စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ပညာပေးစကားများ


 

ကိုယ့်ကိုကိုယ် ဒီကမ္ဘာပေါ်က ဘယ်သူနဲ့မှ နှိုင်းပြီး မယှဉ်ပြိုင်ပါနဲ့။ အဲဒီလို ပြိုင်လိုက်တာဟာ ကိုယ့်ကိုကိုယ် စော်ကားလိုက်တာပါပဲ။

ဘယ်သူမှ သော့တံမရှိတဲ့ သော့ခလောက်ကို မဖန်တီးပါဘူး။ အဲဒီလိုပဲ မြတ်စွာဘုရားကလည်း အဖြေမရှိတဲ့ ပြဿနာကို မပေးပါဘူး။

သင်စိတ်ညစ်နေတဲ့အခါမှာ ဘ၀က သင့်ကိုရယ်တယ်။
သင်ပျော်ရွှင်နေတဲ့အခါမှာ ဘ၀က သင့်ကို ပြုံးပြီးကြည့်တယ်။ သင်သူများတွေကို ပျော်ရွှင်အောင် လုပ်ပေးတဲ့အခါမှာတော့ ဘ၀က သင့်ကို အလေးပြုတယ်။

အောင်မြင်သူတိုင်းမှာ ပင်ပန်းဆင်းရဲတဲ့ ဇာတ်လမ်းတစ်ပုဒ် ရှိဖူးပါတယ်။ ပင်ပန်းဆင်းရဲတဲ့ ဇာတ်လမ်းတိုင်းမှာလည်း အောင်မြင်တဲ့ဇာတ်သိမ်းတစ်ခု ရှိပါတယ်။

လွယ်တာက သူများရဲ့အမှားကို ဝေဖန်အကဲဖြတ်ဖို့ပါ။ ခက်တာကတော့ ကိုယ့်အပြစ်ကို အမှန်အတိုင်း သိမြင်ဖို့ပါ။

ဘယ်သူမှ အတိတ်ကို ပြန်သွားပြီး ဆိုးရွားတဲ့အစကို ပြင်လို့မရပါဘူး။ ဒါပေမယ့် အောင်မြင်တဲ့ အဆုံးသတ်ရဖို့ အခုချက်ချင်း စတင်လှုပ်ရှားတာကိုတော့ လူတိုင်းလုပ်လို့ ရပါတယ်။

ပြဿနာတစ်ခုဟာ ဖြေရှင်းလို့ရနိုင်တာဆိုရင် ဘာမှစိတ်ပူစရာ မလိုပါဘူး။ ဖြေရှင်းလို့ မရနိုင်ဘူး ဆိုရင်လည်း စိတ်ပူနေလို့ ဘာများထူးမှာ မို့လို့လဲ။

အခွင့်အရေးတစ်ခုကို ဆုံးရှုံးလိုက်ရပြီဆိုရင် သင့်မျက်လုံးတွေကို မျက်ရည်တွေနဲ့ ပြည့်မနေပါစေနဲ့။ မျက်ရည်တွေက သင့်ရှေ့က ပိုကောင်းတဲ့ နောက်ထပ်အခွင့်အရေးတစ်ခုကို ကွယ်ပစ်လိုက်ပါလိမ့်မယ်။

မျက်နှာကိုပြုပြင်လိုက်တာ (Changing the face) ဟာ ဘာကိုမှ ပြောင်းလဲစေနိုင်မှာ မဟုတ်ပါဘူး။ ဒါပေမယ့် အပြောင်းအလဲကို ရင်ဆိုင်လိုက်တာ (Facing the change) ကတော့ အရာရာကို ပြောင်းလဲသွားစေနိုင်ပါတယ်။

သူများတွေအကြောင်း မကျေမနပ် ညည်းညူမနေပါနဲ့။ ငြိမ်းချမ်းချင်ရင် ကိုယ့်ကိုကိုယ်ပဲ ပြောင်းလဲပြုပြင်လိုက်ပါ။

အမှားတွေက ဖြစ်ပျက်နေတဲ့အချိန်မှာတော့ နာကျင်ပင်ပန်းစေပါတယ်။ ဒါပေမယ့် နှစ်တွေကြာလာလို့ အဲဒီအမှားတွေ စုပေါင်းလိုက်တဲ့အခါမှာတော့ သင့်ကို အောင်မြင်မှုဆီ ခေါ်ဆောင်သွားမယ့် "အတွေ့အကြုံ"ဆိုတာ ဖြစ်လာပါတယ်။

ကျရှုံးတဲ့အချိန်မှာ ရဲရင့်မှုရှိပါ။ အောင်မြင်တဲ့အချိန်မှာ တည်ငြိမ်မှုရှိပါ။
အပူပေးခံထားရတဲ့ ရွှေတွေဟာ အလှဆင်ပစ္စည်းတွေ ဖြစ်လာပါတယ်။ ပြင်းပြင်းထန်ထန် နန်းဆွဲခံထားရတဲ့ ကြေးတွေဟာ ၀ိုင်ယာကြိုးတွေ ဖြစ်လာပါတယ်။

ထွင်းထုခံထားရတဲ့ ကျောက်တုံးတွေဟာလည်း ရုပ်ထုတွေ ဖြစ်လာပါတယ်။ ဒါကြောင့် သင့်ဘ၀မှာ နာကျင်မှုခံစားရမှုတွေ များလာလေ သင့်ရဲ့တန်ဖိုးတက်လာလေပါပဲ။

Credit to ကေတာမိုင်အရှင်


https://www.facebook.com/royalheromedia/photos/a.452811328083074.110728.4527936

အွန်လိုင်းပေါ်မှာ အခမဲ့ သင်ကြားလေ့လာစရာ နေရာ



www.coursera.org ဟာ လက်တလော လူသုံးများလာတဲ့ အွန်လိုင်း သင်တန်းကျောင်း တစ်ခု ဖြစ်လာပါတယ်။ သူဟာ အခမဲ့ သင်ကြား လေ့လာစရာ နေရာ ဖြစ်ပါတယ်။ အကယ်၍ စာမေးပွဲ ဖြေပြီး Certificate များ လိုချင်တယ်ဆိုရင်တော့ ဒေါ်လာ အနည်းငယ် သွင်းရပါတယ်။ သို့ပေမယ့် ဒါဟာလည်း အနည်းငယ် ပါပဲ။ ဥပမာ ၄၉ ဒေါ်လာ ဝန်းကျင်လောက်ပဲ ဖြစ်ပါတယ်။

သူ့မှာ စုံလင်လှတဲ့ ဘာသာရပ်များ ပါဝင်ပါတယ်။ ဥပမာ Marketing, Digital Marketing, Cloud Computing, Management, Entrepreneurship အစရှိသဖြင့် ဘာသာရပ်ပေါင်း များစွာ ရှိပါတယ်။ သူဟာ နိုင်ငံတကာ ကောလိပ်၊ တက္ကသိုလ် အချို့နဲ့လည်း ချိတ်ဆက်ထားပြီး အွန်လိုငးကနေ အသိအမှတ်ပြု Certificate များ ပေးအပ် ပါတယ်။ မြန်မာပြည်ကနေလည်း တက်ရောက်နေသူ အများအပြား ရှိပါတယ်။ သင်ကြားမှုအတွက် လိုအပ်တဲ့ စာအုပ်များ၊ ဗီဒီယို များကိုလည်း ပေးအပ် ပါတယ်။ 

ဒါကြောင့်မို့ www.coursera.org ကို လူတိုင်း အသုံးပြု နိုင်အောင် မျှဝေပေးလိုက် ရပါတယ်။
.
အောင်ခမ်း (www.innewsmyanmar.com)
http://www.innewsmyanmar.com/2014/10/blog-post_30.html

လက်မပါတဲ့ ကမ္ဘာ့ ပထမဆုံး ပိုင်းလော့ Jessica Cox



Jessica Cox လို့ အမည်ရတဲ့ အသက် ၃၁ နှစ် အရွယ် အမျိုးသမီးဟာ မွေးရာပါ အားနည်းချက်ကြောင့် လက်နှစ်ဖက် ပါမလာ ပါဘူး။ ဒါပေမယ့် သူမမှာ ပါလာတဲ့ ပါရမီကတော့ အံ့မခန်းပါပဲ။ ယနေ့ ကမ္ဘာမှာ ပထမဦးဆုံး လက်မပါတဲ့ လေယာဉ်မှူး အဖြစ် စံချိန်တင်ထားပါတယ်။

Jessica Cox ဟာ အမေရိကန်နိုင်ငံသူ ဖြစ်ပြီး သက္ကရာဇ် ၂၀၀၈ ခုနှစ်က တစ်ကိုယ်မောင်း အားကစားလေယာဉ် ရဲ့ လေယာဉ်မောင်း လိုင်စင်ကို ရရှိခဲ့ ပါတယ်။ ယင်း လိုင်စင်ကို ရရှိပြီးတဲ့အပြင် သူမမှာ တိုက်ကွန်ဒို အားကစား ခါးပတ်နက် အဆင့် ဆုတံဆိပ်လည်း ရရှိထားပါတယ်။ အမေရိကန် တိုက်ကွန်ဒို အဖွဲ့ဝင် တစ်ဦးလည်း ဖြစ်ပါတယ်။ သူမဟာ ခြေထောက်နဲ့ စာရေးနိုင်ပါတယ်။ ကွန်ပြူတာ လက်ရိုက်နိုင်ပါတယ်။ မျက်ကပ်မှန် အဖြုတ်အတပ်လုပ်နိုင်ပါတယ်။ ဒါ့အပြင် သူမဟာ လိုင်စင်ရ ရေငုပ် သမား တစ်ဦးလည်း ဖြစ်ပါတယ်။

သူမဟာ အရီဇိုးနား တက္ကသိုလ်မှာ စိတ်ပညာနဲ့ ဘွဲ့ရပြီး ကမ္ဘာကျော် motivational speaker တစ်ဦး ဖြစ်လာ ပါတယ်။ သူမဟာ နိုင်ငံပေါင်း ၂၀ ကျော် မကကို သွားရောက် ပြီးပါပြီ။ သူမ အကြောင်းကို ရိုက်ကူးတဲ့ ရုပ်ရှင် ကို Cox လို့အမည်ပေးထားပြီး ရိုက်ကူးနေဆဲ ပါပဲ။ လက်ရှိမှာ လူမှုကူညီရေး အသင်း အချို့ကိုလည်း ဦးဆောင်လုပ်နေ ပါတယ်။

www.facebook.com/JCMSofficial

အောင်ခမ်း (ရိုးရာလေး)

https://www.facebook.com/yoyarlaydotcom/photos/a.247917771918149.56547.171647766

လည်ချောင်းနာပျောက်ကင်းစေမည့် နည်းလမ်း



လည်ချောင်းနာခြင်းမှာ အအေးမိခြင်း၏ ပထမဆုံးလက္ခဏာတစ်ခု ဖြစ်နိုင်သည်။ လည်ချောင်းနာခြင်းကို နေအိမ်၌ပင် ကုသနိုင်သည့် အကောင်းဆုံးနည်းလမ်းအချို့နှင့် အလွယ်တကူဝယ်ယူရရှိနိုင်သည့် ဆေးဝါးများရှိကြောင်း ဒေါက်တာဂျက်ဖရီလင်ဒါက ပြောသည်။
လည်ချောင်းနာခြင်းကို အထိရောက်ဆုံး ကုသနိုင်သည့် ဆေးဝါးများအနက် တစ်မျိုးမှာ သင့်ထံတွင်ရှိနှင့်ပြီး ဖြစ်နိုင်ပါသည်။ အလွယ်တကူဝယ်ယူရရှိနိုင်ပြီး ရောင်ရမ်းမှုကို တိုက်ဖျက်ပေးသော Advil (သို့မဟုတ်) Aleve ကဲ့သို့ ဆေးဝါးများမှာ နာကျင်မှုကို သက်သာစေမည့် ရောင်ရမ်းမှုကို တိုက်ဖျက်ပေးမည့် ဆေးဝါးဖြစ်သည်။

ဆားပါသော ရေနွေးဖြင့် တစ်နေ့လျှင် အကြိမ်များစွာ ပလုတ်ကျင်းပေးခြင်းက လည်ပင်းရောင်ရမ်းမှုကို လျှော့ချပေးနိုင်ပြီး ကြွက်သားများကို ပြေလျော့စေကာ ဘက်တီးရီးယားများ (သို့မဟုတ်) ယားယံခြင်းတို့ကို ပျောက်ကင်းစေကြောင်း လေ့လာမှုများစွာက ဖော်ပြသည်။
 ချောင်းဆိုးပျောက်ဆေး အရည်များ သောက်ပေးခြင်း၊ ငုံဆေးများငုံပေးခြင်းဖြင့် တံတွေးထုတ်လုပ်မှုအားကောင်းစေပြီး လည်ပင်းကို စိုစွတ်နေစေရန် ကူညီပေးနိုင်သည်။ သို့သော် ပရုတ်(သို့မဟုတ်) ယူကလစ်အဆီမျိုးပါဝင်သော ငုံဆေးများက ပို၍ အစွမ်းထက်ကြောင်း သိရသည်။

ချောင်းမဆိုးသေးလျှင်ပင် အလွယ်တကူ ၀ယ်ယူရရှိနိုင်သည့် ချောင်းဆိုးပျောက်ဆေးအရည်များ သောက်ခြင်းဖြင့် လည်ချောင်းနာခြင်းကို သက်သာစေမည် ဖြစ်သည်။ ချောင်းဆိုးပျောက်ဆေး အရည်များ နှင့် ဖျန်းဆေးများက လည်ချောင်းနာခြင်းကို ယာယီသက်သာစေနိုင်သည်။

နေမကောင်းဖြစ်နေချိန်တွင် အထူးသဖြင့် ရေဓာတ်ပြည့်နေစေရန် အလွန်အရေးကြီးသည်။ ဆီးသွားလျှင် အ၀ါဖျော့ရောင် (သို့မဟုတ်) အရောင်ကြည်လင်နေသည်အထိဖြစ်အောင် လုံလောက်သော အရည်များ သောက်သုံးပေးရန် လိုအပ်သည်။

ဆေးဖက်ဝင်ရေနွေးကြမ်း တစ်ခွက်သောက်ခြင်းကလည်း လည်ချောင်းနာခြင်းကို ချက်ချင်းသက်သာစေနိုင်သည်။ ဆေးဖက်ဝင် ရေနွေးကြမ်း မဟုတ်သော အနက်ရောင်၊ အစိမ်းရောင် (သို့မဟုတ်) အဖြူရောင်လက်ဖက်ရွက်များဖြင့် စီမံထားသော ရေနွေးကြမ်းသောက်ခြင်းဖြင့် လည်း ဓာတ်တိုးဆန့်ကျင်ပစ္စည်းများကြောင့်ကိုယ်ခံအားကို အားကောင်းစေပြီး ရောဂါကူးစက်မှုကို ကာကွယ်ပေးနိုင်သည်။

ကြက်စွပ်ပြုတ်သောက်ခြင်းကလည်း လည်ချောင်းနာခြင်းကို သက်သာစေနိုင်သည်။ လည်ချောင်းရောင်ရမ်းနေချိန်၊ နာနေချိန်တွင် အစာမျိုချရ ခက်ခဲနိုင်သဖြင့် ကြက်စွပ်ပြုတ်သောက်ခြင်းဖြင့် အာဟာရပြည့်စေမည် ဖြစ်သည်။

နေမကောင်းဖြစ်နေစဉ် အနားယူပေးရန်လည်းလိုအပ်သည်။ အကယ်၍ လည်ပင်းထဲတွင် ဘက်တီးရီးယားများရှိခြင်းကြောင့် လည်ပင်း နာကျင်ပါက ဆရာဝန်က ပဋိဇီဝဆေးများ ညွှန်ကြားပေးပါလိမ့်မည်။

တစ်ရက်၊ နှစ်ရက်အတွင်း ရောဂါသက်သာသွားသည်ဆိုလျှင်ပင် ဆေးပတ်လည်အောင် သောက်သုံးရန် လိုအပ်ကြောင်း ကျွမ်းကျင်သူများက ညွှန်ကြားထားသည်။
-Health.com

http://www.7daydaily.com/story/23464#.VFI6RGOM-So

အသက်မွေးဝမ်းကျောင်း တက္ကသိုလ် ဝင်ခွင့်အမှတ်များ ပေါ်ထွက်လာ

                  

ယခုပညာသင်နှစ်တွင် အသက်မွေးဝမ်းကျောင်းတက္ကသိုလ်ဝင်ခွင့်အတွက် ရန်ကုန်နည်းပညာတက္ကသိုလ်၏ ဝင်ခွင့်အမှတ် သတ်မှတ်ချက်မှာ ယခင်နှစ်ထက် မြင့်တက်သွားကြောင်း တက္ကသိုလ်အသိုင်းအဝိုင်းမှ သတင်းရရှိ သည်။

ဆေးတက္ကသိုလ်များ၏ ဝင်ခွင့်အမှတ် သတ်မှတ်ချက်မှာ ယခင်နှစ်နှင့် တူညီနေပြီး သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်၊ ဆေးဝါးတက္ကသိုလ်၊ ဆေးဘက်ဆိုင်ရာ နည်းပညာတက္ကသိုလ်များနှင့် သူနာပြု တက္ကသိုလ်တို့၏ တက္ကသိုလ်ဝင်ခွင့် အမှတ်သတ်မှတ်ချက်များမှာ ယခင်နှစ်ထက် လျော့ကျသွားသည်။

ထို့အပြင် နည်းပညာတက္ကသိုလ် (ရတနာပုံဆိုက်ဘာစီးတီး)၊ ရေကြောင်းပညာတက္ကသိုလ်နှင့် လေကြောင်းနှင့် အာကာသပညာတက္ကသိုလ်တို့ အနိမ့်ဆုံးဝင်ခွင့် အမှတ် သတ်မှတ်ချက်များလည်း ယခင်နှစ်ထက် လျော့ကျသွားသည်။ ယခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ရမှတ်ကောင်းရရှိသော အမျိုးသားများ၏ အသက် မွေးဝမ်းကျောင်းတက္ကသိုလ်ရွေးချယ်မှုတွင် ရန်ကုန်နည်းပညာတက္ကသိုလ်သို့ ဦးစားပေးလျှောက်ထားမှု မြင့်တက်ခဲ့ပြီး သူနာပြု တက္ကသိုလ်သို့ ဦးစားပေးလျှောက်ထားမှုလျော့ကျသွားသည်။

 ရန်ကုန် နည်းပညာတက္ကသိုလ်ဝင်ခွင့်အတွက် တက္ကသိုလ်ဝင်စာမေးပွဲရမှတ်သည် ယခင်နှစ်ထက် အမျိုးသား ခုနစ်မှတ်နှင့် အမျိုးသမီး နှစ်မှတ် မြင့်တက်သွားသည်။ သို့သော် သွားဘက်ဆိုင် ရာ ဆေးတက္ကသိုလ် ဝင်ခွင့်အတွက် အမျိုးသား ကိုးမှတ်နှင့် နည်းပညာတက္ကသိုလ်(ရတနာပုံ ဆိုက်ဘာစီးတီး)ဝင်ခွင့်အတွက် အမျိုးသား၊ အမျိုးသမီး ၁၀ မှတ် အထိ လျော့ကျသွားသည်။

