ဖြစ်သော ဂိမ်းများသည် မိုဘိုင်းဖုန်းများတွင် အသုံးပြုသော iOS နှင့် Andriod စနစ် ၂ ခုလုံး တွင် ကစားနိုင်ပြီး www.tgpsdownload.com တွင် အခမဲ့ ကူးယူရရှိနိုင်ကြောင်း သိရသည်။ “Range of Rama” နှင့် “The Age of Bayintnaun” ဂိမ်းများကို Play Station 3 ဂိမ်းစက်များတွင်လည်း ကစား၍ ရနိုင်မည်ဟု သိရသည်။
“လောလောဆယ်တော့ The Age of Bayintnaung ဂိမ်းကို မဖြန့်ခင် လိုအပ်တာတွေပြင်တာ ဖြည့်တာတွေ လုပ်နေ ပါတယ်။ ကျနော်တို့ရဲ့ဈေးကွက်ကို အရှေ့တောင်အာရှအထိ တိုးချဲ့နိုင်ဖို့လည်း မျှော်လင့်နေပါ တယ်” ဟု အမှုဆောင် အရာရှိချုပ် ကိုဇော်ရဲမြင့်က ပြောသည်။
“ပရိုဂရမ် ရေးတာနဲ့ ဂိမ်းရေးဆွဲတာကို စိတ်ဝင်စားပြီးတော့ ဂိမ်းရေးသူ တယောက်အနေနဲ့ အသက် မွေးချင် တဲ့ မြန်မာလူငယ်တွေကိုလည်း ကျနော်တို့ အားပေးချင်ပါတယ်။ အားမလျှော့တမ်းသာ ကြိုးစားကြမယ်၊ စနစ်ကျကျ အလုပ် လုပ်မယ် ဆိုရင် ကျနော်တို့ နိုင်ငံတကာ အဆင့်အတန်းအထိ ရောက်အောင် သွားနိုင်မှာ သေချာပါတယ်” ဟု သူက ထပ်ပြောသည်။     ။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းတွင် ဖော်ပြထားသော ဇာနည်မာန်၏ Gaming With a Side of Culture? There’s a Burmese App for That ကို ဘာသာပြန်ဆိုသည်။)

http://burma.irrawaddy.org/article/2014/11/28/67855.html
Related Posts Plugin for WordPress, Blogger...