Pages

ခွင့်လွတ်သည်းခံခြင်းနှင့် ကျန်းမာရေးအကျိုးကျေးဇူးများ…

 
       တစ်စုံတစ်ယောက်က ကိုယ့်ကို ထိခိုက်နာကျင်စေတဲ့ စကားမျိုး၊ အပြုအမူမျိုး ပြုလုပ်ခံရတဲ့အခါ အလွယ်တကူ ခွင့်လွတ်သည်းခံနိုင်ဖို့ဆိုတာ သိပ်တော့ မလွယ်ပါဘူး။ ဒါပေမယ့် ခွင့်လွှတ်သည်းခံတတ်အောင် ကြိုးစားသင့်ပါတယ်။ အကြောင်းကတော့ ခွင့်လွှတ်သည်းခံတဲ့ စိတ်ရှိတာဟာ ကျွန်မတို့ရဲ့ စိတ်နဲ့ခန္ဓာကိုယ် ကျန်းမာရေးကို အံ့သြစရာကောင်း လောက်အောင် အကျိုးကျေးဇူး ဖြစ်စေတာကြောင့်ပါပဲ။ တစ်စုံတစ်ယောက်က ကိုယ့်ကို ဒေါသထွက်လောက်တဲ့ စကားမျိုး ပြောလာတဲ့အခါ ဒေါသတကြီး ကိုယ်ထိလက်ရောက် တုံ့ပြန် လိုက်မယ်ဆိုရင် နောက်ဆက်တွဲ ဖြေရှင်းရမယ့်ကိစ္စတွေ ရှိလာနိုင်ပါတယ်။ ဒီအဖြစ်အပျက်တွေကို တရားရုံးက အမှုတွဲတွေ၊ မှုခင်းသတင်းဂျာနယ်ပေါ်က ဖြစ်ရပ်မှန်သတင်းတွေကို သာဓကအဖြစ် တွေ့နေရတာပဲ မဟုတ်ပါလား။  ဒေါသနဲ့ တုံ့ပြန်လိုက်တဲ့အခါ နောက်ဆက်တွဲဖြေရှင်းရမယ့် တခြားကိစ္စ တွေထက် ကျန်းမာရေးနဲ့ပတ်သက်ပြီး ဘယ်လိုထိခိုက်စေနိုင်တယ်ဆိုတာကို ဆွေးနွေးတင်ပြလိုပါတယ်။

…ခွင့်လွှတ်သည်းခံမှုဆိုသည်မှာ…
 …ခွင့်လွှတ်သည်းခံမှုဆိုတာ ကိုယ့်ကို ထိခိုက်နာကျင်စေတဲ့ စကားလုံးတွေနဲ့ အပြုအမူတွေကို မေ့ပျောက်ကျေအေး လိုက်တာပါ။ လူတစ်ဦးနဲ့တစ်ဦးမှာ ခွင့်လွှတ်သည်းခံနိုင်စွမ်းရှိတဲ့ အတိုင်းအတာ ပမာဏကတော့ မတူညီတတ်ပါဘူး။ ခွင့်လွှတ်သည်းခံတယ်ဆိုတဲ့ စိတ်သဘောထားဟာ ပညာရှိဆန်သလို စိတ်ထားကြီးမြတ်မှုကိုလည်း ဖော်ညွှန်းနေပါတယ်။ ဒါကြောင့် ခွင့်လွှတ်သည်းခံနိုင်စွမ်း မြင့်မားလေလေ၊ ငြိမ်းချမ်းအေးဆေးတဲ့ဘ၀ကို ပိုင်ဆိုင်ရရှိလေလေပါပဲ။

…နာကြည်းစိတ်များနေမယ်ဆိုရင်…
…တချို့လူတွေက အတိတ်က ကိုယ့်ကို နာကျင်စေတဲ့ ဖြစ်ရပ်တွေကို ပြန်ပြောင်း တွေးတောရင်း အဲဒီအတိတ်ထဲမှာ ကိုယ့်ဘ၀တစ်ခုလုံး ပိတ်မိနေတာ၊ ဒေါသ၊ အာဃာတ၊ မလိုမုန်းထားခြင်းဆိုတဲ့ ၀ဲကယက်ကနေ ရုန်းမထွက်နိုင်အောင် ဖြစ်နေတတ်ပါတယ်။ အဲဒီအခါ ကျန်းမာရေးကို ထိခိုက်ပြီး နာတာရှည်ခံစားရတဲ့ ရောဂါတွေ စွဲကပ်လာနိုင်ပါတယ်။ ဒီအကြောင်းကို သမားတော်ကြီး ပါမောက္ခ ဦးကိုကိုလှက အခုလို ရှင်းပြပါတယ်။

“ဒေါသထွက်တာကို မထိန်းချုပ်နိုင်ဘူးဆိုရင် ရုတ်တရက်ဖြစ်တတ်တာက နှလုံးခုန်မြန်တတ်ပါတယ်၊ သွေးဖိအားက ဆောင့်တိုးသွားတတ်ပါတယ်၊
 နှလုံးရောဂါလို ရောဂါအခံရှိသူတွေမှာ အခန့်မသင့်ရင် နှလုံးရောဂါထခြင်း (Heart Attack) ဖြစ်သွားနိုင်ပါတယ်။ ဒေါသဖြစ်တဲ့အခါ ဘာကိုမှ သတိမမူမိတော့ဘဲ ကိုယ့်ကို ဒေါသဖြစ်စေတဲ့သူကို အနာတရဖြစ်အောင် တုံ့ပြန်မိရင် ရာဇ၀တ်မှု ကျူးလွန်သလို ဖြစ်သွားနိုင်ပါတယ်…”

…“ခွင့်မလွှတ်ပဲ နာကြည်းစိတ်များနေမယ်ဆိုရင်တော့ အိပ်မပျော်ခြင်း၊ သောကရောက်ခြင်း၊ မကျေနိုင်မချမ်းနိုင် ဒေါသထွက်နေခြင်း၊ ခေါင်းကိုက်ခြင်း၊ စိတ်ဓါတ်ကျခြင်း စတာတွေ ခံစားရပြီး ခန္ဓာကိုယ် အင်္ဂါအစိတ်အပိုင်းတွေ  ထိခိုက်လာကာ ကိုယ်ခံစွမ်းအားစနစ် ကျဆင်းလာတတ်ပါတယ်…”
…တခြားသူတစ်ဦးကို ဒေါသထွက်ကာ ခွင့်မလွတ်နိုင်တာကြောင့် ကိုယ့်မှာ ထိခိုက်စေနိုင်တဲ့ ကျန်းမာရေးအန္တရာယ်တွေက ကြောက်စရာကောင်းလှပါတယ်။

….ခွင့်လွတ်ကျေအေးလိုက်မယ်ဆိုရင်…
…တစ်စုံတစ်ယောက်က သူပြောမိ ပြုမိတဲ့အရာအတွက် တောင်းပန်တဲ့အခါ သဘောထားကြီးမားစွာနဲ့ ခွင့်လွှတ်ကျေအေး တတ်ဖို့လိုပါတယ်။  ခွင့်လွှတ်ကျေအေးတတ်ပြီး စိတ်ထားအေးချမ်းတဲ့သူတွေဟာ စိတ်ဖိစီးမှု၊ ရန်လိုမှု၊ စိတ်ဓါတ်ကျခြင်း၊ ပူပင်သောကရောက်ခြင်း၊  နာတာရှည် နာကျင်ခြင်း၊ အရက်နဲ့ မူးယစ်ဆေးဝါးစွဲခြင်း၊ သွေးတိုးခြင်း စတဲ့ စိတ်နဲ့ဆက်စပ်ပြီး ဖြစ်လာတဲ့ ရောဂါပြဿနာတွ ကင်းဝေးပြီး ဘ၀မှာ သက်ရှည်နေပျော်စွာ ဖြတ်သန်းနိုင်မှာပါ။
…ခွင့်လွှတ်သည်းခံတတ်သူတိုင်း ရရှိလာမယ့် ကျန်းမာရေးအကျိုးကျေးဇူးတွေ အကြောင်းကို ပါမောက္ခ ဦးကိုကိုလှက အခုလို ရှင်းပြပေးထားပါတယ်။