‘‘ယောက်ျားလေးတွေ ရန်ကုန်နည်းပညာ တက္ကသိုလ်ကို ဦးစားပေး လျှောက်ထားမှု မြင့်တက်လာတယ်။ သူနာပြုတက္ကသိုလ်ကိုလျှောက်ထားတဲ့ အမျိုးသား တော်တော်နည်းသွားတယ်။ အသက်မွေးဝမ်းကျောင်း တက္ကသိုလ်အများစုရဲ့ ဝင်ခွင့်အမှတ် သတ်မှတ်ချက်ကတော့ လျော့ကျ သွားပါတယ်’’ ဟု အဆင့်မြင့်ပညာအသိုင်းအဝိုင်းနှင့် နီးစပ်သူ တစ်ဦးက ပြောသည်။

ရန်ကုန်နည်းပညာ တက္ကသိုလ်သည် ပြန်လည်ဖွင့်လှစ်လိုက်ချိန်ကတည်းက အသက်မွေးဝမ်းကျောင်းတက္ကသိုလ်များ၏ ဝင်ခွင့်အမှတ်သတ်မှတ်ချက် အမြင့်ဆုံးနေရာမှ ရပ်တည်နေခဲ့ပြီး ယခုနှစ်တွင် ဝင်ခွင့်အမှတ် ထပ်မံ မြင့်တက်သွားခြင်း ဖြစ်သည်။

တက္ကသိုလ်ဝင်တန်းစာမေးပွဲရလဒ်ပေါ် အခြေခံ၍ တက္ကသိုလ်ဝင်ခွင့်လက်ခံနေသော လက်ရှိတက္ကသိုလ်ဝင်ခွင့် စိစစ်ရွေးချယ်ရေး စနစ်ပုံစံသည် ယခုနှစ်မှာ နောက်ဆုံးဖြစ်ဖွယ်ရှိနေပြီး လာမည့်နှစ်တွင် တက္ကသိုလ်ဝင်ခွင့်စိစစ်ရွေးချယ်သောစနစ်ကို ပြောင်းလဲရန် ပညာရေးဝန်ကြီးဌာနက စီစဉ်နေ သည်။


၂၀၁၄ တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်ထားသူများအတွက် အသက်မွေးဝမ်းကျောင်း တက္ကသိုလ်အချို့၏ အနိမ့်ဆုံးဝင်ခွင့်အမှတ်စာရင်း
  ကျား
ရန်ကုန်နည်းပညာတက္ကသိုလ် ၅၀၉ ၄၉၈
ဆေးတက္ကသိုလ်များ ၄၈၆ ၅၀၅
ရေကြောင်းပညာတက္ကသိုလ် ၄၇၃ ၄၈၃
မန္တလေးနည်းပညာတက္ကသိုလ် ၄၈၅ ၄၈၀
ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်(အင်္ဂလိပ်စာ) ၄၇၈
အဆင့်မြင့်ကွန်ပျူတာတက္ကသိုလ်(ရန်ကုန်) ၄၈၀
ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်(ဂျပန်စာ) ၄၆၇
သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်များ ၄၅၆ ၄၉၅
နည်းပညာတက္ကသိုလ်(ရတနာပုံဆိုက်ဘာစီးတီး) ၄၆၀ ၄၅၈
ဆေးဝါးတက္ကသိုလ်များ ၄၄၀
ဆေးဘက်ဆိုင်ရာနည်းပညာတက္ကသိုလ်    ၄၃၄
သူနာပြုတက္ကသိုလ် ၄၃၇
လေကြောင်းနှင့်အာကာသပညာတက္ကသိုလ် ၄၄၄ ၄၄၈
အခြေခံကျန်းမာရေးတက္ကသိုလ် ၄၄၃



http://www.7daydaily.com/story/23844

ကား ပါကင်ထိုးကျွမ်းကျင်သူတဦးရဲ့ အစွမ်း

တရုတ်နိုင်ငံအရှေ့တောင်ဘက် ကမ်းခြေ  Fujian နယ်က အမျိုးသားတယောက်ဟာ ကား ပါကင် ထိုးတဲ့နေရာမှာ အလွန်ကျွမ်းကျင်သူတယောက်လို့ ပြောရမှာပါ။ 


ဓာတ်ပုံ- shanghaiist.com

သူက အရှည်အားဖြင့် ၅ မီတာနီးနီး၊ အကျယ်အားဖြင့် ၁.၈၂ မီတာသာ ရှိတဲ့နေရာမှာ ကားကို ထုတ် လိုက်သွင်းလိုက် ပါကင် ထိုးပြပါတယ်။ 

သူက မျက်မြင်သက်သေတွေရှေ့မှာ ကားတစီးသာ နေရာမှာ ဘေးတိုက် Parking လုပ်ပြတာပါ။ ကင်မရာ သမားတွေလည်း ၀ိုင်းပြီး သူ့ရဲ့ ကားပါကင် ထိုးမှု ပညာအစွမ်းကို မှတ်တမ်းတင်ကြပါတယ်။ 

ဒီလို လူအများရှေ့မှာ တကြိမ်တည်း မဟုတ်ဘဲ အကြိမ်ကြိမ်ပဲ ကားပါကင်ထိုးပြပါတယ်။ 

သူ့နာမည်က ချန်း လို့အမည်ရပြီး အသက် ၃၁ နှစ်ရှိတယ်လို့ တရုတ်သတင်း( shanghaiist.com) တပုဒ် မှာ ရေးပါတယ်။


စီးပွားရေး ဖွံ့ဖြိုးလာတဲ့ တရုတ်နိုင်ငံမှာ ကားစီးသူတွေလည်း ပိုများလာသလို ကား ရပ်နားဖို့ နေရာအခက် အခဲတွေ လည်း ရှိလာပြီး နေရာကျဉ်းကျဉ်းလေးမှာ ကား ပါကင်ထိုးတတ်အောင် လုပ်ဖို့ လိုအပ်နေပြီလို့ ဆိုရမှာပါ။ 

အခုလို ကားပါကင်ထိုးတာကျွမ်းကျင်သူအဖို့ အဲဒီလို အခက်အခဲတွေကို ကျော်လွှားနိုင်မှာကတော့ အသေအချာပါ။ 

ရန်ကုန်မြို့မှာတော့ ယာဉ်ကြောပိတ်ဆိုမှုတွေက ခရီးသွားတွေအတွက် အလွန်အခက်အခဲဖြစ်နေကြသလို ကား ပါကင်ထိုးဖို့အတွက်လည်း အခက်အခဲတွေက ပိုဆိုးလာနေပါတယ်။ 

ဒီလို ကားပါကင် ထိုးကျွမ်းကျင်သူမျိုးလည်း မြန်မာနိုင်ငံမှာ ရှိကောင်းလည်း ရှိနေနိုင်သလို အခက်အခဲတွေ ကို ကျော်လွှားဖို့ ကြိုးစားရင်းလည်း ကျွမ်းကျင်သူတွေ တိုးပွားလာနိုင်ပါတယ်။ 





မစ္စတာ ချန်း ဘယ်လို ကားပါကင်ထိုးသလဲ ဆိုတာ .... 

////
အိမ့်သံစဉ် ~


http://blog.irrawaddy.org/2014/10/blog-post_939.html

ကြာပန်း လှူဒါန်းရတဲ့ ကောင်းမူ


                        “ကြာဆိုတာ မကြာခြင်းရဲ့သင်္ကေတ ၊အကျိုးပေးမြန်ခြင်းရဲ့သင်္ကေတပါ”


 
 
ကြာလှူ ရင်၊ ကြာနဲ့ပတ်သက်ရင် ပစ္စုပ္ပန်လုပ်ငန်းကိစ္စတွေမှာ ကြန့်ကြာတတ်တယ်ဆိုတာလည်း
မဟုတ်ပါဘူး။ ကြာလှူ မိလို့၊ ကြာနဲ့ပတ်သက်မိလို့ ပစ္စုပ္ပန်အကျိုးပေး မြန်ဆန်သွားတဲ့ သာဓကတွေ
အများကြီး ရှိပါတယ်။

ကြာပန်း လှူတယ်ဆိုတာ “ကုသိုလ်”ပါ။ ကုသိုလ်ကိစ္စတွေမှာ ကြာပန်း အသုံးပြုတယ်ဆိုတာလည်း
ကုသိုလ်ပါ။ကုသိုလ်ဟာ ကောင်းကျိုးကိုပဲ ပေးပါတယ်။ကုသိုလ်စေတနာအား ကောင်းရင်ကောင်းသလောက် ၊ပစ္စုပ္ပန်ဘ၀မှာကိုပဲ အကျိုးပေးမြန်ပါတယ်။ကြာပန်းလှူတဲ့ ကုသိုလ်က ကြာပန်းအလှူရှင်ကို
အကျိုးပေးမကြာအောင် ကူညီစောင့်ရှောက်နိုင်ပါတယ်။စေတနာအရှိန်၊ စေတနာအား ပြင်းပြထက်သန်ဖို့သာ အဓိကပါ။

ကဿပဘုရားရှင်လက်ထက်တုန်းက ကုဋေရှစ်ဆယ် ကြွယ်ဝတဲ့ သူဌေးသမီးတစ်ဦး ရှိခဲ့ဖူးပါတယ်။
အချိန်တန် အရွယ်ရောက်တဲ့အခါ မိဘတွေက အမျိုးတူ၊ စည်းစိမ်တူ သူဌေးသားတစ်ဦးနဲ့
မိဘ၀တ္တရားအတိုင်း ထိမ်းမြားလက်ထပ်ပေးလိုက်ပါတယ်။“သျှောင်နောက် ဆံထုံးပါ”ဆိုတဲ့အတိုင်း
သူဌေးသမီးက သူဌေးသားအိမ်ကို လိုက်သွားရတာဆိုတော့ သူဌေးသား အိမ်တံခါးဝက တံခါးခုံမှာ သူဌေးသမီးခြေစုံရပ်မိတယ်ဆိုရင်ပဲ သူဌေးသမီးရဲ့ ခန္ဓာကိုယ်က မစင်အပုပ်နံ့တွေ တထောင်းထောင်းထွက်လာပါတယ်။ အဖုံးပိတ်ထားတဲ့ မစင်အိုးကို အဖုံးဖွင့်လိုက်သလို
အနံ့ဆိုး၊ အနံ့ပုပ်ကြီးတွေ မခံမရပ်နိုင်လောက်အောင် လှိုင်ထွက်လာပါတယ်။

ခန္ဓာကိုယ်က အပုပ်နံ့ ထွက်နေတဲ့ သူဌေးသမီးကို သူဌေးသားက အိမ်ထဲ လုံးဝ အ၀င်မခံတော့ဘဲ ၊
သူဌေးသမီးရဲ့ မိဘတွေထံ ပြန်အပ်နှံလိုက်ပါတယ်။ နောက်သူဌေးသားတစ်ယောက်နဲ့ ယူလည်းဒီအတိုင်းပဲ၊
အပုပ်နံ့ထွက်လို့မိဘထံ ပြန်အပ်ခံရ၊ နောက်တစ်ယောက်
 နောက်တစ်ယောက်၊နောက်ထပ်ခြောက်ယောက်လုံးနဲ့လည်း ဒီအတိုင်းပဲ ထပ်တူဖြစ်တဲ့အတွက် မင်္ဂလာသာ ဆောင်လိုက်ရတယ်။ဘယ်ယောက်ျားနဲ့မှ ပေါင်းသင်းခွင့် မရပါဘူး။

ကိုယ့်အိမ်မှာ ကိုယ့်ဘာသာကို နေရင် အကောင်း၊ အပုပ်နံ့မှ မထွက်ပါဘူး၊ သတို့သားအိမ်ပေါက် 
ရောက်ပြီဆိုတာနဲ့ မစင်နံ့၊ အပုပ်နံ့က လှိုင်ချင်တိုင်း လှိုင်ပြီး ဒုက္ခပေးတော့တာပါပဲ။
အတိတ်ဘ၀တစ်ခုက ပြုခဲ့တဲ့ အကုသိုလ်ကံတစ်ခုက သူ့ကို အကျိုးပေးတာပါ။

အတိတ်ဘ၀ တစ်ခုတုန်းက တစ်အိမ်တည်း အတူနေတဲ့ ယောက်မ(ခင်ပွန်းသည်ရဲ့နှမ) ဖြစ်သူနဲ့ စကားများ
ရန်ဖြစ်နေတုန်း ပစ္စေကဗုဒ္ဓါတစ်ပါး ဆွမ်းခံကြွလာပါတယ်။ ယောက်မဖြစ်သူက ဆွမ်းလောင်းပြီး
“ဒီကောင်းမူကြောင့် ဒီလို မိုက်မဲတဲ့ မိန်းမမျိုးနဲ့ ဘယ်တော့မှ မဆုံတွေ့ပါရစေနဲ့၊ ယူဇနာတစ်ရာ
အဝေးကနေ ရှောင်ကွင်းနိုင်တဲ့သူ ဖြစ်ရပါစေ”လို့ သူမကိုရည်ညွှန်းပြီး ဆုတောင်းလိုက်ပါတယ်။
 
ယောက်မရဲ့ ဆုတောင်း မပြည့်စေချင်တဲ့အတွက် “ဒီကောင်မလှူတဲ့ဆွမ်း ပစ္စေကဗုဒ္ဓါ မဘုဉ်းပေးစေရဘူး”
ဆိုပြီး ပစ္စေကဗုဒ္ဓါအရှင်မြတ်ရဲ့ လက်ထဲက သပိတ်ကို အတင်းလုယူ၊ ဆွမ်းတွေကို သွန်ပစ်လိုက်ပြီး
ရွှံ့ပုပ်တွေ သပိတ်အပြည့် ထည့်ပေးလိုက်ပါတယ်။
 
နောက်တော့ ယောက်မက “နင် သိပ်မိုက်တာပဲ၊ ငါ့ကို ဆဲချင်ဆဲ၊ ရိုက်ချင်ရိုက်၊
နှစ်သင်္ချေနဲ့ ကမ္ဘာတစ်သိန်း ပါရမီဖြည့်ထားတဲ့ ပစ္စေကဗုဒ္ဓါအရှင်မြတ်ရဲ့ သပိတ်ထဲက ဆွမ်းတွေ
စွန့်သွန်ပြီး ရွှံ့ညွှန်ပုပ်တွေ ထည့်ပေးလိုက်တာကတော့ လုံးဝ မသင့်တော်ပါဘူး၊ လုံးဝမလုပ်သင့်ပါဘူး”
လို့ ပြောတော့မှ သတိသံဝေဂရပြီး သပိတ်ပြန်ယူဆေးကြောသန့်စင်ပြီး
မွန်မြတ်တဲ့ ဆွမ်းဘောဇဉ် စတုမဓူ ထောပတ်တွေ လောင်းထည့်လှူဒါန်းလိုက်ပါတယ်။

ပစ္စေကဗုဒ္ဓါရဲ့ သပိတ်ထဲ ရွှံ့ညွှန်ပုပ်တွေ လောင်းထည့်ခဲ့တဲ့ အကုသိုလ်ကံရဲ့ အကျိုးဆက်ကြောင့် ယောက်ျားရလို့ ယောက်ျားအိမ် လိုက်သွားတိုင်း ယောက်ျားအိမ်ရောက်တာနဲ့
ခန္ဓာကိုယ်က မစင်အုပ်နံ့တွေ လှိုင်ထွက်ခဲ့ရပါတယ်။

“ယောက်ျား ခုနှစ်ယောက်ရဲ့ အစွန့်ပစ်ခံဖြစ်တဲ့ ငါ့ဘ၀ ဘာမှ အဓိပ္ပာယ်မရှိတော့ဘူး၊ ခန္ဓာကိုယ်ကို အလှပြင်ပြီး၊လက်ဝတ်တန်ဆာတွေ ဆင်မြန်းနေလည်း အလကားပဲ၊
ဘာမှ အကျိုးမထူးတော့ဘူး”လို့ နှလုံးသွင်းပြီး သူမရဲ့ လက်ဝတ်တန်ဆာ ရွှေငွေရတနာ
တွေကို အကုန်ရောင်းချပစ်လိုက်ပါတယ်။ရတဲ့ပိုက်ဆံနဲ့ အလျားတစ်ထောင်၊ အနံတစ်ထွာ၊ အထုလက်လေးသစ်ရှိတဲ့ ရွှေအုတ်တစ်ချပ်သွန်းလုပ်ပြီး ကဿပဘုရားရှင်ရဲ့
ဓာတ်တော်ဌာပနာထားတဲ့ စေတီတော် တည်ဆောက်ရေးလုပ်ငန်းမှာ လှူဒါန်းလိုက်ပါတယ်။
 
ရွှေအုတ်ကို ကိုယ်ကိုယ်တိုင် ဘုရားပေါ်တက်စီပြီး ရွှေအုတ်ပေါ်မှာ ကြာပန်းရှစ်ပွင့်လည်း တင်လှူပူဇော်လိုက်ပါတယ်။“ကြာပန်း လှူဒါန်းရတဲ့ ကောင်းမူကြောင့် ဖြစ်လေရာဘ၀တိုင်း
ခန္ဓာကိုယ်က စန္ဒကူးနံ့၊ အာခံတွင်းက ကြာညိုနံ့ သင်းပျံ့ပါစေ”လို့လည်း ဆုတောင်းလိုက်ပါတယ်။

သူဌေးသမီး ရွှေအုတ်နဲ့ကြာပန်း လှူဒါန်းပြီးပြီးချင်း တစ်ခဏတည်း၊ တစ်ချိန်တည်းမှာပဲ ပထမဆုံး
လက်ထပ်ခဲ့တဲ့ သူဌေးသားက သူမကို ချက်ချင်း ရုတ်တရက်ကြီး အပြင်းအထန် သတိရသွားပါတယ်။
ကြာပန်းလှူရတဲ့ ကုသိုလ်က သူဌေးသားရဲ့ နှလုံးသားကို ချက်ချင်း အရှိန်ဟပ် ဓာတ်ခိုက်သွားတာပါ။

တပည့်တွေကို စုံစမ်းခိုင်းလို့ အပျိုဘ၀နဲ့ပဲမိဘအိမ်မှာ နေနေတယ်ဆိုတာ သိတာနဲ့
သူဌေးသားက ချက်ချင်း ဒုတိယအကြိမ် တောင်းရမ်းလက်ထပ်ပြီး အိမ်ကို ခေါ်လာပါတယ်။

သူဌေးသားအိမ်ထဲ သူဌေးသမီး ၀င်လိုက်တာနဲ့ တစ်ပြိုင်နက် တစ်အိမ်လုံး စန္ဒကူးနံ့သာတွေ၊ ကြာညိုပန်းနံ့တွေ သင်းပျံ့ကြိုင်လှိုင်သွားပါတယ်။ အပုပ်နံ့မထွက်တော့ဘဲ အမွှေးနံ့ထွက်နေတဲ့
သူဌေးသမီးကို သူဌေးသားကလည်း ရာသက်ပန် ရိုးမြေကျ ချစ်ကြင်မြတ်နိုးစွာ ပေါင်းသင်းသွားပါတယ်။

သူဌေးသားဆိုတာ တခြားမဟုတ်ပါဘူး။ အရှင်မဟာကဿပမထေရ်(ပိပ္ပလိလုလင်) အလောင်းအလျာပါ။
သူဌေးသမီးဆိုတာလည်း တခြားမဟုတ်ပါဘူး။ သဒ္ဒါကာပိလာနီထေရီ(မယ်ဘဒ္ဒါ) အလောင်းအလျာပါ။

မယ်ဘဒ္ဒါအလောင်း သူဌေးသမီး ကြာပန်းလှူရတဲ့ ကုသိုလ်ကြောင့် အကျိုးပေး မကြာခဲ့ပါဘူး။
ချက်ချင်းကြီးကို အကျိုးပေးခဲ့တာပါ။ နာရီမဆိုင်း၊ မိနစ်မဆိုင်းကြီးကို အကျိုးပေးခဲ့တာပါ။
အကျိုးပေးမြန်လိုက်တာ မပြောပါနဲ့တော့။“မြန်ချက်ကတော့ ကမ်းကုန်ပဲ”လို့တောင် ပြောရမှာပါ။

ကြာလှူရတဲ့ ကုသိုလ်၊ ကြာနဲ့ ဆက်စပ်နေတဲ့ ကုသိုလ်ကြောင့် သံသရာမှာလည်း မကြာသလို၊
ပစ္စုပ္ပန်လုပ်ငန်းကိစ္စတွေမှာလည်း မကြာပါဘူး။ ကြာဆိုတာ ကြာခြင်းရဲ့ သင်္ကေတ မဟုတ်ပါဘူး။
မြန်ခြင်းရဲ့ သင်္ကေတပါ။

“ကြာ”ကို ကုသိုလ်ကိစ္စမှာ အသုံးပြုရင် ချမ်းသာသုခတွေ အကျိုးပေး မြန်ပါတယ်။ ကြာကြောင့် ကြာတယ်ဆိုရင်လည်း တခြားအကုသိုလ်ကံကြောင့် ပေးရမယ့် ဆင်းရဲဒုက္ခတွေ 
တော်တော်နဲ့ အကျိုးမပေးနိုင်ဘဲ ကြာနေတာမျိုးပဲ ဖြစ်ပါလိမ့်မယ်။ ဆင်းရဲဒုက္ခတွေ အလာကြာတာတော့
ကြာစမ်းပါစေ၊ ကြာချင်သလောက် ကြာစမ်းပါစေ။

ကြာပန်းလှူတာလည်း ကုသိုလ်ပဲ။တရားစာအုပ် မျက်နှာဖုံးမှာ ကြာပန်းပုံရေးဆွဲ
ပူဇော်တာလည်း ကုသိုလ်ပဲ၊ ကြာရိုးဟင်းချို ချက်လှူတာလည်း ကုသိုလ်ပဲ၊ ကြာသင်္ကန်း ရက်လှူတာလည်း ကုသိုလ်ပဲ၊ ကုသိုလ်ရေးနဲ့ ပတ်သက်တဲ့ ကိစ္စတွေမှာ
ကြာပန်း၊ ကြာဖူး၊ ကြာရိုး၊ ကြာစွယ်၊ ကြာဥ၊ ကြာစေ့၊ ကြာချည်၊ ကြာမျှင်…
ကြာထွက်ပစ္စည်းတွေ ဘာပဲသုံးသုံး အဲဒါတွေလည်း ကုသိုလ်ပါပဲ။

ကြာနဲ့ ပတ်သက်တဲ့ ကုသိုလ်၊ ဘာကုသိုလ်ပဲ ပြုပြု ပစ္စုပ္ပန်မှာလည်း အကျိုးပေးမကြာပါဘူး။
သံသရာမှာလည်း အကျိုးပေး မကြာပါဘူး။သံသရာမှာ ကြာနေတာမျိုးလည်း လုံးဝမဖြစ်နိုင်ပါဘူး။
ပစ္စုပ္ပန်မှာလည်း အကျိုးပေးမြန်၊ သံသရာမှာလည်း အကျိုးပေးမြန်တဲ့အပြင်
သံသရာဝဋ်ဆင်းရဲကလည်း အမြန်ဆုံး လွတ်မြောက်နိုင်ပါတယ်။

ကြာဆိုတဲ့ စကားလုံးထဲမှာ မကြာတတ်တဲ့ သတ္တိရှိလို့ မကြာတာ မဟုတ်ပါဘူး။ ကြာလှူတဲ့
ကုသိုလ်ကောင်းမှုမှာ မကြာတတ်တဲ့ သတ္တိရှိလို့ မကြာတာပါ။ ကြာလှူတဲ့ ကုသိုလ်မှာမှ မဟုတ်ပါဘူး။
ဘယ်ကုသိုလ်မှာမဆို မကြာတတ်တဲ့သတ္တိ ရှိတာပါပဲ။

အကျိုပေးကြာခြင်း၊ မကြာခြင်းဟာ ကုသိုလ်ပြုစရာ ပစ္စည်းဝတ္ထုမှာ “ကြာ”ဆိုတဲ့ စကားလုံး ပါခြင်း၊ မပါခြင်း၊
“မကြာ”ဆိုတဲ့ စကားလုံး ပါခြင်း၊ မပါခြင်းနဲ့ လုံးဝ မပတ်သက်ပါဘူး။ ကုသိုလ် စေတနာအား
ပြင်းထန်ခြင်း၊ မပြင်းထန်ခြင်း၊ အတိတ်၊ ပစ္စုပ္ပန် အကြောင်းတရားမျိုးစုံ ညီညွတ်ခြင်း၊
မညီညွတ်ခြင်းနဲ့ပဲ သက်ဆိုင်ပါတယ်။

ပစ္စည်းဝတ္ထုတွေကို ခေါ်ဝေါ်သတ်မှတ်ထားတဲ့ အမည်နာမ စကားလုံးတွေရဲ့ အသံထွက်အပေါ်
အသံထွက်အတိုင်း ဖြစ်လိမ့်မယ်၊ သို့မဟုတ် အသံထွက်ရဲ့ ဆန့်ကျင်ဘက်အတိုင်း ဖြစ်လိမ့်မယ်လို့
မှားယွင်းစွာ ယူဆတဲ့ အယူအဆအမှားကို အကျင့်ကောင်း၊ အကျင့်မှန် ကျင့်လိုသူတိုင်း
လုံးဝ ပယ်စွန့်သင့်ပါတယ်။

ကြာကို ကြာခြင်းရဲ့ သင်္ကေတအဖြစ် ယူချင်လွန်းသပဆိုရင်လည်း ကောင်းတဲ့အဓိပ္ပာယ်ပဲ ယူပေါ့။ 
ကောင်းကျိုးချမ်းသာတွေ ကိုယ့်ဆီမှာ ကြာကြာတည်မြဲနေခြင်းရဲ့ သင်္ကေတ၊ ဆိုးကျိုးဆင်းရဲတွေ
ကိုယ့်ဆီ တော်တော်နဲ့ ရောက်မလာဘဲ အဝေးမှာကြန့်ကြာနေခြင်းရဲ့ သင်္ကေတဆိုရင် မကောင်းဘူးလား။

နိဗ္ဗာန်သာ အပြီးအပိုင် ရောက်သွားလို့ကတော့ ချမ်းသာသုခတွေ ကြာသလားမမေးနဲ့၊
ကြာချင်တိုင်း ကြာလိုက်တာ ဘယ်တော့မှကို မပျက်စီး၊ မရွေ့လျောတော့ပါဘူး။
အစဉ်ထာဝရ တည်မြဲသွားပါတယ်။ အကြာဆုံးချမ်းသာဟာ နိဗ္ဗာန်ချမ်းသာပါပဲ။
ဘယ်တော့မှ အဆုံးမသတ်တော့အောင်ကို ကြာတာပါ။ ဘယ်လောက်ပဲ ကြာကြာ ဘယ်တော့မှ ငြီးငွေ့
ရိုးအီသွားမှာတော့ မဟုတ်ပါဘူး။

“ကြာတတ်တာတွေ၊ မကြာစေဖို့၊ ကြာတွေလှူကာ၊ ဆုတောင်းပါသည်၊ မကြာခင်ပဲ ပြည့်ပါစေ”ဆိုတဲ့
ကဗျာလေးတစ်ပုဒ်တောင် ငယ်ငယ်တုန်းက ကြားဖူးပါတယ်။ ကြာကို သူများပေးလိုက်တဲ့အတွက် ကြာတတ်တဲ့သဘောတွေ သူများဆီ ရောက်သွားတယ်၊ ကိုယ့်ဆီမှာ
မရှိတော့ဘူး၊ ကိုယ့်ဆီမှာ မကြာတတ်တဲ့သဘောပဲ ရှိတော့တယ်ဆိုတဲ့ အဓိပ္ပာယ်ပါပဲ။

ဒါပေမဲ့ တကယ်တော့ “ကြာ”ဆိုတဲ့ စကားလုံးပါတဲ့ ပစ္စည်းဝတ္ထုကို သူများပေးလိုက်မှ ကိုယ့်ဆီမှာ
“မကြာတတ်တဲ့သဘော”ရှိလာတာ မဟုတ်ပါဘူး။ ဘာပစ္စည်းဝတ္ထုပဲ သူများပေးပေး၊ စေတနာသန့်သန့်နဲ့ ပေးမယ်၊ စေတနာထက်ထက်နဲ့ ပေးမယ်ဆိုရင် ကိုယ့်ဆီမှာ
“မကြာတတ်တဲ့သတ္တိ”တွေ ကိန်းဝပ်လာတာပါပဲ။ စေတနာသန့်ရင် သန့်သလောက်၊ စေတနာထက်ရင်
ထက်သလောက် ကောင်းကျိုးချမ်းသာတွေ မကြာခင် အချိန်ပိုင်းအတွင်းမှာ ပြည့်စုံလာတာပါပဲ။

ခုပေး - ခုရ၊ ခုလှူ - ခုချမ်းသာ၊ ချက်ချင်းကြီးတော့ဖြစ်ချင်မှ ဖြစ်မျာပေါ့။ ဘယ်မျိုးစေ့မဆို ခုစိုက် - ခုပေါက် -
ခုသီးတာမှ မဟုတ်ဘဲ။ မျိုးစေ့အမျိုးအစား၊ အပွင့်အသီးအမျိုးအစားပေါ် မူတည်ပြီး သူ့အတိုင်းအတာ၊
သူ့အကန့်အသတ်နဲ့သူ အချိန်ကာလတစ်ခုတော့စောင့်ဆိုင်းရဦးမှာပေါ့။

အကျိုးပေး ကြာခြင်း၊ မကြာခြင်းဟာ အကြောင်းကံဆိုင်ရာ ပစ္စည်းဝတ္ထုတွေမှာ “ကြာ”ဆိုတဲ့ စကားလုံး ပါခြင်း၊မပါခြင်းနဲ့ ဘာမှ မသက်ဆိုင်ပါဘူး။ အကြောင်းကံ ပြုစဉ်တုန်းက စိတ်မပါ လက်မပါနဲ့
အချိန်ကြာနေခြင်း၊ အချိန်ဆွဲနေခြင်းနဲ့ပဲ သက်ဆိုင်ပါတယ်။

စိတ်စေတနာ အားနည်းစွာနဲ့ ကုသိုလ်ကောင်းမှုကို မလုပ်ချင် လုပ်ချင် လေးလေးတွဲ့တွဲ့ လုပ်ခဲ့တဲ့သူဟာ
အကျိုးပေး ကြန့်ကြာပါတယ်။ အကျိုးပေး နှေးကွေးပါတယ်။ စိတ်စေတနာ ထက်ထက်သန်သန်နဲ့ ကုသိုလ်ကောင်းမှုကို အားရပါးရ တက်တက်ကြွကြွ လုပ်ခဲ့တဲ့သူဟာ
အကျိုးပေး မကြန့်ကြာပါဘူး။ အကျိုးပေး မြန်ဆန်ပါတယ်။

-【စာရိုက်ပူဇော်သူ - Admin Team of Young Buddhist's Association】
Posted by
www.facebook.com/youngbuddhistassociation.mm
အပ္ပမာဒေန သမ္ပာဒေထ။
-【ဆရာတော်အရှင်ဆန္ဒာဓိက(ရွှေပါရမီတောရ)】၏ “ကြာလိုလူ” နှာ ၄၈- ၅၅ မှ-ကူးယူပူဇော်မျှဝေပါသည်။】
 

ဓာတ်တိုးဆန့်ကျင်ပစ္စည်း ကြွယ်ဝစွာပါဝင်သော အစားအစာများ





ဓာတ်တိုးဆန့်ကျင်ပစ္စည်းများက ကျန်းမာစေသည်ဆိုခြင်းကိုအားလုံးသိထားပြီးဖြစ်သည်။ သို့သော် နေ့စဉ်စားသော အစားအသောက်များတွင် ဓာတ်တိုးဆန့်ကျင်ပစ္စည်းပါဝင်သော စားစရာများလုံလောက်စွာမပါဝင်ခြင်းဖြစ်နေနိုင်၍ ဓာတ်တိုးဆန့်ကျင်ပစ္စည်းကြွယ်ဝစွာပါဝင်သည့် စားသုံးသင့်သောအစားအစာများကို ဖော်ပြပေးလိုက်ပါသည်။

အနီရောင်ပဲများ (Red Beans)

ပဲများအားလုံးမှာ ကျန်းမာစေသော သတ္တိရှိကြသည်။ သို့သော် အရောင်တောက်သောပဲများတွင် ကျန်းမာရေးအကျိုးကျေးဇူးပါဝင်မှုအများဆုံးဖြစ်ကြောင်း အာဟာရပညာရှင် ဒေါက်တာတီနာရူဂျီယာရိုက ပြောသည်။ ပဲတွင်ပါဝင်သော ဓာတ်တိုးဆန့်ကျင်ပစ္စည်းများက နှလုံးရောဂါနှင့် ကင်ဆာရောဂါဖြစ်ပွားနိုင်ခြင်းမှ ကာကွယ်နိုင်ကြောင်း သုတေသနပြုချက်များက ဖော်ပြသည်။

ဘလူးဘယ်ရီသီးများ (Blueberries)

ဘလူးဘယ်ရီသီးများတွင် ကျန်းမာရေးအကျိုးပြုဓာတုဓာတ်တစ်မျိုးပါဝင်သဖြင့် ကျွန်တော်တို့၏ အမြင်အာရုံကို ကာကွယ်ပေးနိုင်ပြီး သွေးထဲ သကြားပါဝင်မှုကိုလျှော့ချပေးကာ မှတ်ဉာဏ်နှင့် သိမှတ်နိုင်မှုစွမ်းရည်များကို မြှင့်တင်ပေးနိုင်သည်။

ကရန်ဘယ်ရီသီးများ (Cranberries)

ကရန်ဘယ်ရီသီးများမှာ ခန္ဓာကိုယ်ရောင်ရမ်းမှုကို လျှော့ချပေးနိုင်ပြီး ကိုယ်ခံအားစနစ်ကို အားကောင်းစေသည်။ ကရန်ဘယ်ရီသီးစားပေးခြင်းဖြင့် ကင်ဆာရောဂါအချို့နှင့် နှလုံးရောဂါတို့ကို ကာကွယ်ပေးနိုင်ကြောင်း လေ့လာမှုများက ဖော်ပြသည်။

ဂေါ်ဖီထုပ်ကဲ့သို့ ဟင်းပင် (Artichoke)

Artichoke ဟုခေါ်သော ဂေါ်ဖီထုပ်ကဲ့သို့ ဟင်းရွက်ထုပ်တွင် အမျှင်ဓာတ်နှင့် ဓာတ်တိုးဆန့်ကျင်ပစ္စည်းများကြွယ်ဝစွာပါဝင်ပြီး နှလုံးရောဂါကို တိုက်ဖျက်နိုင်ခြင်းနှင့် ကိုယ်လက်စထရောမြင့်မားမှုကို တိုက်ဖျက်နိုင်ခြင်းတို့ အပါအဝင် ကျန်းမာရေးအကျိုးကျေးဇူးများစွာရှိသည်။

ဘလက်ဘယ်ရီသီးများ (Blackberries)

ဘလက်ဘယ်ရီသီးများစားပေးခြင်းဖြင့် ဦးနှောက်ကို ကာကွယ်ပေးပြီး ဇရာကြိုရောဂါ (Alzheimer)နှင့် မှတ်ဉာဏ်ပျောက်ဆုံးခြင်းရောဂါ အန္တရာယ်တို့ကို လျှော့ချပေးနိုင်သည်။ အူမကြီးကင်ဆာရောဂါကို တိုက် ဖျက်ရာတွင်လည်း ကူညီပေးနိုင်သည်။

ဆီးသီးကြီးခြောက် (Prune)

ဆီးသီးကြီးအခြောက်များတွင် ဓာတ်တိုးဆန့်ကျင်ပစ္စည်းများကြွယ်ဝစွာပါဝင်သည်။

ရက်စ်ဘယ်ရီသီးများ (Raspberries)

ရက်စ်ဘယ်ရီသီးများမှာ သေးငယ်သလောက် နှလုံးရောဂါတိုက်ဖျက်ရာတွင် များစွာအထောက်အကူပြုနိုင်ပြီး အချို့သောကင်ဆာရောဂါများကို ကာကွယ်ပေးနိုင်ကာ ကိုယ်ခံအားကို အားကောင်းစေသည်။
 

ဆိုဒါ (Soda) သောက်ခြင်းဟာ လူကို လျှင်မြန်စောစီးစွာ အိုမင်းစေနိုင်



ရိုးရိုးသာမန်ဆိုဒါ သောက်သုံးတာဟာ သင့်ရဲ့နုနယ်ငယ်ရွယ်မှုတွေကို စုပ်ယူပစ်လိုက်သလိုဖြစ်စေနိုင်တဲ့အပြင် စိတ်ပျော်ရွှင်ခံစားမှု တစ်စုံတစ်ခုလေးတောင် ရရှိလိမ့်မှာလည်း မဟုတ်ပါဘူးလို့ သိပ္ပံနည်းသစ်တစ်ခုက ဖော်ပြထားပါတယ်။
 