“ဒေါသကို အလွယ်တကူ မောင်းထုတ်နိုင်မယ်ဆိုရင် စိတ်ဖိစီးမှုဆိုင်ရာ Stress Hormone တွေ လျော့နည်းသွားပြီး စိတ်အေးချမ်းမှု ရရှိမှာပါ၊ စိတ်အေးချမ်းတဲ့သူဟာ သွေးတိုး၊ နှလုံး စတဲ့ နာတာရှည်ရောဂါဘယတွေ ကင်းဝေးတဲ့အပြင် အိုမင်းရင့်ရော်ခြင်းတွေ လျော့ပါးပြီး အရွယ်တင်နုပျိုနေမှာ ဖြစ်ပါတယ်”

…ခွင့်လွှတ်သည်းခံတတ်တဲ့ လုပ်ရပ်ဟာ ကောင်းမှန်း၊ မြင့်မြတ်မှန်း သိပေမယ့် ဒေါသထွက်အောင် ပြောဆိုပြုမူတဲ့အခါ အလွယ်တကူ သည်းခံနိုင်ဖို့ဆိုတာ လူတိုင်းအတွက် ခက်ခဲနေမှာပါ။ ကိုယ်မှားမှန်းသိပေမယ့် ကိုယ့်အမှားကို ၀န်ချတောင်းပန်တတ်ဖို့ မလွယ်ကူသလိုပါပဲ၊ ဒါပေမယ့် သည်းခံခွင့်လွှတ်တတ်ခြင်းနဲ့ အမှားကို တောင်းပန်တတ်ခြင်း တွေဟာ မင်္ဂလာရှိတဲ့ လုပ်ရပ်တွေပါ။ ဒါကြောင့်တစ်စုံတစ်ယောက်ကြောင့် စိတ်ဆိုးမိရတဲ့အခါ စိတ်ထားတတ်အောင် လုပ်ဆောင်နိုင်ဖို့ အောက်ပါနည်းလမ်းတွေကို ဝေမျှလိုက်ပါတယ်…

…စိတ်ကို တည်ငြိမ်အောင်ထားပါ…
…ဒေါသကို လျော့ချနိုင်ဖို့ ရိုးစင်းလွယ်ကူတဲ့ နည်းလမ်းကို ကျင့်သုံးပါ။ ထိုနည်းတွေကတော့ အသက်ပြင်းပြင်း ရှူသွင်း၊ ရှုထုတ်ပြီး သင့်ကို ကြည်နူးစေတဲ့အရာကို တွေးတောခြင်း ဒါမှမဟုတ် လှပတဲ့ရှုခင်းကို ကြည့်ခြင်း၊ ဒါမှမဟုတ် သင်ချစ်တဲ့သူကို ကြည့်ခြင်းတွေပဲဖြစ်ပါတယ်။



…တောင်းပန်သည့်အထိ မစောင့်ပါနှင့်…
…သင့်ကို နာကျင်အောင်လုပ်တဲ့ လူတိုင်းမှာတော့ တောင်းပန်ချင်တဲ့စိတ်ရှိလိမ့်မယ်လို့ မျှော်လင့်မထားပါနဲ့။ သူတို့မှာ အစကတည်းက သင့်ကို နာကျင်စေချင်တဲ့ ရည်ရွယ်ချက်ရှိနေနိုင်တာကြောင့်ပါ။ ဒါပေမယ့် သူတို့ဖြစ်စေချင်တဲ့အတိုင်း မဖြစ်စေရဘူးဆိုပြီး သင့်စိတ်ကို အေးချမ်းတည်ငြိမ်အောင် ထားလိုက်ပါ။ ဒါက သူတို့ကို ပြေလည်အောင် ပြန်ဆက်ဆံ ရမယ်လို့ ဆိုလိုတာမဟုတ်ပါဘူး။ သူတို့ကို လစ်လျူရှုပစ်လိုက်ဖို့ကို ဆိုလိုတာပါ။

…တခြားသူများ၏ အမြင်ကို ဂရုစိုက်ပါ…
…သင့်ကို နာကျင်နစ်နာအောင် လုပ်သူကြောင့် သင့်ကိုသင် ယုံကြည်မှု၊ သင့်ဘ၀ရပ်တည်မှုနဲ့ သင့်စိတ်ဓါတ် ယိမ်းယိုင် ထိပါးသွားတယ်ဆိုရင် သင့်ကို တန်ဖိုးထား ယုံကြည်သူတွေ အများကြီးကို လှည့်ကြည့်လိုက်ပါ။

…ခွင့်လွှတ်ခြင်း၏ အကျိုးကျေးဇူးကို နားလည်ပါ…
…ခွင့်လွှတ်တတ်တာဟာ စွမ်းအင်ပိုရှိစေပြီး အစာချေဖျက်အားကောင်းကာ နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျစေကြောင်း သုတေသနတွေက လေ့လာဖော်ပြပြီးပါပြီ။ ဒါကြောင့် ခွင့်လွှတ်ခြင်းရဲ့ အကျိုးကျေးဇူးကို အရယူပါ။

…သင့်ကိုယ်သင် ခွင့်လွှတ်ပါ…
…ကိုယ့်ကိုယ်ကိုယ် ခွင့်လွှတ်နိုင်ဖို့ စိန်ခေါ်မှုကြီးတစ်ရပ်လို ဖြစ်နေသူတွေ လောကမှာ အများကြီးရှိပါတယ်။ လူတိုင်း အမှားနဲ့ မကင်းနိုင်ပါဘူး။ ကိုယ့်အမှားကို သိပြီး အမှန်ကို ပြင်နိုင်တာကသာ လူတော်လူကောင်းတွေရဲ့ လုပ်ရပ်ဖြစ် တာကြောင့် ကိုယ့်ကိုယ်ကိုယ် ခွင့်လွှတ်ခြင်းအားဖြင့် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုကို တည်ဆောက်ယူသင့်ပါတယ်။

…လူတိုင်း ခွင့်လွှတ်သည်းခံတတ်ပြီး ကိုယ်၊ စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ…

...ဇွန်ခိုင်ဦး (ဆေးဝါးကျွမ်းကျင်မှုတက္ကသိုလ်)၏ ကျန်းမာရေးဆောင်းပါးကို ကမ္ဘာသစ်သူငယ်ချင်းများအတွက် လက်ဆင့်ကမ်း မျှဝေပေးပါသည်။

မေတ္တာဖြင့်…
အေးအေးမိုးမိကူး
(၂၂.၃.၂၀၁၁)
 http://newworldnanda.ning.com/profiles/blogs/3451740:BlogPost:65112

ကမ္ဘာ့ AIDS တိုက်ဖျက်ရေးနေ့  ပညာပေးရုပ်ပြများ



၁။
လူ့ သွေးထဲမှာ သွေးရည်ကြည်၊ သွေးဖြူဥနဲ့  သွေးနီဥများပါဝင် ဖွဲ့ စည်းထားပါတယ်။ သွေးဖြူဥများက
လူ့ ခန္ဓာကိုယ်ထဲဝင်ရောက်လာတဲ့ ရောဂါပိုးများကို တိုက်ရိုက်တိုက်ဖျက်တာရော အဲဒီရောဂါပိုးနဲ့ သက်ဆိုင်တဲ့ ကိုယ်ခံစွမ်းအား ထုတ်လုပ်ပြီး တိုက်ဖျက်တာရော၊ တိုက်ဖျက်မှုအမျိုးမျိုးနဲ့  ကာကွယ်တားဆီးပါတယ်။




၂။
သွေးဖြူဥထဲမှာ သွေးဖြူဥခေါင်းဆောင်က ဦးဆောင်ပြီး ကျန်တဲ့ သွေးဖြူဥတွေထဲမှာ ကိုယ်တိုင် အသေခံ
တိုက်ဖျက်တဲ့ သွေးဖြူဥများနဲ့ ကိုယ်ခံစွမ်းအား ထုတ်လုပ်ပြီး တိုက်ဖျက်တဲ့ သွေးဖြူဥဆိုပြီး နှစ်မျိုးရှိပါတယ်။





၃။
ဤသို့  နည်းလမ်းအမျိုးမျိုးဖြင့် ခန္ဓာကိုယ်အတွင်းကို ၀င်ရောက်တဲ့ ရောဂါပိုးမှန်သမျှကို သွေးဖြူဥ အဖွဲ့ များက
တိုက်ခိုက်ချေမှုန်းမှု ပြုပါတယ်။