လေ့လာမှုတစ်ရပ်မှာဆိုရင် (၂၄) နာရီအတွင်း အရွယ်ရောက်ပြီးသူပေါင်း ၅၃၀၉ ရဲ့ သိကြားအချိုဓာတ်ပါဆိုဒါတွေ၊ သစ်သီးဖျော်ရည် နဲ့ အစားအစာထဲပါဝင်တဲ့ဆိုဒါ သောက်သုံးမှုကို သုတေသီတွေက လေ့လာစမ်းသပ်ခဲ့ကြတယ်။ နောက်ပြီး သဘာဝအရ အိုမင်းရင့်ရော် အသက်တိုစေတဲ့ အရွယ်ရောက်ပြီးသူတွေရဲ့ telomeres ၊ chromosome ပါဝင်မှုတွေကို နိုင်းယှဉ်မှုပြုလုပ်ခဲ့ပြီး အသက်အရွယ်နဲ့ ဦးနှောက်သွေးကြောရောဂါ၊ ဆီးလွန်/သွေးချိုရောဂါနဲ့ ကင်ဆာရောဂါ အန္တရာယ်တွေကို ကြိုတင်ခန့်မှန်းဖို့ အတွက် အသုံးပြုခဲ့ကြပါတယ်။

အဲဒီကြောင်းတရားတွေအတွက် ရလဒ်တွေကို ညှိနှိုင်းပြီးတဲ့နောက်ပိုင်းမှာ ရိုးရိုး (စားနေကျမဟုတ်) ဆိုဒါ နေ့စဉ်ပုံမှန် ၈ အောင်စ စားသုံးမှုကြောင့် လူတွေအသက်တိုတာဖြစ်ကြောင်း သုတေသီများက တွေ့ရှိခဲ့ပါတယ်။ တစ်နေ့ကို ဆိုဒါ (၁၀) အောင်စ ပုံမှန်သောက်ပါက သင့်အသွေးအသားကို ဆိုဒါမသောက်သူတွေထက် ၄.၆ နှစ် ပိုမိုအိုမင်းလာစေနိုင်တယ်။ အဲဒီလိုပဲ ဆေးလိပ်သောက်ခြင်းမှာလည်း အိုမင်းရင့်ရော်မှုဖြစ်စေပါတယ်။ သို့ပေမဲ့ ကျန်းမာရေးနဲ့ ကိုက်ညီတဲ့ နေ့စဉ်အစားအစာများ၊ လေ့ကျင့်ခန်းလုပ်ခြင်း နဲ့ ဒေါသများထိန်းချုပ်ခြင်းကတော့ သင့်ကို အသက်ရှည်စေပါလိမ့်မယ်။


https://www.facebook.com/royalheromedia/photos/a.452811328083074.110728.452793

ကျန်းမာရေးမထိခိုက်အောင် ၀ိတ်ချဖို့ဆိုရင်



ကိုယ်အလေးချိန်လျှော့ချရာတွင် ကျန်းမာရေးမထိခိုက်စေရန် ပရိုတင်းများများ မှီဝဲပါ။

ပရိုတင်းဓာတ် များတဲ့ အစာတွေက ကြွက်သား တည်ဆောက် မှုမှာ အရေးပါ တာကြောင့် ကိုယ်အလေးချိန်ကို လျော့ကျ စေနိုင်ပါတယ်။ ဒါ့အပြင် ဗိုက်ကိုလည်း ပြည့်စေ ပါတယ်။

ပရိုတင်းဆိုတာ အင်ဇိုင်း ဖြစ်ပေါ်ရေး အတွက် အရေးပါတဲ့ အပြင် အရေပြား၊ အရိုး၊ အရိုးနုနဲ့ သွေးတွေထဲမှာ အရေးကြီးတဲ့ ပါဝင် ပစ္စည်းတစ် မျိုးဖြစ်သလို ကိုယ်တွင်း ဆဲလ်နဲ့ တစ်သျှူး တွေ တည်ဆောက် ပြုပြင်ရေး အတွက်လည်း အရေးပါ ပါတယ်။ ဒါကြောင့် ကိုယ်အလေးချိန် လျှော့ချတဲ့အခါ ကျန်းမာရေး ထိခိုက်မှု မရှိစေဖို့ရာ အတွက် အောက်ပါ ပရိုတင်း ဓာတ်ပါတဲ့ အစားအသောက် တွေကို ထည့်စား သင့်ပါတယ်။

ပင်လယ်စာ

ဆယ်လ်မွန်ငါး၊ တူနာငါးတို့လို တချို့ငါးတွေမှာ အရေးကြီးတဲ့ အိုမီဂါ ၃ အဆီ ပါဝင် ပါတယ်။ ကမာနဲ့ ကဏန်းလို တခြားပင်လယ်စာ ထဲမှာလည်း အဆီနည်းပြီး ပရိုတင်းဓာတ် ပါဝင်မှု များပါတယ်။

ကြက်သား၊ ဘဲသား

အရေခွံခွာထားတဲ့ ကြက်သားနဲ့ ဘဲသားတွေမှာ အဆီနဲ့ ကယ်လိုရီပါဝင်မှု နည်းပါးပြီး ပရိုတင်းဓာတ် အကောင်း ဆုံးပါဝင်တဲ့ အသားတွေ ဖြစ်ကြပါတယ်။

နို့နှင့် နို့ထွက်ပစ္စည်း

ဒိန်ချဉ်၊ အဆီနည်းနို့၊ ဒိန်ခဲစတဲ့ အ ဆီနည်းနို့နဲ့ နို့ထွက်ပစ္စည်းတွေမှာ ပရို တင်းဓာတ် များစွာ ပါဝင်ပါတယ်။ ကြက် ဥ၊ ဘဲဥစတဲ့ ဥအမျိုးမျိုးမှာလည်း ပရို တင်းဓာတ် ပါဝင်ပါတယ်။

ပဲအမျိုးမျိုး

ပဲနီလေး၊ ပဲစေ့စတဲ့ ပဲအမျိုးမျိုးမှာ အပင်ထွက်ပရိုတင်းဓာတ် အကောင်းဆုံး ပါဝင်ပါတယ်။ အမျှင်ဓာတ်လည်း များ စွာ ပါဝင်တာကြောင့် ကြာကြာ ဗိုက်ပြည့် စေပါတယ်။

အခွံမာသော အစေ့အဆန်

ဗာဒံစေ့တစ်အောင်စမှာ ပရိုတင်းဓာတ် ခြောက်ဂရမ်နဲ့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ဖက်တီး အက်စစ်တို့ ပါဝင် ပါတယ်။

အခွံချွတ်မထားသော ကောက်နှံစာ

ဆန်လုံးညို၊ ခရက်ကာမုန့်၊ ကွေကာ စတဲ့ အခွံချွတ်မထားတဲ့ ကောက်နှံစာ တွေမှာ ပရိုတင်းဓာတ် တချို့နဲ့ အမျှင် ဓာတ်အများအပြား ပါဝင်ပါတယ်။

အသား

အသားမှာ ပရိုတင်းဓာတ် အများအပြား ပါဝင်ပေမယ့် အနီရောင် အသားက ကိုယ်တွင်း ရောင်ရမ်းမှုနဲ့ ရောဂါဝေ ဒနာဖြစ်နှုန်းကို မြင့်တက် စေတယ် လို့ လေ့ လာမှုတွေအရ သိရပါတယ်။ ဒါကြောင့် အဆီနည်းပါးတဲ့ အသားကိုသာ ရွေးစား ပြီး ပြုပြင်ထားတဲ့ အသားတွေကို ရှောင်ဖို့ လိုအပ်ပါတယ်။

Credit : မြ၀တီ


https://www.facebook.com/royalheromedia/photos/a.452811328083074.110728.452

ဘယ်လိုရေမွှေးရနံ့မျိုးက ကိုယ့်အတွက် အကောင်းဆုံးဖြစ်မလဲ





လူတစ်ဦးနဲ့တစ်ဦး ပြောဆိုဆက်ဆံတဲ့အခါ ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိနေစေဖို့အတွက် တစ်ကိုယ်ရည်သန့်ရှင်းမှုကအရေးကြီးဆုံးပါ။ ဒါ့အပြင် ကိုယ့်ဆီက သင်းပျံ့တဲ့ရနံ့တစ်ခုခု ဒါမှမဟုတ်လဲ လှည့်ကြည့်စရာမလိုပဲ ရနံ့လေးတစ်ခုရလိုက်တာနဲ့ ကိုယ်ဆိုတာ သိသွားစေမယ့် ရေမွှေးရနံ့မျိုးကလည်း သင့်ကို ယုံကြည်မှုတစ်ခု တိုးစေတာပါပဲ။ ဒါပေမယ့် ကိုယ်ရွေးချယ်မယ့် ရေမွှေးရနံ့ကတော့ ကိုယ်ကဘယ်လိုလူမျိုးလဲဆိုတာ ဖော်ပြပေးနိုင်တာမို့ သတိထားရွေးချယ်ဖို့ လိုအပ်ပါတယ်။ တစ်ခါတစ်လေ ဈေးကွက်ထဲက ရေမွှေးတွေက များလွန်းတာမို့ ဘယ်လိုရေမွှေးမျိုး ရွေးချယ်ဆွတ်ရမလဲဆိုတာ ခေါင်းစားနေသူတွေအတွက် ရွေးချယ်ပုံ ရွေးချယ်နည်းလေး ပြောပြပေးချင်ပါတယ်။

၁။ပန်းရနံ့

တကယ်လို့ သင်ဟာ

-ဆောင်းရာသီကို နှစ်ခြိုက်တဲ့သူဆိုရင်၊

-၀ိုင်းပုလင်းတစ်ပုလင်းထက် ပန်းစည်းတစ်စည်းကိုသာ လက်ဆောင်အဖြစ် ပိုလိုချင်တတ်သူဆိုရင်၊

-သာယာတဲ့ နေ့လည်နေခင်းမျိုးကို နှစ်သက်တဲ့သူဆိုရင်

-ရှောပင်ထွက်တိုင်း ၀ယ်ဖြစ်တဲ့ အင်္ကျံဒီဇိုင်းတွေက ပန်းနွယ်ပန်းပွင့် ဒီဇိုင်းမျိုး ကာလာတောက်တောက်လေးတွေဆိုရင်

ပန်းရနံ့တစ်မျိုးမျိုးနဲ့ ဖော်စပ်ထုတ်လုပ်ထားတဲ့ ရေမွှေးမျိုးကို ၀ယ်ယူလိုက်ပါ။

၂။သစ်သီးရနံ့

တကယ်လို့ သင်ဟာ

-နွေရာသီကိုသာ အနှစ်ခြိုက်ဆုံးသူ ဖြစ်တယ်ဆိုရင်

-မနက်ခင်းမှာ စောစောထတတ်ပြီး ကော်ဖီတစ်ခွက်သောက်လိုက်ရမှ ကျေနပ်သူဆိုရင်

-ရေသောက်ရင်တောင် လိမ္မော်နံ့သင်းတဲ့၊ အသီးနံ့လေးသင်းတဲ့ ရေမျိုးကိုသာ သောက်ချင်တာဆိုရင်

-သန့်ရှင်းပြီး ပေါ်လွင်တဲ့ အင်္ကျံမျိုး၊ ရှင်းရှင်းလေး၊ သဘာဝဆန်ဆန်လေးနဲ့ လှတဲ့ ဒီဇိုင်းမျိုးတွေသာ ကြိုက်တတ်တဲ့သူဆိုရင်

-အသီးဖျော်ရည်တွေကိုသာ စွဲမြဲစွာ သောက်တတ်သူဆိုရင်

သစ်သီးရနံ့ပါတဲ့ ရေမွှေးမျိုးနဲ့ သင်ဟာ လိုက်ဖက်မှုအရှိဆုံးပါ။

၃။အုံမှိုင်းပြီး စိမ်းစိမ်းစိုစို ဖြစ်စေတတ်တဲ့ရနံ့

တကယ်လို့ သင်ဟာ

-မှုန်မှိုင်းတဲ့ ရာသီမျိုးကို သဘောကျတယ်ဆိုရင်

-သစ်တော၊ သစ်ရိပ်လေးတွေကို သဘောကျတယ်ဆိုရင်

-လက်ဝတ်ရတနာတွေက ကျောက်တုံးပုံစံလေးတွေ၊ သူများတွေ ၀တ်လေ့မရှိတဲ့ ရှေးဟောင်းဒီဇိုင်းပုံစံတွေဆိုရင်

-သောက်နေကျ အရာက လက်ဖက်ရည်ကြမ်းလိုအရာမျိုးဆိုရင်

-အိမ်ထဲမှာ treadmill နဲ့လမ်းလျှောက်ရတာထက် စိမ်းလန်းတဲ့နေရာမျိုးတွေမှာ လမ်းလျှောက်ရတာ သဘောကျတယ်၊ တောင်တက်ရတာမျိုးတွေ နှစ်ခြိုက်တယ်ဆိုရင်တော့

ခုနပြောပြထားတဲ့ ကိုယ့်ကိုအုံမှိုင်းပြီး စိမ်းစိမ်းစိုစိုဖြစ်စေတဲ့ ခံစားချက်မျိုး၊ ရနံ့မျိုးပေးနိုင်တဲ့ ရေမွှေးကို ရှာဆွတ်ပါ။

၎။အရှေ့တိုင်းဆန်တဲ့ ရနံ့

တကယ်လို့သင်ဟာ

- ညဘက်နောက်ကျမှ အမြဲ အိပ်ရာဝင်တတ်တဲ့သူဆိုရင်

-ဖယောင်းတိုင်းတွေ ထွန်းပြီး နေရတာကြိုက်တယ်၊ အမွှေးရနံ့ပါတဲ့ ဖယောင်းတိုင်လေးတွေ သဘောကျတယ်။

-သွားနေကျစားသောက်ဆိုင်ရဲ့ အပြင်အဆင်ဟာ ရွှေရောင်၊ ငွေရောင်အဆင်တန်ဆာတွေနဲ့ အလှဆင်ထားသလို ၊ ပိုးသား၊ ဖဲသားလို အစမျိုးတွေနဲ့လည်း အလှဆင်ထားတယ်။

-ဆောင်းတွင်းကို နှစ်သက်ပေမယ့် နှင်းကြောင့်မဟုတ်ပဲ မီးလင်းဖိုအလှကို ခံစားရင်း နွေးနွေးထွေးထွေးနေချင်တာကြောင့် ဖြစ်တယ်ဆိုရင်

သင်ဟာ အရှေ့တိုင်းဆန်တဲ့ ရနံ့စူးစူးတွေကိုသာ ရွေးချယ်သင့်ပါတယ်။

Ref:womenshealthmag.com
Credit to Trand Myanmar
 

ဝိုင်ဖိုင်ကြောက်တဲ့ဘွားဘွား နေအိမ်ကို ဝိုင်ဖိုင်ကာကွယ်ဆေးသုတ်



ဟာဝိုင်အီ
ဝိုင်ဖိုင်ကြောက်တဲ့ဘွားဘွား ဟာ ဝိုင်ဖိုင်လိုင်းတွေက ကင်းလွတ်ဖို့ အတွက် သူမရဲ့နေအိမ်ကို ပေါင်လေး ထောင် အကုန်အကျခံပြီး ပြင်ဆင်မှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။
စတီဖန်နီရက်ဆဲလ်လို့အမည် ရှိတဲ့ အဘွားအိုဟာ သူမရဲ့အိမ်ကို ဝိုင် ဖိုင်လိုင်းတွေက ကင်းလွတ်ဖို့ အိမ်နံရံ တွေကို ဝိုင်ဖိုင်လိုင်းကာကွယ်တားဆီး နိုင်တဲ့ဆေးတွေနဲ့ သုတ်စေခဲ့တယ်လို့ သိရပါတယ်။
အဘွားအိုစတီဖန်နီက သူမ ရဲ့ အိမ်အတွင်း အချက်ပြလိုင်းတွေကို အထူးထောက်လှမ်းနိုင်တဲ့ စက်ကိရိယာ ကိုပါ ဆောင်ထားတယ်လို့ သိရပါတယ်။
 
ရေဒီယိုလိုင်းတွေနဲ့ အနီးကပ် နေရင် ခေါင်းကိုက်တာတို့ နေမကောင်း ဖြစ်တာတို့ ခံစားရတဲ့ ရေဒီယိုလိုင်းတွေ နဲ့မတည့်တဲ့ရောဂါ အဘွားအိုက ခံစားနေရတယ်လို့ ဆိုပါတယ်။
သူမဟာ ဝိုင်ဖိုင်နဲ့မတည့်တဲ့ အတွက် အင်တာနက် အီးမေးလ်တို့ကို လုံးဝအသုံးမပြုတဲ့အကြောင်း ပြောပါ တယ်။ နေအိမ်အတွင်းအပြင်ကို ဝိုင် ဖိုင်လိုင်းကာကွယ်တဲ့ ဆေးသုတ်မှုဟာ ပြီးမြောက်သလောက်ရှိလာတာကြောင့် အခုအခါ ကျန်းမာရေးအခြေအနေ လည်း အတော်လေးကောင်းမွန်လာပြီး ပိုလုံခြုံလာတယ်လို့ ခံစားရတယ်လို့ ပြော ပြပါတယ်။

အဘွားအိုစတီဖန်က သူမ အိမ်ကို ဝိုင်ဖိုင်သုံးတဲ့ဧည့်သည်လာရင် တောင် အလိုမရှိဘူးလို့ ပြတ်ပြတ်သား သားပဲ ပြောပါတယ်။

Ref: Mirror
 

ဆံပင်ကို အရှည်မြန်အောင် ဘယ်လိုလုပ်ကြမလဲ





ကျွန်မတို့အားလုံးဟာ ဆံပင်မြန်မြန်ရှည်ဖို့ ဘယ်လိုနည်းလမ်းလေးတွေ ရှိမလဲဆိုပြီး အမြဲတမ်းစူးစမ်းလေ့ရှိပါတယ်။ သူငယ်ချင်းတွေကိုလည်း ဆံပင်မြန်မြန်ရှည်အောင် ဘာလုပ်ရကောင်းမလဲဆိုပြီး မေးမြန်းတတ်ကြပါတယ်။ ဆံပင်အရှည်မြန်မယ့် နည်းလမ်းလေးတွေကို ပြောဆိုကြတာကလည်း တစ်ယောက်တစ်မျိုးပါပဲ။ တစ်ပတ်ကို ခေါင်းဘယ်နှစ်ခါလျှော်ရင် ဆံပင်ရှည်မြန်တယ်၊ ခေါင်ေးလျှာ်တဲ့အခါ ဘာတွေလုပ်ရင် ဆံပင်ရှည်မြန်တယ်၊ မလျှော်ခင် ဘာတွေလိမ်းရမယ် စသဖြင့် ပြောကြဆိုကြတာတော့ အများကြီးပါပဲ။ အဖြေရော တွေ့ရှိကြပြီလား။ မတွေ့သေးဘူဆိုတာ သေချာရင်တော့ အဲ့ဒီအကြောင်းလေး ပြောပြပေးချင်ပါတယ်။

တကယ်တော့ ဆံပင်ရှည်မြန်အောင်လုပ်လို့မရပါဘူး။ ဒီအကြောင်းကို အလှအပဆိုင်ရာသုတေသီတွေက ပြောကြားခဲ့ပြီးဖြစ်သလို လက်ခံရမယ့်အချက်တစ်ချက်လည်းဖြစ်ပါတယ်။ ဆံပင်ကိုအရှည်မြန်အောင် လုပ်လို့မရပေမယ့် ဆံပင်သားကောင်းအောင်၊ ဆံပင်သားကျန်းမာအောင် စသဖြင့် ကိုယ့်ရဲ့ဆံပင်ကို ကိုယ့်စိတ်ကြိုက်ဖြစ်အောင် ပုံသွင်းပြုစုနိုင်တာကတော့ သေချာပါတယ်။

ဆံပင်သားတွေကျန်းမာလာတဲ့အခါ ဆံပင်ရှည်မြန်တာမမြန်တာထက် ရှည်ထွက်လာတဲ့ ဆံပင်သားကလည်း ကျန်းမာနေပါလိမ့်မယ်။ ဒီလိုကျန်းမာတဲ့ ဆံပင်မျိုးကို လိုချင်တယ်ဆို၇င်တော့ ဆံပင်သားရဲ့အတွင်း၊ အပြင် နှစ်ခုစလုံးကို ဂရုစိုက်ပေးဖို့လိုပါတယ်။ ဆံပင်သားကို အတွင်းပိုင်းကနေ ဂရုစိုက်တယ်ဆိုတာကတော့ ခန္ဓာကိုယ်အတွင်းပိုင်းကနေ ဆံပင်သားကို ရောက်ရှိသွားမယ့် ဗီတာမင်တွေ၊ အခြားသော ဓာတ်တွေကို ဂရုစိုက်ပေးရတာမျိုးပါ။ ဆံပင်သားကောင်းမွန်စေဖို့ ပရိုတင်းဓာတ်၊ အက်ဆစ်ဓာတ်၊ ဗီတာမင်ဘီ ပြည့်ဝစွာရရှိနေဖို့ လိုပါတယ်။ အပြင်ဘက်က ဂရုစိုက်ပေးခြင်းဆိုတာကတော့ ဆံပင်ကို ရှန်ပူနဲ့လျှော်ပြီးတာနဲ့ ပျော့ဆေးသုံးပေးတာ၊ ပုံမှန်ပေါင်းတင်ပေးတာမျိုးတွေပါ။ ဆံနွယ်အားတိုးအဆီတွေလိမ်းပေးတာကလည်း ကောင်းတာပါပဲ။
နောက်တစ်ချက်ကတော့ ဆံပင်ကို ဓာတုဗေဒပစ္စည်းတွေ ထိတွေ့လွန်ကဲခြင်း၊ နေရာင်ခြည်ဒဏ်ကို ကြာရှည်ခံရတာမျိုးတွေ မဖြစ်အောင်လည်း ဂရုစိုက်ရမှာပါ။

ဆံပင်အရှည်မြန်စေဖို့ အဖျားတိပေးရတယ်ဆိုတာမျိုးဟာလည်း မှားယွင်းတဲ့အယူအဆပါပဲ။ အဖျားတိပေးခြင်းအားဖြင့် မကျန်းမာတဲ့ ဆံပင်အနားတွေ မရှိတော့တာကြောင့် ဆံပင်သားပိုမိုကျန်းမာလာစေနိုင်တာလောက်ပဲရှိပါတယ်။ ဒါ့ကြောင့်မို့ ဆံပင်သား အရှည်မြန်စေဖို့လုပ်လို့မရနိုင်ပေမယ့် ဆံပင်သားကျန်းမာအောင် ဂရုစိုက်သွားမယ်ဆိုရင်တော့ လှပတဲ့ ဆံပင်ကို အမြန်ဆုံးရရှိလာမှာ သေချာပါတယ်။

Credit to Trend Myanmar
 

ကိုယ်ပြောင်းရွှေ့လိုက်ရတဲ့ မြို့အသစ်မှာ သူငယ်ချင်းသစ်တွေ ရဖို့ဆိုရင်



 
 
မြို့အသစ်တစ်ခုကို အကြောင်းအမျိုးမျိုးကြောင်း ပြောင်းရွှေ့လိုက်ရတယ်ဆိုပါစို့။ ကိုယ်နဲ့တွဲသွားတွဲလာ၊ တိုင်ပင်ဖော် တိုင်ပင်ဖက် အဲ့ဒီမြို့လေးက သူငယ်ချင်းသစ်တွေ လိုလာပြီပေါ့။ ဒီတော့ သူငယ်ချင်းသစ်ရနိုင်တဲ့ နည်းတစ်ချို့ကို အကြံပေးလိုက်ပါရစေ။

၁။ကိုယ်နှစ်သက်တဲ့ ကစားပွဲ၊ ပြိုင်ပွဲမှာ မြို့နယ်အသင်း၊ ကိုယ့်ကျာင်းအသင်းကို အားပေးပါ။

ကိုယ်က ဘောလုံးပွဲနှစ်ခြိုက်သူလား၊ ဘော်လီဘောပွဲ ကြည့်လေ့ရှိသူလား၊ ဒါမှမဟုတ် တစ်ခြား ကြက်တောင်ရိုက်အားကစားပွဲတွေကို လက်လွတ်မခံတတ်သူလား။ ဘယ်လိုပဲဖြစ်ဖြစ် သင်ပြောင်းရွှေ့လာတဲ့ မြို့ကိုယ်စားပြု ၀င်ပြိုင်တဲ့ အသင်းတစ်ခုခုကို အားပေးဖို့ အားကစားရုံကို သွားလိုက်ပါ။ ကိုယ်ကကျောင်းတက်နေသူဆိုရင်လည်း ကိုယ့်ကျောင်းကိုယ်စားပြု အသင်းကို အားပေးလိုက်ပါ။ ဒီလိုအချိန်မှာ ကိုယ့်ဘေးက ကိုယ်နဲ့အတူ စိတ်တူကိုယ်တူ ကိုယ့်မြို့နယ်ကို အားပေးနေတဲ့၊ ကိုယ့်ကျောင်းအတွက် အားပေးနေတဲ့ သူငယ်ချင်းမျိုး ရဖို့လွယ်ပါတယ်။ နောက်ပိုင်း အားကစားပွဲတွေ မဟုတ်တော့ပဲ အပြင်မှာပါ ရင်းနှီးလာမယ်ဆိုတာ မယုံမရှိပါနဲ့။

၂။ပါတီပွဲ၊ ဒင်နာပွဲ စတဲ့ အဖိတ်ခံထားရတဲ့ ပွဲမျိုးတွေ သွားပါ။

ကိုယ်က အေးဆေးနေတတ်သူပဲဖြစ်ဖြစ် တစ်ခါတစ်လေတော့ ညလုံးပေါက် သောင်းကျန်းတတ်တဲ့ သူငယ်ချင်းမျိုးကတော့ လိုတာပါပဲ။ ဒီလိုသူငယ်ချင်းမျိုးကို ရှာချင်တယ်ဆိုရင်တော့ ဒင်နာပါတီပွဲတွေမှာ၊ မွေးနေ့ပွဲတွေမှာပဲ ရှိလို့တွေ့မှာပါ။ ဒီလိုပွဲမျိုးမှာ မိတ်ဖွဲ့ဖို့လည်း လွယ်ကူပါတယ်။ ဘယ်ကျောင်းကလဲ၊ ဘယ်မှာနေတာလဲ စတာလေးတွေ မေးပြီး သူငယ်ချင်းဖြစ်နိုင်ပါတယ်။

၃။ကိုယ်လက်လေ့ကျင့်ခန်းလုပ်နိုင်တဲ့ သင်တန်းမျိုး၊ GYM စတဲ့နေရာတွေ သွားပါ။

အိမ်မှာပဲ ကိုယ်လက်လေ့ကျင့်ခန်းလုပ်မယ့်အစား သင်တန်းတစ်ခုခုသွားတာမျိုး၊ GYM သွားဆော့တာမျိုးက သင့်အတွက် မိတ်ဆွေတိုးစေမှာ သေချာစေတဲ့အရာပေါ့။ သင်တန်းပြီးသွားရင်လည်း သူငယ်ချင်းနဲ့ အပြင်သွားပြီး ကျန်းမာရေးနဲ့ ညီညွတ်တဲ့ smoothie လေးသောက်၊ သူငယ်ချင်းလည်းရ၊ အဆီလည်းကျ ဘယ်လောက်မိုက်သလဲ။

၎။ကိုယ်ကြိုက်တဲ့ ရှိုးပွဲ၊ ဖျော်ဖြေပွဲတစ်ခုခုသွားပါ။

ကိုယ်နှစ်သက်တဲ့ ဂီတအမျိုးအစားတစ်ခုခု၊ ဒါမှမဟုတ် ကိုယ်ကြိုက်တဲ့ band တစ်ခုခုရဲ့ ဖျော်ဖြေပွဲသွားတဲ့အခါ သင့်ဘေးနားက လူတွေအားလုံးကလည်း ဒီအဖွဲ့၊ ဒီအဆိုတော်ကို ကြိုက်လို့ပဲ ရောက်လာကြတယ်ဆိုတာ စဉ်းစားကြည့်စရာတောင် မလိုပါဘူး။ ကိုယ်နဲ့ အကြိုက်တူတဲ့ လူတွေနဲ့ သူငယ်ချင်းဖြစ်ရတာလောက် ကောင်းတဲ့အရာရှိနိုင်ဦးမလား။

၅။လုပ်ငန်းခွင်က သူငယ်ချင်းတွေနဲ့ အပြင်ထွက်ဖို့ မတွန့်ဆုတ်ပါနဲ့။

လုပ်ငန်းခွင်ဘ၀နဲ့ အပြင် လူမှုဆက်ဆံရေးဘ၀ကို ပေါင်းစပ်လိုက်ဖို့ ကြောက်ရွံစရာမလိုပါဘူး။ ကိုယ့်လုပ်ငန်းခွင်က လူတွေနဲ့ အပြင်မှာပါ သူငယ်ချင်းဖြစ်ပြီ၊ မိတ်ဆွေဖြစ်ပြီဆိုရင် လုပ်ငန်းခွင်မှာလည်း အရင်ထက် ပိုမိုပျော်ရွှင်လာပါလိမ့် မယ်။ ရုံးချိန်အတွင်း ရုံးအလုပ်လုပ်ရတယ်ဆိုပေမယ့် ရုံးချိန်ကျော်လွန်သွားတဲ့အခါ တစ်နေရာရာသွားကြ၊ စားကြ၊ သောက်ကြနဲ့ ပျော်စရာ ဘယ်လောက်ကောင်းသလဲ။
 

စင်ကာပူ ၀န်ကြီးချုပ် လီရှန်လွန်းရဲ့ လီရှန်လွန်းနဲ့ အတူ Selfie



စင်ကာပူ ၀န်ကြီးချုပ် မစ္စတာ လီရှန်လွန်းလည်း Selfie ရိုက်ကူးတာ ၀ါသနာပါတယ်ဆိုတဲ့ မှတ်တမ်း တခုပါ။ စင်ကာပူနိုင်ငံ ဆန်တိုဇာကျွန်းမှာရှိတဲ့ Madame Tussauds Singapore ပြတိုက်ထဲမှာ စင်ကာပူ ၀န်ကြီးချုပ် လီရှန်လွန်း ရဲ့ ဖယောင်းရုပ်တုနဲ့ အတူ လီရှန်လွန်က သူ့ရဲ့ အသစ်စက်စက် အိုင်ဖုန်းနဲ့ အမှတ်တရ Selfie ဓာတ်ပုံရိုက် ပြီး ဖေ့စ်ဘုတ်မှာ တင်ခဲ့ပါတယ်။

ဓာတ်ပုံ- စင်ကာပူ ၀န်ကြီးချုပ် လီရှန်လွန်းရဲ့ ဖေ့စ်ဘုတ်စာမျက်နှာ

စမတ်ဖုန်းတွေ ခေတ်စားလာတာနဲ့အမျှ နိုင်ငံ့ခေါင်းဆောင်တွေလည်း ထင်ပေါ်ကြော်ကြားသူတွေလို Selfie ဓာတ်ပုံ ရိုက်ကူးလာတာဟာ Trend တခုဖြစ်လာတယ်လို့ ပြောရမလိုပါဘဲ။

အခုလို ၀န်ကြီးချုပ် လီရှန်လွန်းအစစ်နဲ့ အတု တို့ရဲ့ ဓာတ်ပုံဟာ တမျိုးဆန်းသစ်တဲ့ Selfie တခုလည်း ဖြစ်နေ ပါတယ်။

ဆန်တိုဇာက ပြတိုက်ထဲမှာ နိုင်ငံတကာနဲ့ ဒေသတွင်းက ထင်ရှားကြော်ကြားသူတွေ၊ နိုင်ငံရေး
ခေါင်းဆောင်တွေရဲ့ ဖယောင်း ရုပ်တုတွေလည်း ရှိကြပါတယ်။

စင်ကာပူနိုင်ငံရဲ့ ပထမဆံးသမ္မတကြီး မစ္စတာ Encik Yusof Ishak အပါ အ၀င် Fandi Ahmad နဲ့ Phua Chu Kang တို့ရဲ့ ဖယောင်းရုပ်တုတွေလည်း ရှိပါတယ်။ စင်ကာပူရဲ့ ယဉ်ကျေးမှု ပြယုဂ်တွေနဲ့ အထိမ်း အမှတ်တွေလည်း ပြတိုက်မှာထားရှိတာပါ။

အခုလို စင်ကာပူနိုင်ငံက ဖယောင်းရုပ်တုတွေနဲ့ ဂုဏ်ပြုထားနိုင်တာကို ၀န်ကြီးချုပ် လီရှန်လွန်းက ဂုဏ်ယူကြောင်းလည်း သူ့ဖေ့စ်ဘုတ်မှာ ရေး ထားပါတယ်။

အိမ့်သံစဉ် ~

ဧရာဝတီ


https://www.facebook.com/royalheromedia/photos/a.452811328083074.110728.4527936

အသည်းကွဲတဲ့အခါ သင့်ရဲ့ခန္ဓာကိုယ်မှာ ဒီလိုအချက်တွေ ဖြစ်ပေါ်ခံစားရလာ



 

ချစ်ရသူနဲ့ လမ်းခွဲတဲ့အခါ ဘယ်သူမဆို နာကျင်ကြရပါတယ်။ ရင်ထဲက ခံစားချက်ပေါင်းများစွာကြောင့် မအိပ်နိုင်၊ မစားနိုင် ဖြစ်ကြရပါတယ်။ တွဲခဲ့တဲ့ သက်တမ်းပိုကြာလေလေ ထိုသူကို မေ့နိုင်ဖို့အတွက် ကြိုးစားရတဲ့အချိန်က ပိုကြာလေလေဖြစ်တတ်ပါတယ်။ အသည်းကွဲတဲ့အခါ အဲ့ဒီခံစားချက်ကို မေ့ပစ်နိုင်ဖို့ နည်းအမျိုးမျိုးနဲ့ ကြိုးစားတတ်ကြပါတယ်။ သောက်စားပြီး နေတတ်တဲ့သူတွေ ရှိသလို၊ တစ်ဦးတည်း၊ တစ်ယောက်တည်း ကျိတ်ခံစားတတ်တဲ့သူတွေလည်း အများကြီးပါ။ အဲ့ဒီလို အသည်းကွဲတဲ့အခါ သင့်စိတ်တွေ နာကျင်ရသလို သင့်ခန္ဓာကိုယ်မှာလည်း ကျန်းမာရေးနဲ့ပတ်သက်ပြီး ချို့ယွင်းမှုတွေ ရှိလာပါတယ်။ အဲ့ဒါတွေကတော့

၁။နေထိုင်မှုပုံစံတွေ ပြောင်းလဲသွားတတ်ပါတယ်။

အသည်းကွဲတဲ့အခါ အရင်က မသွားဖြစ်တဲ့ ဘားတွေ၊ ကလပ်တွေ ရောက်ဖြစ်မယ်။ သူငယ်ချင်းတွေနဲ့အတူ အမြဲတမ်း အချိန်ဖြုန်းဖြစ်လာမယ်။ သောက်စားဖြစ်လာမယ်။ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အရက်သေစာတွေသာမက စိတ်ရှိတိုင်း နေထိုင်သွားလာမှုတွေ ဖြစ်လာတာကိုလည်း မထိန်းချုပ်တော့ဘူး။ ဒီလိုနေမှပဲ အသည်းကွဲတဲ့ဒဏ်ကို မေ့နိုင်မယ်၊ ကုစားနိုင်မယ်လို့ ထင်ကြပါတယ်။ ဒါဟာ ရေရှည်အတွက် ကိုယ့်ဒုက္ခကိုယ်ရှာခြင်း တစ်မျိုးပါပဲ။ ကျန်းမာရေးအတွက် ဆိုးဝါးတဲ့အခြေအနေပေါ့။

၂။စိတ်ဓာတ်ကျရတဲ့အချိန်တွေများလာပြီး အပြင်မထွက်ချင်တော့တာမျိုး ဖြစ်လာတယ်။

အပြင်သွားစရာရှိတာ၊ လုပ်စရာရှိတာတွေကို မလုပ်ချင်တော့ဘူး။ အခန်းအောင်းပြီး အိပ်ယာပေါ်မှာပဲ ခွေနေဖြစ်တော့တယ်။ အရာရာတိုင်းကိုလည်း အကောင်းမြင်တတ်တဲ့စိတ်တွေ လျော့ပါးလာမယ်။

၃။မစားနိုင်မသောက်နိုင် ဖြစ်လာမယ်။

အရင်က ပုံမှန်စားနေတဲ့ မနက်စာ၊ ညစာတွေကိုတောင်မှ မှန်မှန်မစားတော့ဘူး။ စားချင်တဲ့အချိန် နည်းနည်းပါးပါးစားမယ်။ အာဟာရရှိတဲ့အစာတွေကိုလည်း မစားဖြစ်တော့ဘူး။

၎။မအိပ်နိုင်တော့ပဲ ဟိုတွေးဒီတွေးတွေနဲ့ အချိန်ကုန်တတ်လာမယ်။

ညဘက်အိပ်ယာထဲမှာ ရှိနေပေမယ့် မအိပ်နိုင်ပဲ အတွေးသံသရာထဲမှာ လည်နေတတ်တယ်။ မျက်ရည်ကျရတဲ့အချိန်တွေလည်း ရှိသလို တစ်ညလုံးမအိပ်ဖြစ်တာတွေတောင် ရှိလာတယ်။