၎။
HIV ဆိုတာ AIDS ရောဝါကို ဖြစ်စေတဲ့ အလွန်သေးငယ်တဲ့ ဗိုင်းရပ်စ်ပိုးတစ်မျိုး ဖြစ်ပါတယ်။
အဲဒီပိုးက သွေးထဲမှာရှိတဲ့ သွေးဖြူဥများကို တိုက်ခိုက်ဖျက်ဆီးခြင်းဖြင့် AIDS ရောဂါ၊ တစ်နည်းအားဖြင့်
ခုခံအားကျဆင်းမှု ကူးစက်ရောဂါကို ခံစားရရှိစေပါတယ်။



၅။
HIV ပိုး လူ့ ခန္ဓကိုယ်အတွင်းသို့  ရောက်ရှိလာတဲ့အခါ သွေးဖြူဥများကို တိုက်ခိုက်ဖျက်ဆီးပစ်ပါတယ်။




၆။
ထိုအခါ သွေးဖြူဥခေါင်းဆောင်အပါအ၀င် သွေးဖြူဥများ ပျက်ဆီးသွားခြင်းကြောင့် အခြားရောဂါပိုးများကို
တိုက်ခိုက်ချေမှုန်းရန် အင်အားမဲ့သည့် အခြေအနေသို့  ဆိုက်ရောက်သွားပါတော့တယ်။
အဲဒီအချိန်မှာ အကာအကွယ်မဲ့နေတဲ့ ခန္ဓာကိုယ်အတွင်းသို့  အခြားပိုးများ ၀င်ရောက်လာပြီး ရောဂါလက္ခဏာ
ပေါင်းစုံကို ခံစားရရှိစေပါတော့တယ်။ လူ့ ခန္ဓာကိုယ်ရဲ့ ခုခံမှု စွမ်းအားစနစ် ပျက်စီးသွားတာကို အခွင့်အရေးယူပြီး
ဝင်ရောက်လာတဲ့ ရောဂါများရဲ့  ရောဂါလက္ခဏာပေါင်းစုံ ရရှိခံစားလာရခြင်းကို ခုခံအားကျဆင်းမှု ကူစက်ရောဂါ
ဖြစ်တယ်လို့  ခေါ်ပါတယ်။



၇။
HIV ပိုးကို အဓိကအားဖြင့် ရောဂါပိုးရှိသူရဲ့  သွေး၊ အမျိုးသမီးလိင်အင်္ဂါမှ ထွက်သောအရည်နှင့် အမျိုးသားသုတ်ရည်တို့ တွင် တွေ့ ရှိနိုင်ပါတယ်။



၈။
ဒါကြောင့် HIV ပိုးရှိနေတဲ့ လူတစ်ဦးဦးနဲ့  လိင်တူ လိင်ကွဲ ဆက်ဆံမှုပြုမယ်ဆိုရင် ....




၉။
HIV ရောဂါပိုးရှိသူနဲ့  ဆေးထိုးအပ်၊ ပြွန်များမျှဝေသုံးစွဲပြီး မူးယစ်ဆေးဝါး အကြောထဲထိုးသွင်းမှုပြုမယ်ဆိုရင်၊
စနစ်တကျ ရောဂါပိုးသန့် စင်မှု ပြုမထားတဲ့ ဆေးထိုးအပ်၊ ပြွန်များနဲ့  ဆေးထိုးခံမယ်ဆိုရင်....



၁၀။
ရောဂါပိုးကူးစက်ခံရနိုင်တဲ့ အောက်ဖော်ပြပါ အပြုအမူမျိုးတွေရှိတဲ့ လူရဲ့ သွေး သွင်းမိမယ်ဆိုရင်
ရောဂါပိုး ကူးစက်နိုင်ပါတယ်။
- အဖော်များစွာ ( ယောက်ျား၊ မိန်းမ) နဲ့  လိင်မှုကိစ္စ လိုက်စားသူ
- မူးယစ်ဆေး အကြောထဲ ထိုးလေ့ရှိသူ




၁၁။
HIV ရောဂါပိုးရှိနေတဲ့ ကိုယ်ဝန်ဆောင်မိခင်မှ သန္ဓေသားသို့ လည်း ကူးစက်နိုင်ပါတယ်။




၁၂။
လူတစ်ယောက်ကို သာမန်အပြင်ပန်းကြည့်ရုံနဲ့  ရောဂါပိုး ရှိ၊ မရှိ ပြောလို့ မရပါဘူး။
ကာယကံရှင် ကိုယ်တိုင်တောင် ကိုယ့်ကိုကိုယ် ရောဂါပိုးကူးစက်ခံနေရသူလို့  သိချင်မှ သိပါလိမ့်မယ်။




၁၃။
HIV ရောဂါပိုးရှိသူနဲ့ - လက်တွဲနှုတ်ဆက်ရုံ၊ ပွေ့ ဖက်နမ်းရှုပ်ရုံ၊ အတူကစားရုံ၊ ရေကူးရုံ၊ အတူ အလုပ်လုပ်ရုံ၊
အတူ ဘတ်စ်ကားစီးရုံနဲ့  HIV ပိုး မကူးစက်နိုင်ပါဘူး။ တယ်လီဖုန်း၊ အိမ်သာနဲ့  ခြင်၊ ယင်၊ ကြွက်၊ ပိုးမွှားများမှ
တဆင့်လည်း ဒီရောဂါပိုး မကူးစက်နိုင်ပါဘူး။



၁၄။
ကိုယ်ခန္ဓာအတွင်း၌ ရောဂါပိုး ရှိနေသော်လည်း ချက်ချင်း ရောဂါပိုးလက္ခဏာ ထင်ရှားစွာ မပြသဖြင့် မိမိ၌
ရောဂါပိုးရှိနေကြောင်း မသိနိုင်ပါ။ ရောဂါပိုးဝင်ရောက်ပြီး ( ၅ )နှစ်မှ ( ၁၀ ) နှစ်အတွင်း ရောဂါလက္ခဏာများ
စတင်ပေါ်ပေါက်လာနိုင်ပါတယ်။ HIV ပိုး ကူးစက်ခံရပြီဆိုလျှင် ပျောက်ကင်းအောင် ကုသ၍ မရနိုင်သေးပါ။



၁၅။
လိင်အပျော်အပါး လိုက်စားရာမှ ဆီးပူညောင်း( ပြည်)ကျခြင်း၊ လိင်အင်္ဂါ ယားယံရောင်ယမ်းခြင်းများကို ကာလသားရောဂါ ဖြစ်တယ်လို့ ခေါ်ပါတယ်။ ဒီလိုဖြစ်လာရင် ဆေးရုံ၊ ဆေးခန်း၊ ကျန်းမာရေးဌာန၊ ခုခံကျ/ကာလသားရောဂါ တိုက်ဖျက်ရေးဌာနများထံ အမြန်ဆုံးပြသပြီး ထိရောက်သော ဆေးဝါးကုသမှုများ ခံယူရန် လိုအပ်ပါတယ်။




၁၆။
အောက်ပါအချက်တွေကို လိုက်နာကျင့်သုံးမယ်ဆိုရင် HIV ပိုး ကူးစက်မှု အန္တရာယ်ကို လျော့နည်းစေမှာ ဖြစ်ပါတယ်။
အဖော်တစ်ယောက်သာထားပါ၊ ( အိမ်ထောင်သည် ဖြစ်ပါက တစ်လင်တစ်မယားစနစ်ကို ကျင့်သုံးပါ)၊ အန္တရာယ်ကင်းသော လိင်ဆက်ဆံမှုကို ပြုကျင့်ပါ၊ ကွန်ဒုံး စနစ်တကျ သုံးစွဲပါ။ ဆေးထိုးအပ်၊ ပြွန်များကို အခြားသူများနဲ့  မျှဝေသုံးစွဲခြင်း မပြုပါနဲ့ ။ မူးယစ်ဆေးဝါး၊ အရက်သေစာ သောက်စားခြင်းကို ရှောင်ပါ။



ကာကွယ်ခြင်းသည် ကုသခြင်းထက် ပို၍ ထိရောက်၏။
မိမိကိုယ်တိုင် အသိပညာနှင့် ဆင်ခြင်စောင့်စည်းလိုက်နာခြင်းဖြင့် မိမိ၏ ချစ်သူ၊ ဇနီး၊ ခင်ပွန်း၊ မိသားစုမှသည် လူမှုဝန်းကျင် ကျန်းမာရေး အတွက် တစ်ထောင့်တစ်နေရာမှ ပါဝင်ကူညီ ဆောင်ရွက်နိုင်ပါစေ။
စာပေသူငယ်ချင်းများ၊ စာဖတ်သူများအားလုံး ကျန်းမာပျော်ရွှင်သော လူမှုဘ၀များကို ပိုင်ဆိုင်ကြပါစေ...
ခင်မင်လေးစားလျက်
နန္ဒ ( တောင်ငူ )


http://newworldnanda.ning.com/profiles/blogs/3451740:BlogPost:55681

ထေရဝါဒနှင့် ဝသုန္ဓရေမြေစောင့်နတ်

   ''မာန်ယစ်တဲ့ ရန်စစ်တွေသည်...ဆံညှစ်ရေကြောမှာ မျောလေပြီ...''

    စာရေးသူတို့ကလေးဘဝကတည်းက နားရည်ဝနေသော သီချင်းတစ်ပုဒ်၊ သီချင်းကို နားရည်ဝသလို ဇာတ်လမ်းကိုလည်း စွဲလန်းမိသည်။ နှစ်သက်မိသည်။ ဝသုန္ဓရေ မြေစောင့်နတ်သည် စာရေးသူကို ငယ်စဉ်ကတည်းက လွှမ်းမိုးနေသူ ဖြစ်ပါသည်။ ဗြဟ္မာမင်း၊ သိကြားမင်း၊ နဂါးမင်းတို့ပင် ကြောက်လန့်ထွက်ပြေးရသော မာရ်နတ်ကို အနိုင်ယူသူဖြစ်သဖြင့် အထင်လည်း ကြီးမိပါသည်။ ထို့ကြောင့် ကောင်းမှုကုသိုလ်တစ်ခု ပြုတိုင်း မြေစောင့်နတ်ကို တိုင်တည်မိပါသည်။ သို့သော် ထိုနတ်ကို ယောက်ျားလား၊ မိန်းမလားဟု မစူးစမ်းမိခဲ့။ ယခု လေ့လာကြည့်သောအခါ နတ်သမီးပုံကိုလည်း တွေ့ရ၏။ နတ်သားပုံကိုလည်း တွေ့ရ၏။  မည်သည်က အမှန်ဖြစ်သည်ကို မိမိအနေဖြင့် မဝေခွဲနိုင်။ ထို့ကြောင့် လက်လှမ်းမီသမျှ ရှာကြည့်ရာ ဗုဒ္ဓဝံသအဋ္ဌကထာတွင် အောက်ပါအတိုင်း တွေ့ရ၏။

    ဘုရားအလောင်းတော်သည် ဘုရားဖြစ်မည့် (မဟာသက္ကရာဇ် ၁ဝ၃-ခု၊ ကဆုန်လပြည့်၊ ဗုဒ္ဓဟူး) နေ့ ညနေချမ်းအချိန်တွင် ဗောဓိပင်၏အရှေ့ အပရာဇိတပလ္လင်ထက်၌ ''ဘုရားမဖြစ်သမျှ ငါမထ'' ဟူသော အဓိဋ္ဌာန်ဖြင့် ထက်ဝယ်ဖွဲ့ခွေ ထိုင်နေတော်မူ၏။ ထိုစဉ် ဝသဝတ္တီမာရ်နတ်က ''သိဒ္ဓတ္ထမင်းသားသည် ငါ၏နယ်ပယ်(ဘုံသုံးပါး)မှ လွတ်မြောက်လိုသူဖြစ်သည်။ ငါသည် သူ့ကို လွတ်မြောက်ခွင့်မပေးနိုင်''ဟု ကြံကာ သူ၏နတ်စစ်သည်များကို ခေါ်၍ လာ၏။

    နတ်စစ်သည်အင်အားမှာ မာရ်နတ်၏ ရှေ့မှ ၁၂-ယူဇနာ၊ လက်ယာဘက်မှ ၁၂-ယူဇနာ။ လက်ဝဲဘက်မှ ၁၂-ယူဇနာ။ အထက်၌ ၉-ယူဇနာ ရှိ၍ နောက်မျက်နှာကမူ စကြဝဠာတိုက် အဆုံးအစွန်း တိုင်အောင် များပြားလှ၏။ ယင်းစစ်တပ်ကြီး၏ ကြိမ်းမောင်းအော်ဟစ်သံကို ယူဇနာတစ်ထောင် ဝေးကွာသော အရပ်မှစ၍ မြေပြိုသောအသံကဲ့သို့ ကြားရလေ၏။ သူ့ကိုယ်တွင် လက်ရုံးတစ်ထောင် ဖန်ဆင်း၍ လက်ရုံးတိုင်းတွင်လည်း လက်နက်အသီးသီးကို ကိုင်ဆောင်ထားပြီး ဂိရိမေခလဆင်ကို စီးကာ နတ်စစ်သည် များစွာခြံရံလျက် ရောက်လာ၏။

    မာရ်နတ်လာသောအခါ ဘုရားအလောင်းတော်အနီးတွင် ပူဇော်ရန် ရောက်ရှိနေကြသည့် သိကြားမင်းသည် သူမှုတ်နေသော ဝိဇယုတ္တရခရုသင်းကို ကျောပိုးလျက် ပြေး၍ စကြဝဠာတိုက်အနားစွန်း၌ ရပ်နေ၏။မဟာဗြဟ္မာမင်းက ထီးဖြူကို စကြဝဠာတိုက်အစွန်း၌ ပစ်ချကာ ဗြဟ္မာ့ပြည်သို့ ပြန်ပြေး၏။ ကာဠနဂါးမင်းက နဂါးမတို့ကို ချန်ထား၍ မဉ္ဇေရိကနဂါးဗိမာန်သို့ ပြန်ပြေးကာ မျက်နှာကို လက်ဖြင့်ပိတ်လျက် အိပ်နေ၏။ ဤသို့လျှင် အားလုံးပြေးကြရာ ဘုရားအလောင်းတော်အနီးတွင် တစ်ဦးတစ်ယောက်မျှ မရှိတော့ပေ။

    ဘုရားအလောင်းတော်၏ဘေးတွင် မည်သူတစ်ဦးတစ်ယောက်မျှ ရှိမနေတော့မှ မာရ်နတ်က ဘုရားအလောင်းတော်အား လက်နက်ကိုးမျိုးဖြင့် တိုက်ခိုက်၏။ တိုက်ခိုက်၍ မရသောအခါ သူ့စစ်တပ်ကို '' အဘယ့်ကြောင့် ရပ်နေကြသနည်း၊ ဤသိဒ္ဓတ္ထကို ဘုရားမဖြစ်အောင်လုပ်ကြ၊ ဖမ်းကြ၊ သတ်ကြ၊ ဖြတ်ကြ၊ မလွတ်စေနှင့်''ဟု အမိန့်ပေး၏။ သူကိုယ်တိုင်လည်း ဆင်ပေါ်မှနေ၍ မြားဖြင့်ရွယ်ကာ ''သိဒ္ဓတ္ထ၊ ပလ္လင်ပေါ်မှ ယခုပင်ဆင်းလော့''ဟု ဆို၏။ မာရ်စစ်သည်တို့လည်း ကြောက်အောင်လန့်အောင် အမျိုးမျိုးလုပ်နေ၏။ ထိုအခါ ဘုရားအလောင်းတော်ကလည်း သူ့ပါရမီဂုဏ် ကုသိုလ်ဟုန်ကြောင့် ပေါ်ပေါက်၍လာသော ပလ္လင်ဖြစ်ကြောင်းသိစေလို၍ ''ဟဲ့မာရ်နတ်၊ ငါသည် ဤပလ္လင်ကို အလိုရှိသဖြင့် ဘဝများစွာ ကမ္ဘာဘာတို့၌ မလှူဖူးသောအလှူမရှိ၊ ဤသို့ ဘဝများစွာက ပြုလာခဲ့သော ကောင်းမှုများကို ထား၍ ဝေဿန္တရာဘဝတစ်ခုတည်း၌ ခုနစ်ကြိမ်တိုင်တိုင် အလှူကြီးပေးခဲ့စဉ်က မြေကြီးသည် ခုနစ်ကြိမ်တိုင်တိုင် တုန်လှုပ်ခဲ့ဖူးလေပြီ။ ယခုအခါ ဤမဟာပထဝီမြေကြီးသည် ငါ၏သက်သေတည်း''ဟု ပြော၍  မြေကြီးကို လက်ညှိုးညွှန်လျှင် မြေကြီးသည် အိုးထိန်းစက်ကဲ့သို့ သွက်သွက်လည်ကာ သည်းထန်စွာ မြည်ဟည်းလေ၏။