၅။သွေးပေါင်ချိန်တက်လာမယ်။

လူတစ်ယောက်က စိတ်ဓာတ်ကျတဲ့အခါတွေမှာ သွေးတိုးတာမျိုး၊ သွေးပေါင်ချိန်တက်တာမျိုးတွေ ဖြစ်တတ်ကြပါတယ်။ ဒါကို ဖြေဖျောက်ပစ်ဖို့ဆိုရင် လုပ်စရာရှိတာလေးတွေ အာရုံစိုက်လုပ်ဆောင်ရင်း ခုဖြစ်နေတဲ့ ခံစားချက်တွေ ပျောက်ကွယ်သွားအောင် ကြိုးစားဖို့သာဖြစ်တယ်။

၆။ဆံပင်တွေကျွတ်လာမယ်။

အမျိုးသမီးတွေအတွက် အသည်းကွဲတဲ့အခါ၊ ချစ်သူနဲ့ လမ်းခွဲရတဲ့အခါ ဆံပင်ကျွတ်တယ်ဆိုတာ ပိုမှန်ပါတယ်။ သူတို့ခံစားရတဲ့ စိတ်ဖိစီးမှုရဲ့ သက်ရောက်မှုတစ်ခုလို့ ပြောရပါလိမ့်မယ်။ အမျိုးသမီးတွေမှာ ပိုသိသာပါတယ်။

အထက်မှာဖော်ပြထားသလို သင့်ခန္ဓာကိုယ်က ချို့ယွင်းမှုတွေဖြစ်လာတဲ့အခါ ကိုယ်ကိုယ်တိုင်ကသာ ဒီအခြေအနေကို ပြောင်းလဲပစ်နိုင်မယ်ဆိုတာ ယုံကြည်ထားပါ။ အထူးသဖြင့် လုပ်နေကျအလုပ်တွေကို အာရုံစိုက်ပြီး ပိုလုပ်တာ၊ ကိုယ်လက်လေ့ကျင့်ခန်းလုပ်တာ၊ အဆီချတာမျိုးတွေအတွက် အာရုံလွှဲလိုက်တာ စတာတွေက လူကို ခံစားရပိုသက်သာစေတယ်လို့ သုတေသီတွေက ဆိုပါတယ်။


https://www.facebook.com/royalheromedia/photos/a.452811328083074.110728.4527

“အရှိကို အရှိအတိုင်း ဟောတာ ဖြစ်တယ်”



ဘယ်ခေတ်၊ ဘယ်အခါပဲဖြစ်ဖြစ် “ကမ္မနိယာမ”“The Law of Kamma” ကို ပြောင်းလို့ မရဘူး။
ကံတရားမှာ အခြံအရံ အကြောင်းတရား၊ “Conditions” တွေ ရှိသော်လည်း
ပင်မအကြောင်းတရားကိုသာ ဖော်ထုတ်ဟောထားတာ။

●အကုသိုလ်မှန်သမျှ သာဝဇ္ဇ - အပြစ်ရှိတယ်။
●ဒုက္ခဝိပါက - ဆင်းရဲတဲ့ အကျိုးကို ထုတ်လုပ်တယ်။
●ကုသိုလ်မှန်ရင် အနဝဇ္ဇ - အပြစ်ကင်းတယ်။
●သုခဝိပါက - ချမ်းသာသော အကျိုးကို ထုတ်လုပ်တယ်ဆိုတာ “The Law of Nature” ကို ဖော်ပြတာ။
“ဒါ အကုသိုလ်ဖြစ်စေ၊ ဒါ ကုသိုလ်ဖြစ်စေ ၊ဒါ မကောင်းမှုဖြစ်စေ” လို့ ဒီလို သတ်မှတ်ပေးတဲ့ သဘောမျိုး မဟုတ်ဘူး။အရှိကို မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်က ဖော်ထုတ်ပြီး ဟောတာ။

မီးဟာ ဘုရားဖန်ဆင်းလို့ ပူတာ မဟုတ်ဘူး။ သဘာဝက ပူတာ။ အဲဒီပူတဲ့ မီးကို သွားထိရင် ပူမယ်၊
လောင်မယ်ဆိုတာ သူ့ရဲ့ Nature ပဲပေါ့။ သဘာဝကပေးတဲ့ အပြစ်ဒဏ်ကို
လူသားတစ်ယောက်ကဝင်ပြီး ခွင့်လွှတ်တယ်ဆိုတာ မဖြစ်နိုင်တဲ့ အရာတစ်ခုပဲပေါ့။
မဖြစ်နိုင်သော်လည်း လူတွေဟာ အလွယ်လမ်းကို ကြိုက်ကြတယ်လေ။ ကိုယ့်အားကိုယ်ကိုးရမယ်။
ကိုယ့်အလုပ် ကိုယ်လုပ်ရမယ်ဆိုတာကျတော့လူတွေက ပျင်းကြတယ်။ ပျင်းတော့ ကယ်တင်မယ်ဆိုတဲ့ ပုဂ္ဂိုလ်နောက်လိုက်ကြတယ်ပေါ့။

■ဒီကနေ့ခေတ်ပဲကြည့် “ဒီ ဓါတ်လုံးလေးဆောင်ထားရင် ၊ဒီ လက်ဖွဲ့လေး ဆောင်ထားရင် စီးပွားဥစ္စာတွေ
တိုးတက်တယ်။ သိဒ္ဓိပြီးတယ်” ဆိုရင် လိုက်ကြတာ အများကြီးပဲ။ ဒါက မြန်မာပြည်မှာ ဖြစ်တဲ့ နမူနာလေး
တစ်ခုကို ပြောပြတာ။ ယုံကြည်မှုရဲ့ နောက်ကို လိုက်နေကြတာ။ တကယ်ရတာ၊ မရတာ မသိဘူး။
ယုံကြည်မှုနဲ့ လိုက်နေကြတယ်။

■တစ်ချိန်တုန်းက ဟိုထိုင်းနိုင်ငံက ဆက်သွယ်လာတဲ့ကူးစက်လာတဲ့ ချဲထီဆိုတာတွေ၊ 
မြန်မာပြည်မှာ ဖြစ်နေတဲ့ နှစ်လုံးထီဆိုတာတွေ၊ နံပါတ်ပေးတဲ့ပုဂ္ဂိုလ်တွေကိုယုံကြတာပဲလေ။
နဲနဲလေးစဉ်းစားလိုက်ပေါ့။ပေါက်တဲ့နံပါတ် သူသိရင် သူပဲ ထိုးမှာပေါ့။
အဲဒီတော့ သူ့ဟာသူ ဘာဖြစ်လို့ မထိုးသလဲ။ သူများကို ဘာကြောင့် ထိုးခိုင်းသလဲ။
အဲဒီလောက်လေး စဉ်းစားလိုက်ရုံနဲ့ပဲ ဒါ မဟုတ်ဘူးဆိုတာ ထင်ရှားတာပေါ့။
သို့သော် ယုံတဲ့လူတွေက ယုံတာပဲလေ။အေး ဒါက နမူနာကို ပြောပြတာ။
ဘာသာတရားနဲ့ ပတ်သတ်ပြီးတော့လည်း “လက်တွေ့မကျတဲ့ အရာ”တွေကို လူတွေက ယုံနေကြတာပဲ။

ဗုဒ္ဓမြတ်စွာဟောတဲ့တရားမျိုးက ဒါမျိုး မဟုတ်ဘူး။“သွာက္ခာတ” မှန်မှန်ကန်ကန် ဟောထားတာ ဖြစ်တယ်။
အရှိကို အရှိအတိုင်း ဟောတာ ဖြစ်တယ်။ကောင်းတာကို ကောင်းတယ်၊ ဆိုးတာကို ဆိုးတယ်။
ကုသိုလ်ကို ကုသိုလ်၊ အကုသိုလ်ကို အကုသိုလ်၊ ကယ်တင်လို့ရရင် ကယ်တင်လို့ရတယ်။
မရရင် မရဘူး။ ဟော အမှန်အတိုင်း ဟောထားတာ အဲဒီ အမှန်အတိုင်း ဟောတဲ့ တရားဟာ “သွာက္ခာတ”။
 
-【ပါမောက္ခချုပ် ဆရာတော် ဒေါက်တာ နန္ဒမာလာဘိဝံသ】
Posted by
www.facebook.com/youngbuddhistassociation.mm
 

ကမ္ဘာတိုင်အောင် ကျော်ကြားလာသည့် မြန်မာ့အလှ ရှင်မတောင် သနပ်ခါး





ပခုက္ကူ ဒေသသည် ယခင်က သွားလာမှု ခက်ခဲသည်။ မန္တလေး သွားလိုလျှင် မြင်းခြံသို့ မော်တော် တစ်တန် မြင်းလှည်း တစ်တန် သွားရသည်။ ရန်ကုန် သွားချင်လျှင် မော်တော် စီး၍ ညောင်ဦးမှ တစ်ဆင့် လိုရာ ခရီးကို သွားကြရသည်။ ဇက် နှင့် တစ်ဖုံ ၊ စက်လှေ နှင့် တစ်မျိုး သွားလာခဲ့ ရသည်။ အချို့က ပခုက္ကူမြို့ ကို " ဆူးကြားထဲက နှင်းဆီမြို့ " ဟု တင်စား ခေါ်ကြသည်။ ပခုက္ကူ ဒေသသည် နယ်ပယ် ကျယ်ဝန်းသည်။ သီးနှံ ၊ သယံဇာတ ပေါများသည်။ ဘာသာ သာသနာ ထွန်းကားသည်။ လူပုဂ္ဂိုလ် ၊ ရဟန်း ပုဂ္ဂိုလ် ၊ ပညာရှင်များ ပေါ်ပေါက်ရာ မှီတင်း နေထိုင်ရာ ဒေသလည်း ဖြစ်သည်။ ယနေ့ ခေတ်အခါတွင် ဆင်ဖြူရှင် - ဧရာဝတီ မြစ်ကူးတံတား ကြီးကြောင့် မြို့ပြ လူနေမှု အဆင့်အတန်း မြင့်လာသည်။ သွားလမ်း လာလမ်း လွယ်ကူလာသည်။

မကြာခင် ကောင်းကင်လမ်းပါ အဆင်ပြေလာမည် ဆိုလျှင် နှင်းဆီမြို့ သည် အတိုင်းထက် အလွန် ဖွံ့ဖြိုး လာမည်မှာ အမှန်ဖြစ်သည်။ ကုန်းလမ်း၊ ရေလမ်း အားကောင်း လာသောကြောင့် လည်းကောင်း၊ တန်ခိုးကြီး ဗုဒ္ဓ ရုပ်ပွားတော်များ ကိန်းဝပ်စံပျော်ရာ ဒေသလည်း ဖြစ်သောကြောင့် ပြည်တွင်း ဧည့်သည် ပြည်ပ ဧည့်သည် များပါ အဝင်အထွက် များလာသည်။ ပခုက္ကူ ဒေသ၏ နာမည်ကျော် ရှင်မတောင် သနပ်ခါးအား လည်း ပြည်တွင်းမှ ဝယ်ယူ အားပေးမှု များလာသည်။
 
 ပခုက္ကူ ရောက်သူတိုင်း အိမ်ပြန် လက်ဆောင် ရှင်မတောင် သနပ်ခါး ကို တစ်ခုတ်တရ ၀ယ်ယူ ကြသည်။ နာမည်ကျော် ရှင်မတောင် သနပ်ခါးအား ပြည်တွင်း ခရီးသည်များသာ ဝယ်ယူသည် မဟုတ်ပါ။ အင်္ဂလန်နိုင်ငံ ဘာမင်ဂန် မြို့သူလေး များကပါ စိတ်ဝင်တစား ဝယ်ယူ နေကြသည်ကို မျက်ဝါးထင်ထင် တွေ့မြင် မှတ်တမ်းတင် မိသည်။ ပခုက္ကူ ဒေသ ရှင်မတောင် သနပ်ခါးသည် မြန်မာကျော် သာမက ကမ္ဘာတိုင်အောင် ကျော်ကြား တော့မည်မို့ ဒေသခံ ပြည်သူ တစ်ဦးပီပီ ဒေသချစ်စိတ် မြန်မာပြည် ချစ်စိတ် နှင့် မြန်မာ့အလှ ရှင်မတောင် သနပ်ခါးအား ဂုဏ်ယူရေးသား တင်ပြ လိုက်ရပါသည်။
 
နေဦးမောင် ( ပခုက္ကူ )
 

“အယူအမြင် မှန်ကန်ခြင်း”

                


••••••••••••••••••••••••••••••
အယူမှန်ကို “သမ္မာဒိဋ္ဌိ” လို့ ခေါ်ပါတယ်။
သမ္မာ - ဆိုတာ မှန်သော။
ဒိဋ္ဌိ - ဆိုတာ အယူ။
သမ္မာဒိဋ္ဌိ - ဆိုတော့ မှန်သောအယူ၊ အယူမှန်ပါဘဲ။
အဲဒီ အယူမှန် - “သမ္မာဒိဋ္ဌိက ခြောက်မျိုး”ရှိပါတယ်။
(၁) ကမ္မဿကတာသမ္မာဒိဋ္ဌိ
(၂) ဈာနသမ္မာဒိဋ္ဌိ
(၃) ၀ိပဿနသမ္မာဒိဋ္ဌိ
(၄) မဂ္ဂသမ္မာဒိဋ္ဌိ
(၅) ဖလသမ္မာဒိဋ္ဌိ
(၆) ပစ္စဝေက္ခဏာသမ္မာဒိဋ္ဌိလို့ ခြောက်မျိုး ရှိပါတယ်။

●“ကမ္မဿကတာ သမ္မာဒိဋ္ဌိ”ဆိုတာ ကံသာလျှင် ကိုယ်ပိုင်ဥစ္စာပဲလို့ ယုံကြည်တဲ့ ဉာဏ်ပါပဲ။
●“ဈာနသမ္မာဒိဋ္ဌိ” ဆိုတာ ဈာန်နဲ့ယှဉ်တဲ့ ဉာဏ်ပါ။
●“၀ိပဿနာသမ္မာဒိဋ္ဌိ” ဆိုတာ ၀ိပဿနာဉာဏ်၊
●“မဂ္ဂသမ္မာဒိဋ္ဌိ”ဆိုတာ မဂ်ဉာဏ်
●“ဖလသမ္မာဒိဋ္ဌိ”ဆိုတာ ဖိုလ်ဉာဏ်၊
●“ပစ္စဝေက္ခဏာသမ္မာဒိဋ္ဌိ”ဆိုတာ မဂ် ဖိုလ် နိဗ္ဗာန်နဲ့ ကိလေသာ ပယ်သတ်ခြင်းကို သုံးသပ်တဲ့ဉာဏ်ပါပဲ။

အဲဒီလို သမ္မာဒိဋ္ဌိခြောက်မျိုးရှိတဲ့အထဲမှာ အခြေခံအကျဆုံး သမ္မာဒိဋ္ဌိက “ကမ္မဿကတ သမ္မာဒိဋ္ဌိ”ပါပဲ။
ဗုဒ္ဓဘာသာဝင်တိုင်း၊ လူသားတိုင်း၊ သက်ရှိပုဂ္ဂိုလ်တိုင်းအတွက် မရှိမဖြစ် အရေးကြီးတဲ့
သမ္မာဒိဋ္ဌိဟာ “ကမ္မဿကတသမ္မာဒိဋ္ဌိ”ပါပဲ။

“ကိုယ်ပြုထားတဲ့ ကောင်းတဲ့ကံ၊ ကိုယ်ပြုထားတဲ့ မကောင်းတဲ့ကံတွေက ကိုယ့်ရဲ့
ရုပ်နာမ်သန္တာန်မှာ သတ္တိအဖြစ်နဲ့ လိုက်ပါပြီးတော့ ပစ္စုပ္ပန် သံသရာ ဘ၀တစ်လျှောက်လုံး
လိုက်အကျိုးပေးနေမှာပဲ။ ကောင်းစွာ ပြုထားတဲ့ ကောင်းမှုတွေက ကောင်းတဲ့အကျိုးတွေ ပေးမယ်။
မကောင်းသဖြင့် ပြုထားတဲ့ မကောင်းမှုတွေက မကောင်းကျိုးတွေပေးမယ်။”

အဲဒီလို ယုံကြည်တဲ့ ကမ္မဿကတာသမ္မာဒိဋ္ဌိဟာ လူသားတိုင်းရဲ့သန္တာန်မှာ မရှိမဖြစ်
ခိုင်ခိုင်မြဲမြဲ ရှိနေရမယ့် သမ္မာဒိဋ္ဌိပါပဲ။

အဲဒီ “ကမ္မဿကတာသမ္မာဒိဋ္ဌိ” ဆိုတဲ့ ကြာပွင့်ကလေးကို ညစ်နွမ်းစေနိုင်တဲ့၊ ညစ်နွမ်းပိုင်ခွင့်ရှိတဲ့၊
ပေကျံပိုင်ခွင့်ရှိတဲ့ အညစ်အကြေးက သုံးမျိုးရှိပါတယ်။ “အယူမှား သုံးမျိုး”ပေါ့။

(၁)။ ပစ္စေကတဟေတုဒိဋ္ဌိဝါဒ လို့ ခေါ်တဲ့အယူမှား၊
(၂)။ က္ကဿရနိမ္မာနဒိဋ္ဌိဝါဒ လို့ ခေါ်တဲ့အယူမှား၊
(၃)။ အဟေတုကဒိဋ္ဌိဝါဒ လို့ ခေါ်တဲ့အယူမှား၊

အဲဒီ အယူမှားသုံးမျိုးဟာ ကမ္မဿကတာ သမ္မာဒိဋ္ဌိကို ညစ်နွမ်းစေတဲ့၊ ညစ်နွမ်းပိုင်ခွင့်ရှိတဲ့
အယူမှား အညစ်အကြေးတွေပါပဲ။

အဲဒီ အယူမှားသုံးမျိုး ရွှံ့နွံတွေ ပေကျံနေရင် မိမိရဲ့ စိတ်နှလုံး အိမ်ထဲမှာ ကမ္မဿကတာ သမ္မာဒိဋ္ဌိ
ဆိုတဲ့ ကြာပန်းကလေး မပွင့်လန်းနိုင်တော့ပါဘူး။

ကိုယ့်ပတ်ဝန်းကျင်မှာ အယူမှားသုံးမျိုး ရွှံ့နွံတွေ ဘယ်လောက်ပဲ ရှိရှိ၊ ကိုယ်က အဲဒီရွှံ့နွံတွေနဲ့
လိမ်းကျံကပ်ငြိမူ မပြုဘူးဆိုရင် ကိုယ့်ရဲ့ စိတ်နှလုံးအိမ်မှာ ကမ္မဿကတာ သမ္မာဒိဋ္ဌိ ဆိုတဲ့
ကြာပန်းကလေး သန့်သန့်စင်စင် ပွင့်လန်းနေပါပြီ။

“ကမ္မဿကတာ သမ္မာဒိဋ္ဌိ - ကိုယ့်ကံသာ ကိုယ့်ကိုယ်ပိုင်ပစ္စည်းလို့ ယုံကြည်သိမြင်တဲ့ ဉာဏ်”
သန့်သန့်စင်စင် ဖြစ်နေတဲ့လူဟာ ကြာလိုလူပါပဲ။