    မြေကြီး၏အသံဖြင့် ကောင်းကင်တစ်ခွင်လုံး မိုးချုန်းသံကဲ့သို့ မြည်ဟည်းနေ၏။ မြေကြီး၏ အသံကြောင့် ကောင်းကင်တစ်ခွင်လုံး မိုးချုန်းသံကဲ့သို့ ဆူညံနေ၏။ ထိုအခါ ဂိရမေခလဆင်ကြီးလည်း ဒူးညွတ်လျက် ကျသွား၏။ မာရ်စစ်သည်တို့လည်း ခြေဦးတည့်ရာ ပြေးကြရလေ၏။ မာရ်နတ်ကိုယ်တိုင်လည်း ဆင်ကြီးကို ပစ်၍ ပြေးရလေ၏။ မဟာသက္ကရာဇ် ၁ဝ၃-ခုနှစ်၊ ကဆုန်လပြည့် ဗုဒ္ဓဟူးနေ့၏ အဖြစ်အပျက်ကို ဗုဒ္ဓဝံသအဋ္ဌကထာ၌ ဝသုန္ဓရေ မြေစောင့်နတ်လုံးဝမပါဝင်ပါ။ အပဒါနအဋ္ဌကထာတွင်လည်းကောင်း၊ မူလပဏ္ဏာသအဋ္ဌကထာ၊ ပါသရာသိသုတ်အဖွင့်တွင်လည်းကောင်း ရှာကြည့်ရာတွင်လည်း မြေစောင့်နတ်အကြောင်း စိုးစဉ်းမျှ မတွေ့ရပါ။ ထို့ကြောင့် ထေရဝါဒကျမ်းဂန်တို့တွင် ဝသုန္ဓရေ မြေစောင့်နတ်မရှိကြောင်း သိရပါသည်။

    မိမိတို့ငယ်စဉ်က မှတ်သားခဲ့ရသည်မှာ ဘုရားအလောင်းက မြေကြီးသို့ လက်ညှိုးညွှန်လိုက်ရာ မြေစောင့်နတ်က သက်သေခံ၏။ ဝေဿန္တရာဘဝက ချခဲ့သော အလှူရေစက်တို့ပင် ယခုထိ မခြောက်သေးကြောင်း ဆို၍ ဆံပင်ကို ရေညှစ်ပြ၏။ ထိုအခါ မာရ်နတ်နှင့် သူ့စစ်တပ်သည် ထိုဆံညှစ်ရေကြောတွင် မျောပါသွား၏ဟု ကြားခဲ့ဖူး၏။ ယခုမူ မိမိတို့ ငယ်စဉ်က ကြားဖူးခဲ့သော မြေစောင့်နတ်သည် ယုံတမ်းသဖွယ်ဖြစ်နေသည်။

    ထိုအကြောင်းကို ကံအားလျော်စွာပင် သက္ကတဘာသာဖြင့် ပုံနှိပ်ထုတ်ဝေသော လလိတဝိသျှတရ ကျမ်းတွင် တွေ့ရ၏။ ထိုကျမ်းတွင် ''ဘုရားအလောင်းက လက်ညှိုးညွှန်လျှင် ထာဝရာမည်သော နတ်သမီးသည် စကြဝဠာတိုက်တစ်သောင်းမှ  ထာဝရာနတ်သမီးပေါင်း တစ်သောင်းခြံရံလျက် လက်ညှိုးဦးတည်ရာ အရပ်မှ မြေကို ဖောက်ခွဲ၍ ကိုယ်တစ်ပိုင်းဖော်ကာ ထွက်လာ၏။ ထို့နောက် ဘုရားအလောင်းတော်အား 'ယောက်ျားမြတ်၊ သင်ပြုသော ကုသိုလ်ကောင်းမှုကို သင်သာအသိဆုံးဖြစ်သည်။ သို့သော် သင်၏ ကောင်းမှုကို ငါ သက်သေခံသည်'ဟု ဆို၏။ ကျန်သော ထာဝရာနတ်သမီးတို့ကလည်း ဟုတ်မှန်ကြောင်း ဝိုင်းဝန်းထောက်ခံကြ၏။ ထိုသို့ ထောက်ခံပြောဆိုသော အသံကို မာရ်နတ်ကြားလျှင် ရင်တွင်း၌ မခံမရပ်နိုင်အောင် ဖြစ်လာပြီး ထွက်ပြေးလေ၏''ဟု ဆိုထားပါသည်။

    ဤလလိတဝိသျှတရကျမ်းအဆိုအရ သက်သေခံသော နတ်သမီး၏ အမည်မှာ ထာဝရာဟု သိရပါသည်။ ထေရဝါဒကျမ်းဂန်ကား မဟုတ်ပေ။ ဒီပဲယင်းဆရာတော်၏ တထာဂတဥဒါနဒီပနီတွင်ကား ဝသုန္ဓရေ မြေစောင့်နတ်သားဟု ဆို၏။ ဆရာတော်လည်း ဤအချက်ကို ထေရဝါဒ၏အပြင်ဘက်တွင်ရှိသော ကျမ်းဂန်တို့မှ ထုတ်နုတ်ရေးသားထားခြင်း ဖြစ်၏။ ထို့ကြောင့် ဝသုန္ဓရေမြေစောင့်နတ်ဟူသည် ထေရဝါဒတွင် တကယ်ပင် မရှိကြောင်း အာဂမယုတ္တိအရ သိရပါသည်။ ဝသုန္ဓရေနှင့် ပတ်သက်၍ ''ဝသုန္ဓရာ ဆမာ ဘူမိ''ဟုသာ အဘိဓာန်၌ မြေကြီးဟော ပရိယာယ်ပုဒ်အနေဖြင့် တွေ့ရပါသည်။ အကယ်၍ မိမိ၏ စာပေမနှံ့စပ်မှုကြောင့် မတွေ့ရခြင်းဖြစ်မူ အချိန်မရွေး အမှန်ကို လက်ခံနိုင်ပါသည်။

    ထို့ကြောင့် လောလောဆယ် တွေ့ရှိချက်များကို ဆန်းစစ်ကြည့်လျှင် ဘုရားအလောင်းတော်အား မာရ်နတ်ကို ဝိုင်းကူတိုက်ပေးသော ဝသုန္ဓရေသည် ထေရဝါဒနှင့် မညီဟု ယူဆရပါမည်။ လောကသုံးပါးတွင် အမြတ်ဆုံး၊ ဘုန်းပါရမီ အမြင့်မားဆုံးပုဂ္ဂိုလ်က နတ်၏အကူအညီကို ယူရသည်ဆိုသည်မှာလည်း ဘုရားရှင်၏ပါရမီဂုဏ်ကို ညှိုးနွမ်းစေပါသည်။ ဗြဟ္မာမင်း၊ သိကြားမင်း၊ နဂါးမင်းတို့ပင် ကြောက်လန့်ထွက်ပြေးရသော မာရ်နတ်ကို သာမန်မြေစောင့်နတ်တစ်ဦးက အလွယ်တကူ အနိုင်ယူနိုင်သည်မှာလည်း လွန်စွာယုတ္တိမတန်၊ ဒဏ္ဍာရီဆန်လှပါသည်။
    ထို့ကြောင့် ထိုမြေစောင့်နတ်ယုံကြည်ချက်ကို မိမိစွမ်းနိုင်သမျှ လေ့လာသုံးသပ်တင်ပြလိုက်ပါသည်။

“မရဏဿတိဆင်ခြင်နည်း(၈)မျိုး”

Buddha In My Life (Face Book) မှ ကူးယူ မျှဝေပါသည်။

မရဏသတိဆင်ခြင်နည်းကား (၈)မျိုးရှိ၏။ ယင်းတို့ကား -

၁။ သေခြင်းသဘောကို သူသတ်သမားသဖွယ် ထင်မြင်အောင် ဆင်ခြင်ခြင်း၊
၂။ ဖြစ်လျှင် ပျက်မြဲဓမ္မတာဟု ထင်မြင်အောင် ဆင်ခြင်ခြင်း၊
၃။ သူတပါးသေခြင်းကို ရူ၍ မိမိသေရမည်ကို ထင်မြင်အောင် ဆင်ခြင်ခြင်း၊
၎။ မိမိကိုယ်ခန္ဓာ၏ ဘေးအန္တရာယ် များပြားပုံကို ထင်မြင်အောင် ဆင်ခြင်ခြင်း၊
၅။ အသက်၏ မခိုင်မြဲသည်ကို ထင်မြင်အောင် ဆင်ခြင်ခြင်း၊
၆။ မည်သည့်အချိန်တွင် မည်သည့်ရောဂါဖြင့် သေရမည်ဟု ကြိုတင်မသိနိုင်ကြောင်း ထင်မြင်အောင် ဆင်ခြင်ခြင်း၊
၇။ သက်တမ်း တိုတောင်းပုံကို သတိပြု၍ သေခြင်းကို ထင်မြင်အောင် ဆင်ခြင်ခြင်း၊
၈။ အသက်ရှင်ဆဲ ခဏ၏ တိုတောင်းပုံကို ထင်မြင်အောင် ဆင်ခြင်ခြင်း - တို့ဖြစ်သည်။

၁။ သူသတ်သမားသဖွယ် ဆင်ခြင်ခြင်း

သူသတ်သမားသည် လက်နက်ကို စွဲကိုင်၍ ` သင့်ကို သတ်ရလိမ့်မည်´ဟု ပြောဆိုပြီး အသတ်ခံရမည့်သူ၏ အနီးသို့ သတ်မည့်ဟန်ဖြင့် ချဉ်းကပ်လာသကဲ့သို့ သေခြင်းသည်လည်း မိမိထံသို့ ဦးတည်လာနေသည်။ မိုငုံသည် ပေါက်လာကတည်းကပင် မြေမူန့်ကို ဦးထိပ်ပေါ်တင်၍ ပေါက်လာသကဲ့သို့ သတ္တ၀ါတို့သည်လည်း ပဋိသန္ဓေတည်နေကတည်းကပင် အိုခြင်း သေခြင်းတို့ကို ယူဆောင်လာခဲ့ကြပေသည်ဟု အဖန်ဖန်ဆင်ခြင်ရပေမည်။
ထို့ပြင် တရိပ်ရိပ်တက်လာသော မိုးတိမ်သည် အနည်းငယ်မျှ ရပ်တန့်မနေဘဲ ရှေ့သို့သာ တရွေ့ရွေ့ သွားနေသကဲ့သို့ လည်းကောင်း၊ ထွက်ပြူလာသော နေမင်းသည်လည်း အနည်းငယ်မျှ ရပ်တန့်မနေဘဲ ၀င်ရာအရပ်သို့ တရွေ့ရွေ့ သွားနေသကဲ့သို့ လည်းကောင်း၊ တောင်ကျရေသည်လည်း အနည်းငယ်မျှ ရပ်တန့်မနေဘဲ တရွေ့ရွေ့ စီးဆင်းနေသကဲ့သို့ လည်းကောင်း၊ ပဋိသန္ဓေတည်နေလာသော သတ္တ၀ါသည်လည်း အနည်းငယ်မျှ ရပ်တန့်မနေ သေခြင်းသဘောသို့ ဦးတည်ရွေ့လျား နေပေသည်ဟု အဖန်ဖန် ဆင်ခြင်ရပေမည်။
တဖန် နေ့ညဉ့်တို့သည် ရွေ့ရွေ့ကုန်လွန်ရသကဲ့သို့ လည်းကောင်း၊ မြစ်ငယ်ချောင်းငယ်ရေများသည်လည်း နွေရာသီ၌ တနေ့တခြား ကုန်ခန်းသွားသကဲ့သို့ လည်းကောင်း၊ သတ္တ၀ါတို့၏ အသက်ရှင်နေရမည့် အချိန်ကာလသည်လည်း တရွေ့ရွေ့ ကုန်လွန်လျက်ရှိ၏ဟူ၍ ဖြစ်စေ၊ ရင့်မှည့်သော သစ်သီးသည် ဧကန်မုချ ကြွေကျရသကဲ့သို့ ပဋိသန္ဓေ တည်နေလာသော သတ္တ၀ါမှန်သမျှ ဧကန်မုချသေကြရမည်ဟူ၍ ဖြစ်စေ၊ အိုးထိန်းသည်တို့ ပြုလုပ်ထားသော အိုးခွက်မှန်သမျှသည် နောက်ဆုံး၌ ကွဲပျက်ကြသကဲ့သို့ သတ္တ၀ါတို့၏ အသက်သည်လည်း နောက်ဆုံး၌ သေပျောက်ပျက်စီးကြရ၏ဟူ၍ ဖြစ်စေ၊ မြက်ဖျားပေါ်၌ ကျရောက်နေသော နှင်းသီး၊ နှင်းပေါက်သည် နေပူရှိန်ကြောင့် ပျက်လွယ် ပျောက်လွယ်သကဲ့သို့ သတ္တ၀ါတို့၏ အသက်သည်လည်း မမြဲသော သဘောကြောင့် သေလွယ် ပျောက်လွယ်၏ဟူ၍ ဖြစ်စေ သေခြင်းသဘောကို အဖန်ဖန် အောက်မေ့ ဆင်ခြင်ရမည်။

၂။ ဖြစ်လျင် ပျက်မြဲဟု ဆင်ခြင်ခြင်း

`ဤလောက၌ ပြည့်စုံခြင်းမည်သည် ပျက်စီးခြင်းတရားက မလွှမ်းမိုးမီ ကာလအတွင်းသာ ကောင်းမြတ်တင့်တယ်၏။ အမှန်စင်စစ် မပျက်စီးနိုင်သော ပြည့်စုံခြင်းမည်သည် မရှိချေ´ဟု ပြည့်စုံခြင်းနှင့် ပျက်စီးခြင်းကို အတွဲလိုက်ရူ၍ ဆင်ခြင်ရမည်။
တနည်းအားဖြင့် `အနာကင်းရှင်း ကျန်းမာခြင်းကား နာခြင်းနောက်ဆုံး ရှိချေ၏။ ရုပ်ရည်အဆင်း နုပျိုခြင်းကား အိုခြင်းနောက်ဆုံးရှိချေ၏။´ဟူ၍ လည်းကောင်း၊ `သတ္တ၀ါဟူသမျှသို့ ပဋိသန္ဓေနေရခြင်းဘေးသည် ထက်ကြပ်မကွာ လိုက်ပါနေချေ၏။ အိုခြင်းဘေးသည် အစဉ်ပျံ့နှံ့နေချေ၏။ အနာရောဂါဘေးသည် ဖိစီးနှိပ်စက် နေချေ၏။ သေရခြင်းဘေးသည် ပြင်းစွာ ပုတ်ခတ်နေချေ၏´ဟူ၍ လည်းကောင်း၊ မိုးထိ မြင့်မားသော ကျောက်တောင်ကြီးတို့သည် အရပ်လေးမျက်နှာမှ ရှိသမျှ အရာတို့ကို ကြိတ်ချေကာ လိမ့်၍လိမ့်၍ လာကြကုန်သကဲ့သို့ အိုခြင်းနှင့် သေခြင်းတို့သည်လည်း မင်းစိုးရာဇာ၊ ပုဏ္ဏား၊ သူကြွယ်၊ ဆင်းရဲသား၊ ဒွန်းစဏ္ဍား၊ အယုတ်အလတ် အမြတ်မထား အားလုံးသော သတ္တ၀ါတို့ကို လွမ်းမိုးနှိပ်စက် ကုန်၏´ဟူ၍ လည်းကောင်း၊ သေခြင်းတရားကို စစ်မက်တိုက်ခိုက်ခြင်း လက်ဆောင်တံစို့ထိုးခြင်း တို့ဖြင့်လည်း အနိုင်ယူရန် မစွမ်းနိုင်ချေ´ဟူ၍ လည်းကောင်း အဖန်ဖန် အောက်မေ့ ဆင်ခြင်ရမည်။