■“ဘာမဆို အတိတ်ကံကိုချည်းပုံချရင် မိစ္ဆာဒိဋ္ဌိ”“ဗုဗ္ဗေကတဟေတုဒိဋ္ဌိဝါဒ” ဆိုတာက လောကမှာ
 
ဖြစ်ပျက်နေသမျှ အရာအားလုံ၊ ခံစားနေရသမျှ ချမ်းသာဆင်းရဲအားလုံးဟာ အတိတ်ကံသက်သက်ကြောင့်ပဲ
ဖြစ်တာလို့ ယူဆတဲ့ အယူဝါဒပါ။

■“က္ကဿာရနိမ္မာနဒိဋ္ဌိဝါဒ” ဆိုတာက လောကမှာဖြစ်ပျက်နေသမျှ အရာအားလုံး၊ ခံစားနေရသမျှ
ချမ်းသာဆင်းရဲ အားလုံးဟာ ဖန်ဆင်းရှင်ရဲ့ ဖန်ဆင်းမူကြောင့် ဖြစ်ရတာလို့ ယူဆတဲ့အယူဝါဒပါ။

■“အဟေတုကဒိဋ္ဌိဝါဒ” ဆိုတာက လောကမှာဖြစ်ပျက်နေသမျှ အရာအားလုံး၊ ခံစားနေရသမျှ
ချမ်းသာဆင်းရဲအားလုံးဟာ ဘာအကြောင်းကြောင့်မှဖြစ်တာ မဟုတ်ဘူး၊ အကြောင်းမဲ့သက်သက်
သူဖြစ်ချင်သလို ဖြစ်နေတာပဲလို့ ယူဆတဲ့ အယူဝါဒပါ။

အဲဒီ အယူဝါဒသုံးပါးစလုံးဟာ ကြာကို ညစ်နွမ်းစေနိုင်တဲ့ ရွှံ့နွှံအညစ်အကြေးနဲ့တူတဲ့
အယူမှားတွေပါပဲ။ အဲဒီအယူမှားတွေကို အသေးစိတ် စိစစ်ရင်တော့ အကျယ်ချဲ့ပြီး ပြောရမှာပဲ။
အကျဉ်းချုပ်အားဖြင့် ပြောရရင်တော့…

■ဗုဗ္ဗေကတဟေတုဒိဋ္ဌိဝါဒ အရာရာဟာ အတိတ်ကံ သက်သက်ကြောင့်ချည်းပဲဖြစ်တယ်ဆိုတဲ့
အယူအဆ။ အဲဒီအယူအဆဟာလည်း မှားယွင်းတဲ့ အယူအဆပါပဲ။

အရာရာဟာ အတိတ်ကံသက်သက်ကြောင့်ချည်းပဲ ဖြစ်တယ်လို့ဆိုရင် ဒီဘ၀မှာ...
- သူ့အသက်သတ်နေတဲ့ ပုဂ္ဂိုလ်တွေ၊
- သူ့ဥစ္စာခိုးနေတဲ့ ပုဂ္ဂိုလ်တွေ၊
- ကာမဂုဏ်မှားယွင်းနေတဲ့ ပုဂ္ဂိုလ်တွေ၊
- လိမ်ညာပြောဆိုတဲ့ ပုဂ္ဂိုလ်တွေ၊
- ကုန်းတိုက်တဲ့စကားပြောဆိုနေတဲ့ ပုဂ္ဂိုလ်တွေ၊
- ကြမ်းတမ်းတဲ့စကားပြောဆိုနေတဲ့ ပုဂ္ဂိုလ်တွေ၊
- အကျိုးမရှိ သိမ်ဖျင်းတဲ့စကားပြောဆိုနေတဲ့ ပုဂ္ဂိုလ်တွေ၊
- သူတစ်ပါးရဲ့ ပစ္စည်းဥစ္စာကို မတရားကြံစည်နေတဲ့ပုဂ္ဂိုလ်တွေ၊
- သူတစ်ပါးကို သေကြောင်းကြံစည်နေတဲ့ ပုဂ္ဂိုလ်တွေ၊
- အယူမှားနေတဲ့ ပုဂ္ဂိုလ်တွေ၊ အဲဒီပုဂ္ဂိုလ်တွေဟာ အတိတ်ကံကြောင့်ပဲ
ဖြစ်နေတာဆိုတဲ့ အဓိပ္ပာယ် သက်ရောက်သွားပါတယ်။

သူ့အသက်သတ်တာ သတ်ချင်လို့သတ်တာ မဟုတ်ဘူး။အတိတ်ကံကြောင့် သတ်ရတာ၊
သူ့ပစ္စည်းခိုးတာ ခိုးချင်လို့ခိုးတာ မဟုတ်ဘူး၊ အတိတ်ကံကိုကပါလာလို့ ခိုးတာပါ၊
အတိတ်ကံကြောင့် ခိုးတာပါ၊ မကောင်းမူဒုစရိုက်တွေ ပြုလုပ်နေတာဟာ
အတိတ်ကံကြောင့် ပြုလုပ်နေတာပါဆိုတဲ့ အဓိပ္ပာယ်ပါပဲ။ အဲဒီလို မကောင်းမူ ဒုစရိုက်တွေ လုပ်နေတာပါဆိုတဲ့ အဓိပ္ပာယ်ပါပဲ။ အဲဒီလို မကောင်းမှု ဒုစရိုက်တွေက
ရှောင်ကြဉ်တဲ့ ကုသိုလ်အမူတွေကလည်း အတိတ်ကံကြောင့် ဖြစ်ရတာပဲဆိုတဲ့
အဓိပ္ပာယ် သက်ရောက်သွားပါတယ်။

တစ်နည်းပြောရရင်တော့ လောကမှာ သူယုတ်မာရယ်၊ သူတော်ကောင်းရယ်လို့ ပုဂ္ဂိုလ်နှစ်မျိုးရှိကြတယ်။
သူယုတ်မာတွေဟာလည်းပဲ အတိတ်ကံကြောင့် သူယုတ်မာဖြစ်နေကြတာပဲ။
သူတော်ကောင်းတွေဟာလည်း အတိတ်ကံကြောင့် သူတော်ကောင်းဖြစ်နေကြတာပဲဆိုတဲ့ အဓိပ္ပာယ်
သက်ရောက်သွားပါတယ်။ အမှန်ကတော့ အတိတ်ကံ သက်သက်ကြောင့် သူယုတ်မာတစ်ယောက်ဖြစ်မသွားနိုင်သလို၊အတိတ်ကံသက်သက်ကြောင့်လည်း သူတော်ကောင်း
တစ်ယောက် ဖြစ်မလာနိုင်ပါဘူး။
 
မြတ်စွာဘုရားရှင်လက်ထက်တုန်းက သာမာဝတီမိဖုရားကြီးကို ပန်းဆက်ရတဲ့ ခုဇ္ဇုတ္တရာဆိုတဲ့
အမျိုးသမီးတစ်ယောက်ရှိတယ်။ သူဟာ ပန်းဖိုး၊ ရှစ်ကျပ်ထဲက လေးကျပ်ကို ကိုယ့်အတွက်
ခိုးယူထားပြီးတော့ လေးကျပ်ဖိုးပဲ ပန်းဝယ်ပြီး သာမာဝတီမိဖုရားကြီးကို ဆက်သတယ်။
တစ်နေ့မှာ မိမိပန်းဝယ်တဲ့ သုမနဆိုတဲ့ ပန်းသည်ရဲ့ အိမ်မှာ မြတ်စွာဘုရားကို ဆွမ်းကျွေးတဲ့အတွက်ကြောင့်
ဝေယျာဝစ္စတွေ ကူညီလုပ်ကိုင်ပေးရင်းနဲ့ မြတ်စွာဘုရားရှင်ရဲ့ တရားကို နာကြားပြီး
တရားတော်ကညွန်ကြားတဲ့အတိုင်း ၀ိပဿနာရူပွားလိုက်တော့ သောတာပန် ဖြစ်သွားပါတယ်။ အဲဒီ သောတာပန်ဖြစ်သွားတဲ့ အချိန်မှာတော့ ပန်းဖိုးလေးကျပ်ကို ခိုးယူမထားတော့ဘဲနဲ့
ရှစ်ကျပ်ဖိုး အပြည့်အ၀ ပန်းတွေဝယ်ပြီးတော့ သာမာဝတီမိဖုရားကြီးကို ဆက်သပါတယ်။

ဒီတော့ ပန်းဖိုး လေးကျပ် ခိုးခဲ့တဲ့အမှု၊ ပန်းဖိုး လေးကျပ် မခိုးတော့ဘဲနဲ့ ရှစ်ကျပ်ဖိုး အပြည့်အဝ
ဝယ်လိုက်တဲ့အမူ၊ အဲဒီ အမူနှစ်ခုစလုံးဟာ “ဗုဗ္ဗေကတဟေတုဒိဋ္ဌိဝါဒသမား”များရဲ့ အလိုအရ 
ပြောရရင် ရှေးကံကြောင့် ဖြစ်ရတာပါ။ ပန်းဖိုးခိုးတာလည်း ရှေးကံကြောင့်၊ ပန်းဖိုးမခိုးတော့ဘဲ
အမှန်အတိုင်း သူတော်ကောင်းဖြစ်သွားတာလည်း ရှေးကံကြောင့် အဲဒီလို အဓိပ္ပာယ်သက်ရောက်နေပါတယ်။

တကယ်တော့ ပန်းဖိုး မခိုးတော့ဘဲနဲ့ သူတော်ကောင်း ဖြစ်သွားတာဟာ ရှေးကံအကြောင်း သက်သက်ကြောင့်ပဲဖြစ်သွားတာ မဟုတ်ပါဘူး၊ မြတ်စွာဘုရားရှင်ကို ပြုစုလုပ်ကျွေးခြင်း၊ မြတ်စွာဘုရားရှင်ထံချဉ်းကပ်ခြင်း၊ မြတ်စွာဘုရားရှင်ရဲ့
တရားတော်ကို နာကြားခြင်း၊ တရားတော်ကို သင့်တင့်မှန်ကန်စွာ နှလုံးသွင်းခြင်း၊ တရားတော်နဲ့ လိုက်လျောညီထွေးတဲ့ အကျင့်ကို ကျင့်ခြင်းဆိုတဲ့ ပစ္စုပ္ပန်အကြောင်းတရားတွေကို ပြုကျင့်တဲ့ အတွက်ကြောင့် သောတာပန် သူတော်ကောင်း အဖြစ်ကို ဆိုက်ရောက်သွားရခြင်း ဖြစ်ပါတယ်။

ဒီတော့ သူတော်ကောင်းတစ်ယောက်ဖြစ်ဖို့အတွက် အတိတ်ကံသက်သက်နဲ့မဖြစ်နိုင်ဘူး။
ပစ္စုပ္ပန်အကြောင်းတရားတွေပါမှ ဖြစ်နိုင်တယ်။ ဒါက ဘာသာရေးအမြင်ထဲကနေ ပြောတာပါ။
ကျန်တဲ့ လောကရေးရာတွေမှာလည်း ထို့အတူပါပဲ။လောကအောင်မြင်မှု၊ ဆုံးရူံးမှု၊ ချမ်းသာမှု၊
ဆင်းရဲမှု၊ ပြည့်စုံမှု၊ မပြည့်စုံမှု၊ အစိုးရမှု၊အစိုးမရမှု အစရှိတဲ့ အရေးကိစ္စတွေမှာလည်း
အတိတ်ကံသက်သက်နဲ့ မဖြစ်နိုင်ဘူး။ပစ္စုပ္ပန်အကြောင်းတရား၊ ပစ္စုပ္ပန်ကံပါမှ ဖြစ်နိုင်တယ်။

ပစ္စုပ္ပန်ကံဆိုတာ ပစ္စုပ္ပန်မှာ ပြုလုပ်အားထုတ်တဲ့ ဉာဏ်နဲ့ ၀ီရိယကို ပြောတာပါ။ ပစ္စုပ္ပန်ဉာဏ်နဲ့ ၀ီရယကို
ပစ္စုပ္ပန်ကံလို့ ခေါ်ပါတယ်။ အဲဒီလိုအားဖြင့် ပစ္စုပ္ပန်ကံကိုလုံးဝထည့်သွင်း မစဉ်းစားဘဲ

မျက်နှာပေါ်က ဝက်ခြံများကိုတိုက်ခိုက်ဖို့ မီးဖိုချောင်ထဲက ပစ္စည်း (၈)မျိုး



ယနေ့ခေတ် ပျိုပျိုအိုအို ယောကျာ်းလေး၊ မိန်းကလေးများရဲ့မျက်နှာပေါ်က အလှကိုဖျက်ဆီးနေတဲ့ အဓိကလက်သည်ဟာ ဝက်ခြံဆိုတာ အားလုံးသိရှိပြီးဖြစ်ပါလိမ့်မည်။ ဝက်ခြံများဟာ ဖြစ်ပွားချိန်အတွင်း လူတစ်ဦးရဲ့ မျက်နှာအလှအပကို ပျက်စီးစေရုံသာမက ပျောက်ကင်းသွားသည့်အခါတွင်လည်း အချို့ဝက်ခြံများဟာ အမာရွတ်များကျန်နေခဲ့ပြီး နောက်ဆက်တွဲ ပြသနာများကိုဖြေရှင်းရလေ့ရှိတာကြောင့် ဝက်ခြံများဖြစ်ပေါ်လာပါက ကောင်းမွန်စွာကုသဖို့လိုအပ်ပါတယ်။

မျက်နှာအလှအပကိုထိန်းသိမ်းတဲ့နေရာမှာ ခေတ်ပေါ် အလှအပထိန်းသိမ်းခြင်းပစ္စည်းများဖြစ်ကြသည့် မျက်နှာသစ်ဆေးနှင့် Moisturizer ကိုအသုံးပြုကြသော်လည်း ၎င်းပစ္စည်းများကဲ့သို့ပင် မျက်နှာအလှအပကိုထိန်းသိမ်းနိုင်သည့်မိမိတို့အိမ်တွင်းပစ္စည်းများကိုအသုံးချနိုင်ပါတယ်။ ဒါကြောင့်ယခုတစ်ပါတ် NewsWatch ဂျာနယ်ရဲ့ ကျန်းမာရေးနှင့် အလှအပ ကဏ္ဍကနေ ပရိတ်သတ်ကြီးကို ဝက်ခြံများကို အကောင်းမွန်ဆုံးတိုက်ဖျက်နိုင်သည့် ပစ္စည်းများကိုဖော်ပြပေးလိုက်ရပါတယ်။

၁။ ခရမ်းချဉ်သီး
ခရမ်းချဉ်သီးမှာပါဝင်သည့် အက်ဆစ်ဓါတ်များဟာ ဝက်ခြံကြောင့်ဖြစ်ပွားတတ်သည့် မျက်နှာအသားရည်ခြောက်ကပ်ခြင်းများကို အစွမ်းထက်စွာ တိုက်ခိုက်ခြေမှုန်းနိုင်သည့်အပြင် ခရမ်းချဉ်သီးတွင်ပါဝင်သည့် ဗီတာမင် အေ၊ စီ၊ ကေ နှင့် လိုင်ကိုပန် တို့ဟာ လည်း မျက်နှာအလှအပကိုဖျက်ဆီးတတ်သည့် ဝက်ခြံများကို အထိရောက်ဆုံးတိုက်ခိုက်ခြေမှုန်းနိုင်ကြပါတယ်။ ခရမ်းချဉ်သီးကို အကွင်းလိုက်လှီးဖြတ်ကာ မျက်နှာပေါ်ရှိ ဝက်ခြံနှင့် အခြားသော အရည်ကြောများရှိရာနေရာကို ဖုန်းအုပ်ထားခြင်းဖြင့် ကုသနိုင်ပါတယ်။ ဒါ့အပြင် ခရမ်းချဉ်သီးကို ကျိတ်ကာမျက်နှာပေါ်သို့ လိမ်းချယ်ခြင်းအားဖြင့်လည်း အလှအပကိုထိန်းသိမ်းနိုင်ကြပါတယ်။

၂။ ပျားရည်နှင့် သစ်ကြံပိုးခေါက်
ပျားရည်ဟာ အရသားအားဖြင့်ချိုမြရုံသာမက ဗက်တီးရီးယားများကို တိုက်ခိုက်ချေမှုန်းရာမှာ အစွမ်းထက်ပစ္စည်းတစ်ခုဖြစ်တာကြောင့် မျက်နှာပေါ်ရှိဝက်ခြံများကို တိုက်ခိုက်ခြေမှုန်းရာမှာအသုံးချနိုင်ပါတယ်။ သစ်ကြံပိုးခေါက်မှာတော့ မျက်နှာအသားရည်ရှိချွေးပေါက်ကလေးများပိတ်ဆို့ခြင်းနှင့် မျက်နှာအသားရည်ရောင်ရမ်းခြင်းများကို အထိရောက်ကာကွယ်နိုင်စွမ်းများပိုင်ဆိုင်ထားပါတာကြောင့် ၎င်းပစ္စည်းနှစ်မျိုးကိုရောစပ်က မျက်နှာပေါ်သို့လိမ်းချယ် အလှအပကိုထိန်းသိမ်းနိုင်ကြပါတယ်။

၃။ အားလူး
အားလူးဟာ လူတစ်ဦး၏ကျန်းမာရေးကို အထိရောက်ဆုံးအကျိုးပြုသည့် သဘာဝလက်ဆောင်တစ်ခုဖြစ်ပါတယ်။ အာလူးတစ်လုံးဟာ အရေပြားကျန်းမာရေးကိုအထိရောက်ဆုံးအကျိုးပြုသည့် ဗိုက်တာမင်စီဓါတ် ၇ဝ%ပါဝင်ပြီး ကျန်းမာသန်စွမ်းသော ဒီအန်အေဓါတ်များနှင့် အရည်ပြားဆဲလ်များကို ဖွံ့ဖြိုးစေဖို့အကျိုးပြုသည့် ဗိုက်တာမင်ဒီများ ပါဝင်ပါတယ်။ ဒါ့အပြင် အာလူးတွင် အသားရည်စိုပြေစေမည့် နီရာစင်ဓါတ်လို့ခေါ်သည့်အစွမ်းထက် ဓါတ်များလည်းပါဝင်တာကြောင့် အသားရည်စိုပြေစေရန်နှင့် အရည်ကြောင်းများကိုကာကွယ်စေဖို့ အာလူးကို မျက်နှာပေါ်သို့ အဆင်ပြေသလို လိမ်းချယ်ကာ အသုံးချနိုင်ပါတယ်။

၎။ သံပရာရည်
သံပရာသီးဟာ အက်ဆစ်ဓါတ်များကြွယ်ဝစွာပါဝင်သည်ကို ပရိတ်သတ်များသိရှိပြီးဖြစ်မှာပါ။ သံပရာသီးမှာပါဝင်သည့် အက်ဆစ်ဓါတ်များဟာ ဝက်ခြံများကိုအလျင်မြန်ခြောက်သွေ့ပြီးကွာကျနိုင်ရုံသာမက ဝက်ခြံအတွင်းရှိ ဗက်တီးရီးယားများကိုလည်း အကောင်းဆုံးတိုက်ခိုက်နိုင်ကြပါတယ်။ ဒါကြောင့် သံပရာသီးဟာ မျက်နှာအသားရည်စိုပြေစေရန်အထောက်ကူပြုသလို ဗိုက်တာမင်စီဓါတ်ကလည်း မျက်နှာအသားရည်အရောင်တောက်ပဖို့ တာဝန်ယူပါတယ်။ သံပရာသီးကို ထက်ခြမ်းခြမ်းကာ မျက်နှာပေါ်သို့ ပွတ်လိမ်းခြင်းအားဖြင့် အသုံးပြုနိုင်သလို သံပရာအရည်ကို ဂွမ်းဖြင့်တို့ထိကာ မျက်နှာပေါ်သို့လိမ်းချယ်ခြင်းအားဖြင့်လည်း အသုံးပြုနိုင်ကြပါတယ်။

၅။ ပန်းသီး ရှာလကာရည်
ပန်းသီးမှ ထုတ်ယူထားသည့် ရှာလကာရည်ဟာ လက်ရှိမီးဖိုဆောင်ထဲမှာတွင်ကျယ်စွာအသုံးပြုကြသည့် ရှာလကာရည်ထက်လူသိနည်းကြပေမယ့် သူ့မှာအသားရည်ရဲ့ PH တန်ဖိုးကိုထိန်းညှိပေးနိုင်သည့်ဓါတ်နှင့် အခြားသော အစွမ်းထက်ဓါတ်အချို့ပါဝင်ပါတယ်။ ဒါ့အပြင် သူ့မှာပါဝင်သည့် မက်လစ်နှင့် လက်တစ် အက်ဆစ်ဓါတ်များက အသားရည်နူးညံ့ခြင်းနှင့် ဆဲလ်အသေများကို ဖယ်ရှားခြင်းလုပ်ငန်းများကိုအစွမ်းထက်ဆုံးလုပ်ဆောင်နိုင်ကြတာကြောင့် မျက်နှာပေါ်တွင်သာမက ခန္ဓာကိုယ်ရဲ့အခြားအစိတ်အပိုင်းများကိုလည်း တိုနာအဖြစ်အသုံးပြုနိုင်ကြပါတယ်။ မျက်နှာကို တိုနာအဖြစ် အသုံးပြုသည့်အခါမှာ ရေအနည်းငယ်ဖြင့်ရောစပ်ပြီး အသုံးပြုသင့်ပါတယ်။

၆။ ကြက်သွန်ဖြူ
Allicin, ဆာလဖာ၊ ဇင့်နှင့် ကယ်လ်စီယမ် ဓါတ်များပါဝင်သည့် ကြက်သွန်ဖြူဟာ ဗက်တီးရီးယားနှင့် ခန္ဓာကိုယ်ပေါ်တွင်ဖြစ်ပွားတတ်သည့် မှိုရောဂါများကိုအကောင်းမွန်ဆုံးတိုက်ဖျက်နိုင်တာကြောင့် မျက်နှာအသားရည်ကို သန့်ရှင်းရေးပြုလုပ်သည့်နေရာမှာ အသုံးချနိုင်ပါတယ်။ ကြက်သွန်ဖြူအမွှာများကို ထက်ခြမ်းခြမ်းကာ ရေနှင့်ရောစပ်ပြီး အသားရည်ပေါ်သို့လိမ်းချယ်ပေးပါ။

၇။ သခွားသီး
ရေဓါတ်ခမ်းခြောက်မှုဖြစ်ပေါ်နေပါသလား.. ရေဓါတ် ၉၅% အထိပါဝင်သည့် သခွါးသီးက အပြည့်အဝတာဝန်ယူပါတယ်။ သခွားသီးဟာ အရည်ပြားပေါ်ရှိ ဆဲလ်အသေများဖယ်ရှားခြင်းနှင့် ချွေးပေါက်ကလေးများကိုသန့်ရှင်းခြင်းတို့ကို လုပ်ဆောင်နိုင်တာကြောင် သခွါးသီးကို မျက်နှာသစ်ဆပ်ပြာတစ်ခုအဖြစ်သာမက Moisturizer တစ်ခုအဖြစ်အသုံးပြုနိုင်သလို အဆီပိုများကိုဖယ်ရှားပေးနိုင်သည့် ပစ္စည်းအဖြစ် အလွယ်တကူ အသုံးပြုနိုင်ပါတယ်။ ကြိတ်ချေထားသော သခွားသီးကိုရေဖြင့်ရောစပ်ကာမျက်နှာပေါ်သို့လိမ်းချယ်ပြီး အလှအပကိုထိန်းသိမ်းနိုင်ပါတယ်။



https://www.facebook.com/royalheromedia/photos/a.452811328083074.110728.4527

မြန်မာယူ-၁၉တိုက်စစ်မှူး အောင်သူနှင့်တွေ့ဆုံခြင်း



 

မြန်မာ ယူ-၁၉ တိုက်စစ်မှူးအောင်သူဟာ မန္တလေးဘောလုံးအကယ် ဒမီထွက်ကစားသမားတစ်ဦးဖြစ်ပြီး သက်တမ်းအလိုက် ပြိုင်ပွဲတွေမှာ မြန်မာအသင်းအတွက်ဂိုးတွေ ပုံမှန်သွင်းယူခဲ့တဲ့တိုက်စစ် မှူးတစ်ဦးပါ။
လက်ရွေးစင် ယူ-၁၆ ကစားသမားအဖြစ်၂ဝ၁၁မှာ စတင်ရွေး ချယ်ခံခဲ့ရပြီးမြန်မာယူ-၁၉၊ ယူ-၂၂အသင်းတွေနဲ့အတူ နိုင်ငံတကာပြိုင် ပွဲ ၂၆ပွဲခန့်ကစားခဲ့ပြီး ၁၂ဂိုးသွင်းယူနိုင်ခဲ့တဲ့တိုက်စစ်မှူးတစ်ဦးဖြစ်ပါတယ်။ သူဟာကမ္ဘာ့ဖလားဝင်ခွင့်ရရှိစေခဲ့တဲ့အာရှယူ-၁၉ပြိုင်ပွဲမှာလည်းထိုင်း နဲ့ပွဲစဉ်မှာ တစ်ဂိုး၊ ကာတာနဲ့ပွဲစဉ်မှာတစ်ဂိုးသွင်း၊ တစ်ဂိုးဖန်တီးပေးခဲ့သူ ဖြစ်ပါတယ်။
ဒါကြောင့် အောင်သူရဲ့ဘောလုံးသမားအစက နေယူ-၂ဝ ကမ္ဘာ့ဖလားအထိ သူ့ရဲ့အမြင်၊ မျှော်လင့်ချက်တွေကိုမေးမြန်းထားပါတယ်။
 

- ဘယ်အချိန်က ဘောလုံးကို စကစားခဲ့တာလဲ။
ကစားတာကတော့ ငယ်ငယ်ကတည်းကပါ။ တကယ်ကစားဖြစ် တာကတော့ ၂ဝဝ၉ခုနှစ် ကျွန်တော့်အသက် ၁၄နှစ်မှာ ဘောလုံးအဖွဲ့ချုပ် ကရွေးတဲ့လူရွေးပွဲကနေအရွေးခံရပြီး မန္တလေးဘောလုံးအကယ်ဒမီမှာ တက်ရောက်သင်ကြားခွင့်ရတယ်။ နှစ်နှစ်လောက်အကြာ ၂ဝ၁၁မှာ ၁၆ နှစ်လက်ရွေးစင်အသင်းမှာ အရွေးခံရတယ်။ လာအိုမှာကျင်းပတဲ့ ယူ-၁၆ ပြိုင်ပွဲကိုပထမဆုံးသွားပြိုင်တယ်။ အဲဒီကနေစပြီးယူ-၁၉အသင်းမှာစပါ တယ်။
 

- ကမ္ဘာ့ဖလားပြိုင်ပွဲဝင်ခွင့်ရတဲ့နေရာမှာ ဘယ်အချက်တွေက အဓိကကျလဲ။
ကမ္ဘာ့ဖလားပြိုင်ပွဲဆိုတာက မြန်မာ့သမိုင်းမှာ ဝင်ပြိုင်ခွင့်မရခဲ့ ဘူး။ ဒါပေမဲ့ ကျွန်တော်တို့အသင်းကဝင်ပြိုင်ခွင့်ရတယ်ဆိုတော့ အများ ကြီးဂုဏ်ယူမိပါတယ်။ အဲဒီအတွက်လည်းရလဒ်ကောင်းတစ်ခုရအောင် အစွမ်းကုန်ကြိုးစားသွားမှာပါ။ ကျွန်တော်တို့ အသင်းတစ်ခုတည်းနဲ့တော့ မဟုတ်ဘူး။ ပရိသတ်အား၊ စည်းကမ်းစိတ်ဓာတ်၊ စည်းလုံးမှုအားလုံးကောင်း လို့ဒီလိုအောင်မြင်မှုမျိုးရတာပါ။
 

- ဆီမီးဖိုင်နယ်ပွဲစဉ်တုန်းက ချေပဂိုးသွင်းတဲ့ပုံစံက ဘရူနိုင်းဘုရင့်ဖလား ဖိုင်နယ်မှာ ဗီယက်နမ်ဘက်ကိုလည်းသွင်းခဲ့တယ်ဆိုတော့ သေချာလေ့ ကျင့်ထားတာလား။
ဒီကစ်ချက်နဲ့ပတ်သက်လို့ပြောရရင် ကျွန်တော့်ရဲ့အကျင့်ပေါ့။ အကျင့်ဆိုတာက ထရိန်နင်ကွင်းမှာဆိုလည်း အဲဒီလိုပဲ ဘယ်တော့မှအား ထည့်ပြီးသိပ်မကန်ဘူး။ အဝေးတိုင်ကိုလှမ်းပွတ်တာ။ နည်းပြတွေကလည်း ဒါကိုသိတယ်။ ဘောလုံးကိုတစ်ချက်ထုတ်ပြီး အဝေးတိုင်ကိုပဲကန်ခိုင်းတာ။ အဲဒီပွဲမတိုင်ခင်ကလည်းအဲဒီလိုဘောလုံးကိုတစ်ချက်ထုတ်ကန်ဖို့ နည်းပြကြီး ကမှာခဲ့တယ်။
 

- ဒီလိုကစားသမားကောင်းတစ်ယောက်ဖြစ်လာဖို့ ဘယ်လိုအခက်အခဲမျိုး တွေကြုံရလဲ။
အခက်အခဲတွေကတော့အများကြီးပေါ့။ ၂ဝ၁၁ ယူ-၁၉စဖွဲ့ စည်းတဲ့ အချိန်မှာခက်ခဲမှုတွေအများကြီးရှိခဲ့တယ်။ အဲဒီတုန်းကတော့ ဘော လုံးကို ဝါသနာပါတာတစ်ခုတည်းနဲ့ပဲကြိတ်မှိတ်ပြီးနေခဲ့တယ်။ ပံ့ပိုးမှုတွေ ဘာတွေကိုတော့ သိပ်စိတ်ဝင်စားမနေတော့ဘူး။ ဘောလုံးကန်နေရရင်ပြီး ရောဆိုပြီးတော့ပဲနေခဲ့တယ်။ အိမ်ကလာခေါ်ရင်လည်း ဒီအတိုင်းပဲပေကပ် နေခဲ့တယ်။ အဓိကကတော့ ဘောလုံးကိုဝါသနာပါတာကြောင့်ပဲဒီလိုဖြစ် လာတာပါ။
 

လက်ရှိအသင်းမှာ ဘယ်လိုအားနည်းချက်အားသာချက်တွေရှိလဲ။
လက်ရှိအသင်းမှာ အားနည်းချက်ကတော့ ခွန်အားနဲ့ပတ်သက် ပြီး နိုင်ငံတကာနဲ့ ယှဉ်ရင်ဘယ်လိုမှမရဘူး။ တွန်းတွန်းတိုက်တိုက်ကစား နိုင်ဖို့လိုပါတယ်။ ဒီပြိုင်ပွဲမှာတောင် ကျွန်တော်တို့က ပရိသတ်အားနဲ့အတင်း လိုက်ကစားခဲ့လို့သာ အောင်မြင်မှုတွေရခဲ့တာ။ အားပိုင်းဆိုင်ရာမှာနည်း နည်းလိုသေးတယ်။ ကြံ့ခိုင်မှုအပါအဝင်အရပ်အမောင်းမှာလည်း ကွာခြား တယ်။
ဒီအားပိုင်းဆိုင်ရာကိုပဲကျွန်တော်တို့ သေသေချာချာလုပ်ရမယ်။
စိတ်ဓာတ်ပိုင်းကတော့ ကျွန်တော်တို့အသင်းကတစ်သင်းလုံးနီးပါးကောင်း တယ်။ ဘယ်ပွဲမဆို'ချ'မယ်ဆိုပြီးအတူတူစည်းစည်းလုံးလုံးနဲ့ကစားကြတယ်။ ကျွန်တော်ပြောခဲ့တဲ့ အားပိုင်းဆိုင်ရာကိုသာ ကောင်းကောင်းလုပ်နိုင်ရင် ရလဒ်တော့ဆိုးမှာမဟုတ်ဘူး။
 

- နည်းပြကြီးက ကစားသမားသစ်တွေထပ်စည်းမယ်လို့ ပြောတဲ့အပေါ်မှာ ရောဘယ်လိုမြင်လဲ။ ကစားသမားသစ်ထပ်ခေါ်သင့်မသင့်ပေါ့။
ဒါကတော့ နည်းပြကြီးရဲ့အတွေးပေါ့။ သူကဒီအသင်းကိုတာဝန် ယူထားတာဆိုတော့ သူမကြိုက်ဘူး၊ အသင်းလူစာရင်းကအားနည်းတယ် ဆိုရင်တော့ထပ်ဖြည့်ပေါ့။ ကျွန်တော်တို့ဘက်ကဝေဖန်လို့တော့ မရဘူး ပေါ့။ ဘယ်ကစားသမားကိုထပ်ဖြည့်ပါလို့လည်း ကျွန်တော်တို့ကသွားပြော လို့မရဘူးလေ။ သူတာဝန်ယူထားဆိုတော့ သူကြိုက်တဲ့သူထပ်ခေါ်ပါလိမ့် မယ်။ ကျွန်တော့်အနေနဲ့တော့ဘာမှပြောစရာမရှိပါဘူး။
 

- ကမ္ဘာ့ဖလားကျရင်ရော ဘယ်အဆင့်ထိရောက်မယ်လို့မျှော်လင့်ထားလဲ။
ကမ္ဘာ့ဖလားမှာရောက်နိုင်တဲ့အဆင့်အထိ ရောက်နိုင်ဖို့ကျွန် တော်တို့ကြိုးစားမယ်။ ဘယ်အဆင့်အထိရောက်ရမယ်လို့တော့တွေးမထားဘူး။ အတတ်နိုင်ဆုံးအမြင့်ဆုံးအထိ ရည်မှန်းပြီးတော့ကစားမှာပါ။
 

- လက်ရွေးစင်အသင်းကြီးက အောင်သူကိုခေါ်မယ်ဆိုရင်ရော။
ဘယ်အသင်းမှာပဲ ကစားရကစားရ အားလုံးက ကိုယ့်နိုင်ငံအ တွက်ပဲ ကစားရတာဆိုတော့ လက်ရွေးစင်အသင်းကြီးကခေါ်လည်းသွား ကစားရ မှာပေါ့။ ယူ-၁၉နဲ့ပဲတွဲဆိုလည်းတွဲရမှာပေါ့။ ဒါကတော့ နည်းပြ တွေလွှတ်တဲ့အတိုင်းသွားရမှာပါ။
 

- နည်းပြကြီးဂတ်ဖရိုင်းဒရစ်ကိုရောဘယ်လိုမြင်လဲ။
ဂျာမနီနည်းပြကြီးရဲ့နည်းစနစ်တွေက တကယ်ကောင်းပါတယ်။ သူ့ရဲ့နည်းစနစ်နဲ့လေ့ကျင့်မှုတွေကြောင့်ပဲ ကျွန်တော်တို့အသင်းကကမ္ဘာ့ ဖလားခြေစစ်ပွဲအောင်လာတာပဲလေ။ အရမ်းကောင်းပါတယ်။
 

- အာရှပွဲမှာအောင်သူရဲ့ခြေစွမ်းကိုရော ကိုယ့်ကိုယ်ကိုယ်ကျေနပ်မှုရှိရဲ့လား။
ဒီပြိုင်ပွဲမှာကစားခဲ့တဲ့ ခြေစွမ်းကို သိပ်အားမရ ဘူး။ ဘရူနိုင်းဖလားကလောက် အားမရဘူး။ ကျွန်တော် လိုနေတာကလည်းခွန်အားပဲ။ ပွဲချိန်ပြည့်မပြေးနိုင်သေး ဘူးလို့ဆိုရမှာပေါ့။
 

- ကာတာနဲ့ပွဲတုန်းကပြီးခါနီးမှာ အောင်သူ့ကိုလူစားလဲတုန်းကကွင်းထဲက မထွက်ချင်သေးတဲ့ပုံစံက ဘာကြောင့်လဲ။

ကာတာနဲ့ပွဲတုန်းက ကျွန်တော်က ကစားချင်သေးတယ်။ ဘာ ဖြစ်လို့လဲဆိုတော့ ပွဲကပြီးခါနီးနေပြီ။ ပြီးခါနီးအချိန်မှာထုတ်လိုက်တော့ အရှိန်ကကျသွားမယ်။ အချိန်လည်းကုန်သွားမယ်။ အဲဒီမှာ ဘယ်သူ့ကို စိတ်တိုလို့ တိုရမှန်းမသိဖြစ်သွားတယ် (ရယ်လျက်)။ နည်းပြကြီးကတော့ ဘာမှမပြောပါဘူး။ ကောင်းပါတယ်လို့ပဲ ကျွန်တော့်ကိုပြောတယ်။
 

- အောင်သူ့ကိုအားပေးနေတဲ့ပရိသတ်တွေကိုရော ဘာများပြောချင်လဲ။
သွားပြိုင်ရမယ့် နယူးဇီလန်အထိတော့ ပရိသတ်တွေမလိုက် နိုင်ဘူးပေါ့(ရယ်လျက်)။
ဒီတော့မြန်မာနိုင်ငံကနေပဲ အမြဲတမ်းအားပေး ပါဦးလို့ပြောချင်ပါတယ်။


https://www.facebook.com/royalheromedia/photos/a.452811328083074.110728.452793
Related Posts Plugin for WordPress, Blogger...