၃။ သူတစ်ပါးသေခြင်းကို ရူ၍ မိမိသေရမည်ကို ဆင်ခြင်ခြင်း

လောက၌ အခြွေအရံများပြားသူ၊ ဘုန်းရှင် ကံရှင်ကြီးများ၊ ခွန်အားကြီးမားသော သူရဲကောင်းကြီးများ၊ တန်ခိုးရှင် ပညာရှင်ကြီးများ၊ ပစ္စေကဗုဒ္ဓါများနှင့် မြတ်စွာဘုရားတို့သည်လည်း သေခြင်းကို မလွန်ဆန်နိုင်ကြ၊ မိမိသည်လည်း သေခြင်းကို အဘယ်မှာ လွန်ဆန်နိုင်ပါမည်နည်း၊ ဧကန်မုချ သေရမည်သာ ဖြစ်သည်ဟု ဆင်ခြင်ရမည်။
အကျယ်ဆင်ခြင်ပုံကား ဤသို့ဖြစ်သည် - လောက၌ အကျော်အစော အခြွေအရံ စည်းစိမ်ဥစ္စာကြီးမားကြသော မဟာသမ္မတမင်း၊ မန္ဓာတုစကြာမင်းစသည့် ပုဂ္ဂိုလ်တို့သည်ပင် အဆုံးတနေ့၌ သေလွန်ကြရ၏။ ငါသည်ကား အဘယ်မှာ မသေဘဲ ရှိပါမည်နည်း၊ မုချ သေရပေဦးမည်ဟူ၍ ဖြစ်စေ၊ ဘုန်းရှင် ကံရှင်ကြီးများဖြစ်ကြသော ဇောတိက၊ ဇဋိလ၊ ဥဂ္ဂ၊ မေဏ္ဍက၊ ပုဏ္ဏ၊ အနာထပိဏ် စသော သူဌေးသူကြွယ်ကြီးများပင် သေကြရလေ၏။ ဘုန်းကံနည်းပါးသော ငါသည်ကား အဘယ်မှာ မသေဘဲ ရှိပါမည်နည်းဟူ၍ ဖြစ်စေ ခွန်အားကြီးမား သူရဲကောင်းကြီးများဖြစ်ကြသော ၀ါသုဒေ၀မင်း၊ ဗလဒေ၀မင်းစသည်တို့သည်ပင် သေဆုံးကြရသေး၏။ ငါသို့သော သာမန်လူသည် အဘယ်မှာ မသေဘဲ ရှိပါမည်နည်း ဟူ၍ ဖြစ်စေ သိကြားမင်းစံရာ ဝေဇယန္တာပြာသာဒ်ကြီးကိုပင် ခြေမတော်ဖြင့် လူပ်ခါပစ်နိုင်စွမ်း ရှိတော်မူသော တန်ခိုးတော်ရှင် အရှင်မဟာ မောဂ္ဂလာန်မထေရ်မြတ်သည်ပင် သေဆုံးရသေး၏။ ငါကဲ့သို့သော သာမန်လူသည် အဘယ်မှာမသေဘဲ ရှိပါမည်နည်းဟူ၍ ဖြစ်စေ၊ မြတ်စွာဘုရားမှ တပါး တလောကလုံးတွင် ဉာဏ်ပညာအကြီးမားဆုံးဖြစ်သော အရှင်သာရိပုတ္တရာသည်ပင် သေလွန်ရသေး၏။ ငါကဲ့သို့သော သာမန်လူသည် အဘယ်မှာ မသေဘဲရှိပါမည်နည်း ဟူ၍ ဖြစ်စေ၊ မိမိ၏ဉာဏ် ၀ီရိယစွမ်းဖြင့် ကိလေသာတို့ကို ပယ်သတ်ပြီး သစ္စာဉာဏ်ကို သိတော်မူနိုင်သော ပစ္စေက ဗုဒ္ဓါ အရှင်မြတ်တို့သည်ပင် သေဆုံးကြရသေး၏ ငါကဲ့သို့သော သာမန်လူသည် အဘယ်မှာ မသေဘဲ ရှိပါမည်နည်းဟူ၍ ဖြစ်စေ၊ လောက၌ သိစရာရှိသမျှ တစမကျန် သိမြင်တော်မူသော သဗ္ဗညုတဉာဏ်တော်ရှင် မြတ်စွာဘုရားသည်ပင် သေခြင်းကို မလွန်ဆန်နိုင်ဘဲ ပရိနိဗ္ဗာန် ပြုတော်မူရသေး၏။ ငါကဲ့သို့သော သာမန်လူသည် အဘယ်မှာ မသေဘဲ ရှိပါမည်နည်းဟူ၍ ဖြစ်စေ သူတပါးတို့၏ သေခြင်းကို ရူ၍ မိမိ၏ သေခြင်းကို အဖန်ဖန်ဆင်ခြင်ရမည်။

၎။ ကိုယ်ခန္ဓာ၏ ဘေးအန္တရာယ်များပြားပုံကို ဆင်ခြင်ခြင်း

ဤကိုယ်ခန္ဓာသည် ပိုးမျိုးရှစ်ဆယ်တို့နှင့် ရောပြွမ်းနေ၏။ ထိုပိုမျိုးရှစ်ဆယ်တို့သည် ခန္ဓာကိုယ်နေရာအနှံ့အပြားကို ကိုက်ခဲစားသောက်နေကြ၏။ ထို ပိုးတို့သည် ဤခန္ဓာကိုယ်တည်း၌ပင် မွေးကြ အိုကြ သေကြ ကျင်ကြီး ကျင်ငယ်စွန့်ကြ၏၊ ထို ပိုးမျိုးရှစ်ဆယ် အန္တရာယ်တို့နှင့် ဆက်ဆံနေကြရသကဲ့သို့ပင် သေစေနိုင်လောက်သော ကိုယ်တွင်းရောဂါများ၊ အသက်အန္တရာယ်ပြုတတ်သော မြွေ ကင်းစသည့် ပြင်ပ ဘေးရန်များနှင့်လည်း ဆက်ဆံနေရ၏။ ထိုသို့ ဆက်ဆံနေရသဖြင့် အချိန်မရွေး သေဆုံးနိုင်ပေသည်ဟု အဖန်ဖန်ဆင်ခြင်ရမည်။

၅။ အသက်၏ မခိုင်မြဲသည်ကို ဆင်ခြင်ခြင်း

သတ္တ၀ါတို့၏ အသက်သည် ထွက်သက် ၀င်သက် ဣရိယာပုတ်၊ အအေးအပူ၊ ဓာတ်ကြီးလေးပါး၊ အာဟာရတို့နှင့် ဆက်စပ်နေ၏။ ဤအသက်သည်၊ ထွက်သက် ၀င်သက် ညီမျှနေမှသာ ဆက်လက် အသက်ရှင်နိုင်၏။ ထွက်သက် ၀င်သက် ပြတ်လျှင် သေတော့၏။ ဣရိယာပုတ် မျှတနေမှလည်း အသက်ရှင်နိုင်၏။ ဣရိယာပုတ် မညီမျှဘဲ တစ်ပါးပါးလွန်ကဲသွားလျှင် သေဆုံးနိုင်၏။ အပူ အအေး မျှတမှလည်း အသက်ရှင်နိုင်၏။ အပူအအေး မမျှတဘဲ တစ်ခုခု လွန်ကဲပါက သေဆုံးတတ်၏။ ဓာတ်ကြီးလေးပါး ညီမျှမှသာ ဆက်လက် အသက်ရှင်နိုင်၏။ ဓာတ်တစ်ပါးပါးပျက်က အနာရောဂါ တစ်မျိုးမျိုး ၀င်ရောက်ကာ သေဆုံးတတ်သည်။ ထို့ပြင် သင့်တင့်သော အာဟာရကို မှီဝဲနေရမှသာ အသက်ရှင်နိုင်၏။ အာဟာရပြတ်က သေဆုံးတတ်သည်ဟု အသက်၏ မခိုင်မြဲပုံကို အဖန်ဖန်ဆင်ခြင်ရမည်။

၆။ မည်သည့်အချိန် မည်သည့်ရောဂါဖြင့် သေရမည်ကို မသိနိုင်ကြောင်း ဆင်ခြင်ခြင်း

သတ္တ၀ါတို့သည် အမိ ၀မ်းတွင်း၌ဖြစ်စေ။ မွေးဖွားပြီးမှဖြစ်စေ၊ သက်တန်းအတွင်း၌ဖြစ်စေ သက်တမ်းကျော်လွန်ပြီးမှဖြစ်စေ သေကြရသည်ကို လည်းကောင်း၊ မည်သည့်ရောဂါ၊ မည်သည့်ဝေဒနာဖြင့် သေကြရမည်ကို လည်းကောင်း၊ မည်သည့်အချိန် ကာလ၌ သေကြရမည်ကို လည်းကောင်း၊ အလောင်းကောင်ကို မည်သည့် အရပ်၌ မြှုပ်နှံရမည်ကို လည်းကောင်း၊ သေဆုံးပြီးနောက် မည်သည့် ဘုံဘ၀၌ ရောက်ရမည်ကို လည်းကောင်း ကြိုတင်၍ မသိနိုင်ကြပေဟု သတ္တ၀ါ တစ်ဦး၏ အသက် ရောဂါ သေရမည့် အချိန်အခါ၊ အလောင်းကောင်ပစ်ချရာ အရပ်၊ ရောက်ရမည့်ဘုံဘ၀နှင့် ပတ်သက်ပြီး ကြိုတင်၍ မသိနိုင်ပုံကို အဖန်ဖန် ဆင်ခြင်ရမည်။

၇။ သက်တမ်းတိုတောင်းပုံကို သတိပြု၍ သေခြင်းကို ထင်မြင်အောင် ဆင်ခြင်ခြင်း

ယခုအခါ လူတို့၏ သက်တမ်းကား အလွန်တိုတောင်းလှ၏။ အသက်အရှည်ဆုံးနေသူပင် နှစ်တစ်ရာ၊ တစ်ရာထက်အနည်းငယ်သာ ပို၍ နေကြရ၏။ ထို့ကြောင့် ကုသိုလ်ကောင်းမူကို ပြုသင့်၏။ မြတ်သော အကျင့်ကို ကျင့်သင့်၏။ ပဋိသန္ဓေနေလာသူမှန်သမျှ ဧကန်ပင် သေကြရမည်ဟု လောက၌ သတ်မှတ်ထားသည့် သက်တမ်းတိုတောင်းပုံကို သတိပြု၍ သေခြင်းသဘောကို အဖန်ဖန် ဆင်ခြင်ရမည်။

၈။ အသက်ရှင်ဆဲ ခဏ၏ တိုတောင်းပုံကို ဆင်ခြင်ခြင်း

သတ္တ၀ါတို့၏ အသက်ရှင်ဆဲခဏသည် ပရမတ္ထအားဖြင့် အလွန်ပင် တိုတောင်း၏၊ စိတ္တက္ခဏတစ်ချက်မျှသာ ရှိချေ၏။ ထိုစိတ် ချုပ်သွားလျှင် သေသည်ဟု ခေါ်ဆိုရ၏ဟု အသက်ရှင်ဆဲခဏ၏ တိုတောင်းလှပုံကို အဖန်ဖန်ဆင်ခြင်ရမည်။
အထက်တွင် ဖော်ပြခဲ့သော နည်းများအနက် တစ်နည်းနည်းဖြင့် သေခြင်းသဘောကို အဖန်ဖန် ဆင်ခြင်လျှင် ဘာဝနာစိတ် အထုံရ၍ သေခြင်း သဘောတစ်ခု၌သာ သတိပြုလျက် ကိလေသာ နီဝရဏတရားများကို ခွာချနိုင်မည်ဖြစ်ပါသည်။ ထို့ပြင် ဥပစာရဈာန်ကို ရရှိနိုင်မည် ဖြစ်သည်။
“မရဏသတိကမ္မဋ္ဌာန်း ဆင်ခြင်ရခြင်း၏ အကျိုးများ”
မရဏသတိကမ္မဋ္ဌာန်းကို စီးဖြန်းအားထုတ်သော ပုဂ္ဂိုလ်သည် -

၁။ အမြဲ သတိကောင်းခြင်း၊
၂။ ဘ၀အားလုံးတို့၌ ငြီးငွေ့သည့် အမှတ်သညာကို ရရှိခြင်း၊
၃။ အသက်၌ နှစ်သက်ခြင်းကို စွန့်လွှတ်နိုင်ခြင်း၊
၎။ မကောင်းမူကို ကဲ့ရဲ့ရူတ်ချလေ့ရှိခြင်း၊
၅။ ပစ္စည်းအသုံးအဆောင်တို့ကို မတပ်မက်ခြင်း၊ နှမြောဝန်တိုမူ မရှိခြင်း၊
၆။ အနိစ္စ၊ ဒုက္ခ၊ အနတ္တ သဘောများ ဆင်ခြင်ခြင်း၊
၇။ သေခါနီးကာလ၌ ကြောက်လန့်မူကင်း၍ မတွေ မဝေ သေရခြင်း၊
၈။ ပစ္စုပ္ပန်ဘ၀၌ နိဗ္ဗာန်ကို မရရှိသေးပါက သေလွန်ပြီးနောက် သုဂတိ ဘုံဘ၀သို့ ရောက်ရခြင်း စသော အကျိုးတရားများကို ရရှိနိုင်ပေသည်။

ထို့ကြောင့် အကျိုးအာနိသင်အမျိုးမျိုးကို ရရှိစေနိုင်သော ဤမရဏဿတိကမ္မဋ္ဌာန်းကို မမေ့မလျော့ဘဲ ဇွဲ လုံ့လ ၀ီရိယဖြင့် ကြိုးစား အားထုတ် သင့်ကြပေသည်။
(ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရ သာသနာရေးဝန်ကြီးဌာနမှ ထုတ်ဝေသော ဗုဒ္ဓဘာသာတရားတော်များ(အထက်တန်းအဆင့်) စာအုပ်မှ ထုတ်နူတ်ဖော်ပြသည်။)
by - Buddha In My Life's Page

“ဗုဒ္ဓသာသနာတွင်သာရှိသော တရား ၁၀-ပါး”



“ဗုဒ္ဓသာသနာတွင်သာရှိသော တရား ၁၀-ပါး”
ပဌမသုတ်၊
ရဟန်းတို့ ထက်ဝန်းကျင် စင်ကြယ်ကုန်သော ထက်ဝန်းကျင် ဖြူစင်ကုန်သော ဤတရား ဆယ်မျိုးတို့သည် မြတ်စွာဘုရား၏ အဆုံးအမ {သာသနာတော်} မှ တစ်ပါး၌ မဖြစ်ကုန်။
အဘယ်ဆယ်မျိုးတို့နည်းဟူမူ -
၁။ မှန်ကန်သော အမြင်၊
၂။ မှန်ကန်သော အကြံအစည်၊
၃။ မှန်ကန်သော စကား၊
၎။ မှန်ကန်သော အလုပ်၊
၅။ မှန်ကန်သော အသက်မွေးမှု၊
၆။ မှန်ကန်သော လုံ့လ၊
၇။ မှန်ကန်သော သတိ၊
၈။ မှန်ကန်သောသမာဓိ၊
၉။ မှန်ကန်သော ဉာဏ်၊
၁၀။ မှန်ကန်သော လွတ်မြောက်မှုတို့တည်း။
ရဟန်းတို့ ထက်ဝန်းကျင် စင်ကြယ်ကုန်သော ထက်ဝန်းကျင် ဖြူစင်ကုန်သော ဤတရားဆယ်မျိုးတို့သည် မြတ်စွာဘုရား၏ အဆုံးအမ {သာသနာတော်} မှ တစ်ပါး၌ မဖြစ်ကုန်ဟု (မိန့်တော်မူ၏)။
၁ - ပဌမသုတ်၊ ပရိသုဒ္ဓ၀ဂ်၊ အဂုင်္တ္တိုရ်ပါဠိတော်။
ဖတ်မိမှတ်မိသမျှ
နတ်ဆိုး
www.lawkanet.blogspot.com